ဟင်းးးးးးးးးးး လို့ သက်ပြင်းရှည်ကြီးပဲ ချမိပါတော့တယ်၊
မြန်မာဘလော့ဂါတွေနဲ့ ပတ်သက်လို့ တတိယအကြိမ်မြောက် စိတ်ပျက်ရပြန်ပေါ့။
ပထမအကြိမ် ညီလင်းဆက်ဘလော့က မေဗလပ်ရဲ့ ဝေဖန်ရေးနဲ့ ပတ်သက်လို့ ဖြစ်ကြတဲ့ အဖြစ်အပျက်။
ဒုတိယအကြိမ် ကိုသံလွင်ဘလော့မှာ လင်းလက်ကြယ်စင်နာမည်ကိုသုံးပြီး လာဆဲရာက ဖြစ်ခဲ့တဲ့အဖြစ်အပျက်။
တတိယအကြိမ်တော့ … ခုဖြစ်ပျက်နေတဲ့ “အလိုအပ်ဆုံး” ကိစ္စပါပဲ။
ပထမအကြိမ် ညီလင်းဆက်ဟာ ဘလော့ကိုရပ်လိုက်တဲ့ထိ ဖြစ်ခဲ့ရတယ်၊ ဒုတိယအကြိမ် ညစ်ညမ်းတဲ့ စကားလုံးတွေ မြန်မာဘလော့စာမျက်နှာပေါ်ကို ရောက်လာပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ ဖြစ်လာတယ်။
ဒီနှစ်ကြိမ်ဟာ ကိုယ်နဲ့ တိုက်ရိုက် မပတ်သက်ပေမဲ့ ဘလော့စာမျက်နှာတွေပေါ်မှာ အဲဒီလို ဖြစ်ကြတာကို စိတ်ထဲနည်းနည်းမှ မကောင်းဘူး။
တတိယအကြိမ်ကတော့ ကိုယ်နဲ့တိုက်ရိုက်ပတ်သက်နေပါပြီ။ ကျမက မနေနိုင်မထိုင်နိုင် ထောက်ပြလိုက်မိတဲ့ အကြောင်းအရာတခုကြောင့် အကျယ်အကျယ် မငြိမ်းဖွယ်တွေ ဖြစ်ကုန်ကြပါပြီ။
တကယ်တော့ ကျမ စစချင်းရေးတဲ့ ပို့စ် (မေတ္တာရှင်တို့၏ စိတ်ထား) မှာ ကျမသဘောထားတွေ အကုန်ပါပြီးသားပါ။ ကျမရဲ့ ပုဂ္ဂလိက ခံစားချက်အရ ကျမရွေးချယ်မှုကို တင်ပြခဲ့တာပါ။
ကျမထပ်ပြောပါရစေဦး။ ကျမမှာ အုပ်စုရယ်လို့ မရှိပါ။ ဘလော့လောကထဲ ယောင်လည်လည် ရောက်လာတာလည်း မကြာသေးပါဘူး။ ဘလော့ကို စလုပ်ဖြစ်တာကလည်း ညီလင်းဆက်နဲ့ စနေရဲ့ ဘလော့ကိုဖတ်ရလို့ အားကျပြီး လုပ်ဖြစ်တယ်လို့ ကျမ ရေးခဲ့ဖူးပါတယ်။ ကျမ ဘယ်သူ့ကိုမှလည်း ရန်သူလို သဘောမထားပါ။ မြန်မာဘလော့ဂါအားလုံးဟာ ကျမမိတ်ဆွေတွေချည်းပါပဲ။ မြန်မာဘလော့တွေ ဖတ်ရတာ အသိပညာတွေ အလွန်တိုးပါတယ်။ ကျမဖတ်တဲ့ဘလော့တိုင်းမှာ ကွန်မန့်တွေ မရေးဖြစ်သည့်တိုင် မြန်မာဘလော့တွေတော်တော်များများကို အချိန်ပေးပြီး တလေးတစား အမြဲဖတ်ဖြစ်ပါတယ်။
ကျမဘလော့ရေးတယ်ဆိုတာ ၀ါသနာပါတဲ့အလုပ်တခုကို ပျော်ရွှင်စွာလုပ်နေခြင်း သက်သက်ပါပဲ။ ကျမ အပြင်မှာ စာရေးရင် အနည်းဆုံး လဖက်ရည်ဖိုးလောက်တော့ စာမူခ ရနိုင်ပါတယ်။ ဒါပေမဲ့ ကျမဘလော့မှာ ရေးရတာကို ပိုနှစ်သက်မိတယ်။ ကျမရဲ့ ကိုယ်ပိုင်ဘလော့ ဖြစ်တဲ့အတွက် တခါတရံ ကိုယ့်ခံစားချက်လေးတွေ ရေးတယ်။ တခါတရံ ကိုယ်ကြုံတွေ့ရတဲ့ အဖြစ်အပျက်လေးတွေ ရေးတယ်။ တခါတရံ ဗဟုသုတတွေ မျှဝေတယ်။ ဒါလောက်ပါပဲ။ ကျမဟာ ကိုယ်ပိုင်အတွေးနဲ့ ကိုယ်ပိုင်အရေးကိုသာ ရေးတတ်ပါတယ်၊ ဘာသာပြန်ဖို့ရာ တခြားဘာသာစကားလည်း ထူးခြားပြောင်မြောက်စွာ မကျွမ်းကျင်ပါဘူး။ ကျွမ်းကျင်တဲ့သူတွေ လုပ်တဲ့ အလုပ်ကိုလည်း ကျမ အထင်သေးခြင်း မရှိခဲ့ပါဘူး။
အမြင်မတူမှုဆိုတာ နေရာတိုင်းမှာ ရှိကြပါတယ်။ ငါနဲ့တသဘောထဲ ဖြစ်ရမယ် .. ငါပြောတာမှ အမှန်လို့လည်း ကျမ မဆိုလိုပါဘူး။ ဖြစ်သင့်တာကို အကျိုးအကြောင်း ထောက်ပြမိတာပါ။ ခုလို ကိစ္စမျိုးတွေဖြစ်လာတော့ ကျမ ဘာသိလိုက်ရသလဲ ဆိုရင် လူတွေဟာ ချီးကျူးတာကို ခံနိုင်ကြတယ်၊ ဝေဖန်တာကို မခံနိုင်ကြဘူးဆိုတာ သေသေချာချာ သိလိုက်ရပါတယ်။ ဒါကို ညီလင်းဆက်လည်း သူ့ဘလော့မှာခုလို ပြောခဲ့ဖူးပါတယ်။
“လူတွေစီကနေ အများကြီး သင်ယူလိုက်ရတယ်။ သူတို့အကြောင်း ချီးကျူး စကား၊ ညွှန်းဆိုစကား ပြောတဲ့အခါ မျက်နှာဝင်းပပြီး တပြုံးပြုံး ဖြစ်နေတတ် ကြပေမယ့် ဝေဖန်မိရင်တော့ ရန်သူလို ဆက်ဆံ ခံရပါရော။ အဲဒီလို ဝေဖန်ရေးကို ဘာလို့ အကောင်းဘက်က မမြင်ကြတာလဲ ဆိုတာ ကျွန်တော် နားမလည်နိုင်ဘူး။ ကျွန်တော်က ခင်ဗျားတို့နဲ့ အပြင်မှာလည်း မမြင်ဖူးဘူး။ တော်တော်နဲ့လည်း တွေ့ကြမှာ မဟုတ်ဘူး။ နာမည်ကြီးအောင် လုပ်ဖို့လည်း မြန်မာပြည်မှာ နေနေတဲ့ကောင် မဟုတ်ဘူး။ ကျွန်တော်က အပင်ပေါ် တင်ပေးပြီးမှ ရိုက်ချတယ်လို့ တစ်ယောက်ပြောတယ်။ ထားပါတော့။ ဒါပေမယ့် အပင်ပေါ် တက်မယ်ဆိုရင် လက်မြဲဖို့တော့ လိုပါလိမ့်မယ်။ သူများခေါ်တိုင်း လိုက်တာ နာမည် မကောင်းပါဘူး။ ကိုယ်က လက်မမြဲရင် ပြုတ်ကျမှာပါပဲ။”
ဒါဟာ လူ့သဘာဝ ပါပဲ။ တကယ်တမ်း ကျမရဲ့ ထောက်ပြမှုဟာ မှားနေရင် … လွဲနေရင် … တဖက်သားကို စော်ကားသလို ဖြစ်နေရင် ကျမအနေနဲ့ တောင်းပန်ဖို့ ၀န်မလေးပါဘူး။ ကျမပြောတာတွေ ရေးတာတွေ မှားနေရင် လွဲနေရင်လည်း ကျမကို ထောက်ပြနိုင်ပါတယ်၊ ဝေဖန်နိုင်ပါတယ်။ ကျမဘက်က မှန်တယ်လို့ ခိုင်လုံရင် ကျမ ခိုင်လုံစွာ ဖြေရှင်းမှာပါ၊ ကျမဘက်က မှားနေရင်လည်း ကျမ ၀န်ခံရဲတဲ့ သတ္တိရှိပါတယ်။ ဘယ်သူမှ ကျမဘက် လာရပ်ပေးစရာ မလိုပါဘူး။ “အမှန်တရားသည် အင်အား” ဆိုတဲ့စကားကိုဖြင့် ကျမနှစ်ခြိုက်စွာ လက်ခံထားပါတယ်။
“အစုရှိရင် အမှုရှိတယ်” ဆိုတဲ့ စကားဟာ တကယ်ကိုမှန်ပါတယ်။ ဒါဟာ မြန်မာရယ် တရုတ်ရယ် အင်္ဂလိပ်ရယ် မှ မဟုတ်ပါဘူး။ လူ ၃ယောက် ဖြစ်လာရင်တောင် တယောက်နဲ့ တယောက် အမြင်ချင်းတူဖို့ ခဲယဉ်းတာပဲ မဟုတ်လား။ မြန်မာတွေမှ ရွေးပြီးခုလို ဖြစ်တယ်လို့ ကျမကတော့ မထင်ပါဘူး။ ဒါဟာ လူ့အကျင့်၊ လူ့စရိုက်၊ တယောက်နဲ့တယောက် ဖြတ်သန်းလာတဲ့ ပတ်ဝန်းကျင်ခြင်းမတူကြတဲ့အတွက် အမြင်မတူကြဘူးလို့ပဲ တွေးမိပါတယ်။
ကျမ ဖိုရမ်တွေကို ရှောင်ဖြစ်သွားတာဟာ ဖိုရမ်မှာ များသောအားဖြင့် အငြင်းပွားတတ်ကြလို့ပါပဲ။ ကျမ တတ်နိုင်သမျှ အကျိုးမရှိဘဲ အငြင်းမပွားချင်ပါဘူး။ ဒါပေမဲ့ အကျိုးရှိမယ်ဆိုရင် … ကျမက မှန်နေတာ သေချာရင်တော့ ကျမ အားလုံးနဲ့ တယောက်လည်း ငြင်းဝံ့ပါတယ်။ ငြင်းလည်း ငြင်းခဲ့ဖူးပါတယ်။ ပလန်းနက်ဖိုရမ်က ယူသန်နေးရှား ကိစ္စမှာ အားလုံးက လက်ခံနေတဲ့ကိစ္စကို ကျမတယောက်ထဲနီးပါး ဒိုင်ခံပြီးငြင်းခဲ့ရဖူးပါတယ်။ အဲဒါဟာ ဘာကြောင့်လဲဆိုတော့ ကျမအကျိုးစီးပွားကြောင့်မဟုတ်ပါဘူး။ တတ်လွန်းလို့ ဆရာကြီး ၀င်လုပ်တာလဲ မဟုတ်ပါဘူး။ မသိသေးတဲ့သူတွေ အမှားတွေကို အမှန်ထင်သွားရင် အရမ်းအပြစ်ကြီးမှာ စိုးလို့ပါ။ ဒါဟာ ကျမရဲ့ အရင်းခံစေတနာပါ။ အပြစ်ဆိုတာဟာ လူမျိုး ဘာသာ မရွေး အသက်အရွယ် မရွေး အဖြူအမဲ မရွေး ဆင်းရဲ ချမ်းသာ မရွေး ဖြစ်နိုင်တဲ့ကိစ္စပါ။
အကောင်း အဆိုး၊ အကျိုး အပြစ်ကို ဘယ်လို စံနဲ့သတ်မှတ်သလဲ၊ ဘာနဲ့တိုင်းတာသလဲ ကျမကိုမေးရင် ကျမဟာ ဗုဒ္ဓဘာသာ ဖြစ်တဲ့အတွက် ဗုဒ္ဓရဲ့ တရားတော် ဗုဒ္ဓရဲ့ ပေတံ နဲ့သာ တိုင်းတာသတ်မှတ်ပါတယ်။ ဒါဟာ မှားမယ်လို့ ကျမတော့ လုံးဝမထင်ပါဘူး။
အခုတော့ ကျမရဲ့ ပို့စ်တခုကို အကြောင်းပြုပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေပါ ဖြစ်လာကြပြီ။ ဒီလိုတွေဖြစ်လာပြန်တော့ ကျမစိတ်ထဲ မခံနိုင်တဲ့ စကားလုံးတွေ အဓိပ္ပါယ်မဲ့ စကားလုံးတွေ ပါလာလို့ ကျမကိုယ်တိုင် ဒေါသသင့်တဲ့ စကားလုံးတွေ သုံးမိ ပြောမိတယ်။ ကျမ အမြဲပြောနေကျ …ယောနိသော လည်း မထားနိုင်ခဲ့ဘူး လို့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိပါတယ်။ ဘာကြောင့်ဒီလို ဖြစ်ခဲ့ရလဲဆိုတော့ မှားမှာစိုးတဲ့ စိတ်တခုတည်း ကြောင့်ပါပဲ။ အခုတော့ ကျမ စိတ်ပျက်လက်လျှော့လိုက်ပါပြီ။ အများညီရင် ဤကို ကျွဲဖတ် တယ်ဆိုတဲ့ စကားပုံလိုပါပဲ။ ဤကို ကျွဲပဲဖတ်ဖတ် နွားပဲဖတ်ဖတ် ဖတ်ချင်သလိုသာ ဖတ်ကြပါတော့။
မှားချင်လည်း မှားကြပါစေတော့။
မျိုးစေ့မမှန်လို့ အပင်မသန်ဘူးလို့သာ မှတ်ယူလိုက်ပါတော့မယ်။
***
မေတ္တာဖြင့် …
မေဓာဝီ
28.1.07
2:00 pm
(စိတ်ပျက်ပေမဲ့ ဘလော့ရေးခြင်းကို ကျမကတော့ ရပ်မှာမဟုတ်ပါဘူး။ အကြောင်း ၄ ပါး ညီညွတ်နေသရွေ့ ဆက်လက် ရေးနေအုံးမှာပါပဲ။ ကျမနှင့် အမြင်တူသူ၊ အမြင်မတူသူ အားလုံးကို ကျေးဇူးတင်ပါတယ်။)
Sunday, January 28, 2007
Subscribe to:
Post Comments (Atom)
14 comments:
စိတ်မကောင်းမဖြစ်ပါနဲ့ မမေ...စနေဘာမှ မဖြစ်ဘူး။
အမြင်မတူတိုင်း ရန်သူ မဖြစ်နိုင်ပါဘူး မမေ။
စနေ ပြောနေကျ စကားတခွန်းအတိုင်း ပြောရရင်
“အကြိုက်ချင်းသာတူရင် ပအိုဝ့်မ လင်မရတော့ပါဘူး”
မမေပြောတာ မှန်ပါတယ်။ “လူ” ကိုဖတ်တာ မဟုတ်ဘူး
“စာ” ကိုဖတ်တာ။ “လူ”ကိုဖက်ချင်...အဲဖတ်ချင်လဲ ဘာမှမဖြစ်ပါဘူး။
အချိန်က အဆုံးအဖြတ်ပေးသွားမှာပါ။
မမေတို့က စာရေးသက်လဲ ရှိတယ်။ အတွေ့အကြုံလဲ စနေထက် များပါတယ်။
မမေရဲ့ စာလေးတွေကို ဖတ်ပြီး အားကျဖူးပါတယ်။ ဘာပဲဖြစ်ဖြစ်...
အကြောင်းတရား လေးပါးနဲ့ ညီညွတ်နေအုန်းမှာပါ။
မတူတဲ့ အတွေး၊ မတူတဲ့ လူတွေနဲ့ အတွေးသစ်တွေ ဖလှယ်ရတာ
ပျော်စရာကောင်းသလို ဗဟုသုတလဲ ရပါတယ်။
ကျေးဇူးပါမမေ... စနေ သင်္ခန်းစာ အများကြီး ရပါတယ်။
ကျောင်းမှာသင်ယူလို့ မရနိုင်တဲ့ သင်္ခန်းစာတွေပါ။
ကျေးဇူး.....ကျေးဇူး....
ကိုသံလွင်ဘလော့မှာကော်မန့်တွေသွားဖတ်ပြီး
ဒီမှာဝင်ရေးလိုက်ဉီးမယ်။
စိတ်မပျက်ပါနဲ့မမေ။
ကျွန်မကတော့တချို့ကော်မန့်တွေဖတ်ပြီးရီနေရတယ်။
တစ်ချို့တွေရေးထားတာတော်တော်ကောင်းတယ်။
ဗဟုသုတရပါတယ်။
ကျွန်မအတွက်တော့ဘာမှအရှုံးမရှိပါဘူး။
ဗမာတွေတွေ့လိုက်ရင်ဘယ်တော့မှ
မတည့်ကြဘူးလို့ပြောကြတယ်
(တခြားတိုင်းပြည်သားတွေလည်း
လွှတ်တော်အစည်းအဝေးတွေမှာတောင်
သတ်ပုတ်နေကြတာမဟုတ်ဘူးလား)
ကျွန်မအနေနဲ့ကတော့ဒီလိုဆွေးနွေးမှုတွေခေါ်ခေါ်
ချမှုတွေခေါ်ခေါ်
ကျွန်မတို့မြန်မာတွေအတွက်အများကြီး
လိုအပ်တယ်လို့ထင်ပါတယ်။
ဒါတွေဟာကိုယ်ရင်ထဲမှာရှိတာတွေကို
ကြောက်ပြီးမပြောရဲတာထက်စာရင်
အများကြီးကောင်းပါတယ်။
ဒီအတွေ့အကြုံတွေကကျွန်မတို့ကို
သင်သွားမယ်လို့ထင်ပါတယ်။
အားလုံးပျော်ရွှင်စွာနဲ့ဘလော့များများရေးနိုင်ကြပါစေ။
မကျေနပ်တာတွေရှိရင်လည်းအော်နိင်ကြပါစေ။
မှားနေတယ်ထင်ရင်ပြင်ကြပြီး၊
မှန်တယ်ထင်ရင်ရှေ့ဆက်သွားကြပါစို့။
ဒီပို့စ်ကို ဖတ်ပြီး နှစ်ခုခံစားရတယ်။ တခုက စိတ်မကောင်းဖြစ်ရခြင်းပါ။ နောက်တခုက စိတ်ပျက်ရခြင်းပါ။ စိတ်ပျက်ရခြင်းဆိုတာက မမေဓာဝီကို ဆိုလိုနေခြင်းတော့ မဟုတ်ပါဘူး။ ချီးကျူးတာကိုပဲ ခံနိုင်တယ်၊ ထောက်ပြဆွေးနွေးလာရင် မခံနိုင်တဲ့ လူ့သဘောကို မမေဓာဝီနည်းတူ ကျနော်လဲပဲ ခံစားလိုက်ရလို့ပါ။
စိတ်မကောင်းဖြစ်ရတာကတော့ ကျနော်တို့တတွေဟာ စာကို ခံစားခဲ့ပါလျက်နဲ့၊ စာကိုသာလျှင် ဆွေးနွေးခဲ့ပါလျက်နဲ့ ကျနော်တို့ကို (မည်သူမှန်း မသိတဲ့ တယောက်ယောက်က) အဲဒီလို မမြင်ပေးပဲ လူကို ဦးတည်တိုက်ခိုက်လိုတဲ့ ဆန္ဒဆိုးကြီးက ရှိနေပါလားဆိုတာကို စိတ်မကောင်းတာပါ။
ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပါ။ မမေဓာဝီပြောသလိုပါပဲ။ ဘာတွေဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်သည်လဲ ဘလော့ထပ်ရေးနေဖြစ်အုံးမှာပါ။ စာတွေကို ခံစားနေအုံးမှာပါ။ စာတွေကို ဖတ် နေအုံးမှာပါ။ (စာရေးသူကိုတော့ မဖတ်ပါ)။
ကလိုစေးထူး (သံလွင်)
မမေဓာဝီ ခင်ဗျာ..
ကျွန်တော်လည်း ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ။ အဘိဓမ္မာကိုလည်း လေ့လာဖူးပါတယ်။ သစ္စာလေးပါးကိုလည်း နားလည်ပါတယ်။ ဒါပေမယ့် ကြည့်တဲ့သူရဲ့ ရှု့ထောင့်အမျိုးမျိုးအပေါ် အခြေခံပြီး၊ အမှန်တရားကို ယုံကြည်ကြတဲ့ ပုံစံအမျိုးမျိုး ပြောင်းလည်းသွားတယ်လို့  ဆိုတဲ့ အယူအဆဟာလည်း ကမ္ဘာကြီးပေါ်မှာ ထွန်းကားနေပါတယ်။ ကျွန်တော်တို့  ဗုဒ္ဓဘာသာဝင်တွေရဲ့ စံနဲ့  နေရာတကာကို လိုက်တိုင်းတာလို့ မရပါဘူး။ ကမ္ဘာပေါ်မှာ ဘာသာရေး ယုံကြည်မှု့ စံတွေ နဲ့  ပတ်သက်ပြီး စစ်ပွဲတွေ ဖြစ်နေတာ ခင်ဗျားလည်း ကြားဖူးမှာပါ။ ခင်ဗျား ကာလမသုတ် ဖတ်ဖူးမှာပါ။ အစွန်းမရောက်တဲ့ ဗုဒ္ဓဘာသာကို ခင်ဗျားရဲ့ အစွန်းရောက်တဲ့ အယူအဆတွေနဲ့  မရောထွေးပါစေနဲ့ ။ ကျွန်တော်ဟာလည်း မိဘကျေးဇူးကို နားလည်ပါတယ် ခင်ဗျာ။ ဒါပေမယ့် ကိုယ့်တာဝန်ကိုယ်ကျေပြွန်ကြတဲ့ မိဘနဲ့  သားသမီးတွေရဲ့ relationship မှာ၊ မိဘမှ မိဘ၊ ဒါမှမဟုတ် သားသမီးတွေကလည်း ငါတို့ ဟာငါတို့  လုပ်ချင်တာ လုပ်မယ်၊ မိဘကို လုံးဝ ဂရုမစိုက်စရာမလိုဘူး ဆိုတဲ့ အစွန်းရောက်မှု့ တွေ တွေ့ ရခဲ ပါတယ်။
မမေဓာဝီ ခင်ဗျာ..
ခင်ဗျားရဲ့ ပိုစ့်မှာ ခင်ဗျား ရေးနေတာတွေလွဲနေရင် ထောက်ပြလို့ ဆိုထားလို့  ထောက်ပြပါစေခင်ဗျာ။ ခင်ဗျားရဲ့ ပိုစ့်မှာ တင်ထားတဲ့ " --- အများညီရင် ဤကို ကျွဲဖတ် တယ်ဆိုတဲ့ စကားပုံလိုပါပဲ။ ဤကို ကျွဲပဲဖတ်ဖတ် နွားပဲဖတ်ဖတ် ဖတ်ချင်သလိုသာ ဖတ်ကြပါတော့။ မှားချင်လည်း မှားကြပါစေတော့။ မျိုးစေ့မမှန်လို့ အပင်မသန်ဘူးလို့သာ မှတ်ယူလိုက်ပါတော့မယ်။ ---- " ဆိုတဲ့ အရေးအသားဟာ ဒီပိုစ့်ကို ဖတ်ပြီး ခင်ဗျားနဲ့  အယူအဆခြင်းမတူတဲ့ ကျွန်တော်တို့  Blogs ဖတ် ပရိသတ်တွေကို စော်ကားရာ ရောက်တယ်လို့  မထင်မိဘူးလားခင်ဗျာ။
ညီလင်းဆက်က စလိုက်တဲ့ "---လူတွေဟာ ချီးကျူးတာကို ခံနိုင်ကြတယ်၊ ဝေဖန်တာကို မခံနိုင်ကြဘူးဆိုတာ သေသေချာချာ သိလိုက်ရပါတယ်။ " ဆိုတဲ့ စကားဟာလည်း ခင်ဗျားတို့  ဝေဖန်တဲ့ အယူအဆကို လက်သင့်မခံတဲ့ လူတွေအားလုံးကို စော်ကားသလို ဖြစ်နေပါတယ်ခင်ဗျာ။ ခင်ဗျားတို့  အပြစ်တင်မခံရအောင်လို့ ပဲ ကျွန်တော်တို့  Blogs ဖတ် ပရိသတ်တွေအားလုံး နဲ့  ရေးသူတွေ အားလုံးက ခင်ဗျားတို့ ဝေဖန်သမျှကိုပဲ လိုက်ပြီး လက်ခံနေရတော့ မလိုလို........။
Particularism နဲ့  Pluralism ကွာခြားချက် အယူအဆတွေကိုမသိဘူးဆိုရင်တော့ သိအောင်လုပ်ပါလို့  တိုက်တွန်းပါရစေ။ မြန်မာပြည်က လူအများ လေးစားရတဲ့ ပညာရှင်ကြီးတွေရေးတဲ့ အထူးသဖြင့် "အတွေးအမြင်" လို မဂ္ဂဇင်းမျိုးမှာ ဒီအကြောင်းရေးနေတာ ကြာလှပါပြီ။ ကျွန်တော်တို့  ဗမာပြည်မှာကလည်း Social Science ဘာသာရပ်ကို 1962 က စပြီး၊ သင်ကြားခွင့်မရတော့တဲ့ အတွက် လူ့ အဖွဲ့ အစည်း အတွက် အရေးကြီးတဲ့ အတွေးခေါ် အယူအဆတွေက အားနည်းပြီး၊ အယူသည်းမှု့ တွေ အားကောင်းလာတယ်လို့  ထင်မိပါတယ်။ တော်သေးတာပေါ့၊ Middle East နိုင်ငံတွေလိုပဲ ဖြစ်မသွားတာ။
အခုလို ဆွေးနွေးပွဲတွေနဲ့  ပတ်သက်ပြီး စိတ်ပျက်တယ် ဆိုတဲ့ စကားကို ကျွန်တော် ကန့် ကွက်ချင်ပါတယ်။ အခြေအတင်၊ အငြင်းအခုန်တွေဟာ Debate တွေမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကိစ္စတွေပါ။ တချိန်ကလည်း ကိုအောင်ဆန်းတို့ ၊ ကိုနုတို့ ၊ ကိုသိန်းဖေတို့ ၊ ကိုကျော်ငြိမ်းတို့  ဟာ သမဂ္ဂမှာ ဒီထက်မလျှော့ပဲ အခြေအတင် ငြင်းခုန်ဆွေးနွေးခဲ့ကြဖူးပါတယ်။ ကျွန်တော်တို့ တတွေဟာ အဖွဲ့ အစည်း ဖွဲ့ စည်းခွင့်၊ လွတ်လွတ်လပ်လပ် ဆွေးနွေးပွဲတွေ လုပ်ခွင့် တွေကို 1962 ကစပြီး ပိတ်ပင်ခံခဲ့ရပါတယ် ခင်ဗျာ။ ဒီတော့ကား ဒီဘက်ခေတ်မှာ လူငယ်၊လူကြီး မကျန် Team Work ကိစ္စတွေ၊ အများနဲ့  ဆွေးနွေးရတဲ့ ကိစ္စတွေမှာ အနည်းနဲ့ အများ ဆိုသလို၊ အားနည်းချက်တွေ၊ လိုအပ်ချက်တွေ ရှိကြပါတယ်ခင်ဗျာ။ ဒါဟာ စိတ်ပျက်လက်လျှော့စရာ မဟုတ်ပါဘူး။ အကြောင်းအရာ မျိုးစုံပေါ်မှာ ဆက်လက်ဆွေးနွေး၊ ဝေဖန်ကြရင်းနဲ့  နောက်တော့ ကျွန်တော်တို့  ရင့်ကျက်လာပါလိမ့်မယ် ခင်ဗျာ။ ဒီလိုပဲ ကျင့်ယူကြရပါတယ် ခင်ဗျာ။ တချိန်က ကျွန်တော်တို့  နောင်တော်တွေကတော့ သမဂ္ဂမှာ ဒါမျိုးတွေကို လေ့ကျင့်ယူခဲ့ ကြပါတယ်ခင်ဗျာ။ ကျွန်တော်တို့  ခေတ်ကြတော့ ဖိုရမ်တို့  Blogs တို့ အပေါ်မှာ ကျင့်ကြတာပေါ့။ အခုလောလောဆယ်တော့လည်း ပျော်ပျော်ပါးပါးပေါ့ :P
Blogs ရေးတဲ့ ဖတ်တဲ့ လူတွေကို လျှော့မတွက်ပါနဲ့  ဆိုတဲ့ စကားဟာ၊ မြန်မာလူငယ်တွေ မဖျင်းကြ ပါဘူးလို့  ဆိုလိုချင်ပါတယ်။ Blogs ဖတ်ကြ၊ ရေးကြတဲ့လူ အများစုဟာ ပညာတတ်တွေပါ။ ကိုချမ်းစိုးဝင်း စကားကို ယူပြောရရင်၊ မြန်မာလူငယ်တွေလည်း အဲ့ဒီလောက်ဖျင်းလို့  မြန်မာမိဘတွေ ဒုက္ခရောက်ကုန် ကြတယ်ဆိုရင်တော့ မြန်မာပြည်က သားသမီး ငတုံးပေါင်းများစွာရဲ့ အကြောင်းကို Wikipedia မှာ မှတ်တမ်း တင်လိုက်ကြပါစို့ လား။
လေးစားစွာဖြင့်
ချီးကျူးတာပဲ ခံလိုသော ဤကို ကျွဲဟုဖတ်သည့်
မျိုးစေ့မမှန်၍ မသန်သော အပင်လေးတစ်ပင်..
P.S မျိုးစေ့တိုင်း သန်မာသော အပင်ပေါက်ပါစေဟု ဆုတောင်းပေးသော၊ သန်မာသောအပင်ပေါက်ကြီး မမေဓာဝီကို ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ ( စိတ်မဆိုးပါနဲ့ ခင်ဗျာ၊ ကျွန်တော် စချင်လာလို့ ပါ :P )
မမေ
လူတွေဟာရှင်သန်ကျင်လည်ရာပတ်ဝန်းကျင်၊ မေွးဖွားကြီးပြင်းရာ အသိုင်းအ၀ိုင်း၊ ဘ၀အတွေ့အကြုံတွေအရ အတွေးအမြင်တွေမတူကြပါဘူး။ ငယ်ငယ်ကမူလတန်းဖတ်စာမှာ သင်ခဲ့ရတဲ့ ကျေးညီနောင်ပုံပြင်လိုပါပဲ။ ရသေ့သူတော်စင်ဆီရောက်သွားတဲ့ ကျေးနဲ့ လူဆိုးသူခိုးတွေဆီရောက်သွားတဲ့ကျေး မတူသလိုပါပဲ။
မိဘ၊ ဆရာ၊ ဘာသာတရားအဆုံးအမနဲ့ကြီးပြင်းလာတဲ့သူတွေရဲ့ အတွေးအခေါ်တွေနဲ့ အဲလိုမဟုတ်တဲ့လူတွေရဲ့အတွေးတွေ မတူတာမဆန်းလှပါဘူး။
လူတွေဟာကိုယ်ဆက်ဆံခံခဲ့ရသလို ပြန်လည်လို့ဆက်ဆံတတ်ကြတာ စိတ်ပညာမှာ သင်ယူရပါတယ်။
ကိုယ်တိုင်က မိဘ ဆရာ နဲ့ဆွေမျိုးသားချင်းတို့ရဲ့နွေးထွေးစွာဆက်ဆံမှုကို မရခဲ့ရင် သူ့အတွေးတွေမှာလည်း မိဘ ဆရာ တွေကအရေးမပါလှတော့ပါဘူး။
ခင်သန်းနု နှစ်ကိုယ်ခွဲရုပ်ရှင်ကားဖြစ်တဲ့ ရွှေပင်နားတော့ရွှေကျေး ကိုကြည့်ဖူးမှာပါ။ ညီအစ်မချင်းတူပေမယ့် တကွဲတပြားစီဖြစ်သွားပြီး ကျင်လည်ရတဲ့ ပန်ဝန်းကျင်အသိုင်းအ၀ိုင်းမတူတော့ အတွေးတွေလည်းမတူ စရိုက်တွေလည်းမတူတော့တာကို ပရိသတ်အတွက် မက်ဆေ့ခ်ျပေးထားပါတယ်။
မမေရဲ့အတွေးတွေဟာ ဟနတို့ မြန်မာလုမျိုးလူငယ်များအတုယူဖွယ် ၊ မမေရဲ့ မိဘဆရာသမားများရဲ့ ဆုံးမစကားတွေဟာ ဟနတို့ အတွက်အလွန်ကျေးဇူးများလှပါတယ်။
ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ် ကိုယ့်လမ်းကိုယ်လျှောက်နေကြပါတယ်။
လူတစ်ယောက်ရဲ့ အတွေး ၊ စကားတွေကိုကြည့်ခြင်းအားဖြင့်ထိုသူဟာ ဘယ်လိုမိသားစုမျိုးက ဘယ်လိုပတ်ဝန်းကျင်မျိုးမှာရှင်သန်လာရတယ်ဆိုတာ ရှင်းလင်းစွာသိသာလှတာမို့ မမေ အတွေးတွေကိုကြည့်ခြင်းအားဖြင့် ပုံမှန်မိသားစုက ပေါက်ဖွားလာတယ်ဆိုတာ သိရပါတယ်။
မမေရဲ့ လုပ်ခဲ့တဲ့အလုပ် ၊ မမေရဲ့ ရာဇ၀င် ၊ သမိုင်းတွေဟာ နောင်လူငယ်တွေအတွက် အထူးသဖြင့် မြန်မာအမျိုးသမီးငယ်တွေ အတုယူစရာဖြစ်လှတာမို့ အလွန်ကျေးဇူးတင်မိပါတယ်။
လေးစားချစ်ခင်စွာဖြင့်
ညီမ ဟနစံ
မမေ
လူတွေဟာရှင်သန်ကျင်လည်ရာပတ်ဝန်းကျင်၊ မေွးဖွားကြီးပြင်းရာ အသိုင်းအ၀ိုင်း၊ ဘ၀အတွေ့အကြုံတွေအရ အတွေးအမြင်တွေမတူကြပါဘူး။ ငယ်ငယ်ကမူလတန်းဖတ်စာမှာ သင်ခဲ့ရတဲ့ ကျေးညီနောင်ပုံပြင်လိုပါပဲ။ ရသေ့သူတော်စင်ဆီရောက်သွားတဲ့ ကျေးနဲ့ လူဆိုးသူခိုးတွေဆီရောက်သွားတဲ့ကျေး မတူသလိုပါပဲ။
မိဘ၊ ဆရာ၊ ဘာသာတရားအဆုံးအမနဲ့ကြီးပြင်းလာတဲ့သူတွေရဲ့ အတွေးအခေါ်တွေနဲ့ အဲလိုမဟုတ်တဲ့လူတွေရဲ့အတွေးတွေ မတူတာမဆန်းလှပါဘူး။
လူတွေဟာကိုယ်ဆက်ဆံခံခဲ့ရသလို ပြန်လည်လို့ဆက်ဆံတတ်ကြတာ စိတ်ပညာမှာ သင်ယူရပါတယ်။
ကိုယ်တိုင်က မိဘ ဆရာ နဲ့ဆွေမျိုးသားချင်းတို့ရဲ့နွေးထွေးစွာဆက်ဆံမှုကို မရခဲ့ရင် သူ့အတွေးတွေမှာလည်း မိဘ ဆရာ တွေကအရေးမပါလှတော့ပါဘူး။
ခင်သန်းနု နှစ်ကိုယ်ခွဲရုပ်ရှင်ကားဖြစ်တဲ့ ရွှေပင်နားတော့ရွှေကျေး ကိုကြည့်ဖူးမှာပါ။ ညီအစ်မချင်းတူပေမယ့် တကွဲတပြားစီဖြစ်သွားပြီး ကျင်လည်ရတဲ့ ပန်ဝန်းကျင်အသိုင်းအ၀ိုင်းမတူတော့ အတွေးတွေလည်းမတူ စရိုက်တွေလည်းမတူတော့တာကို ပရိသတ်အတွက် မက်ဆေ့ခ်ျပေးထားပါတယ်။
မမေရဲ့အတွေးတွေဟာ ဟနတို့ မြန်မာလုမျိုးလူငယ်များအတုယူဖွယ် ၊ မမေရဲ့ မိဘဆရာသမားများရဲ့ ဆုံးမစကားတွေဟာ ဟနတို့ အတွက်အလွန်ကျေးဇူးများလှပါတယ်။
ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ် ကိုယ့်လမ်းကိုယ်လျှောက်နေကြပါတယ်။
လူတစ်ယောက်ရဲ့ အတွေး ၊ စကားတွေကိုကြည့်ခြင်းအားဖြင့်ထိုသူဟာ ဘယ်လိုမိသားစုမျိုးက ဘယ်လိုပတ်ဝန်းကျင်မျိုးမှာရှင်သန်လာရတယ်ဆိုတာ ရှင်းလင်းစွာသိသာလှတာမို့ မမေ အတွေးတွေကိုကြည့်ခြင်းအားဖြင့် ပုံမှန်မိသားစုက ပေါက်ဖွားလာတယ်ဆိုတာ သိရပါတယ်။
မမေရဲ့ လုပ်ခဲ့တဲ့အလုပ် ၊ မမေရဲ့ ရာဇ၀င် ၊ သမိုင်းတွေဟာ နောင်လူငယ်တွေအတွက် အထူးသဖြင့် မြန်မာအမျိုးသမီးငယ်တွေ အတုယူစရာဖြစ်လှတာမို့ အလွန်ကျေးဇူးတင်မိပါတယ်။
လေးစားချစ်ခင်စွာဖြင့်
ညီမ ဟနစံ
ဟုတ်ကဲ့ မသန်မစွမ်းအပင်ကလေးရှင့် …
ချီးကျူးတာပဲ ခံချင်တယ် ဆိုတဲ့ အရေးအသားကိုကြည့်ကတည်းက ရှင့်စိတ်ကို ကျမမြင်မိပါတယ်။ ကျမတို့ဟာ ချီးကျူးတာရော ကဲ့ရဲ့တာရော ခံရမှာပါပဲ။ ဒါဟာ လောကဓံပါပဲ။
(၁) ကျမရဲ့ အစွန်းရောက်အယူအဆဆိုတာ ဘာကိုဆိုလိုပါသလဲ။ ကျမတိုင်းတာတဲ့ စံ၊ ကျမသတ်မှတ်တဲ့ အမှန်တရားဟာ မှားယွင်းမှု တစုံတရာ ရှိနေပါသလား။ နေရာတကာကို ဗုဒ္ဓရဲ့ စံနဲ့ တိုင်းတာတာဟာ မှားယွင်းနေပါသလား။ ဗုဒ္ဓတရားထဲက မှားယွင်းချက်၊ ချို့ယွင်းချက်များ တွေ့ရင် ကျမကို ပြောပြစေချင်ပါတယ်။ ကျမတို့ မိဘ၊ ဆရာသမား၊ အားလုံးကတော့ ဒီလိုပဲသင်ပေးထားပါတယ်။ ဗုဒ္ဓရဲ့ အဆုံးအမအောက်မှာ နေတဲ့သူအတွက် အမှားအယွင်း ဆိုတာ ကင်းမယ်လို့ ကျမ ယုံကြည်ယူဆထားပါတယ်။
(၂) အများညီရင် ဤကိုကျွဲဖတ်တယ် လို့ ပြောခဲ့တာ မျိုးစေ့မမှန်လို့ အပင်မသန်ဘူးလို့ ပြောတာဟာ ကျမ ဘလော့ဖတ်သူများကို စော်ကားတာမဟုတ်ပါဘူး။ ကျမရှင်းပြပါမယ်။
ကျမရဲ့ ပထမဆုံးပို့စ်မှာ စနေ ဘာသာပြန်တဲ့စာထဲက ကျောင်းသူရဲ့လုပ်ရပ်ကို သဘောမကျတဲ့အတွက် ထောက်ပြခဲ့ပါတယ်၊ ဒီကျောင်းသူ ဒီလိုတွေးပြီး ရွေးချယ်လိုက်ခြင်းကို မှားတယ်လို့ ကျမကမြင်ပါတယ်။ ကျမရဲ့ ပုဂ္ဂလိကအမြင်လို့လည်း ပြောခဲ့ပါတယ်။ ပို့စ်ရဲ့ ခေါင်းစဉ်ကိုက မေတ္တာရှင်တို့၏စိတ်ထားနဲ့ ကျမ၏ အလိုအပ်ဆုံး လို့ တပ်ခဲ့တာပါ။ ကျမ၏ လို့သုံးခဲ့ကတည်းက ကျမ တယောက်ထဲအတွက်လို့ သိနိုင်ပါတယ်။ ဘာဖြစ်လို့ ဒီလိုရေးခဲ့တာလဲ ဆိုတော့ အမြင်အမျိုးမျိုး ရှိနိုင်တယ်ဆိုတာ ကျမ နားလည်နေလို့ပါပဲ။ ဒီကျောင်းသူနှင့်တကွ သူ့ရဲ့ ရွေးချယ်မှုကို လက်ခံကြတဲ့ သူတွေဟာ ဘာကြောင့်များပါလဲ …. သူတို့ ကျင်လည်ရာ ပတ်ဝန်းကျင်၊ သူတို့လေ့လာခဲ့တဲ့ ပညာရပ် ပေါ်မှာ သူတို့အတွေးအခေါ်ဟာ မူတည်နေပါတယ်။ ဒါကြောင့် မျိုးစေ့မမှန်လို့ အပင်မသန်တာ ဆိုတဲ့ ဥပမာ သုံးနှုန်းလိုက်တာပါ။ မိဘကို ပစ်ပယ်ပြီး လက်တွဲဖော်ကို အလိုအပ်ဆုံး ဆိုတာ ရွေးချယ်မှုဟာ မှန်ကန်တယ်လို့ ထင်နေတဲ့ အများစုဟာ ဤကို ကျွဲဖတ်နေတာနဲ့ မတူဘူးလား။ ဒါဟာ စော်ကားမှုတစုံတရာများ ပါပါသလားရှင်။ တကယ်တော့ ကျမရဲ့ ဆန္ဒက မည်သူတဦးတယောက်မှ မိဘကို မပစ်ပယ်စေချင်တဲ့ စေတနာကြောင့်ပါ။
(၃)ချီးကျူးတာခံနိုင်တယ် ဝေဖန်တာ မခံနိုင်ဘူးဆိုတဲ့စကားဟာ မှားများ မှားနေမိပါသလား။ ကျမတို့နဲ့ အမြင်တူတူ အမြင်လွဲလွဲ လူ့သဘာဝ ဒီလိုရှိတယ်ဆိုတာ သိလိုက်ရလို့ ရေးမိတာပါ။ ကျမတို့ ဝေဖန်တာကို လက်ခံဖို့ မလိုပါဘူး။ အမှန်မြင်တတ်ဖို့ပဲ လိုပါတယ်။ ဒါဟာလဲ စော်ကားသော ရေးသားချက်မဟုတ်ပါဘူး။
(၄)ကျမဟာ အယူသည်းသူတယောက် မဟုတ်ပါ။ ဒီ အစ်ဇင်တွေကို လေ့လာမှ ကျမဘ၀ အတွက် အကျိုးရှိမယ် ဆိုရင်လည်း ကျမ လေ့လာရမှာပေါ့။ ဒါပေမဲ့ အတွေးအခေါ် အယူအဆ နဲ့ပတ်သက်ရင် ဗုဒ္ဓအဘိဓမ္မာ လောက် ကျယ်ပြန့်ပြီး မှန်ကန်ထိရောက် တဲ့ အတွေးအခေါ် မရှိဘူးလို့ ကျမကတော့ ယုံကြည်ပါတယ်။ ဗုဒ္ဓအဘိဓမ္မာ ဆိုတာ ဘာသာရေး အဘိဓမ္မာမဟုတ်ပါ။ ဘာသာရပ်အဘိဓမ္မာသာလျှင် ဖြစ်ပါတယ်။ မည်သည့်ဘာသာဝင် မဆို လေ့လာ နိုင်တဲ့ အတွေးအခေါ်ပါ။ ဗုဒ္ဓအဘိဓမ္မာကို သေချာစွာ လေ့လာဖူးတဲ့သူ ဆိုရင် တခြား တခြားသော် အတွေးအခေါ်တွေနဲ့ ယှဉ်ကြည့်ပါ။
အားနည်းသော အတွေးအခေါ် မှားယွင်းနိုင်တဲ့ အတွေးအခေါ် အယူသည်းသော အတွေးအခေါ် ဆိုတာ ဗုဒ္ဓအဘိဓမ္မာထဲမှာ ပါရင် ထောက်ပြပေးပါ။
ဗုဒ္ဓတရားကို စံထားမိတဲ့အတွက် အယူသည်းတယ် အစွန်းရောက်တယ် လို့ ပြောခံရတာတော့ အင်မတန် ၀မ်းနည်းမိပါတယ်။ ကျမတို့ ဗုဒ္ဓ မှားနေပါသလား …. ။
(၅) ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး စိတ်ပျက်တာမဟုတ်ပါ။ အကယ်၍ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး စိတ်ပျက်တာဆိုရင်လည်း ကျမစိတ်နဲ့ ကျမ ဖြစ်တာ ပျက်တာမို့ ကန့်ကွက်စရာအကြောင်းမရှိပါဘူး။
ကျမစိတ်ပျက်ခြင်းက ဆွေးနွေးပွဲကနေ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ပွဲအသွင် ပြောင်းသွား တာကို စိတ်ပျက်တာပါ။
ပြီးတော့ ပုဂ္ဂိုလ်စွဲကြီးကြီးနဲ့ စာကို မကြည့်ဘဲ လူကိုကြည့်ကြတာတွေအတွက် စိတ်ပျက်တာပါ။ ကျမဟာ အေးအေးဆေးဆေးနေလိုတယ်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စာရေးလိုတယ်။ ဒါပေမဲ့ ကျမစာတပုဒ်ကို အကြောင်းပြုလို့ ဒီလို တိုက်ခိုက်မှုတွေ ဖြစ်လာတဲ့အတွက် ကျမ စိတ်မကောင်းဖြစ်မိတယ်၊ စိတ်ပျက်မိတယ်။ ရင့်ကျက်မှု မရှိဘူးပဲဆိုဆို ကျမကတော့ ဒါမျိုး မဖြစ်စေချင်ပါဘူး။ ဒါဟာ ကျမ မှားနေပါသလား။
(၆) မြန်မာလူငယ်တွေကို ဖျင်းတယ်လို့ ကျမ မပြောခဲ့ပါဘူး။ သားသမီး ငတုံးတွေကြောင့် မိဘတွေ ဒုက္ခ ရောက်နိုင်တယ်လို့လည်း ကျမ မဆိုလိုပါဘူး။ ကျမရဲ့ ဆိုလိုချက်ကို ခုထိ မသိကြသေးတာလည်း ၀မ်းနည်းစရာပါပဲ။
ရွေးချယ်မှုမှားယွင်းတဲ့အတွက် မိမိကိုယ်တိုင်သာ ဒုက္ခရောက်နိုင်တာပါ။ မိဘကတော့ သားသမီး ဘာရွေးရွေး အပြစ်မြင်ချင်မှ မြင်မှာပါပဲ။
ဘလော့ဖတ်သူ အများစုဟာ ပညာတတ်ဆိုတဲ့စကားလည်း ခဏခဏ ပြောနေတော့တာပဲ။ ပညာသိလား သညာသိသား …. သေချာစဉ်းစားပါအုံး။ ကျမကတော့ ပညာတတ်အောင် သင်ယူနေဆဲ ပညာသင်တယောက်ပါပဲ။ သန်မာတဲ့အပင်ဖြစ်အောင်လည်း ကျမကြိုးစားနေပါတယ် … အမည်မဖော်လိုသူ မသန်စွမ်းသော အပင်ကလေးရှင့်။
စာရေးဆရာမကြီး ဟနစံကို ကဗျာတပုဒ်လက်ဆောင်ပေးပါရစေ။ ကဗျာဆရာ
တောင်တွင်း မောင်သင်းကျော်ရေးထားတဲ့ “လှေပေါ်က လှိုင်း” တဲ့
ဖတ်ကြည့်ပေါ့ဗျာ
လှေပေါ်က လှိုင်း
တရိပ်ရိပ် တလိပ်လိပ်တက်လာတဲ့ ရေတက်ဦးလေးကို
လှေဦးစို စိုစေသော ပွေ့ဖက်နမ်းရှိုက်ချေပကော
ညှီစို့စို့ ပိုက်နွမ်းနွမ်းတွေနဲ့ လွင့်မြောထွေးပွေ့ထားလို့ရယ်လေ။
အဖာဗရပွနဲ့ ပိုက်တွေကပဲ မိုက်သလား
အစာရှာမရတဲ့ ငါးတွေကပဲ မိုက်သလား
ဖြစ်ပုံက တစ်ယောက်အရှိုက်ကို
တစ်ယောက်က ထိုးနေကြသလိုမျိုး။
ဒီကြားထဲ ရေတက်ဦး ငါးစင်ရိုင်းတွေက
ခေါင်းထောင်ထလိုက်ကြသေး။
နောက်ဆုံးတော့ “ငါးတွေကပဲ မိုက်တယ်လို့ ပြောရမှာပဲ” တဲ့
လှေပေါ်က လူရဲ့စကားသံ မသဲကွဲဘူး။
ငါးသုံးကောင်ပုံပြင်ကို
ခုံခုံမင်မင် နားလည်လေ့ကျင့်ထားကြတဲ့ ငါးတွေ
လှေဝမ်းထဲမှာ နေရာယူထားကြပါပြီ။
ရေကျဦးမှာ.....
ဘာတွေ ဖြစ်ကြဦးမလားပဲ။
ကဗျာကတော့ ဒါပဲဗျာ။ မီးလောင်ရာ ကိုယ်ကလေပင့်နေတယ်ဆိုတာကိုတော့ မမေ့နဲ့ပေါ့။
ကျွန်တော်တို့  ဗုဒ္ဓဘာသာဝင်တွေရဲ့ စံနဲ့  နေရာတကာကို လိုက်တိုင်းတာလို့ မရပါဘူး။
အထက်ပါ ကို အမည်မသိရဲ့ စကား အရ ဗုဒ်ဓတရားတော်ကို နေရာတကာ လိုက်တိုင်းလို့ မရ နိုင်ဘဲ တစ်ချို့နေရာမှာသာ လိုက်တိုင်းလို့ရတယ်လို့ ယူဆပါတယ်။
ဘယ်နေရာ ဌာနမျိုးမှာ လိုက်တိုင်းလို့ရတယ်ဆိုတာ ဆွေးနွေးပေးစေလိုပါတယ်။
လူညီရင် ဤကို ကျွဲဖတ်တယ် ဆိုတဲ့ အယူအဆဟာ အခုလိုခေတ်ကြီးမှာ တော်တော်လေးနောက်ကျ ကျန်နေခဲ့ပြီလို့ထင်ပါတယ်။ တကယ်တော့ဗျာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ။ ကျွန်တော်အယူအဆကတော့ လူညီညီ မညီညီ ဤ ဟာ ဤ ၊ ကျွဲဟာ ကျွဲ ပါ ပဲ။ ဘာမှ မဆိုင်ပါဘူး။
ချစ်ခင်လေးစားစွာဖြင့်
မနေတတ်မထိုင်တတ်
ဒါကိုသိရင်ပြီးတာပါပဲ။ အခုကိစ္စကြီးက အဲဒီလိုဖြစ်နေတယ်။
မိဘကို မပစ်ပယ်စကောင်း ဆိုတဲ့ဘက်မှာ ရပ်တည်တဲ့ ကျမတို့ကပဲ မှားယွင်းနေသလိုပဲ။ အမည်တွေအမျိုးမျိုးတပ်ပြီး ပြောချင်တိုင်းပြောနေကြတာကို မခံနိုင်လို့ ပြန်ပြောမိတော့ ပြောမိသူရဲ့အမှား။
တရားကျဖို့ လည်းကောင်းပါရဲ့…. ။ ဤဟာ ဤ ကျွဲဟာကျွဲ သိရင်တော့ ပြီးတာပါပဲ။
မမေဓာဝီ ခင်ဗျာ
ချီးကျူးတာပဲ ခံလိုသော ဤကို ကျွဲဟုဖတ်သည့်
မျိုးစေ့မမှန်၍ မသန်သော အပင်လေးတစ်ပင်.. ဆိုသည်မှာ ခင်ဗျားက ခင်ဗျားနဲ့ အယူအဆမတူသူ အားလုံးကို ချိုးနှိမ့်စွာ ခေါ်ဝှော်လိုက်သော အသုံးအနှုန်း ဖြစ်ပါတယ်ခင်ဗျာ။ ခင်ဗျား စကားကို ခင်ဗျား တာဝန်ယူရဲ မည်ဟု ယုံကြည်ပါသည်
ဒီကွန်မန့်အတွက် ကိုသံလွင်ဘလော့မှာ ရေးပြီးပါပြီ။
ကျမဘလော့မှာ ထပ်မံပြောလာတဲ့အတွက် ကော်ပီကူးပေးလိုက်ပါတယ်။
***
ကဲ ကဲ …
ကျမ အားလုံးကို တောင်းပန်ပါပြီ။
စိတ်လဲ ရှုပ်လှပါပြီ။ အချိန်လည်း အလွန်ကုန်ပါတယ်။ ကျမလုပ်ငန်းတာဝန်များလည်း ပျက်ကွက်ပါတယ်။
အားလုံးက ဘယ်လိုဖြစ်စေချင်တာလဲ ကျမကိုပြောပါ။ ပြောရင်တော့ ကိုယ့်နာမည်ဖော်ပြီး ပြောကြစေချင်ပါတယ်။ အမည်အမျိုးမျိုးသုံးပြီးနဲ့ စကားလုံးအမျိုးမျိုးနဲ့ ၀ိုင်းဝန်းတိုက်ခိုက်နေတာ ကျမက မှားနေလို့များလား။
မိဘကို အလိုအပ်ဆုံးလို့ ရွေးချယ်မိတဲ့ ကျမက မှားယွင်းနေပါသလား။ မိဘကို ပစ်ပယ်တာ မှန်တယ်လို့ ပြောစေချင်တာလား။
လူတွေဟာ ချီးကျူးတာခံနိုင်တယ် ဝေဖန်တာမခံနိုင်ဘူး ဆိုတဲ့စကားကရော မှားပါသလားရှင်။
မျက်စိကန်းတဲ့သူကို ဟေ့ - အကန်းကြီးလို့ ခေါ်ရင် ကြိုက်မယ်ထင်ပါသလား။
မျိုးစေ့မမှန်လို့ အပင်မသန်ဘူး ဆိုတာရော မဟုတ်လို့လား။ မျိုးစေ့မမှန်ဘဲ သန်လာတဲ့ အပင်ရှိလို့လား။
ထားပါတော့ … ဒီစကား ၂ ခုဟာ ကျမနဲ့ အယူအဆ မတူသူ ပညာရှိတို့အား စော်ကားချိုးနှိမ်သလို ဖြစ်သွားခဲ့ရင် ကျမ အနူးအညွတ် တောင်းပန်ပါတယ်ရှင်။ ကျမစကားကို ကျမ တာဝန်ယူပါတယ်။
ကျမ ဘယ်သူ့ကိုမှ မစော်ကားချင်ပါ။ စော်ကားလိုစိတ်လဲ မရှိပါ။ ဒီထက်လည်း ဘာမှ မပြောလိုတော့ပါ။
ဖတ်ရတာမောလည်းမော၊ စိတ်မသက်သာရာလည်းရသွားတာတော့ အမှန်ပါပဲ။
ထပ်ပြောရင်လည်း ထပ်မောရဦးမှာမို့ မပြောလိုတော့ပါဘူး။
ဘလော့ခ်ရေးခြင်းကို မမေ-က ရပ်မှာ မဟုတ်ဘူးဆိုတဲ့အတွက် ကျေးဇူးတင်ကြောင်းပဲ ပြောပါရစေ။
Post a Comment