Monday, January 22, 2007

ကိုပြူးကျယ်သို့ ပေးစာ ... အပိုင်း (၂)

သို့
ကိုပြူးကျယ် …

နေကောင်းပါစရှင် … ။ ဒီစနေ တနင်္ဂနွေ ပိတ်ရက်မှာ တော်တော်လေးမှ အနားယူလိုက်ရရဲ့လား။
ဟိုနေ့က ရေးတဲ့ ပေးစာ အမှတ် (၁) ကို ဘလော့မှာတင်ပြီးတော့မှ … လိုချင်တာနဲ့ ပေးမိတာက တလွဲတွေဖြစ်နေမလား လို့ ကျမဖြင့် စိုးရိမ်မိသေးပါရဲ့။ ဘာကြောင့်လဲဆိုတော့ … ကိုပြူးကျယ်က ကဗျာတွေဖတ်ချင်တာကို ကျမက ရှည်ရှည်ဝေးဝေးတွေ ရေးနေတော့ မိကျောင်းမင်း ရေကင်းပြတယ် ထင်မလား၊ ဘုန်းကြီးစာချတယ် ထင်မလားပဲရယ် ..။

အခုလည်း ကျမ ၀သီအရ နည်းနည်းတော့ ကွန့်ပါရစေအုံးရှင် … ။ တကယ်တော့လည်း ဒီစာအုပ်က အဖိုးတန်လွန်းလို့ ကျမ ဝေငှချင်တဲ့ စေတနာ ဆန္ဒတွေကြောင့် ခုလို ကွန့်နေ ညွန့်နေရတာပါ။ ခေတ်နောက်ပြန်ဆွဲတယ်ပဲ ဆိုဆို ကျမကတော့ ရှေးစာပေတွေ လေ့လာရတာ အင်မတန်မှ သဘောကျပါတယ်။ ဒီစာအုပ်တအုပ်လုံးသာ ကျမရိုက်ပေးနိုင်တိုင်း ဘလော့မှာ တင်လိုက်ရင်တော့ ကိုပြူးကျယ်နဲ့တကွ ဘလော့ဖတ်သူတွေ ထွက်ပြေးကြမလားမသိဘူး။ တကယ်လည်း ဒီအကြောင်းတွေက စိတ်မ၀င်စားသူအတွက်တော့ ပျင်းစရာကြီးပေါ့ ကိုပြူးကျယ်…။

ကဗျာတွေအကြောင်း မပြောခင် အလွတ်သင်္ကေတ အက္ခရာ (၄) လုံး အကြောင်း နည်းနည်းလောက် ပြောချင်လို့ ခုလို အင်ထရိုပျိုးနေရတာပါ။
အလွတ်သင်္ကေတ အက္ခရာ (၄) လုံးကတော့ .. သှ်၊ ၍၊ ၌၊ ၏ တို့ကိုပြောတာပါ။ အဲဒီ (၄) လုံးဟာ တကယ်တော့ စာလုံးတိုတွေသာဖြစ်ပါသတဲ့။
သည် ကို တခါတရံ သှ် လို့ ကျမတို့ အတိုကောက် ရေးဖူးကြတယ်မဟုတ်လား၊
ပြောင်းလဲ သွားပုံက ဒီလိုပါတဲ့။

(သည်) ဆိုတဲ့ စာလုံးမှာ နောက်က (ည) ဗျည်းရဲ့ ခေါင်းကိုဖျက်၊ ခြေထောက်ကို ပြောင်းပြန်လှည့်၊ အဲဒီ ခြေထောက်နဲ့ ကျန်ခဲ့တဲ့ အသတ် ကို (သ) မှာ ကပ်လိုက်တဲ့ သကာလ (သှ်)ဖြစ်သွားတာပါတဲ့။

(၍ =ရွေ့ ) ကိုတော့ရှေးက (ရုယ့်) လို့ ရေးပါသတဲ့။ ခုနလိုပဲ နောက်က (ယ) ကိုဖျက်၊ အသတ်နဲ့ အောက်မြစ်ကို (ရ) ကို ကပ်၊ တချောင်းငင်ကို ရှေ့ကိုလှည့် (ရှ့် = ၍့  )ဖြစ်လာတော့တာပါပဲ။

(၌ = နှိုက်) အက္ခရာ မှာတော့ လုံးကြီးတင် တချောင်းငင် နဲ့ (က) ကို ဖျက်၊ အသတ်ကို (နှ) ဆီကပ်တော့ (နှ် = ၌) လို့ ပြောင်းလဲသွားတာပါတဲ့။

(၏ = ဧည့်) ညကိုဖျက်၊ အသတ်နဲ့ အောက်မြစ်ကို (ဧ) မှာကပ်၊ (ဧ့် = ၏့) ဖြစ်လာတယ်လို့ ဆိုပါတယ်။

အရင်တုန်းက စာအုပ်တွေမှာ ၍ နဲ့ ၏ မှာ အောက်မြစ်တွေပါတာ ဖတ်ဖူးပါတယ်။
ဒီ အက္ခရာလေးတွေ ပြောင်းလဲပုံအဆင့်ဆင့်ကို ရှင်းပြထားတာဟာ ယုတ္တိလည်းရှိ ဖြစ်လည်းဖြစ်နိုင်တာမို့ ကျမ သဘောကျလို့ ခုလို ဖော်ပြလိုက်ရတာပါပဲ ကိုပြူးကျယ်ရေ … ။ ကဲ ကဗျာအကြောင်း ဆက်ပါဦးမယ်။
ကဗျာ အကြောင်းပြောရင် ကာရန် နဲ့ နဘေ အကြောင်း ချန်ထားလို့ မရပါဘူး။ ဒါကြောင့် ကာရန် နဲ့ နဘေ ရဲ့ အဓိပ္ပါယ်လေး တဆိတ် ပြောပြပါရစေနော်။

ကာရန် ဆိုတာ ကာရ န္တ ဆိုတဲ့ ပါဠိစကားက ဆင်းသက်လာတယ်ဆိုတာတော့ ကိုပြူးကျယ်သိပြီးသားပါ။ အဓိပ္ပါယ်က အက္ခရာရဲ့ အဆုံး (သို့မဟုတ်) အဆုံးအက္ခရာ တဲ့။ ကဗျာမှာတော့ ကာရန်ဆိုတာဟာ အက္ခရာအချင်းချင်း အသတ်တူ (သို့) အသံတူ စပ်ထားတဲ့ လုံးထပ် အက္ခရာကို ကာရန်လို့ ခေါ်တယ်လို့ ဆိုထားပါတယ်။

** ဒီနေရာမှာ အသံတွေ ပြောင်းလဲသွားပုံကို ပြောရင် အတော်လေး ငြီးငွေ့စရာဖြစ်မှာစိုးလို့ ကျမ မပြောတော့ပါဘူး။ တကယ်တမ်း လေ့လာကြည့်ရင် အသံပြောင်းလဲပုံဟာ အင်မတန် စိတ်ဝင်စားဖို့ တော့ကောင်းပါတယ်၊ ကြုံမှ ရေးပါအုံးမယ်။**

ကဗျာတပုဒ်ဟာ ကာရန်ရဲ့ ကောင်းခြင်း နဲ့ အဓိပ္ပါယ်ရဲ့ကောင်းခြင်း ဆိုတဲ့ ကောင်းခြင်းနှစ်ဖြာ ပြည့်စုံပါမှ ကဗျာကောင်းတပုဒ်လို့ ရှေးကတော့ ဆိုကြပါတယ်။ ဒါပေမဲ့လည်း ကာရန်နောက်ကို အဓိပ္ပါယ် မလိုက်ရဘူး၊ အဓိပ္ပါယ်နောက်ကိုသာ ကာရန်က လိုက်ရမယ်ဆိုတဲ့ စည်းကမ်းလည်း ရှိနေပါတယ်။ ကာရန်ပဲ ကောင်းပြီး ဆိုလိုချင်တဲ့ အဓိပ္ပါယ်မပေါ်လွင်တဲ့ခါ ဖတ်ရတာ ပေါ့ဟာဟာ ဖြစ်နိုင်လို့ပါပဲ .. တဲ့။

နဘေ … ဆိုတာကတော့ နံဘေး ဆိုတဲ့ စကားက ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ပျဉ်ပြားတွေကို နံဘေး (အလျားလိုက်) ချင်း စပ်ဟပ်သလိုမျိုး အပိုဒ်နှစ်ခုကို နံဘေးချင်း စပ်ဟပ် ဖွဲ့နွဲ့ သီကုံးတာကို နံဘေးစပ် - နဘေစပ် လို့ ခေါ်ဝေါ်ကြတာလို့ ဖော်ပြထားပါတယ်။

နဘေစပ်နည်း အမျိုးမျိုးနဲ့ ၀ိဘတ်၊ ကြိယာ၊ ကြိယာဝိသေသန အကြောင်းတွေကိုတော့ ချန်လှပ်လိုက်ပါတော့မယ် ကိုပြူးကျယ်။ အဆုံးမသတ်ခင်မှာ အချုပ်တန်းဆရာဖေ ရေးတဲ့ ဆောင်းဖွဲ့ လေးဆစ်ကလေး တပုဒ် ကောက်နုတ်ကာ လက်ဆောင်ပါး လိုက်ပါတယ်ရှင်။
***
သဉ္ဇာလီ ဗွေပြဒုမှာဖြင့်၊
ခင်သာကီ တမေပုကိုလ၊
ဖေယခု ပိုက်လှဲ့ ဆို။

မလုံသေးနိုင်ဘု၊
တုန်အေးရှာ တင်တမေငဲ့၊
ရင်ရွှေကို လေပြေခတယ်၊
သဲကြွစိမ့်ဖို။

တသန်းတန် ရတီဖို့သော်လဲ၊
ကြငှန်းပျံ ကတီမို့ မှာတော့၊
မဒီပျို့ ဆောင်းရိပ်ခိုငယ်၊
အချမ်းပိုပါလို့ ငိုချင်ဆဲ။

ငွေနှင်းငယ်ထန်၊
ချွေညှင်း တညံညံနှင့်၊
ရေကင်းသံ တဖန်ကြားရင်လ၊
လွမ်းအားတော် ပွေဗျာလှိုင်လို့၊
ကေညာခိုင် စုခင်လေးမှာ၊
(ကိုယ်တော်ရေ)မှေးစက်နိုင်ဘဲ ။ ။

***
ကိုပြူးကျယ်နှင့်တကွ ကျမဘလော့ကို လာရောက်လည်ပတ် ဖတ်ရှုသူအပေါင်း ချမ်းချမ်းအေးအေး နှင်းဖွေးဖွေးမှာ ဆောင်းဖွဲ့လေးဆစ်ကလေးဖတ်လို့ ကျေနပ်နိုင်ကြပါစေရှင် … ။
***
မေတ္တာဖြင့် …

မေဓာဝီ
21.1.07
11:42pm

10 comments:

ကလိုစေးထူး said...

ဖတ်ရတာ အဖိုးတန်ပါတယ် အမရေ.. ကဗျာအကြောင်းအပြင် အက္ခရာပြောင်းလဲပုံကိုပါ ရှင်းပြထားတာကိုလဲ ကျေးဇူးပါ.. စိတ်ဝင်စားစရာကောင်းပါတယ်…နောက်ရေးလာမယ့် ပေးစာတွေမှာလဲ ကဗျာအကြောင်းတွေနဲ့အတူ မြန်မာရှေးကဗျာတွေ ဖတ်ရနိုင်လိမ့်အုံးမယ်လို့ မျှော်လင့်ပါတယ်။ စကားလုံးကို အထိမိဆုံးနဲ့ အကျစ်လစ်ဆုံး တင်ပြနိုင်တဲ့ မြန်မာကဗျာတွေရဲ့ အကြောင်းကို စောင့်ဖတ်ပါအုံးမယ်။

Anonymous said...

good article,pls carry on, ma may dar we,
in poetry, techniques or contents or message or ideology or classic or modernism or post modernism or images or
futurist or symbolic or blank verses or postmodernism or ----. whatsoever, poetry itself is the by far the most biggest subject,
please carry on," everything is poetry"

seinmyoutmyout said...

နဘေတွေ လေးချိုး ဒွေးချိုး တွေကို စိတ်ဝင်စားပါတယ်။
နောက်ထပ်ရှိရင် ထပ်တင်ပေးပါဗျာ။ ဒါမှမဟုတ်လည်း ဖိုရမ်တစ်ခုခုမှာဘဲ အချိန်အားရင်ရေးပေးပါလား။ ဟီ ဟီး။ အားမနာလျှာမကျိုးလို့တော့ မပြောနဲ့နော်။ ဖတ်ချင်လို့ပါ။

HH said...

Hi sis, won't mind if I add you in my blogroll right? :P I've already done that!!

Anonymous said...

ဟုတ်တယ်မမေ
ထပ်ရေးပေးပါဦး၊ ဗဟုသုတရပါတယ်၊ မမေရေ အရင်ကော်မက်တွေပြန်ရှာဖတ်နော်၊ ညလေး ရီစရာတွေရေးပေးထားတယ်

Maydarwii said...

ကွန်မန့်တွေအတွက် ကျေးဇူးတင်ပါတယ်။
အချိန်ရရင် ရသလို ရေးပြီးတင်ပေးပါ့မယ်။
ဖိုရမ်မှာတော့ မတင်ချင်တော့ဘူး ကိုစိန်မျောက်မျောက်ရေ .. ဒါကြောင့် ကျမ ဘလော့မှာသာ စောင့်ဖတ်ပါတော့။
ညလေးလည်း မမေရဲ့ ပို့စ်အဟောင်းတွေအားလုံး ဖတ်ပြီး ကွန်မန့်ရေးပေးတာ ကျေးဇူးတင်ပါတယ်။ ညလေးရဲ့ ကွန်မန့်အားလုံးဖတ်ရပါတယ်။
မနေ့က တနေကုန်မီးပျက်နေတဲ့အတွက် ပို့စ်အသစ် မတင်ဖြစ်ပါ၊ ဒီနေ့ အဆင်ပြေရင်တော့ တင်ပါမယ်။ လာရောက် အားပေး ဖတ်ရှုကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်။

Philtre said...

မမရေ....
ဘလော့ခ်တွေလည်မဖတ်ဖြစ်တာကြာလို့ ခုမှပဲဒီပို့စ်ကိုဖတ်မိတော့တယ်ဗျာ... ကျနော့ အဖို့တော့ နှစ်ပေါင်းများစွာခွဲခွာနေရတဲ့ အချစ်ဆုံးသူကိုပြန်တွေ့ရသလိုမျိုး ၀မ်းသာရတယ်ဗျာ... ဘာလို့လဲဆိုတော့ ကျနော်က ရှေးမြန်မာကဗျာတွေကို အသဲစွဲဗျ... ခေတ်နောက်ပြန်တယ်ပဲပြောပြော Old fashion လို့ပဲဆိုဆို ကဗျာဆိုကာရန်ပါမှ ကြိုက်တယ်.. ကာရန်မဲ့ကဗျာတွေကိုရွတ်ရတာ ဆားမပါတဲ့ဟင်းလိုပဲ ပေါ့ရွှတ်ရွှတ်နဲ့... ကျနော်ရှစ်တန်း ကျောင်းသားဘ၀မှာ ဖေဖေ့စာအုပ်ဗီဒိုကို မွှေရင်းနဲ့ ကဗျာဖွဲ့နည်း စာအုပ်ကိုတွေ့ရာကနေ အမြစ်တွယ်လာခဲ့တာဗျ... အထက်တန်းကျောင်းသားဘ၀မှာ ဒွေးချိုး၊လေးချိုး နဲ့ တေးထပ် တွေကို ရေးတတ်နေပြီလေ... အများဆုံးလက်ရည်သွေးရတာကတော့ သူငယ်ချင်းများရဲ့ ရည်းစားစာတွေမှာပေါ့..ဟိဟိ.. ကောင်မလေးတွေကလည်း မြန်မာဖတ်စာမှာ ကဗျာတွေ သင်နေရတော့ ကျနော့ရေးဟန်တွေကိုခံစားလို့ရတယ်ဆိုပဲ... အဲ့ဒီခေတ်ကာလတုန်းကတော့ လဘက်ရည်ဖိုး ဆိုတာ ကျနော့အိပ်ကပ်ထဲက ထုတ်ရတယ်ကိုမရှိခဲ့ဘူး...ဟဲဟဲ..စာမူခအဖြစ်တိုက်ကြတာလေ... အဲ့ဒီနေ့တွေကိုပြန် စဉ်းစားရင်ပျော်စရာကြီး... ခုတော့လဲ မှတ်ဥာဏ်ခွန်အားဆင်းရဲမှုကြောင့် ဘာတခုမှ အစ အဆုံးမှတ်မိတော့ဘူး... ဟိုတစ ဒီတစတောင် ရေးရေးပဲရှိတော့တယ်... ခုလေ... နူးညံ့တဲ့ ခံစားမှုတွေနဲ့တိုက်ဆိုင်တိုင်း အဲ့ဒီကဗျာပိုးကထလာတယ်.. ဒါပေမဲ့ မရေးဖြစ်တာအတော် ကြာတော့ စပ်နည်းမူဟန်တွေက ဝေေ၀၀ါးဝါးဖြစ်နေတယ်... လင်္ကာစပ်နည်းတခုပဲ အတိအကျမှတ်မိတယ် ဒွေးချိုး၊ လေးချိုး နဲ့ တေးထပ်တွေကို ကောင်းကောင်းမမှတ်မိတော့ ဘူး... ဦးပုညက” စပ်မူနည်းသိလိုပါလျှင်၊ တေးကိုသာရအောင်ကျက်ပါတော့၊ ခက်လှဘူး မျိုးသိင်္ဂါ၊ စိုးရိမ်နဲ့ဗျာ” လို့ရေးခဲ့သလိုပဲ နမူနာ ကဗျာတွေရှိရင် စပ်နည်းက ပြန်ရှာလို့ ရပါပြီ.. ဒါကြောင့်မို့ မမဆီမှာ ဒွေးချိုး၊လေးချိုးနဲ့တေးထပ်ကဗျာတွေကို ရိုက်ပြီးသားစာဖိုင်ရှိရင် မောင်လေးဆီကို အီးမေးလ်နဲ့ပို့ပေးပါလို့ အကူညီတောင်းပါရစေဗျာ... ဦးပုည၊ အချုပ်တန်းဆရာဖေ၊ ဦးကြင်ဥ၊ ဦးကြော့၊ လှိုင်ထိပ်ခေါင်တင် ဘယ်သူ့ကဗျာတွေပဲ ရရ ကျနော်လိုချင်ပါတယ်... ဘ၀ဇတ်ဆရာအလိုကျ တိုင်းတပါးမှာအခြေချနေရတော့ ကျနော်မြတ်နိုးတဲ့ စာပေ တွေကို အလွယ်တကူရှာယူလို့မရဘူးဖြစ်နေတယ်ဗျာ... အခု မမရဲ့ဒီပို့စ်မျိုးကိုဖတ်ရတာ အရမ်းကိုကျေးဇူးတင်တယ်... ကျနော်ရေးခဲ့ဖူးတဲ့အချို့ကဗျာ လေးတွေတော့ မှတ်မိသေးတယ်... ဒါပေမဲ့ စိတ်တိုင်းမကျလို့ရှေးကဗျာမူရင်းတွေကပဲ နည်းပြန်ရှာချင်လို့ပါ... ကျနော်ပထမနှစ်တက်တုန်းက နောက်ကျမှရောက်လာတော့ အဆောင်မှာ သူများမနေချင်တဲ့အခန်းမှာနေခဲ့ရဖူးးတယ်...အခန်းက အလင်းရောင် အားနဲတဲ့အပြင် ရေးချိုးခန်း၊ အိမ်သာနဲ့ကလည်းကပ်နေတယ်... အဆောင်သူ မယ်မင်းကြီးမတွေကလည်း တနေ့တမျိုးမရိုးရအောင်ဝတ်ပြီး လျှော်လိုက်ရတဲ့ အ၀တ်ကလဲ သူတို့ဟာချည့်ပဲ... နောက်ဆုံးကျနော့အခန်းဝအထိ သူတို့အ၀တ်ကြိုးတန်းတွေက နယ်ချဲ့လာတော့ ကျနော့မှာအခန်းကထွက်တာနဲ့ သူတို့အ၀တ်တွေအောက်က ငုံ့ရှောင်ထွက်ရတယ်... အခန်းနောက်က မိလ္လာတွင်းအဖုံးကလဲပေါက်နေတော့ သူတို့အပေါ်ထပ်က ရေလောင်းချတာနဲ့ အော်ဂလီဆန်စရာအနံ့ကြီးက ကျနော့အခန်းထဲ ၀င်လာပါရော... နောက်ဆုံးမခံနိုင်တာနဲ့ကဗျာတပုဒ်ရေးပြီးအဆောင်ဝမှာ ကပ်လိုက်တယ်... အဆောင်ပိုင်ရှင်ဈေးကပြန်လာတော့ကျနော့်ကဗျာတွေ့သွားပြီး ချက်ချင်းပဲ ပြင်ဆင်မှုတွေလုပ်ပေးလို့ကျနော့စိတ်တိုင်းကျဖြစ်ခဲ့ရဖူးတယ်... ကျနော့ကိုလဲ ”ငါ့သားရယ် မင်းလိုအပ်တာရှိရင် အန်တီကိုတိုက်ရိုက်ပြောပါကွယ်.. ဒီလိုမျိုးစာတော့ရေးမကပ်ပါနဲ့နော်... အန်တီ့အဆောင်နာမ်မည်ပျက်မှာစိုးလို့ပါ” လို့အဆောင်မှူးကိုယ်တိုင်ကတောင်းပန်ရတဲ့ကဗျာလေးမို့ခုထိမှတ်မိနေသေးတယ်..ဟိဟိ..

ကွန်းခိုရာ အဆောင်က
မှောင်အကျ ကြတ်နေ
ရှောင်မရ ထပ်နေသည်
ပတ်ခွေလည် ထမိန်တန်း။ ။
ရေဆွတ်လို့ under wear ရယ်
ရံကာခါ ဆင့်ခြုံလို့လွှမ်း။ ။
ခေါင်းထက်မှာ ပဒါစီ
ဗလာချီ ဗြောင်လှန်း။ ။
မသာကြည် ဆောင်ခန်းမှ
ရှောင်ရမ်းလို့ ထွက်လာနိုင်။ ။
အပေါ်ထပ်က ရေချရင်ကွယ်
နေမရအောင် ချီးအနံ့ကလှိုင်။ ။
ခန်းရဝေ အပမ်းဖြေမယ်ကြံ
လွှမ်းနေပြန် ဆိုးရနံ့က
စိုးပျံ့လို့ ဝေဆာလှိုင်
သင်းလို့သာကြိုင်။ ။
မှိန်းလို့ဖြင့် မနေနိုင်ပါတယ်
ခွေယိုင်ကာ နုံးရှာပေါ့လေး။ ။

ခုကဗျာလေးကတော့ ကျနော်ထိုင်းနိုင်ငံမှာနေခဲ့စဉ်တုန်းက 7 July အထိမ်းအမှတ်စာပေပြိုင်ပွဲမှာ ပထမဆုရခဲ့တဲ့ကဗျာလေးပေါ့....

အာဏာရှင် စစ်တပ်က
ပစ်သတ်သမျှ အသက်တွေ
ဖြစ်ရပ်က တသက်မကျေပြီ
ရက်ဖွေရှာ ပြန်ကြည့်။ ။
ခြောက်ဆယ့်နှစ်ဇူလိုင်ခုနစ်ဟာ
သူနိုင်ညစ်တာ လူတိုင်းအသိ။ ။
စစ်ခွေးဗိုလ် ဘဖျက်က
သမဂ္ဂ ဖြိုတဲ့အထိ။ ။
ဒါ့ထက်မက ပိုလျက်ရှိတဲ့
ရက်စက်သည့် ယုတ်မာပုံ။ ။
ဒင်းလုပ်သမျှ အရှုပ်တော်ကို
ထုတ်ဖော်ကာ ပြောလို့မကုန်။ ။
ဒို့ကျောင်းသား အခက်ကြုံအောင်
ဘက်ပေါင်းစုံ ဖျက်ဆီးသည့်
လက်ဝါးကြီး စစ်တပ်ရန်
အမြစ်ပြတ်လှန်။ ။
နာကြည်းစိတ် ပြောင်းညွှတ်မှန်လျှင်
ဒေါင်းခွပ်သံ ညီကြစို့လေး။ ။

မမရေ... ၀ါသနာပါတာတွေ လျှောက်ပြောနေတာနဲ့ စာအတော်ရှည်သွားပြီ... တကယ်ဆို အီးမေးလ်နဲ့ ရေးပြီးအကူညီတောင်းချင်တာပါ... မမလိပ်စာမသိလို့ဒီမှာပဲရေးလိုက်တာ... မမဖတ်ပြီးတော့ delete လုပ်လိုက်ပေါ့နော်... ကျနော့ကြောင့် မမဘလော့ခ်နေရာပုပ်မှာစိုးလို့ပါ....
ခင်မင်လေးစားလျှက်....
Philtre
newthibaw@yahoo.co.uk
or
philtre.soe@googlemail.com

သားသားသန့် said...

သားရှာနေတာတွေ့ပြီ..မမကလျှိုထားတာပဲနော်..
မမမေနော်...ပညာတွေမလျှိုကြေးလေ...
မမမေရဲ့ သားသားသန့်

lwannaung said...

အရင်ကတော့ ကိုဟယ်ရီရဲ့ မြန်မာကဗျာဆိုတာ ဂျိုနဲ့လားဆိုတာတွေကိုပဲ ဖတ်ဖြစ်တာ။ ခုတော့ ဖတ်စရာတစ်ခုတိုးပြန်ပြီဗျို့..။ကျေးဇူးပါအစ်မရေ