Friday, January 19, 2007

ကိုပြူးကျယ်သို့ ပေးစာ … အပိုင်း (၁)

သို့
ကိုပြူးကျယ်…

ကိုပြူးကျယ်က ရှေးမြန်မာကဗျာတွေရဲ့ အရေးအဖွဲ့တွေ ဖတ်ချင်မှတ်ချင် လေ့လာချင်တယ်ဆိုလို့ ဒီကနေ့ အဖေ့အခန်း ရောက်တုန်း စာအုပ်စင်ကို မွှေနှောက် ရှာရင်းနဲ့ ဓမ္မာစရိယ ဦးထွန်းရွှေရေးတဲ့ “နန္ဒမာလီနီ ခေါ် ကဗျာစွယ်စုံကျမ်းကြီး” တွေ့တော့ စာအုပ်ကို နည်းနည်း မြည်းစမ်းဖတ်ကြည့်ပြီး ကိုပြူးကျယ် ဆိုရင်ဖြင့် ကြိုက်မှာပဲလို့ ထင်တာနဲ့ ယူလာခဲ့ပါတယ်။

အစကတော့ ကိုပြူးကျယ်ရဲ့ တောင်းဆိုချက်အရ ရှေးက ပျို့ကဗျာတွေ၊ ရတု၊ ရကန်၊ အဲ၊ အန်၊ လူးတား တွေ ရှာဖွေပြီး ပို့ပေးမယ်လို့ စဉ်းစားထားပေမဲ့ လောလောဆယ် ဒီစာအုပ်ကိုတွေ့တော့ ဒီစာအုပ်ထဲကပဲ ကောင်းနိုးရာရာတွေ ကောက်နုတ်ပြီး ပို့ပေးရရင် ကောင်းလေမလားလို့ တွေးမိပြန်ပါတယ်။ ကိုပြူးကျယ်ဆီ မေးလ်နဲ့ပို့ပေးရင် တယောက်ထဲသာ ဖတ်ရမှာမို့ အများပါဖတ်ရလေအောင် ခုလိုကျမရဲ့ ဘလော့ပေါ်တင်လိုက်ရတာပါ။ ကိုယ်သိသမျှ ဗဟုသုတဆိုတာ ပြန့်ပွားအောင် ဝေမျှနိုင်ရင် အကောင်းဆုံးမဟုတ်လား။

ပြီးတော့ အခုခေတ် ကဗျာရေးနေကြသူတွေ (ကျမအပါအ၀င်) ဟာ ကဗျာဆိုတာ ဘာမှန်းရေရာစွာမသိရုံမက၊ မြန်မာအက္ခရာတွေ အကြောင်းတောင် သေချာမသိဘဲ နှုတ်ထဲ ရွတ်လို့ကောင်းရင် ဒါမှမဟုတ် နိမိတ်ပုံတွေ များများသုံးပြီး စကားလုံးလေးတွေလှရင် … ကဗျာလို့ အလွယ်သတ်မှတ်နေကြတာမို့ … ဒီစာအုပ်ကို ကြည့်ပြီးမှ ကျမလည်း “သြော် … ကဗျာဆိုတာ က၀ိတို့၏ ဥစ္စာ ဆိုတာ တယ် မှန်တာပဲ။ လိုက်နာရမယ့် နည်း-စနစ်ဆိုတာ ရှိသလို ရှောင်ရှားရမယ့် အပြစ်-ဒေါသ ဆိုတာတွေလည်း ရှိတာပဲ” လို့ သေချာရေရာ လက်ခံ သဘောပေါက် လာခဲ့ပါတယ်။

ဒါကြောင့်လည်း ကိုပြူးကျယ်နဲ့ တခြားသော မြန်မာကဗျာကို ချစ်ခင်မြတ်နိုးသူ အားလုံးအတွက် ရည်ရွယ်ပြီး ဒီစာကို ရေးလိုက်တာပါ။ အဓိက ကတော့ ကိုပြူးကျယ်ကို ရည်ညွှန်းတဲ့အတွက် “ကိုပြူးကျယ်သို့ ပေးစာ” လို့ပဲ ခေါင်းစဉ်တပ်လိုက်ပါတယ်။ ကိုပြူးကျယ် ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါရဲ့ … ။
***
ဒီစာအုပ်ကို အပိုင်း (၃) ပိုင်းခွဲထားပါတယ် ကိုပြူးကျယ်။ ပထမပိုင်းမှာ
ကဗျာမရေးမီ ရှေးဦးစွာလိုက်နာရန် အကြောင်း၊
အဖွဲ့အမျိုးမျိုး၊
ဂီတ၊ ကဗျာ၊ လင်္ကာ၊ သီချင်း မည်ခြင်းအကြောင်း တွေ ပါတဲ့အပြင်
အက္ခရာအကြောင်း၊ အသံအကြောင်း၊ ကာရန်အကြောင်း၊ အသတ်နှင့်အစပ်အကြောင်းနဲ့ ကြိယာအကြောင်းတွေ ပါဝင်ပါတယ်။

အပိုင်း (၂) မှာတော့ဖြင့် သံပေါက်ကဗျာခန်း၊ အချိုးကဗျာ (ဒွေးချိုး၊ တြိချိုး၊ လေးချိုး) စပ်နည်းအမျိုးမျိုးနဲ့ နမူနာ ကဗျာကြီးတွေပါတဲ့ အခန်း၊ တေးထပ်စပ်နည်းနဲ့ နမူနာတေးထပ်တွေက တခန်း၊ လေးလုံးစပ်ကဗျာခန်းမှာတော့ ရတု, ရကန်, ပျို့, မော်ကွန်း, လူးတား, ဧချင်း, အဲချင်း, အန်ချင်း, အိုင်ချင်း, လွမ်းချင်း, တမ်းချင်း, သာချင်း, တျာချင်း, ကာချင်း, ဒုံးချင်း, ဟန်ချင်း, စတာတွေက တခန်း၊ ဘောလယ်, ကြိုး, ဗုံကြီးသံ, ဗုံတောက်သံက စလို့ မေတ္တာစာ, သြဘာစာ, မှာတမ်းစာ အလယ်၊ ပြဇာတ်စာ ရေးနည်းအဆုံး ဖော်ပြထားတဲ့ အခန်းနဲ့ ပတ်ပျိုး, ယိုးဒယား, နတ်သံ, ကရင်သြသံ, တလိုင်းသံ,မျောက်မင်းအူသံ စတာတွေပါတဲ့ သီချင်းကြီးခန်းဆိုပြီး ပါဝင်တယ်။

အပိုင်း (၃) ကတော့ ဆန်း အခန်းပါပဲ၊ အဲဒီအခန်းကတော့ ပညာခန်းတွေပေါ့ ကိုပြူးကျယ်။ ဆန်းနည်း၊ ဒီဃရဿ ခွဲနည်းနဲ့ ဂိုဏ်း အကြောင်းတွေက တခန်း၊ အလင်္ကာအကြောင်းက တခန်း စသဖြင့် စုံစုံလင်လင်ပါဝင်ပါတယ်။

မာတိကာ အပြီး အဖွင့်စာမျက်နှာမှာတော့ သခင်ကိုယ်တော်မှိုင်းရဲ့ သ၀ဏ်လွှာ ကို လက်မှတ်နဲ့တကွ တွေ့ရပါတယ်။ လက်မှတ်အောက်က နေ့စွဲကိုတော့ ၃၁-၁-၅၅ လို့ရေးထိုးထားလေရဲ့။
ကျမလက်ထဲရှိနေတဲ့ ဒီစာအုပ်ကတော့ ၁၉၆၃ မှာ တတိယအကြိမ်ပြန်လည်ရိုက်နှိပ်ထားတဲ့ စာအုပ်ပါပဲ၊ ပညာအလင်းပြ စာအုပ်တိုက်က ထုတ်ဝေတာပါ။

ကိုပြူးကျယ် ဖတ်ချင်တဲ့ ကဗျာတွေ ရိုက်မပေးခင် နည်းနည်းလောက်တော့ လျှာရှည်ခွင့်ပြုပါအုံးရှင် … ။
ဂီတ၊ ကဗျာ၊ လင်္ကာဆိုတဲ့ စကားရပ်တွေရဲ့ အဓိပ္ပါယ်ကို ကောက်နုတ်ဖော်ပြချင်လို့ပါ။ အဲဒီစကားလုံးတွေဟာ ပါဠိစာလုံးတွေပါတဲ့၊ အဓိပ္ပါယ်ကို ခုလို ဖွင့်ဆိုထားတာတွေ့ရပါတယ်။

ဂီတ - ရှည်သောအသံဖြင့် သီဆိုအပ်သော စကားအဖွဲ့သီချင်း
ကဗျာ - စာရေးဆရာ ပညာရှိ၏ ဥစ္စာဖြစ်သော သီချင်း
လင်္ကာ - အလင်္ကာရ - နား၏ တန်ဆာသဖွယ် ဖြစ်သော အသံကိုပြုတတ်သော သီချင်း

သီချင်း ဆိုတာကိုတော့ ခုလို ရေးထားပါသေးတယ်။
အကြောင်းချင်းတ တို့ကို သီဆိုသောကြောင့် သီချင်း မည်၏ .. တဲ့။
***
ကဗျာစပ်နည်းကတော့ အမျိုးမျိုးအထွေထွေ ရှိတယ်ဆိုတာ ကိုပြူးကျယ်လည်း သိမှာပါ၊ ကဗျာရဲ့ အခြေခံကတော့ “သံပေါက်” ဖြစ်ပါသတဲ့ ကိုပြူးကျယ်။
ကခြင်း အစ - လက်မြှောက်က
သီချင်း အစ - သံပေါက်က
တီးခြင်း အစ - လက်ခုပ်က .. လို့ ဆိုထားပါတယ်။ သီချင်း ဆိုတာ ကဗျာပဲ ဆိုတော့ ကဗျာ အစ သံပေါက်က လို့လည်း ဆိုကြတာ ကိုပြူးကျယ် ကြားဖူးတယ်မဟုတ်လား။

သံပေါက် ဆိုတာ … အသံပေါက်အောင် ပေါ်လွင်ထင်ရှားစွာ စပ်ဆို စီကုံးထားသော ကဗျာ … လို့ အနက် ဖွင့်ထားတာကို တွေ့ရတယ်။
သံပေါက်စပ်နည်းမှာတော့ ၅ လုံးချ သံပေါက်နဲ့ ၇ လုံးချ သံပေါက်ဆိုပြီး နှစ်မျိုးရှိတယ်ဆိုတာ ကိုပြူးကျယ်လည်း သိပြီးဖြစ်မှာပါ။
ကိုပြူးကျယ် ကြားဖူးခဲ့တဲ့ .. အစ-လေးလုံး၊ အလယ်-သုံး၊ အဆုံး-ငါး-ခွန်နစ် ဆိုတာဟာ သံပေါက်ကဗျာ တခုပါပဲ။ သံပေါက်ကိုလည်း အဲဒီနည်းစနစ်အတိုင်း စပ်ဆိုရပါသတဲ့။
နမူနာ သံပေါက် တပုဒ် ဖတ်ကြည့်ရအောင် ..

ရှင်မဟာသီလ၀ံသရဲ့ ရွှေနန်းတည်မော်ကွန်း နိဂုံးမှာ
-အောင်မြေကြငှန်း၊ ၀-ရွှေနန်း၊ ရစ်သန်းသုံးဖြာကျ။
- ပတ်လည်ဝန်းယှက်၊ ကျွန်းသံလျက်၊ အောင်ချက် မြတ်ဌာန။
- အ၀ပြည်ကြီး၊ စည်လပြီး၊ ၀ှန်သီး ကျွန်းပူရ။

အဲဒါဟာ ၅ လုံးချ သံပေါက်ပေါ့။

၇-လုံးချ သံပေါက်နမူနာကိုတော့ ရှင်နန္ဒဓဇ ရဲ့ စွယ်စုံကျော်ထင်ကျမ်းကို ကိုးကားပြီး ပြထားပါတယ်။
- ကြိယာခြောက်ဆယ်၊ အသွယ်သွယ်၊ အဘယ်ကျမ်းက ထွက်သနည်း။
- သုံးဆဲ့သုံးသွယ်၊ ဗျည်းကကျယ်၊ ဘယ်သူ ဘယ်ဗျည်း စပ်သနည်း။
- ကျယ်လျှင်ကား ချဲ့၊ ပဲ့လျှင် ဖဲ့၊ နွဲ့လျှင်ကား သတ်-
ဘယ်ကြောင့်နည်း။
***
ကဲ … ကိုပြူးကျယ်လည်း ဖတ်ရတာလည်း ငြီးနေလောက်ပြီမို့ ဒီနေ့တော့ သံပေါက်တခုနဲ့ပဲ ရပ်လိုက်ပါဦးမယ်။

ကျမကတော့ ဒီစာအုပ်ကို ဖတ်ပြီး အက္ခရာတွေရဲ့ ဆန်းကျယ်ပုံ၊ အသံတွေရဲ့ ထူးခြားပုံ၊ ကာရန်တွေရဲ့ လေးနက်ပုံကို အံ့သြလို့ မဆုံး ဖတ်ရှုလို့မ၀ဖြစ်ရပါတယ်။ သို့ပေသိ စာမျက်နှာ ၅၀၀ နီးပါး စာအုပ်အထူကြီးမို့ အားလုံးလည်း ကျမ ရိုက်မပေးနိုင်ပါဘူး ကိုပြူးကျယ်ရေ …။ ဒါကြောင့်မို့ အားတဲ့အချိန်လေးတွေမှာ အဆင်ပြေသလို ကောက်နုတ်ပြီး ရေးရေးပေးသွားမယ်လို့တော့ ကတိပေးလိုက်ပါတယ်။
ကိုပြူးကျယ်နှင့်တကွ မြန်မာစာ မြန်မာကဗျာ ချစ်သူအပေါင်း နှစ်ထောင်းအားရ ဖြစ်ပါစေ … ရှင်။
***
မေဓာဝီ
18.1.07
10:51 pm

6 comments:

ကလိုစေးထူး said...

ကိုပြူးကျယ်ကို ပေးတဲ့စာက အဖိုးတန်လှပါတယ် အမရေ.. ကျနော်တို့လဲ ပညာတွေရပါတယ်.. ဒီလိုစာမျိုးတွေ ခပ်ရှည်ရှည်သာရေးပါ..မြန်မာစာကို ချစ်မြတ်နိုးသူတိုင်းအတွက် အဖိုးတန်ပါတယ်။ နောက်ထပ်ရေးမယ့် ကိုပြူးကျယ်သို့ ပေးစာ နောက်ဆက်တွဲတွေကိုလဲ စောင့်မျှော်နေပါတယ်။

Anonymous said...

it is so nice, i can't write but like to read myanmar poems, so whenever i miss Myanmar, i come and read your new post everyday..

thanks, for every new post..

Anonymous said...

ဒီပိုစ့်လေးအတွက် ကျေးဇူးတင်တယ် အမ။ ဒီလိုစာမျိုး လေ့လာချင်နေမိတာ အတော်ပဲဖြစ်သွားတယ်။ နောက်ထပ်တင်မဲ့စာကိုလဲ မျှော်လင့်လျက်ပါ။

ဖြူဖြူ

Anonymous said...

ဒီပိုစ့်လေးအတွက် ကျေးဇူးတင်တယ် အမ။ ဒီလိုစာမျိုး လေ့လာချင်နေမိတာ အတော်ပဲဖြစ်သွားတယ်။ နောက်ထပ်တင်မဲ့စာကိုလဲ မျှော်လင့်လျက်ပါ။

ဖြူဖြူ

မေဓာဝီ said...

တော်ပါသေးရဲ့။
ကျမမှာ ဒီစာကို ရေးသာရေးရတယ်၊ ဖတ်တဲ့သူတွေ ပျင်းနေကြမှာလဲ အစိုးသား။
ကျမနဲ့ ၀ါသနာတူ တယောက်တလေ ပါရင်ဖြင့် ဗဟုသုတ ဝေငှရကျိုးနပ်ပါတယ်။
စာအုပ်ဖတ်ပြီးမှ ကောင်းနိုးရာရာ ပြန်ကောက်နုတ်ရိုက်ပေးရတာ ဆိုတော့ အချိန်လဲ တော်တော်ကုန်ပါတယ်။
အားပေးတဲ့သူရှိလို့ ပေးစာ အပိုင်း (၂) ကို ဆက်ရေးဖို့ အားတွေရှိသွားပါပြီ။
ကျေးဇူးအထူးပါ။

Anonymous said...

သိပ်တန်ဖိုးရှိတဲ့ post ပါ။ ကြိုးစားပမ်းစား ရေးပြ၊ ဝေငှာပေးတာ ကျေးဇူးတင်ပါတယ် မမေဓါ။ စောင့်မျှော်နေပါတယ်။
m