Sunday, January 21, 2007

မေတ္တာရှင်တို့၏ စိတ်ထား နှင့် ကျမ၏ အလိုအပ်ဆုံး

ဒီစာကို ရေးဖြစ်တာကတော့ စနေရဲ့ ဘလော့က “အလိုအပ်ဆုံး” ဆိုတဲ့ ပို့စ်လေးကြောင့်ပါပဲ။ အဲဒီပို့စ်ကိုဖတ်ပြီး ကျမ တော်တော်လေး အတွေးနယ်ချဲ့မိလို့ပါ။

တကယ်ပဲ ကိုယ့်လက်တွဲဖော် (အိမ်ထောင်ဖက်) ဟာ ကိုယ့်အတွက် အလိုအပ်ဆုံးလား။
မိဘ နဲ့ သားသမီးဟာ ဖျက်ထုတ်ရလောက်အောင် ကိုယ့်ဘ၀အတွက် အရေးမပါဘူးလား။
တကယ်တမ်း ကိုယ့်ဘ၀အတွက် အလိုအပ်ဆုံးဟာ ဘာလဲ … ဘယ်သူလဲ … စသဖြင့် ကျမ တွေးနေမိတယ်။
မိဘနဲ့ သားသမီးကို ဖျက်ထုတ်ဝံ့တဲ့ ဒီကျောင်းသူရဲ့ စိတ်ဓာတ်ကိုလည်း ကျမ အံ့သြမိပါတယ်။
ဒါဟာ သူ့တိုင်းပြည်နိုင်ငံရဲ့ ယဉ်ကျေးမှုကြောင့်လေပဲလား … ဒါမှမဟုတ် သူကိုယ်တိုင်ရဲ့ အတွေးအခေါ် မနက်နဲမှု ကြောင့်လေပဲလား … ကျမကတော့ သူ့လုပ်ရပ်ကို သဘောမကျမိတာ အမှန်ပါပဲ။

ကျမရဲ့ ပုဂ္ဂလိက ခံစားချက် ကျမတဦးတည်းရဲ့ အမြင်အရပြောရမယ်ဆိုရင်တော့ ကိုယ့်ဘ၀အတွက် အလိုအပ်ဆုံးဟာ မိဘ ပါပဲ။ ဘာကြောင့်လဲ … ဆိုတော့ …
မိဘ ဆိုတာ မရှိခဲ့ရင် ကျမတို့ဟာ လူရယ်လို့ဖြစ်လာပြီး ခုလို ရပ်တည်နေထိုင်နိုင်မှာ မဟုတ်လို့ပါဘဲ။
ဒါဟာ အခြေခံအကျဆုံး အချက်ပါ။ ဒီထက်ပိုစဉ်းစားမယ်ဆိုရင်တော့ မြင့်မိုရ်တောင်ဦး မကကျူးတဲ့ မိဘကျေးဇူးဆိုတာ အလွန်ကြီးမား များပြား လွန်းပါတယ်၊ နှိုင်းဆလို့မရ အနှိုင်းမဲ့ ကျေးဇူးရှင်တွေပါ။

မိဘ မွေးထုတ်ခဲ့လို့ ကျမတို့ ဒီလောကထဲ ရောက်ရှိလာကြတယ်၊ မိဘ ကျွေးမွေးစောင့်ရှောက်ခဲ့လို့ ကြီးပြင်းလာပြီး လူတလုံး သူတလုံးဖြစ်ကာ လောကအလယ်မှာ ရပ်တည်နိုင်ခဲ့ကြတယ်။ ဒီလို ကျေးဇူးကြီးမားတဲ့ မိဘကို ဖျက်ထုတ်ဝံ့တဲ့ သတ္တိ (ဒီကျောင်းသူလို အခြေအနေမျိုးနဲ့ ကြုံလာခဲ့ရင်တောင်) ကျမ မှာ မရှိပါဘူး။

လက်တွဲဖော် အိမ်ထောင်ဖက် ဆိုတာ အစားထိုးလို့ရပါတယ်။ ထိုနည်းတူ ကိုယ့်ရင်သွေးဆိုတာကလည်း နောက်တယောက်ထပ်မွေးနိုင်တဲ့ အခြေအနေရှိရင် အစားရနိုင်ပါသေးတယ်။ မိဘဆိုတာဟာ ဘယ်တော့မှ အစားထိုးလို့ မရပါဘူး။

ဒီကျောင်းသူပြောသလို မိဘဟာ တချိန်မှာ သူ့ထက်အရင် သေဆုံးသွားမယ်၊ အရင်ခွဲခွါသွားမယ်ပေါ့၊ သားသမီး ဆိုတာလည်း အရွယ်ရောက်ရင် စွန့်ခွါသွားမယ်၊ သူ့နဘေးမှာ ကျန်ခဲ့နိုင်တာ အိမ်ထောင်ဖက်သာလျှင်မို့ သူအတွက် အလိုအပ်ဆုံးဟာ အိမ်ထောင်ဖက်ဖြစ်တယ်လို့ သူက ဆင်ခြေပေးခဲ့တယ်။

တကယ်တမ်း သေခြင်းတရားဆိုတာ ကြီးတယ် ငယ်တယ် အရွယ်ရွေးနေတာလည်း မဟုတ်၊ အချိန်ရွေးနေတာလည်း မဟုတ်ပါဘူး။ မိဘက အရင်သေသေ၊ နောက်မှသေသေ တကယ်တမ်း ကိုယ့်အတွက် အလိုအပ်ဆုံးနဲ့ အရေးအကြီးဆုံးက မိဘ သာလျှင် မဖြစ်သင့်ဘူးလား။
အိမ်ထောင်ဘက်ဆိုတာကရော … အရင်မသေဘူးလို့ မပြောနိုင်ပါဘူး၊ ဒါမှမဟုတ် သေကွဲမကွဲလည်း ရှင်ကွဲ ကွဲနိုင်သေးတယ် မဟုတ်လား။

အင်း … ဒီလို ဘ၀င်မကျမှုတွေကို ရောက်တတ်ရာရာ တွေးနေရင်းနဲ့ မေတ္တာရှင်တွေ ထားရမယ့် စိတ်ထား ဆိုတာကို မှတ်သားခဲ့ဖူးတာလေး သတိရမိပါတယ်။
မေတ္တာပို့မယ်ဆိုရင် ကိုယ့်ရဲ့မေတ္တာထိရောက်အောင် စိတ်ထဲမှာ ဘယ်လိုထားရမယ်ဆိုတာ ခုလို ဥပမာလေး နဲ့ ပြောထားပါတယ်။
***
သင်နဲ့အတူ သင့်ချစ်သူ၊ သင်မုန်းသူ၊ သင့်ရန်သူ၊ အတူတကွ ခရီးထွက်လာစဉ်မှာ လူဆိုးတွေနဲ့တွေ့တယ်။ လူဆိုးတွေက လူတယောက်ရဲ့ လည်ချောင်းသွေးနဲ့ ယဇ်ပူဇော်မှာမို့ သင့်ထံမှာ တယောက်ယောက်ကို ပေးဖို့ တောင်းတယ်။
ဒီအခါမှာ သင်က ဘယ်သူ့ကိုပေးမလဲ။ ဘယ်သူ့ကို ရွေးမလဲ … တဲ့။

သာမန်အားဖြင့်ဆိုရင်တော့ ရန်သူ တို့ မုန်းသူတို့ကို ပေးမယ်လို့ ဖြေနိုင်ပါတယ်။ ဒါပေမဲ့ သင်ဟာ မေတ္တာရှင်တယောက်သာ ဆိုရင်တော့ ဘယ်သူ့ကိုမှ မပေးဘူး လို့သာ ဖြေမှာပါပဲ။ ဘာကြောင့်လဲ …
မေတ္တာရှင်ရဲ့ စိတ်ထားဟာ သတ္တ၀ါအားလုံးအပေါ် တပြေးညီဖြစ်နေလို့ပါပဲ။
ချစ်သူဖြစ်စေ … မုန်းသူဖြစ်စေ … ရန်သူဖြစ်စေ … ကိုယ်ကိုယ်တိုင်ဖြစ်စေ … အားလုံး တပြေးညီစိတ်ထား မျိုး ထားရပါမယ်။ ဘယ်သူ့ကိုမှ မပိုရသလို ဘယ်သူ့ကိုမှလည်း မလျော့ရပါဘူး။
ဒီလိုထားနိုင်မှလည်း မေတ္တာရှင် လို့ ဆိုနိုင်ပါမယ်၊ သူ့ရဲ့ မေတ္တာဟာလည်း အစွမ်းထက်ပါမယ်။

***
ဒါကတော့ ကျမ မှတ်သားကြားနာ ခဲ့ဖူးတာပါ။
ကျမဟာ အဲဒီလောက်ထိတော့ ပါရမီ မရင့်သန်သေးတဲ့အတွက် မေတ္တာရှင်ရဲ့ စိတ်ထားမျိုး မထားနိုင်ပါဘူး။ ဒါပေမဲ့လည်း မိဘကို အလိုအပ်ဆုံး စာရင်းထဲက ဖျက်ထုတ်ရလောက်အောင်လည်း မမိုက်မဲပါဘူး။
ကျမ အတွက်တော့ မိဘဟာ အလိုအပ်ဆုံးပါ၊ အထူးသဖြင့် ကျမကို ဒီဘ၀ကောင်းစားရေးတွင်မက သံသရာမှာ ကျင်လည်နေသမျှလည်း အောက်တန်းနောက်တန်းမကျရလေအောင်၊ ကုသိုလ် အကုသိုလ် ခွဲခြား သိအောင်၊ အမှားအမှန် ဝေဖန် ပိုင်းခြားနိုင်အောင်၊ သွန်သင်ဆုံးမ နည်းနာတွေပြခဲ့တဲ့အပြင် သံသရာမှ လွတ်မြောက်ကြောင်း တရားကောင်း တရားမှန်တွေ လမ်းညွှန်ပေးနေတဲ့ ကျေးဇူးကြီးမားလှတဲ့ ကျမရဲ့ မိဘ နှစ်ပါးဟာ ကျမအတွက်တော့ အလိုအပ်ဆုံး ပုဂ္ဂိုလ်တွေပါပဲ။ ဘာနဲ့မှလည်း လဲလို့မရတဲ့အပြင် ဘယ်သူနဲ့မှလည်း အစားထိုးလို့မရပါ။

တချိန်ချိန်မှာ ကျမကို ခွဲခွါသွားခဲ့ကြရင်တောင် မိဘနှစ်ပါး ဆိုဆုံးမခဲ့တဲ့ သြ၀ါဒတွေနဲ့ ကျမဘ၀ ဆက်လက် ရှင်သန်နေထိုင် နေရအုံးမှာမို့ ကျမအတွက်တော့ လိုအပ်နေအုံးမှာပါပဲ။ မိဘရဲ့ ဂုဏ်ကျေးဇူးတွေကို တမ်းတရင်း မှန်းဆရင်း ပူဇော် ကန်တော့ရင်း နောက်ဘ၀တွေမှာလည်း ဒီမိ ဒီဘနဲ့ ဆုံစည်းခွင့်ကို မျှော်လင့် နေအုံးမှာပါ … ။
***
21.1.07
11:00 am

16 comments:

နိုင်းနိုင်းစနေ said...

ကျေးဇူး မမေ...
စနေ့အတွက်တော့ ဘယ်လိုမှ အဖြေမရှိခဲ့ဘူး..ဖြေလဲမဖြေတတ်ဘူး။
ရွေးခိုင်းရင် အားလုံးကို ရွေးဖြစ်မှာပဲ....လောဘကြီးတယ်ပဲ ပြောပြော..
စနေ့အတွက်တော့ မမေပြောသလို မိဘဆိုတာ ရှိမှ ဒီလောကထဲ
ရောက်လာခဲ့ရတယ်။ သားသမီးဆိုတာရှိမှ မိသားစုဟာ ပျော်စရာကောင်း
မယ် (အိမ်ဆည်းလည်း .စာလုံးဘယ်လိုပေါင်းလဲ မသိဘူး)..အိမ်ထောင်တခုမှာ
အိမ်ဦးနတ်ဖြစ်တဲ့ လင်ယောက်ျားဆိုတာ ရှိမှသင့်တော်မယ်။( မုဆိုးမ၊ တခုလပ်
ပတ်ဝန်းကျင်က မလေးစားဘူး ဆိုတဲ့ စကားကို ကြားဖူးလို့ပါ)..“အိမ်မှာနေရင်
မောင်နှမတွေရဲ့ ရိုင်းပင်းကူညီမှုကိုယူ..အပြင်မှာနေရင် သူငယ်ချင်းတွေရဲ့ ရိုင်းပင်း
ကူညီမှုကိုယူ” ဆိုတဲ့ တရုတ်စကားပုံအတိုင်း သူငယ်ချင်းမိတ်ဆွေဆိုတာလဲ မရှိ
မဖြစ်ပါပဲ။ အဲဒီလူတွေ အားလုံးဟာ သူ့နေရာနဲ့သူ ကိုယ့်ဘ၀မှ အရေးပါနေတဲ့သူ
ဖြစ်နေလို့ တယောက်ထဲကိုပဲ ရွေးခိုင်းရင် ဘယ်လိုမှ မဆုံးဖြတ်တတ်တာ အမှန်ပဲ။
ဒါပေမဲ့ မိဘမရှိခဲ့ရင် ဘယ်သူကို ရွေးမလဲ....သားသမီးမရှိခဲ့ရင် ဘယ်သူကို ရွေးမလဲ
ခင်ပွန်းမရှိခဲ့ရင် ဘယ်သူကို ရွေးမလဲ..အဲလိုမျိုးသာ မေးလာခဲ့ရင် မယ်သီလရှင်ဝတ်
မယ်လို့ ဖြေမိမလားမသိဘူး..ဟီး...ကျေးဇူး မမေ..

ကလိုစေးထူး said...

ခရီးသွားနေတာနဲ့.. ပို့စ်အသစ်တွေကို အခုမှ ဖတ်ဖြစ်တော့တယ်.. ကျနော် ကြားဖူးတာ တခုရှိတယ်ဗျ.. လူဆိုတာ ကိုယ့်ကိုယ်ကို အချစ်ဆုံး.. ဒုတိယအချစ်ဆုံးက မိဘ.. တတိယအချစ်ဆုံးက ချစ်သူ ဇနီးခင်ပွန်းတဲ့.. ဒါပေမယ့် တခါတလေကျတော့ လူမျိုးမတူတာပဲလား.. ယဉ်ကျေးမှု မတူတာပဲလားတော့ မသိ.. တချို့လူတွေရဲ့ စဉ်းစားချက်က မိဘဟာ တတိယနေရာကို ရောက်နေတတ်တယ်... မုဆိုးမ၊ တခုလပ်၊ ပတ်ဝန်းကျင်က မလေးစားဘူးဆိုရင် မလေးစားတဲ့ ပတ်ဝန်းကျင်မှာ အသိဥာဏ်ရင့်သန်ဖို့ တခုခုတော့ လိုအပ်နေပြီ ထင်တာပါပဲ။ ပြောရင်တော့ တော်တော်လေကြောရှည်မိမှာ သေချာတယ်.. :D
ကျနော်လဲ မမေဓာဝီရေးသလိုပါပဲ။ မိဘကို စာရင်းကနေ ဖျက်ပစ်တဲ့ ကောင်မလေးကို သိပ်နားမလည်ဘူးဗျ။

Anonymous said...

imm..i think it'll depends on the culture.
What I've heard from my friend (westener) is in western culture, they don't depend on their parents when they are age of 18.If they don't live separetly then they think it's shameful. So they started to live separetly and also their parents don't need to take care of them.
They don't need to support their kids once they stay separetly.
So i think their relation is not as strong as in our culture between the parents and the children.
That's why when the parents' are getting old, they feel lonely since their kids are not looking after them and so on.
But I think I'm sure that if u ask this question to any myanmar, i'm sure they won't erase the parent names ..almost 90%
I think that is the good point of our culture :)

Chan Soe Win said...

ဘဝမှာ အလိုအပ်ဆုံးဟာ လက်တွဲဖေါ်ဆိုတဲ့ Message ကို ငါဘာ လူမျိုး၊ ငါဘာ ဘာသာဝင် ဆိုတဲ့ ငါအစွဲတွေကြောင့် မရလိုက်ကြဘူးထင်ပါတယ်။
အရွယ်ရောက်လာရင် မိဘနဲ့ ခွဲခွာပြီး ကိုယ်လမ်းကိုယ်လျှောက်ကြရတာပဲ။ အကြာဆုံး ၂၅ နှစ်ပါပဲ။
သားသမီးဆိုတာလည်း တချိန်မှာ မိဘကို ခွဲခွာပြီး ကိုယ်လမ်းကိုယ်လျှောက်သွားကြမှာပဲ။ အကြာဆုံး ၂၅ နှစ်ပါပဲ။
အနှစ် ၄၀-၅၀ လက်တွဲသွားရမှာက ကိုယ်ရဲ့ ဘဝလက်တွဲဖေါ် ပါ။
အလိုအပ်ဆုံးဆိုတာနဲ့ ကျန်တာတွေ အရေးမကြီးတော့ဘူးလို့ မတွက်ပါနဲ့။ ဒီကျောင်းသူဟာ ဒီအဖြေကို တုန်လှုပ်ငိုကြွေးပြီးမှ အရိုးသားဆုံးဖြေခဲ့တာ မမေ့သင့်ပါ။

ကလိုစေးထူး said...

သူပေးတဲ့ မက်ဆေ့ကို ရပါတယ်.. ရလို့လဲ အခုလို ကျနော်တို့ အမြင်ကို ပြန်တုံ့ပြန်တာပေါ့.. ပြန်တုံ့ပြန်တဲ့အထဲမှာ ငါစွဲလို့ ပြလို့ရတဲ့ စာသားကို နေရာနဲ့တကွ ထောက်ပြပေးပါလား.. တယောက်နဲ့ တယောက် အမြင်မတူကြတာတော့ ရှိနိုင်ပါတယ်... လက်တွဲဖော်ဆိုတာက မိမိဘ၀တလျှောက်လုံး လက်တွဲသွားရမယ်ဆိုတာက မှန်ပါတယ်.. ဒါပေမယ့် ကိုယ့်ကို မွေးထုတ်လိုက်တဲ့ မိဘနှစ်ပါးကို စာရင်းထဲကနေ
ဖျက်ထုတ်ဝံ့တဲ့ သတ်တိကို အံ့သြလို့ ပြန်တုံ့ပြန်နေတာပါ

Maydarwii said...

“အဲဒီ နာမည်တွေထဲက မရှိလဲဖြစ်တယ်၊ မလိုအပ်ဘူးလို့ ထင်တဲ့
နာမည်ကို ဖျက်လိုက်ပါ” ဆိုတဲ့ စကားအရ
မိဘ ဆိုတာ “မရှိရင်” မိမိဆိုတာ “မဖြစ်”လာနိုင်တဲ့အတွက် မိဘဆိုတာ မရှိမဖြစ် … အလိုအပ်ဆုံးလို့ ကျမက ရွေးချယ်ပြောခဲ့တာပါ။
အနောက်တိုင်းဖြစ်စေ .. အရှေ့တိုင်းဖြစ်စေ … ဘယ်ယဉ်ကျေးမှုမှာပဲဖြစ်ဖြစ် မိဘ မရှိဘဲ ဖြစ်လာတဲ့ သူရယ်လို့ ရှိမှမရှိတာပဲ။
ခပ်တိမ်တိမ်လေး စဉ်းစားပြီး အတ္တကြီးကြီးပြောကြကြေးဆိုရင်တော့ ….
လောကမှာ မရှိလို့မဖြစ်တဲ့အရာ ဘာမှမရှိပါဘူး။
မိဘမရှိလည်း ရပ်တည်လို့ရတယ်၊ သားသမီးမရှိလည်း အဆင်ပြေတယ်။ လင်ယောက်ျားမရှိလည်း ဘာအရေးလဲ။ မိမိသာလျှင် အဓိကအကျဆုံး မိမိသာလျှင် အရေးအကြီးဆုံးမို့ နာမည်အားလုံးကို စောစောစီးစီးထဲက တပြိုင်တည်း ဖျက်ပစ်လိုက်လို့ရပါတယ်။
ကွန်မန့်တွေအတွက် ကျေးဇူးတင်ပါတယ်ရှင်။

Chan Soe Win said...

ဒီနေရာမှာ မရှိလဲဖြစ်တယ်၊ မလိုအပ်ဘူးလို့ ဆိုတဲ့စကားကို အဓိပ္ပါယ်ယူပုံခြင်း လွဲနေကြ့ပီထင်ပါတယ်။

မေဓါဝီနဲ့ ကလိုစေးထူးက မရှိမဖြစ်၊ လိုအပ်ဆိုတာကို Essential လို့ ကောက်နေပုံရပြီး ကျနော်က အခုပစ္စုပ္ပန်မှာ လိုအပ်တဲ့ Need လို့ ကောက်နေတာပါ။

မိဘဟာ Essential ဆိုတာ ငြင်းစရာမရှိပါ။
ဒါပေမယ့် မိဘကို တသက်လုံး need ဖြစ်သင့်တယ်လို့ထင်ပါသလား။ မိဘဆိုတာ ကိုယ့်ကို အမြဲအဖေါ်လုပ် ဖြည့်ဆည်းပေးနေသူဖြစ်သင့်ပါသလား။

- လူမျိုးမတူတာပဲလား.. ယဉ်ကျေးမှု မတူတာပဲလား
- ကိုယ့်ကို မွေးထုတ်လိုက်တဲ့ မိဘနှစ်ပါးကို စာရင်းထဲကနေ
ဖျက်ထုတ်ဝံ့တဲ့ သတ်တိကို
- အရှေ့တိုင်းဖြစ်စေ … ဘယ်ယဉ်ကျေးမှုမှာပဲဖြစ်ဖြစ်
- အတ္တကြီးကြီး

ဆိုတဲ့ စကားလုံးတွေနဲ့ သူမဘ၀အတွက် တကယ် အလိုအပ်ဆုံးကို ရွေးချယ်ပြနိုင်တဲ့ သူမကို မရှုံ့ချသင့်ဘူးထင်ပါတယ်။

ငါစွဲဆိုတာ ငါတို့လူမျိုး … ငါတို့ယဉ်ကျေးမှု … ငါတို့ ဘာသာ.. မှာ ဒါမျိုးမရှိတန်ကောင်းဘူးလို့ ဘောင်သတ်စဉ်းစားတာပါ။

ဒီအက်ဆေးမှာ အဓိက က တဘဝလုံးအတွက် အဖေါ်ဟာ သိပ်အရေးကြီးတယ်ဆိုတဲ့ အချက်ကို ထောက်ပြထားတာပါ။ မိဘကို ခေါင်းထဲက ထုတ်ပစ်လိုက်။ စာရင်းထဲက ပယ်လိုက်ဆိုတာ က အဓိကမဟုတ်ပါ။

မိဘ၊ သားသမီးဆိုတာ တဘ၀လုံးအတွက် အဖေါ် မဖြစ်နိုင်ပါ။ (တသက်လုံး အပျိုကြီး လူပျိုကြီးလုပ် မိဘနဲ့အတူနေပြီး မိဘထက် အရင်သေသွားခဲ့ရင်တော့ မပြောတတ်ဘူးလေ။)

Maydarwii said...

ကိုချမ်းစိုးဝင်းရှင့် …
ကျမရေးတဲ့စာကို သေချာဖတ်ပါအုံးလို့ အရင်ဆုံးပြောပါရစေ … ။
(၁) ကျမ ပို့စ်မှာ ရေးကတည်းက ဒါဟာ ကျမရဲ့ ပုဂ္ဂလိကခံစားချက် ကျမတဦးတည်းရဲ့ အမြင်လို့ ရေးခဲ့ပါတယ်။
ကျမဘ၀နဲ့ယှဉ်ပြောရရင် ကျမဘ၀မှာ မိဘ ရှိသည်ဖြစ်စေ ကွယ်လွန်သွားပြီဖြစ်စေ မိဘဟာ အလိုအပ်ဆုံးနဲ့ အရေးအပါဆုံးပါပဲ။ essential ပဲဖြစ်ဖြစ် need ပဲ ဖြစ်ဖြစ် …ဝေါဟာရတွေက အရေးမကြီးပါဘူး။ ကျမ အတွက်တော့ မိဘတွေကသာ အရေးကြီးပါတယ်။

(၂) ပစ္စုပ္ပန်မှာဖြစ်စေ အနာဂတ်မှာဖြစ်စေ မိဘဟာ အရေးကြီးပါတယ်။ မိဘမရှိတော့ရင်တောင် သူတို့ရဲ့ အရှိန်အ၀ါနဲ့ ကျမ ရပ်တည်လို့ ရနေနိုင်ပါသေးတယ်။ မိဘဟာ ကိုယ့်အတွက် အရေးပါခြင်း မပါခြင်းဟာ အတူနေခြင်း မနေခြင်းနဲ့ မဆိုင်တဲ့အပြင် သက်ရှိထင်ရှား ရှိခြင်း မရှိခြင်းနဲ့လည်း လုံးဝ မဆိုင်ပါဘူး။ မိဘဟာ ကိုယ့်ကိုအဖော်လုပ် ဖြည့်ဆည်းပေးနိုင်ခြင်း မပေးနိုင်ခြင်းနဲ့လည်း မဆိုင်ပါဘူး။

(၃) လူမျိုးမတူ .. ယဉ်ကျေးမှုမတူ လို့ သုံးနှုန်းခဲ့ရခြင်းကတော့ ဒီကျောင်းသူကို ဖြေတွေးတွေးပေးခဲ့မိလို့ပါပဲ။ ဒါကြောင့်များ ဒီလို ရွေးချယ်လိုက်လေသလားလို့ပါ။ ဒါဟာ လူမျိုးစွဲ ဘာသာစွဲ (ငါစွဲ) ကြောင့်လို့ ထင်ရင် မှားပါလိမ့်မယ်၊ တကယ်တော့ ဘယ်လူမျိုး ဘယ်ယဉ်ကျေးမှုမဆို မိဘကို ဦးထိပ်ထားသင့်တယ်ဆိုရင် ငြင်းမလား။ ငါတို့ဘာသာမှာ ဒါမျိုးမရှိတန်ကောင်းဘူး မဟုတ်ပါဘူး၊ ဘယ်သာသာ ဘယ်လူမျိုးမှာမှ မရှိစကောင်း သော တွေးခေါ်မှုပါ။

(၄) သူ့ကို ရှုံ့ချတာမဟုတ်ပေမဲ့ သူ့လုပ်ရပ် သူ့ရွေးချယ်မှုကို လက်မခံနိုင် သဘောမတူနိုင် သဘောမကျနိုင်ပါ။ ထိုနည်းတူစွာ မြန်မာဘလော့ဖတ်သူ လူငယ်များ ဟုတ်သယောင်ယောင် ထင်သွားမှာလည်း စိုးရိမ်လို့ ခုလို ပြန်ရေးခဲ့ခြင်းပါ။

(၅) ဒီအက်ဆေးမှာပေးတဲ့ မက်ဆေ့ခ်ျဟာ ကိုယ့်ဘ၀အတွက် လက်တွဲဖော်ဟာ (မိဘထက်တောင်) သိပ်အရေးကြီးတယ် လို့ဆိုလိုချင်တယ်ဆိုတာ သိပ်ကို သဘောပေါက်ပါတယ်။ ဒါကြောင့်လည်း အတွေးတိမ်တယ်လို့ ပြောခဲ့တာ။

တကယ်ပဲ လက်တွဲဖော်ဟာ သိပ်ကို အရေးကြီးလား စဉ်းစားကြည့်ရအောင် … ။
လက်တွဲဖော်တယောက်နဲ့ လက်တွဲလိုက်ပါပြီတဲ့။ ကိုယ့်ဘ၀အတွက် လက်တွဲဖော်ဟာ ဘယ်လောက်တောင် ကောင်းနိုင်မလဲ။ လက်တွဲဖော်တယောက် မကောင်းတဲ့အခါ သူနဲ့လက်တွဲဖြုတ် … သိပ်အရေးကြီးတယ် .. မရှိမဖြစ်ဆိုတော့ကာ နောက်တယောက် ထပ်လက်တွဲ … မကောင်းတော့ တခါကွဲ … ဒီလိုပဲနေမလား။ ဒါမှမဟုတ် … တည်မိတဲ့ဘုရား လင်းတပဲနားနား ဆိုပြီး မကောင်းတဲ့လက်တွဲဖော်ကြီးကို အောင့်အည်း သည်းခံပြီး ဆက်လက် လက်တွဲနေမလား။

(၆) ဒီတော့ ဒီရွေးချယ်မှုကြီးဟာ ချွင်းချက် (ချို့ယွင်းချက်) ကြီးနဲ့ပါ။ မိဘကိုရွေးကြည့်မယ်ဆိုရင် မိဘရဲ့ အရေးပါမှုကို ချွင်းချက်မရှိ (ချို့ယွင်းချက်မရှိ)ပြောပြနိုင်ပါတယ် ။ နောက်တခုက ဒီကျောင်းသူဟာ သေခြင်းတရားကိုလည်း နားမလည်ရှာဘူး။ လက်တွဲဖော်တယောက်ထဲသာ သေတပန်သက်တဆုံး သူ့အနားအမြဲရှိနိုင်မလား စဉ်းစားကြည့်ပါ။

(၇) ကျမပို့စ်မှာ ပြခဲ့တဲ့ ဥပမာထဲက မေတ္တာရှင်တို့ရဲ့ စိတ်ထားလို လူဆိုးတွေက တယောက်ယောက် ကိုသာရွေးချယ်ခိုင်းတယ်ဆိုရင် မိဘနဲ့ လက်တွဲဖော် ဘယ်သူ့ကိုရွေးမလဲ။ ကျမ ဥပမာကိုလည်း သေချာပြန်ဖတ်စေချင်ပါတယ်။ ကျမဟာ ပါရမီ မရင့်သန်တဲ့အတွက် တယောက်ကို ရွေးဆိုရင် မိဘကိုသာရွေးမှာပါလို့ ဖြေခဲ့ပါတယ်။ ဒီကျောင်းသူသာဆိုရင် လက်တွဲဖော်ကို ရွေးမှာလား။

(၈) လူအမျိုးမျိုး စိတ်အထွေထွေ ရှိတယ်ဆိုတာ ကျမသိပါတယ်၊ ကိုယ် သန်ရာသန်ရာ ရွေးချယ်ခွင့်လည်း ရှိပါတယ်။ လက်တွဲဖော်ကိုမှ စိတ်သန်သူတွေအတွက် လက်တွဲဖော်ကို ရွေးပေါ့။ ကျမကတော့ဖြင့် မိဘမှ မိဘပါပဲ။ ဒါဟာ အတ္တကြောင့်လေလား။ ငါစွဲ ကြောင့်လေလား။
မွေးပြီးစွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ ကလေး တယောက်ဆိုရင် တောင်မှ မိဘဆိုတာ သူ့အတွက် အရေးအပါဆုံး ဖြစ်သင့်ပါတယ်။

(၉) လက်တွဲဖော်မရှိဘဲ ရပ်တည်နေကြသူ သာသနာ့ဝန်ထမ်းတွေ၊ တခြားဘာသာမှာဆိုရင်လည်း လူမှုရေးလုပ်နေကြသူတွေ အများကြီးပါ။ တကယ့်လက်တွေ့ဘ၀မှာ လက်တွဲဖော်ကို ရေးကြီးခွင်ကျယ် လုပ်နေစရာ လိုတယ်လို့ ကျမတော့ဖြင့် မထင်ပါဘူး။ ဒါကြောင့်လည်း လောကမှာ မရှိမဖြစ် ဆိုတာ ဘယ်အရာမှ မရှိလို့ အပေါ်က ကွန်မန့်မှာ ကျမဆိုခဲ့တာပါ။ ဒါဟာရော ငြင်းစရာများ ရှိနေပါသလား။

(၁၀) နိဂုံးချုပ်ရရင်တော့ … ဒီအကြောင်းအရာကိုဖတ်ပြီး “ဟုတ်သားပဲ … လက်တွဲဖော်က အရေးကြီးတယ်” လို့ ထင်မှတ်သွားကြပြီး မိဘကို စာရင်းထဲက ဖျက်ပစ်ကြမယ့် နုနယ်ပျိုမြစ်သော လူငယ်လေးတွေအတွက် … ကျမတော့ ရင်လေးမိပါတယ်။

Chan Soe Win said...

အရေးကြီးတာ၊အရေးပါတာက တန်ဖိုးထားမှုဖြစ်ပြီး လိုအပ်မှုဆိုတာ ကိုယ့်အတွက်ပါ။

သူမရဲ့ အဖြေဟာ မိဘကို ရွေးချက်သူလိုဘဲ သူ့အကြောင်းပြချက်နဲ့သူ ခိုင်လုံလို့ လက်မခံနိုင်စရာ မရှိပါ။ လမ်းမှားမဟုတ်ပါ။

လက်တွဲဖေါ်တိုင်း မကောင်းနိုင်သလို မိဘတိုင်းရော ကောင်းရဲ့လားဆိုတာဟာလည်း တွေးစရာပါပဲ….

အင်း ရှင်းလေ ငြင်းလေ ပိုရှုပ်လေဖြစ်မယ့်ကိစ္စမို့ ဒီနေရာမှာပဲ ကျနော်ကိုရပ်ခွင့်ပြုပါ။

အမွန် said...

သြော်..ဒီပို့စ်ဖတ်ပြီး အားငယ်လိုက်တာ..
မွန်ကိုဘယ်သူကမှ အလိုအပ်ဆုံးလို့ရွေးမယ်မထင်ဘူးနော်

hana said...

Ma May,
Thank you very much for this post. I really love your thoughts and words. Thoughts may differ from person to person depending on the lifestyle .I think the way as you do and so do the buddhists. Thank you and appreciate you for sharing your ideas and thoughts.
with love , hana

ကိုရင်၀၉ said...

အဆင့်မြင့်တဲ့မေတ္တာ မှာ အပိုင်းအခြားဆိုတာမရှိဘူး.

ဇာတ်တော်တစ်ခုမှာ

သား.လင်. မောင်. အဲဒီသုံးယောက်ကို ဘုရင်ကဖမ်းသွားတော့ ပညာရှိတဲ့မိန်းမ က အ၀တ်ပေးပါလို့ ဆိုပြီး ဘုရင်ဆီသွားတယ်။
၃ ယောက်ထဲက တစ်ယောက်ရွေးစေ ဆိုတော့

သားကိုလည်းမရွေး လင်ကိုလည်း မရွေး. မောင်ကို ရွေးပါသတဲ့.

သားနှင့် လင်က အစား ပြန်ရနိုင်တယ်.
မိဘ နှစ်ပါးလုံးမရှိတော့တဲ့အတွက် မောင်က အစားပြန်မရ နိုင်
ထိုကြောင့် မောင်ကို ရေါး ရခြင်းစြဖ်ပါတယ် ဆိုတဲ့ . အဖြေကြောင့်

ပညာ ရှိမိန်းမ အဖြစ် ဘုရင်ကသဘောကျပြီး သုံးယောက်စလုံးလွှတ်ပေးပါသတဲ့.

ပုံပြင်လေးက တော့ဒါပါပဲ ကွယ်

Michael Sync said...

>>သြော်..ဒီပို့စ်ဖတ်ပြီး အားငယ်လိုက်တာ..
>>မွန်ကိုဘယ်သူကမှ အလိုအပ်ဆုံးလို့ရွေးမယ်မထင်ဘူးနော

Don't worry.. a mon.
Maybe. your daughter might choose you (but *only* if you have a daughter like ma may dar wii. )
Just kidding. :)

BTW, Have you watched this movie called Riding the Bullet? it's very bad mov... Alan, the actor of this mov, has to make a decision which will determine whether he or his mother dies. however, he choose his life.

Anonymous said...

ဦးနှောက်သေးသေးလေးနဲ့စဉ်းစားမိတာလေးပါ.ဘယ်သူ့ကိုမှဆိုလိုတာမဟုတ်ပါဘူး.မိဘကိုသာရွေးချယ်ကြမယ်ဆိုရင်မြန်မာပြည်မှာမိဘသဘောမတူလို့မိန်းမခိုးပြေးတာ...ယောက်ကျားနောက်လိုက်သွားတယ်ဆိုတာမရှိနိုင်ဘူးလို့ထင်တယ်..နောက်တချက်ကအဲသလိုဘ၀အဖော်ကအရေးကြီးတယ်ဆိုရင်နောက်မျိုးဆက်သစ်တွေခိုးပြေးမှုတွေနဲ့ပဲဖြစ်နေကြမလားပဲရယ်..ခုချိန်ထိတော့ကိုယ့်အတွက်ကမိဘကအရေးကြီးဆုံးပဲဖြစ်နေတုန်းပါပဲ..ကိုယ့်အပေါ်မိဘလောက်ဘယ်သူမှမကောင်းကြသေးဘူး..ကောင်းခဲ့ရင်လည်းမိဘကိုမှီမှာမဟုတ်ပါဘူး..လူတိုင်းကသူတို့ဖြတ်သန်းခဲ့ရတဲ့အခြေနေပေါ်မှာမူတည်ပြီးရွေးချယ်သွားကြတာချည်းပါပဲ..

sisain said...

မမေ-
မမေ ရဲ့ ပုဂ္ဂလိကခံစားချက်/ကျမတဦးတည်းရဲ့ အမြင်လို့ ရေးထားတဲ့အတွက် - အဲဒီမှာကတည်းက ရှင်းနေပါပြီ။ မနိုင်းနိုင်းရဲ့ပို့စ်မှာ မေးခွန်းအဖြေကိုဖြေတဲ့ ကျောင်းသူကလည်းပဲ သူမရဲ့ ပုဂ္ဂလိကခံစားချက်/ နဲ့ သူမတစ်ဦးတည်းရဲ့ အမြင်နဲ့ပဲ ဖြေသွားတာဖြစ်မယ်လို့ နားလည်ပေးလိုက်ပါတယ်။

မမေ ရဲ့- `(၁၀) ဒီအကြောင်းအရာကိုဖတ်ပြီး “ဟုတ်သားပဲ … လက်တွဲဖော်က အရေးကြီးတယ်” လို့ ထင်မှတ်သွားကြပြီး မိဘကို စာရင်းထဲက ဖျက်ပစ်ကြမယ့် နုနယ်ပျိုမြစ်သော လူငယ်လေးတွေအတွက် … ကျမတော့ ရင်လေးမိပါတယ်။´ ဆိုတဲ့ အပြုသဘောထားကို အထူးပဲ ကျေးဇူးတင်ပါတယ်။

ဘာဖြစ်လို့လဲဆို ကျနော်လည်း မနိုင်းနိုင်းရဲ့ပို့စ်ကို ဖတ်မိစဉ်တုန်းက တော်တော်လေးတွေ-သွားရပါတယ်။ သူပြောတာက ဟုတ်များနေသလား။ ဘာကိုယူရမလဲဆိုပြီးတော့ပေါ့။ မမေရဲ့ အတွေးရှင်းရှင်း ခံယူချက်သဘောထားကို ဒီပို့စ်မှာ ရဲရဲရေးပြထားတာလည်း ပေါ်လွင်ပါတယ်။ မမေရဲ့ဒီပို့စ်လေးကို ဖတ်ပြီးမှ မနိုင်းနိုင်းပို့စ်ကို ဖတ်စဉ်က တွေဝေထားသမျှ ပြေကျသွားခဲ့ရလို့ ကျေးဇူးတင်ကြောင်း ထပ်ပြောပါရစေ။

ကျနော်ကတော့ ဘ၀မှာ မိဘကျေးဇူးသိနားလည်တဲ့သူပဲ ဖြစ်ချင်ခဲ့တာမို့ မမေ-ရဲ့ ယူဆချက်သဘောထားများကို (အကြွင်းမရှိ) လက်ခံပါတယ်ခင်ဗျာ။

Thelay said...

ဒီ Post ကို တွေ့မိတာ မကြာသေးပါဘူး... ဒါပေမယ့် ဒီလို ငြင်းကြတာ တွေ့တော့ တစ်ခုမေးကြည့် ချင်လို့ပါ… တကယ်တမ်းကျွန်မတို့ ဘ၀တွေမှာ... ဘယ်သူကို အရင်ရွေး...ဘယ်သူကို ချန်ထားခဲ့ ဆိုတာတွေများ ရှိပါလားရှင်... သေမဲ့ သူက သေ.. နေမဲ့ လူက နေပဲ မဟုတ်လား.. ဘယ်သူတော့ ရွေးထားတာမို့လို့ နေပါ အုံးလို့ ပြောလို့ မရပါဘူး…