Thursday, January 18, 2007

တခါတုန်းက အေလာ မှာ ...

ဟိုတနေ့ကရေးတဲ့ “ချိုတမြမြ …” ပို့စ်မှာ အေလာအကြောင်းရေးရာက ဟိုးတချိန်တုန်းက အေလာကို အလည်အပတ်ရောက်ခိုက် ကြုံခဲ့ရတာလေးတွေ ပြန်စဉ်းစားမိပြီး အမှတ်ရတာနဲ့ ဒီစာလေး ရေးဖြစ်သွားပါတယ်။
***
အေလာဆိုတာ ပျဉ်းမနားမြို့နယ် လယ်ဝေးမြို့အနီးက တောမြို့ကလေးတမြို့ပါ။ ရန်ကုန်ကနေ ရထားနဲ့သွားရင် ဘူတာမှာ “ဧလာ” ဆိုပြီး ဆိုင်းဘုတ်ကလေး ထောင်ထားတာကိုမြင်နိုင်ပါတယ်။ အမြန်ရထားတွေ မရပ်ဘဲ စာပို့ရထားတို့ လော်ကယ်ရထားတို့သာ ရပ်တဲ့ ဘူတာကလေးပါ။ ပျဉ်းမနား ဒါမှမဟုတ် တောင်ငူမှာ ဆင်းပြီး လိုင်းကားနဲ့ အေလာကို တဆင့်ထပ်သွားရပါတယ်။ ရန်ကုန်ကနေ ကားနဲ့သွားမယ်ဆိုရင်လည်း အေလာကို တိုက်ရိုက်မရောက်ပါဘူး။ ရန်ကုန်မန္တလေး အဝေးပြေးကားလမ်းပေါ်က အေလာသို့ ၃ မိုင် ဆိုတဲ့ ဆိုင်းဘုတ်ရှိတဲ့ လမ်းခွဲကလေးမှာ ဆင်းပြီး မြင်းလှည်းဖြစ်ဖြစ် စက်ဘီးဖြစ်ဖြစ် စီးပြီး သွားရပါတယ်။

ရာသီဥတုအနေအထားကတော့ ပျဉ်းမနားနဲ့တူတူလောက်ပါပဲ၊ အသီးအနှံ အသားငါး လတ်ဆတ်ပေါများပြီး ရေ ရဲ့ အရသာကလည်း ရန်ကုန်နဲ့နီးစပ်ပါတယ်။ ကျမ အညာဘက် ခရီးသွားရင် အဲဒီက ရေတွေကို သောက်လို့ မတတ်ပါဘူး။ ပေါ့သလိုလို ငံသလိုလိုမို့ ရေနွေးကြမ်းလောက်သာ အသောက်များခဲ့ပေမဲ့ အေလာရေ ကတော့ ပါးစပ်နဲ့ သိပ်မစိမ်းတာကြောင့် သောက်ရတာ အဆင်ပြေပါတယ်။

အဒေါ်မိသားစုရှိတဲ့ အေလာမြို့ကလေးကို နွေရာသီ ကျောင်းရက်ရှည်ပိတ်တိုင်း အလည်သွားခဲ့တာမို့ ရထားနဲ့ရော ကားနဲ့ပါ သွားခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက အဒေါ့်ယောက်ျားဟာ အေလာသတ္တုသန့်စင်စက်ရုံမှာ အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေတာပါ။ သတ္တုစက်ရုံက အေလာမြို့နဲ့ မလှမ်းမကမ်းမှာရှိပြီး ၀န်ထမ်းအိမ်ရာ လုံးချင်းတိုက်ကလေးတွေကလည်း သပ်သပ်ရပ်ရပ်နဲ့ ယူကလစ်ပင်တန်းနဲ့ လမ်းကလေးတွေကလည်း သာသာယာယာမို့ သီးသန့်မြို့ကလေး တမြို့လိုပါပဲ။

သတ္တုစက်ရုံဝင်းမှာ အိမ်ထောင်သည် အရာရှိတွေရဲ့ လုံးချင်းတိုက်ငယ်ကလေးတွေ၊ လူပျိုလူလွတ်တွေနဲ့ အောက်ခြေ၀န်ထမ်းတွေ နေတဲ့ သစ်သား အိမ်ခန်း တန်းလျားတွေ၊ ဂျီတီအို်င်-တီအိတ်ခ်ျအက်စ် ကျောင်းဆင်းတွေနေတဲ့ အဆောင်တွေ၊ အဲဒါတွေရဲ့ အလွန်မှာတော့ ရေကန်ကြီးတကန် ရှိသလို ရေကန်ကြီးအနီးမှာ ရဟတ်ယာဉ် ဆင်းသက်ရပ်နားတဲ့ ကွင်းလည်းရှိပါတယ်။ ရဟတ်ယာဉ်ကွင်း ရှိရခြင်းကတော့ အဲဒီခေတ် (မဆလခေတ်) အကြီးအကဲကြီးက မကြာခဏဆိုသလို ရဟတ်ယာဉ်နဲ့ အေလာကို သွားလေ့ရှိလို့ပါပဲ။

အေလာဟာ သာမန်တောမြို့လေးတမြို့မို့ တခြားသူတွေအတွက်တော့ ပျင်းဖို့ကောင်းပေမဲ့ ကျမကတော့ အဲဒီလို အေးအေးချမ်းချမ်း ဒေသကလေးမှာ နေရတာ တော်တော်သဘောကျတဲ့အပြင် အဒေါ်မိသားစုကိုလည်း ခင်တွယ်တာကြောင့် နှစ်တိုင်းလိုလို သွားခဲ့တာပါ။ ညနေဆိုရင် မောင်နှမ၀မ်းကွဲတတွေ စက်ဘီးစီးကြ၊ လမ်းလျှောက်ကြ၊ အချစ်သစ်ပင် လို့ ကျမတို့နာမည်ပေးထားတဲ့ ခပ်စောင်းစောင်းကြီးပေါက်နေတဲ့ ယူကလစ်ပင်ကြီးမှာ သွားထိုင်ကြ၊ စက်ရုံဝင်းတခုလုံး ရေပေးတဲ့ ရေစင်ကြီးပေါ် တက်ဆော့ကြနဲ့မို့ ပျော်ဖို့လည်းကောင်းပါတယ်။

စက်ရုံဝန်ထမ်းတွေဟာ အေးအေးချမ်းချမ်းနဲ့ အားလုံး ရိုးသားကြပါတယ်။ အပိုဝင်ငွေအတွက် တချို့ကလည်း မုန့်ဟင်းခါးဆိုင်၊ တချို့ကလည်း အကြော်ဆိုင်၊ တချို့က ကွမ်းယာရောင်း တချို့က ကြက်ဥရောင်းနဲ့ ရိုးရိုးသားသား ရပ်တည်နေကြတာပါပဲ။
ဒီလို ရိုးသား အေးဆေးတဲ့ မြို့ငယ်ကလေးမှာ ကျမရောက်နေခိုက် တရက်တော့ ၀န်ထမ်းမိသားစုတွေထဲ ထူးခြားတဲ့ အမိန့်တခု ရောက်လာပါတယ်။
“စက်ရုံကို လာရောက်ကြည့်ရှုစစ်ဆေးဖို့ရာ အကြီးအကဲကြီး ကြွမြန်းလာမည်ဖြစ်ကြောင်း၊ အဲဒီရက် ဘယ်အချိန်မှ ဘယ်အချိန်ထိ မည်သူမှ လမ်းပေါ်ထွက်မနေရ၊ စက်ဘီးမစီးရ၊ ခြံထဲဆင်းမနေရ၊ အ၀တ်မလှန်းရ၊ အိမ်ပြတင်းများ ဖွင့်မထားရ” .. စတဲ့ အမိန့်တရပ် ထုတ်ပြန်ကြေငြာပါတယ်။

တကယ်တော့ သူတို့အတွက် ဒါက မထူးဆန်းပါဘူး၊ အကြီးအကဲကြီးဟာ မကြာခဏဆိုသလို စက်ရုံကို လာရောက်တတ်တယ်လို့ ဆိုပါတယ်။ အေလာ သတ္တုသန့်စင်စက်ဟာ ရွှေသန့်စင်ပေးတဲ့ နေရာဖြစ်လို့ ရွှေချစ်သူ အကြီးအကဲကြီး မကြာခဏကြွမြန်းနေကျ ဆိုတော့ ဒါတွေက ၀န်ထမ်းများအဖို့ ရိုးနေပါပြီ။ တနှစ်မှ တခါလောက်အလည်ရောက်တဲ့ ကျမအတွက်တော့ ဒီအမိန့်မျိုး မကြုံစဖူး ထူးဆန်းနေတာပေါ့။ အားလုံးဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စလိုသဘောထားပြီး အဲဒီနေ့အတွက် အိမ်ထဲမှာသာ အောင်းနေကြပါတယ်။

ပြတင်းတံခါးတွေပိတ် ခန်းဆီးတွေချပြီး ပူပူအိုက်အိုက် နေနေကြရင်း တော်တော်လေးကြာတော့ ရဟတ်ယာဉ်စက်သံ ကြားရပါတယ်။ စပ်စုချင်တဲ့ ကျမလည်း ခန်းဆီးကြားက အသာလေးချောင်းကြည့်တော့ ရဟတ်ယာဉ် ၃ စီး ကောင်းကင်မှာ ၀ဲပျံနေတာကိုတွေ့ရတယ်။ စစ်ရောင်က ၂ စီးနဲ့ အဖြူရောင်ယာဉ်ကြီးက တစီးပါ။ အားလုံးရဲ့ အထင်မှာတော့ အကြီးအကဲကြီးဟာ အဖြူရောင်ရဟတ်ယာဉ်နဲ့ စီးနင်းလိုက်ပါလာတယ် လို့ ထင်ကြမှာပါပဲ၊ ဒါပေမဲ့ ဒါဟာ လှည့်ကွက်တခုပါ။ တကယ်တမ်းတော့ စစ်ရောင် ရဟတ်ယာဉ်နဲ့သာ လိုက်လာတယ်လို့ နောက်မှ သိရပါတယ်။

နယ်မြေအခြေအနေကို စိတ်တိုင်းကျ အကဲခတ်ပျံသန်းပြီးနောက်ဆုံးမှာ ရဟတ်ယာဉ်ရပ်နားရာကွင်းမှာ ဆင်းသက်ပါတယ်။ သူရောက်လာပြီဆိုရင်ဖြင့် ဒီဂျီကအစ အရာရှိကြီးငယ် အပါအ၀င် ဟိုး အောက်ခြေ၀န်ထမ်း အထိ မအား မနားရတော့ပါဘူး။ ညဘက် ဧည့်ဂေဟာမှာ အိပ်မယ်ဆိုတော့ သူက “ကြက်တွန်သံ အိမ်မြှောင်စုတ်ထိုးသံ မကြားချင်ဘူး” လို့ မြွက်ဟ လိုက်တာနဲ့ နောက်တော်ပါ ဗိုလ်မှူးတွေ အလုပ်ရှုပ်ရ ပြန်ပါတယ်။ သားရေကွင်းတဖက် ပလတ်စတစ်အိတ် တဖက်နဲ့ ဧည့်ဂေဟာက အိမ်မြှောင်တွေကို ညတွင်းချင်း သုတ်သင်ရတဲ့ ဗိုလ်မှူးကြီးတွေရဲ့ ပုံစံကို မြင်ယောင်ပြီး ကျမဖြင့် ခုထိ ရယ်ချင်နေမိတယ်။ ဒါဟာလည်း တိုက်ပွဲ တခုပေပဲလား …။

နောက်တခါ ကျမရောက်နေတုန်း ၀န်ကြီးချုပ်လာတာနဲ့ ကြုံဖူးပါသေးတယ်၊ ၀န်ကြီးချုပ်လာတော့လည်း အဲဒီလိုပါပဲ၊ ရှေ့တော်ပြေးတွေ နောက်တော်ပါးတွေ အခြွေအရံ အသင်းအပင်းတွေနဲ့ ကြွချီလာတဲ့ ၀န်ကြီးချုပ်ဟာ အစားကို သိပ်မမက်ရှာဘူးထင်ပါရဲ့၊ အမိန့်ပေးပုံက “ဘီယာနဲ့မြည်းရန် စာကလေး အကောင် ဘယ်နှစ်ရာ၊ စနိုက် အကောင် ဘယ်နှစ်ရာ အမြန်ရှာစေ” ဆိုပြီး မှာပါတယ်။
မနက်မနက်ဆို ယူကလစ်ပင်တွေထက်မှာ ကျလိကျလိနဲ့ နားညည်းအောင် အော်မြည်နေကြတဲ့ စာကလေးသံတွေ နားထောင်ရင်း … ဟိုလူကြီး ခဏခဏ လာရင်တော့ ဒင်းတို့လေးတွေ မျိုးပြုတ်ရချည့်လို့ ကျမ တွေးခဲ့မိပါတယ်။

စက်ရုံတည်ခါစက အဖြစ်အပျက်တခုလည်း ဦးလေးပြောပြလို့ ခုထိမှတ်မိနေပါသေးတယ်။ စက်ရုံတည်ပြီးတော့ ထုံးစံအတိုင်း အကြီးအကဲကြီးက လာရောက်ကြည့်ရှုစစ်ဆေးမယ်ပေါ့။ ဒါနဲ့ပဲ လှအောင် ပအောင် စိမ်းလန်းစိုပြေနေအောင် ၀န်ထမ်းတွေခမျာ ကြံရ ဖန်ရရှာတယ်၊ တည်ခါစမို့ သစ်ပင်ပန်းမာန်တွေကမရှိ ခြောက်တိ ခြောက်ကပ်နဲ့ ဆိုတော့ ထင်းရူးပင်တို့ ယူကလစ်ပင်တို့ကို တခြားတနေရာက တူးယူလာပြီး အသာလေး တန်းစီစိုက်ထားတာပေါ့၊ ဖြစ်ချင်တော့ လာမယ်လို့ ပြောထားတဲ့နေ့မှာ ရောက်မလာပါဘူး၊ အကြောင်းတခုခုကြောင့် နောက်ရွှေ့လိုက်တော့ ဖော်ရှိုးလုပ်ထားတဲ့ သစ်ပင်ကြီးတွေခမျာ အရွက်တွေ ညှိုးယော်ကုန်ပါရောတဲ့။ နောက် တကယ်လာမဲ့နေ့လဲကျရော .. ညှိုးနေတဲ့ သစ်ရွက်တွေကို အစိမ်းရောင်ဆေးတွေ စပရေးနဲ့ဖြန်းပြီး အရွက်စိမ်းစိမ်းဖြစ်အောင် ဖန်တီးလိုက်ရပါသတဲ့။
***
ခုတော့လည်း အကြီးအကဲကြီးလည်း မရှိ၊ ၀န်ကြီးချုပ်ကြီးလည်း မရှိတော့ပါဘူး။ ဟိုတချိန်က သူတို့ဒီလိုတွေ အာဏာယစ်မူး မင်းမူခဲ့ပြီး လူတွေ တိရစ္ဆာန်တွေကို ဒုက္ခပေးခဲ့တာဟာ နောက်ဆုံးမှာတော့ ကိုယ်သာပြန်ခံရတယ် ဆိုတာ မသေခင် သံဝေဂရသွားကြပါ့မလား လို့ စဉ်းစားမိတယ်။
ဘယ်အရာမှ မတည်မြဲတဲ့ လောကကြီးမှာ ကိုယ်ချင်းစာတရား ကိုယ်စီထားကြပြီး အတ္တတွေ လျော့နိုင်ကြမယ်ဆိုရင်ဖြင့် … လောကကြီးဟာ ငြိမ်းချမ်း သာယာနေမှာ အမှန်ပဲ မဟုတ်ပါလား။
***
18.1.07
1:50 pm

3 comments:

ကလိုစေးထူး said...

ကျနော်တို့ မြို့မှာလဲ ကျနော်ကျောင်းသား ဘ၀တုန်းက တိုင်းမှူး ကက်စိန်လာပြီးတော့ ကြံ့ဖွတ်အသင်းရုံးဖွင့်ပွဲလာလုပ်တုန်းက အဲဒီလိုပဲ... နေ့လည် ၂ နာရီမှ ရောက်လာမှာကို မနက်ကိုးနာရီကတည်းက ကျောင်းသားတွေကို အစည်းအဝေးခန်းထဲခေါ်ထားတယ်လေ.. ကက်စိန်လာတော့ ထမင်းစားပြီးကြပီလား သားတို့ သမီးတို့လို့ မေးတာ.. မစားရသေးဘူးဆိုပြီး ခပ်ဆတ်ဆတ်ဖြေကြတဲ့ ကျောင်းသားတွေကျောင်းသူတွေရဲ့ အသံကို အခုစာပြန်ဖတ်ရတော့ ကြားယောင်မိသေးတယ်.. :P
ဒီလိုပါပဲ.. အတက်အကျအနိမ့်အမြင့်ကို နားလည်နိုင်တဲ့ တရားဆိုတာ သူတို့မှာ မရှိပါဘူး.. ရှိခဲ့ရင်လဲ ဒီလိုအခြေအနေတောင် ရောက်လိမ့်မှာမဟုတ်..

Anonymous said...

ကျွန်တော်နေခဲ့တဲ့မြို့လေးကို..Google မှာရှာရင်တွေ့ပါ့မလားဆိုတဲ့ စိတ်နဲ့ရိုက်ပြီးရှာလိုက်တာဗျာ..
ဒီဆောင်းပါးလေးတွေ့တော့..တော်တော်ပျော်သွားပါတယ်..
ကျွန်တော်က ၀န်ထမ်းအိမ်ယာ တ္ထုစက်မှာနေခဲ့တာပါ..အမရေးထားတဲ့အကြောင်းအရာက ကျွန်တော်တို့..၅ တန်း ၆တန်းလောက်ကဖြစ်မယ်ထင်တယ်.. ကျွန်တော့် အလေကလဲအဲစက်ရုံက အရာရှိတစ်ယောက်ပါပဲခင်ဗျာ..ခုတော့ပင်စင်ယူလိုက်ပြီပေါ့..ခုတော့စက်ရုံက အရင်လောက်ပျော်ဘို့လဲမကောင်းတော့ပါဘူး .. လူဟောင်းတွေလဲမရှိကြတော့ဘူးလေ.. ဘာပဲပြောပြော အမရေးထားတဲ့စောင်းပါလေးကြောင့်အမကိုကျေးဇူးအရမ်းတင်ပါတယ်ဗျာ.. အခုလို အဝေးကိုရောက်နေချိန်မှာတော့...ကို့မြို့ကိုနေတဲ့နေရာကို လွမ်းနေတာတော့အမှန်ပဲအမရာ...

htooaung said...

အမရေ ကျွန်တော်တို့မြို့လေးကို..Google မှာရိုက်ရှာရင်တွေ့ပါ့မလားဆိုတဲ့စိတ်နဲ့ရှာလိုက်တာ..
အမရေးတဲ့ဆောင်းပါးလေးသွားတွေ့တယ်ဗျာ.. ပိုပြီးတိုက်ဆိုင်သွားတာက ကျွန်တော်ကလည်း...
ဝန်ထန်းအိမ်ယာ သတ္ထုစက်မှာမွေးသထ္တုစက်မှာကြီးလာတဲ့လူတစ်ယောက်ဆို
တော့ အမရေးတဲ့အကြောင်းအရာလေးကိုနှစ်သက်မိတာ
အရမ်းပဲဗျာ.. အဲတာကျွန်တော်တို့ ၅ တန်း ၆တန်းလောက်တုန်းကဖြစ်တာဗျ အဲတုန်းကတော့ ၀န်ထမ်းအိမ်ယာကတော်တော်ပျော်ဘို့ကောင်းပါတယ်.. ခုတော့ ပျော်ဘို့မကောင်းတော့ပါဘူးအရင်လောက် ..လူဟောင်းတွေကပြောင်းကုန်ကျပြီလေ ..
ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော်နေခဲ့တဲ့နေရာလေးကိုGoogle မှာရိုက်ရှာရင်တွေ့နိုင်သေးအောင် အမှတ်တရရေးထားပေးတဲ့အမကိုကျေးဇူးအရမ်းတင်ပါတယ်ဗျာ..အခုလိုအဝေးရောက်နေချိန်မှာတော့ ဧလာကို ပြန်ချင်တယ်လွမ်းနေတယ်ဗျာ..