Friday, January 12, 2007

essay 6

အသစ် တဖန်
***
အရုဏ်တက်ပြီ။
အရှေ့ဘက်ကောင်းကင်မှာ အနီရောင် တစွန်းတစကို မြင်ရပြီ။
အားအင်အပြည့်ဖြင့် လတ်ဆတ် လန်းဆန်းနေသူက ခရီးဦးထွက်ရန် အသင့်ဖြစ်နေပြီ။
ဝေ့၀ဲတိုက်ခတ်လာသော လေနုအေးကို တ၀ကြီး ရှူရှိုက်လိုက်ရင်း ခြေလှမ်းသစ်ကို စလိုက်၏။
သူ၏ ပထမဆုံးခြေလှမ်းသည် အားမာန်အပြည့်၊ သတ္တိအပြည့်။
သူ၏ နှလုံးအိမ်ထဲတွင် ယုံကြည်ချက်အပြည့်၊ မျှော်လင့်ချက်အပြည့်။

သွက်လက်စွာလျှောက်လှမ်းရင်းမှာပင် နေရောင်ခြည်ကြောင့် လောကတခွင်လုံး တဖြည်းဖြည်းလင်းလာ၏။ ကျီကျီကျာကျာ အော်မြည်နေကြပြီး အစာရှာထွက်ဖို့ ပြင်နေသော ငှက်ကလေးတွေ …
သစ်ပင်တပင်မှ တပင်ခုန်ကူး ပျော်မြူးနေသော အမြီးဖားဖား ရှဥ့်ညိုထွားလေးတွေ …
လမ်းဘေးဝဲယာ ချုံပုတ်လေးတွေထဲ လှစ်ကနဲ လှစ်ကနဲ ၀င်ရောက်ပြေးလွှား ပျော်ပါးနေကြသော ယုန်ဖြူဖြူလေးတွေ …
စမ်းချောင်းလေးမှာ ရေလာသောက်နေကြသော သမင် ဒရယ် ချေငယ် စိုင်ဆတ် … သတ္တ၀ါလေးတွေ …။

သူတို့လေးတွေကို ခွန်းဆက်ရင်း ဒီလမ်းထက်မှာ ခပ်သွက်သွက် လျှောက်လှမ်းလျက်ရှိ၏။
ငှက်ကလေးတွေ၏ တေးသီချင်းလေးများ …
ရှဥ့်ညိုလေးတွေ၏ သစ်သီးလေးများ …
ယုန်ဖြူလေးတွေ၏ စိမ်းလဲ့လဲ့မြက်နုလေးများ …
သမင်လေးတွေ၏ စမ်းရေချို အေးမြမြ … ဒါတွေဟာ သူ့အတွက် ခွန်အားတွေပင်။

ဒါ့အပြင်
လမ်းဘေးဝဲယာက စပယ်ပန်းလေးတွေရဲ့ သင်းပျံ့ပျံ့ မွှေးရနံ့များကြောင့်လည်း သူ့ခြေလှမ်းတွေက သွက်လက် တက်ကြွလို့နေ၏။
ပင်မြင့်ထက်မှ သစ်ခွပန်းလှလှတွေက ခေါင်းတညိတ်ညိတ်ဖြင့် သူ့ကို ထောက်ခံကြသလို သစ်ရွက်နုလေးများ ကလည်း လက်များဝှေ့ယမ်းပြီး သူ့ကို လက်ပြနှုတ်ဆက်ကြသည်။

ဒီလိုနှင့် သူ၏ ခရီးလည်း အတော်ရောက်ခဲ့လေပြီ။

ခရီးလမ်းတလျှောက်မှာ ဒဏ်ရာရနေသူတွေကို ဖေးကူ၊ ဆူးခြုံမှာ ငြိနေသူများကို ဖယ်ရှားပေး၊ ငတ်မွတ်နေသူကို အစာကျွေး၊ လမ်းပျောက်နေသူတွေကို လမ်းမှန်ပြပေးရင်း … ခရီးဆက်နေသော သူကိုယ်တိုင်သည်လည်း ဆူးတွေငြိလိုက် နွံနစ်လိုက် … လဲကျသွားလိုက် ပြန်ထလိုက်နှင့်ပင်။

သို့တိုင်လျက် သူစိတ်မပျက်။
သူ့ဝန်းကျင်မှာ အဖော်တွေ အပြည့်။
သူ့နံဘေးမှာ အားပေးမည့်သူတွေ အတိ။
***
လျှောက်ရင်း လျှောက်ရင်းနှင့် သူသတိထားလိုက်မိသည့် အချိန်မှာတော့ တလောကလုံးက ဆိတ်ငြိမ်နေလေပြီ။
အနောက်ဖက်သို့ တရွေ့ရွေ့ ဦးတည်ကာ သူ့အား ကျောခိုင်းစပြုနေပြီဖြစ်သော နေမင်း၏ အလင်းရောင်က ပျောက်ကွယ်လုလု။
ငှက်ကလေးတွေလည်း အိပ်တန်းဝင်သွားကြပြီမို့ တေးသံဆိတ်လျက်။
ရှဥ့်ကလေးတွေ .. ယုန်ကလေးတွေ .. သမင် ဒရယ်လေးတွေလည်း ပြေးလွှားဆော့ကစား မနေကြတော့။
စပယ်ဖြူပွင့်လေးတွေပင် ပွင့်လွှာလေးတွေပိတ်၍ အိပ်စက်ကုန်ကြပြီ။
သစ်ရွက်လေးတွေလည်း လက်မပြနိုင်ကြရှာ။

အမှောင်ထု တဖြည်းဖြည်း ကြီးစိုးလာသည်နှင့်အမျှ အအေးဓာတ်က တစစ လွှမ်းခြုံလို့လာ၏။
တလောကလုံးတွင် သူတယောက်ထဲ ရှိသည့်အလား အားငယ်စိတ်တို့ ရုတ်ချည်းဖြစ်ပေါ်လာသည်။
လျှောက်နေသောလမ်းကို ပြန်ငုံ့ကြည့်မိရင်း အတွေးတွေ ခေါင်းထဲဝင်လာသည်။
- ဒီလမ်းကိုလျှောက်နေတာ မှန်ရော မှန်ရဲ့လား၊
- ငါဘာလို့ ဒီလမ်းကိုလျှောက်နေမိပါလိမ့်၊
- လမ်းက ဘယ်တော့ ဆုံးမှာလဲ၊
- ခရီးဆုံး ပန်းတိုင်က ဘယ်မှာလဲ၊
- ဒီတိုင်းလျှောက်နေလို့ ပန်းတိုင်ဆိုတာ ရောက်ပါ့မလား … ။
စသည် စသည် တွေးမိရင်း လျှောက်ရမည့်လမ်းကို လှမ်းမျှော်ကြည့်မိသည်။
မှောင်အတိလွှမ်းနေသဖြင့် ဘာကိုမှ မမြင်ရတော့ပြီ။
***
တွေဝေစိတ်၊ အားငယ်စိတ်၊ ၀မ်းနည်းစိတ်တို့ဖြင့် ရင်ထဲ ပူလောင်လို့လာသည်။
အာခေါင်တွေခြောက်ကပ်နေသော်လည်း စမ်းရေအေးအေးတိုက်ကျွေးမည့်သူကား မရှိ။
ဝမ်းထဲတွင် လှပ်ဟာနေသော်လည်း သစ်သီးမွှေးမွှေး ဆွတ်ခူးပေးမည့်သူကား မရှိ။
ခရီးပြင်းကိုနှင်လာရသဖြင့် ဒဏ်ရာဒဏ်ချက်တွေနှင့် နာကျင်နေသော်လည်း ဖေးမကူညီမည့် လက်ကား မရှိ။

ခြေလှမ်းတွေ တွန့်ဆုတ်ရာက တဖြည်းဖြည်းနှေးသွားရင်း ရပ်လိုက်မိသည်။
ရပ်နေရင်း ကောင်းကင်ကို မော့ကြည့်မိတော့ လမိုက်ညပေလားမသိ။ လမင်းကလည်း ရှိမနေ။
စိန်ပွင့်လေးတွေလို တလက်လက်တောက်ပ ရှိနေတတ်ကြသည့် ကြယ်တာရာများလည်း ဒီညမှာ ဘယ်ဆီရောက်နေကြပါလိမ့်။
မူးဝေယိမ်းယိုင်နေသော ခန္ဓာကိုယ်ကြောင့် သူ ကြာရှည် ရပ်တည်မနေနိုင်တော့ဘဲ ထိုင်ချလိုက်မိ၏။
အားပေးမည့်သူ ဖေးကူမည့်သူ နတ္ထိပါလား။
ဒီခရီးကို ဘယ်လို ရှေ့ဆက်ရပါ့။
…………………
…………………
…………………
***
မျက်စိစုံမှိတ်ပြီး ထိုင်နေလျက် အသက်ကို ဖြည်းဖြည်းခြင်း ရှူနေစဉ်မှာပင် နားထဲမှာ အသံတခုကြားလိုက်ရသည်။
စီကနဲ အော်လိုက်သော ပုစဉ်းရင်ကွဲ … ။
လှောင်ပြောင်သံလား ငိုချင်းသံလား မကွဲပြားသည့်တိုင် “သူတယောက်ထဲမဟုတ် တစီစီအော်မည်တတ်သည့် ပုစဉ်းကလေးတွေလည်း ရှိသေးသားပဲ” ဆိုသည့်အတွေးကြောင့် ပိတ်ထားသော မျက်လုံးများကို ပြန်လည်ဖွင့်လိုက်မိ၏။
အလို …
သူ့အနားမှာ မှိတ်တုတ်မှိတ်တုတ် တလက်လက် တောက်ပလို့ပါလား။
ဘာများပါလိမ့်။
သေသေချာချာ ကြည့်လိုက်တော့ စိမ်းဖန့်ဖန့်အလင်းရောင်လေးတွေ ထုတ်ပေးလျက် သူ၏နံဘေး ၀ိုင်းရံပျံသန်းနေကြသော ပိုးစုန်းကြူးကလေးများကို တွေ့ရ၏။
သူဝမ်းသာသွားသည်။
ဒီအလင်း မှိတ်တုတ်လေးကြောင့်ပင် အားငယ်စိတ်တို့ ရုတ်တရက် လျော့ပါးသွားရပြန်သည်။

သည်အခိုက် တဖျပ်ဖျပ် တောင်ပံခတ်သံ ကြားသဖြင့် ဘေးဘီဝဲယာ ကြည့်လိုက်ပြန်တော့ ညဥ့်မှာထွက်တဲ့ ငှက်ကလေးများ။
တေးသံချိုချို မဆိုနိုင်ကြပေမဲ့ ဒီ ငှက်ကလေးတွေလည်း သူ့အနားမှာ ရှိနေသေးသည်ပဲ။
မနီးမဝေးက သစ်ပင်ကြီးထက်မှာ ကရုဏာ မျက်ဝန်းများဖြင့် သူ့ကို ငုံ့ကြည့်လို့နေသော ဇီးကွက်ကြီးတကောင် …။

ထိုင်မနေနဲ့ …
ဒါဟာ ခရီးလမ်းဆုံးမဟုတ်သေးဘူး၊ ပန်းတိုင်ရောက်ဖို့ ရှေ့မှာလိုသေးတယ်၊ ဆက်သွား၊ ဆက်လျှောက်၊ တွေဝေ မနေနဲ့၊ ငေးမော မနေနဲ့၊ အားငယ် မနေနဲ့၊ စိတ်ပျက် မနေနဲ့ … ဟု အားလုံးက ၀ိုင်းပြောနေကြသလို။

တွေဝေမိသော သူ့ကိုယ်သူ ရှက်ရွံ့စွာဖြင့် မတ်တပ်ရပ်လိုက်သည်။
ထိုင်နေရာမှ ရုတ်တရက်ရပ်လိုက်သဖြင့် ယိုင်ကနဲ …။
တဖန်ပြန်စရဦးမည့် ခြေလှမ်းသစ်အတွက် အားအင်တွေကို ပြန်လည်စုစည်းရင်း အသက်ပြင်းပြင်း တချက်ရှူသွင်းလိုက်သည်။
ဝေ့၀ိုက် တိုက်ခတ်လာသော ညဥ့်လေအေးထဲမှ ညမွှေးပန်းရနံ့သင်းသင်းကြောင့် လန်းဆန်းပေါ့ပါး လို့သွား၏။

ကိုင်း … စလိုက်ကြဦးစို့ …
ခြေလှမ်းအသစ်တဖန် … ။

ဒဏ်ရာ ဒဏ်ချက်များကြောင့် နာကျင်နေသော်ငြားလည်း ခရီးဆုံးရောက်အောင် ထပ်မံလှမ်းဆက်ရမည့် သူ၏ခြေလှမ်းအသစ်သည် တက်ကြွမှုများဖြင့် ပြည့်ဝနေလေတော့သတည်း။ ။
***
မေဓာဝီ
11.1.07
9:56pm

4 comments:

ကလိုစေးထူး said...

အားပြန်တက်လာပြီ ထင်ပါရဲ့။ ကျနော်လဲ ဒီစာကို ဖတ်ရတာ အားရလိုက်တာ။ တကယ်တော့ အခက်အခဲဆိုတာ နေရာတိုင်းရှိနေတာပါ အမရာ။
ခြေလှမ်းတွေ ခိုင်ဖို့ပဲ လိုတာပါ။ လေးရက်စာ ပို့စ်တင်ဖို့ ပျက်ကွက်နေတာကတော့ ဒီပို့စ်အသစ် တခုတည်းနဲ့တင် ကျေနပ်စရာပါ. ဆက်ရေးပါဗျို့။ :)

Tesla said...

တတောင်ဆုံးပေမဲ့ တလုံးကျန်နေသေးတာမို့ :)

Dinah said...

Well said.

yangonthar said...

အစ်မရေ
ကျွန်တော် ညအမိုက်မှာ ငိုက်စိုက် ငိုက်စိုက် နဲ့  လျှောက်နေတဲ့အချိန်ဟာ ခု အချိန်ပါ .... ပျော့ညံ့ပျင်းတွဲတဲ့ ယိုင်နဲ့ နဲ့ စိတ်တွေဟာ ဖြစ်နေ မှန်းသိရက်နဲ့  ပြန်မတည့်မတ်ချင် လောက်အောက်ကိုဖြစ်နေမိတယ် အချိန်ကာ လက တခဏ မဟုတ်ပါဘူး နှစ်အနည်းငယ် ရှိ ပါပြီ နောင် နှစ်အနည်းငယ် လည်းကြာကောင်း ကြာနိုင်ပါသေးတယ်.... နောက်ဆုံးတော့ အပေါ် ကို မော့ကြည့်ပြီး အားတွေဆုတ်ယုတ် နေတာပါ ... မိုက်နေတဲ့ ညမှာ ပိုးစုန်းကြူးလေး တွေရဲ့ အလင်းနဲ့  ဆက်နိုင်ရက်နဲ့ ကံခွင့်လမ်းနေမင်းရဲ့  စူး ရဲ တဲ့ အလင်းကို မိုက်လုံးကြီးကြီး မျှော်နေမိခဲ့ တာ.... ဒီအက်ဆေးလေးက ရသွားတာ အဲဒီ အတွေးပါ အစ်မမေ .... ကျေးဇူးတင်တယ်ဗျာ အစ်မရဲ့ သရုပ်ဖော် အရေးမှာလည်း ကျွန်တော် ငေးမောနေခဲ့ရပါတယ် အက်ဆေး တွေဖတ်ရတာ အားတွေရလိုက်ပါဘိ
လေးစားလျှက်
ရန်ကုန်သား
အဆင်ပြေပါစေ :)))