Saturday, October 07, 2006

story (once upon a time ...)


နားလည်ရခက်သော .. သူ

သူဟာ .. .. ..
တခါတလေ ပျော်ပျော်ပါးပါးစကားတွေနဲ့ စ’တတ် နောက်တတ်တယ်။
တခါတလေ အမိန့်ဆန်ဆန်စကားတွေနဲ့ အထိနာအောင် ပြောတတ်တယ်။
တခါတလေတော့လဲ .. အကြင်နာစကားတွေနဲ့ နှစ်သိမ့်ပေးတတ်ပါသေးတယ်။
တခါတလေ ဇွတ်တရွတ်အနိုင်ယူတတ်ပြီး တခါတခါ .. ပျော့ပြောင်းစွာ အလျှော့ပေးပြန်တယ်။
တခါတလေ .. သနားဖို့ကောင်းတဲ့သူတယောက်ဖြစ်နေပြန်ပြီး .. တခါတလေတော့ အမြင်ကတ်စရာ အရမ်းကောင်းနေပြန်တယ်။
တခါတလေ သူတပါးကို သိပ်နားလည်လေ့ရှိပြီး .. တခါတလေမှာတော့ .. နားလည်မှုမရှိတဲ့ လူတယောက်။
သူ့ကို .. ကိုယ်ကတော့ နားမလည်နိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုတောင် ကိုယ်နားမလည်တာမို့ သူတပါးကို နားလည်ဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ .. ။
မလွယ်တဲ့သူတွေကြားမှာ သူဟာ နားလည်ရအခက်ဆုံး လူတယောက်ပါပဲ။
***
ကြားခံလူတယောက်ကြောင့် သူနဲ့ကိုယ် ခင်မင်ရင်းနှီးခဲ့ရတယ်။ သူနဲ့ ခင်ပြီးနောက်ပိုင်း သူ့ရဲ့ မဆုံးနိုင်သော မေးခွန်းတွေကို တခါတခါ ညစ်ညူးစွာ .. တခါတခါ ပျော်ရွှင်စွာ .. ဖြေခဲ့ရတယ်။
အလွမ်းဆိုတာ ဘာလဲ .. ။ လူ့ဘ၀ကို ဘယ်လိုအဓိပ္ပါယ်ဖွင့်သလဲ .. ။ ဘ၀ကို ဘယ်လိုချဉ်းကပ်သလဲ .. တို့။ ကိုယ့်ရဲ့ အဖြေတိုင်းကို သူ .. သဘောတကျ လက်ခံခဲ့တယ်။
သူကတော့ .. ခုလိုတွေပြောခဲ့ဖူးတယ်။
ခံစားမှုမရှိရင် လူ့ဘ၀က အထီးကျန်သွားမယ် .. တဲ့ .. ။
(ကိုယ့်မှာ ခံစားမှုရှိပေမဲ့ အထီးကျန်နေပါတယ်။)
အောင်မြင်တိုးတက်ဖို့အတွက် .. အချစ်တွေ အလွမ်းတွေက အကူအညီမပေးနိုင်ဘူး .. အတားအဆီးတောင် ဖြစ်စေနိုင် သတဲ့ .. ။
(ဒါကြောင့်လဲ ကိုယ် မအောင်မြင်တာထင်ပါရဲ့)
စိတ်ကူးယဉ်တာတွေ ..တွေဝေတာတွေ .. ကျနော်မလုပ်ဖူး .. တဲ့ ။
(ကိုယ်ကတော့ စိတ်ကူးလဲ သိပ်ယဉ်တတ်သလို တွေလဲ တွေဝေတတ်တဲ့သူတယောက်ပါ။)
လောကကြီးဟာ ပြောင်းလဲမှုတွေနဲ့ တည်ဆောက်ထားတာ .. တဲ့။
(အဲဒါကိုတော့ ကိုယ်လက်ခံပါရဲ့ .. သူဟာ အချိန်တိုလေးအတွင်းမှာ လုံးဝပြောင်းလဲသွားတယ်လေ။)
***
စိတ်ညစ်တဲ့အခါတိုင်း ပြဿနာတခုခုနဲ့ရင်ဆိုင်ရတိုင်း သူ့ကိုပြောပြဖြစ်တယ် .. ။
ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ စိတ်ညစ်တတ်တဲ့ ကိုယ့်ကို သူက ဖျောင်းဖျ ဖြေရှင်းပေးတတ်လို့ .. သူ့ကိုအမြဲတိုင်တည်ပြောပြဖြစ်တာပါ။ ဒါပေမဲ့ သူဟာ ကိုယ့်ကို အမြဲအကောင်းပြောတတ်သူလဲ မဟုတ်ပါဘူး။ တခါတလေ သူပြောတာတွေကို လက်မခံနိုင်လို့ စိတ်တိုခဲ့ရတာ ခဏခဏ။ ဒါပေမဲ့လည်း နောက်တခါဖြစ်လည်း အမှတ်မရှိ သူ့ပဲပြောပြဖြစ်တာပါပဲ။
‘မေက တခါတခါ သိပ်လေးနက်လွန်းတယ် .. တခါတခါ သိပ်ပေါ့ပျက်လွန်းတယ် .. အစွန်းမရောက်နဲ့ မဇ္ဈိမပဋိပဒါပဲကောင်းတယ်လေ’ လို့ သူက အပြစ်တင်သံတ၀က်နဲ့ ပြောခဲ့ဖူးတယ်။
ကိုယ်ကလဲ ကိုယ်ပါပဲ။ စိတ်ညစ်တဲ့အကြောင်းတွေ သူ့ကိုပြောပြမယ်ဆိုပြီး ချိန်းထားတဲ့တည ကိုယ်တို့ကျောင်းရဲ့ staff party မှာ ကော့တေးလ်တွေကို အမူးသောက်ခဲ့တယ်။
သူနဲ့ စကားပြောရင်း မူးနေတာသိသွားတော့ ကိုယ့်ကို စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး လက်တွေ့နဲ့ ကင်းကွာတယ်လို့ ကိုယ့်ကို အပြစ်တင်ခဲ့တယ်။ ကမ္ဘာလောကကို အကျိုးမပြုတဲ့အရာမှန်သမျှ ကျနော် မစဉ်းစားဘူးတဲ့ ပြောခဲ့သေးတယ်လေ။
သူနဲ့ချိန်းထားပြီး မူးမိတာကို စိတ်မဆိုးနဲ့ တောင်းပန်တယ်ဆိုတော့လဲ .. ဘာလို့တောင်းပန်တာလဲ .. တဲ့ .. ကျနော်စိတ်ဆိုးလဲ မေက ဂရုစိုက်စရာလား .. လို့ပြောတယ်.. ။ စိတ်မဆိုးဘူးလို့ ပြောပေမဲ့ .. သူကိုယ့်ကို မကျေနပ်ဖူးဆိုတာ ခံစားသိနေခဲ့တယ်လေ။
***
သူ့နှုတ်ဖျားမှာ ပြင်းထန်တဲ့ စကားလုံးတွေရှိပေမဲ့ .. သူ့ရင်ထဲမှာတော့ နူးညံ့တဲ့ ကဗျာတွေရှိနေပါသေးတယ်။
အကြောင်းတခုကြောင့် ကိုယ်ငိုနေတဲ့တနေ့မှာ ..
‘အဲဒီလောက်တောင်စိတ်ပျော့ရသလား ..’
‘ပျော့တယ်’
‘ကဗျာဆရာတွေဟာ လောကမှာ အကြံ့ခိုင်ဆုံး သူရဲကောင်းတွေလေ’
‘အနူးညံ့ဆုံး နှလုံးသားပိုင်ရှင်တွေပါ ..’
‘ကိုယ့်စိတ်ကိုယ်ပြင်လိုက်ပါ .. မပြင်လိုက်ဘူးဆိုရင် .. အောင်မြင်မှာမဟုတ်ဘူး .. ကျဆုံးလိမ့်မယ် .. စိတ်သည် အခရာလေ’
‘ … … …’
‘မနက်ဖန်ကို ပုံမှန်ပြန်ဖြစ်အောင်လုပ် .. ဒီတညခွင့်ပြုမယ် .. နောက်ထပ်ဘာမှ မကြားချင်ဘူး .. ဟုတ်ပြီလား’
‘ဟုတ်’
‘အားလုံးဟာ သေးသေးလေးတွေပါကွာ .. ဘာလို့ကြီးအောင်လုပ်ကြမှာလဲ .. လူတွေရဲ့ စိတ်က မတူကြဘူး .. အဲဒါကို သိရင် ရပြီ ..မေဖြစ်တဲ့ ကိစ္စက သေးသေးလေးပါ’
ကိုယ့်ကို အပြစ်တင်ဆူပူပြီးတဲ့နောက် .. သူက ကဗျာတပုဒ် လက်တန်းစပ်ဆိုပြီး ကိုယ့်ကို ဖြေသိမ့်ပေးခဲ့တယ်။
ဘ၀က ပစ်ချခံရတာလား ဖြစ်သမျှခံရတာလား .. ..
ကန္တာရမဆန်ပါဘူး ငါ ဒဏ်ရာရခဲ့တာပါ ..
ညီမလေးရေ ..
ဒီနွေဦးဟာ မင်းခူးယူဖို့ပါ .. ။
အပြင်းထန်ဆုံးစကားလုံးတွေကို ပြန်မြိုချလိုက်မိတဲ့ ငါ ..
အလွမ်းတွေဟာ မျှော်တော်ယောင်မိုးဦးကို ငံ့လင့်ရင်း
ချစ်သူ့အပြုံးဟာ ကျက်သရေမင်္ဂလာအရှိဆုံး ပန်းတပွင့် ..
ချစ်သူမျက်ရည်တစက်ကြောင့် ငါ့ရင်မှာ မုန်တိုင်းထန်ခဲ့ပြီ ..
မိုးဦးရေ .. မင်းလာရင်လဲ လာတော့ကွာ ..
ငိုနေတဲ့ချစ်သူ .. ကိုယ်ဘယ်လိုချော့ရမလဲ .. ။
.. .. .. .. .. ..
.. .. .. .. .. ..
.. .. .. .. .. ..

***
သူနဲ့စကားများတဲ့တနေ့ကို မှတ်မိပါသေးတယ်။ ဧပြီလ ၁၂ ရက်ညပေါ့။ နောက်နေ့ဆို သင်္ကြန်အကြိုနေ့ ရောက်ပြီလေ .. သင်္ကြန်တတွင်းလုံး ဥပုသ်စောင့်မှာမို့ ၁၂ ရက်ညမှာ သူ့ကိုရေလောင်းတော့ သူက .. ခနိုးခနဲ့စကားတွေနဲ့ ကိုယ့်ကို ရိပါတယ်။ မခံချင်လို့ပြန်ပြောရင်း ကိုယ်သူ့ကိုတော်တော်စိတ်ပျက်သွားမိတယ်။
၁၂ ရက်နေ့ညမှာ သူနဲ့စကားများခဲ့ပေမဲ့ .. ၁၃ ရက်နေ့ကျတော့ သူပဲ လာပြီးစ ခေါ်ပါတယ်။ အမြင်ကတ်ကတ်နဲ့ မခေါ်ဘူးနေမလို့ဘဲ .. ဒါပေမဲ့ .. ပြန်ခေါ်လိုက်မိပါတယ်။ ကိုယ်တို့တွေက ကလေးတွေမှ မဟုတ်ကြဘဲလေ။
သူ့ကို ကြောက်တယ် .. လို့ ပြောမိတော့ ..
ကျနော် တုတ်ကိုင်မထားပါဘူး .. မကြောက်ပါနဲ့ .. တဲ့။ တုတ်ထက် ပိုပြီးပြင်းထန်တဲ့ စကားလုံးတွေရှိတယ်လေ .. အဲဒါကိုကြောက်တာ .. လို့ ကိုယ်ကပြန်ပြောတော့ ..
‘ကျနော့် နှလုံးသားကဖြူဖြူလေးပါ .. စကားလုံးတွေက ပြင်းထန်ချင်ပြင်းထန်မယ် .. လုပ်ရပ်အားလုံးက စေတနာ ရာနှုန်းပြည့် ပါပါတယ်၊ ဖောဖောဖိန့်ဖိန့် နဲ့ နားဝင်ချိုအောင် ပြောတတ်တဲ့သူထဲမှာ ကျနော်မပါဘူး နော် ..
ကျနော်က မေ့ကို အသန့်ရှင်းဆုံး ဖြစ်စေချင်တယ် ..’ တဲ့။
***
ဒီ့နောက်တော့ ကိုယ်ရေးတဲ့အက်ဆေးတပုဒ် သူ့ကိုပေးဖတ်ပြီး ဝေဖန်ခိုင်းပါတယ်။
ကိုယ့်အက်ဆေးဖတ်ပြီးတော့ သူက ..
‘ခင်ဗျားနဲ့ ကျနော် ပို နီးစပ်သွားတယ်’
‘ဘာလို့’
‘ခင်ဗျားရေးတဲ့ အက်ဆေးကို ကျနော်သဘောကျတယ် .. ကျနော်လဲ အဲဒီစတိုင်အတိုင်းရေးရတာ သဘောကျတယ်’
‘အင်း’
‘ကျနော် သဘောကျတာ နေ၀င်းမြင့်နဲ့ မောင်သာချိုတို့ အက်ဆေးတွေကိုလေ’
‘အင်း’
‘မောင်သာချိုက ခေတ်ကို သရော်တာများတယ်၊ နေ၀င်းမြင့်က သဘာဝတရားကို အလွမ်းတွေနဲ့ ပုံဖော်တယ်’
‘ကျမ စာကို ဝေဖန်ပါဦး’
‘အဲဒီလမ်းကလေးကို ကျနော်လဲ လွမ်းမိပါတယ်၊ မြင်ခွင့်မရခဲ့ပေမဲ့ မြင်ခဲ့ရသလို ဆရာမက ဆွဲခေါ်သွားနိုင်ပါတယ်’
‘အဲဒီလမ်းကလေးက တကယ်ရှိခဲ့တာလေ’
‘တခုထဲကိုပဲ ပေးထားတယ်နော် .. အဲဒီတခုက တဘ၀အတွက် အဓိပ္ပါယ်တွေနဲ့ ပြည့်နေပါတယ် .. ကွန်ဂရက်ကျူလေးရှင်း’
သူကသဘောကျတယ်လို့ပြောတာကို ကိုယ့်မှာ ဆုလာဘ် တပါးလိုပါပဲ။ ဘာများ ပြောထည့်လိုက်မလဲ လို့ ခပ်လန့်လန့်လေ။
‘ကျနော်ရေးခဲ့တဲ့ ကဗျာတပုဒ် စိတ်ထဲ ပေါ်လာလို့ နားထောင်မလားဟင်’ ဆိုပြီး
သူ့ကဗျာတပုဒ် ရွတ်ပြတယ်။ အစိမ်းရောင်ငြိမ်းချမ်းရေး .. တဲ့။
အစိမ်းရောင်တွေကြွေနေတာပါ
ကြည့်စမ်း .. တစစီ .. တစစီ ..
သေချာပါတယ် ..
အရူးအမူးကိုချစ်ခဲ့တာပါ .. ။
သူမ ..
ည ..
လရောင် ..
ရင်ခုန်နေတဲ့ ချိုးတကောင် ..
လက်နက်ချသွားတဲ့ မြို့ပြကတော့
အိပ်ချင်သိုးသိုးနဲ့ ..
ငြိမ်းချမ်းရေးသီချင်းကို ဆိုနေပြန်ရော .. ။

***
ကိုယ့်အကြောင်းတွေ အားလုံးသိနေလေတော့ .. တနေ့မှာ ကိုယ်နဲ့စကားပြောရင်း
‘မေ .. စိတ်လေနေတယ်’ လို့ သူ စွပ်စွဲခဲ့ပြန်ပါတယ်။
‘တကယ်တော့ မေရယ် .. လူ့ဘ၀ဆိုတာ တချို့ကိစ္စတွေကိုသာ ဖန်တီးယူလို့ရတာပါလေ .. ဖန်တီးယူလို့မရတာတွေက အများသားလေ .. ဘယ်လိုပဲဖြစ်ပါစေ .. ကျရာဘ၀မှာ စိတ်ကျေနပ်ဖို့က အဓိက ပဲလေ .. မကျေနပ်ရင် ကျေနပ်အောင် ကိုယ့်ဖာသာဖန်တီးယူမှရမှာ ..’
‘အင်း’
‘အရေးကြီးတာက တန်ဖိုးရှိတဲ့လူအဖြစ် ရှင်သန်ဖို့ပဲ .. ဟုတ်? … အများအကျိုး လူ့လောကအကျိုးကို ဆောင်ရွက်သူ ဖြစ်ဖို့ပဲ လိုပါတယ်’
‘ကိုယ်က ခံစားချက်ကို သိပ်ဦးစားပေးမိတယ်’
‘အင်း .. ကြိုးစားလျှော့ပေါ့ .. ခံစားချက်ကို ဦးစားပေးရင် အမှားများနိုင်တယ် .. ဟုတ်’
‘ကျေးဇူး ..နော်’
‘မေ စိတ်ချမ်းသာအောင် အားပေးတာလေ ..နောက်မှ မေ့မသွားနဲ့နော် .. ’
‘မေ့ပါဘူး .. ကို---- ကရော ..မေ့မှာလား’
‘ကျနော်ကတော့ မေ့ပါဘူး .. ကျနော့်ဘ၀က ဒီလိုပဲလေ .. အပြောင်းအလဲ မရှိပါဘူး’
‘အင်း .. ကိုယ်ကလဲ မေ့ပါဘူး .. လွယ်လွယ်နဲ့လဲ မမေ့တတ်ဘူး .. ခက်ခက်နဲ့လဲ မမေ့တတ်ဘူး’
‘မေ့သင့်တဲ့ ကိစ္စကိုတော့ လွယ်လွယ်နဲ့မေ့သင့်တာပေါ့’
‘မေ့သင့် မမေ့သင့် ဘယ်လိုခွဲခြားရပါ့’
‘အဲဒါတော့ သိဘူး .. ကိုယ်ညံ့ ကိုယ်ခံပဲလေ .. စိတ်နဲ့ ခံစားကြည့်ပေါ့’
အဲဒီကတည်းက ကိုယ်သိခဲ့ဖို့ကောင်းတာလေ .. ။ ကိုယ်ဟာ သူ့အတွက် လွယ်လွယ်နဲ့မေ့သင့်တဲ့ သူတယောက်ပေပဲ။
***
သူ့ကိုယ်သူတော့ နှလုံးသားကခပ်ယိုင်ယိုင်တဲ့ .. မလွမ်းချင်ဘူးတဲ့ .. မချစ်ချင်ဘူးတဲ့ .. ချစ်ပြီးရင် လွမ်းရမှာကြောက်သတဲ့လေ။ တရက်တော့ သူကစကားအဆက်အစပ်မရှိ ပြောလာတယ် ..
‘မေ နဲ့တူတူနေချင်တယ်ကွာ’ ..
‘ဘယ်လိုနေမှာလဲဟင်’
‘အိမ်လှလှလေးတလုံးထဲမှာ တူတူစကားပြောချင်တယ် .. တောင်ကုန်းလေးနားမှာ .. စမ်းချောင်းလေးက အနားမှာစီးနေတယ် .. အဲသလောက်ဆို ကျေနပ်တယ်’
‘အင်း ..’
‘မေနဲ့ တွေ့ရတာ .. ၀တ္ထုတပုဒ်ကိုဖတ်နေရသလိုပဲ’
‘… … …’
‘ရည်းစားတယောက် အမြန်ဆုံးထားမှ ဖြစ်မယ်’
‘ဘာလို့လဲဟင်’
‘မေ့ကို ချစ်မိသွားမှာစိုးလို့ပဲ .. အပွင့်လင်းဆုံးပြောရရင်တော့လေ .. သိပြီလား’
‘ချစ်မိသွားရင် .. ဘာဖြစ်လို့လဲ’
‘အသွားအပြန်ရှိမှ ဘယ်အရာမဆို ကောင်းတာပေါ့ .. သေချာနေတဲ့ပွဲကို အရှုံးခံပြီး မကန်ပါဘူး၊ အဲဒါမျိုး ဘယ်တုန်းကမှ မလုပ်တတ်ပါ ..သေချာမှ လုပ်ပါသည်’ တဲ့
ကြည့်ပါဦး .. ဘယ်လောက် အမြင်ကတ်စရာကောင်းတဲ့ လူလဲလို့။
ဒါပေမဲ့လည်း သနားစရာကောင်းတဲ့အခါ ကောင်းပြန်တယ်လေ။ သူလုပ်နေတဲ့အလုပ်တွေ .. သူယူထားရတဲ့ တာဝန်ကြီးကြီးတွေ .. သူရင်ဆိုင်နေရတဲ့ ဘ၀ကြမ်းကြမ်းတွေ .. အားလုံးကို ကိုယ်နားလည်ပေးနိုင်ခဲ့တယ် .. အဲဒီအချိန်ကပေါ့။
‘နေရောင်အောက်က ဘ၀ပါ ..မေရယ်’ .. လို့ သူက ပြောတော့
‘နေရောင်ခြည်သည် ရောဂါပိုးကို သေစေ၏’ လို့ ကိုယ်ပြန်ပြောခဲ့မိတယ်။
‘ပူလွန်းရင် အရေပြားတွေ နေလောင်ကုန်လိမ့်မယ’်
‘နဂိုထဲက ခပ်မွဲမွဲ အရေပြားတွေပါ ..နေလောင်လို့လဲ ထူးခြားမသွားပါဘူး ..’
‘ပြောချင်ရာပြောပါ .. စိတ်ချမ်းသာရင် ပြီးတာပဲ ..’
***
‘မေ့ကို အားမရဘူး ..’ တဲ့
‘မြင့်မြတ်တဲ့ ..လေးနက်တဲ့ .. ကိုယ်ကျင့်သိက္ခာကြီးမားတဲ့ အမျိုးသမီးတယောက်အဖြစ်မြင်ချင်တယ် ..’ တဲ့
‘မေ့ကို နားအလည်ဆုံးဖြစ်နိုင်ဖို့ .. ကြိုးစားခဲ့တယ် .. ကြိုးစားနေတယ် ..’ တဲ့
‘တကယ်တော့ ကိုယ်ကြိုက်ရာလုပ်ခွင့် လူတိုင်းမှာရှိပါတယ် .. ပိတ်ပင်လို့မရသလို ပိတ်ပင်လို့လဲ မသင့်ပါဘူး။
ကျနော်နဲ့ မေနဲ့ ဘာမှမဆိုင်ဘဲနဲ့ ကျနော်ပြောတာကို ဂရုစိုက်နေရင် မေပဲ စိတ်ညစ်ရမှာပေါ့ ..’ တဲ့
‘မေ့ကို အမြင်လဲကတ်တယ် .. ချစ်လဲချစ်တယ် .. သနားလဲ သနားတယ် .. ရောထွေးနေတယ်ကွာ ..’ တဲ့
‘မေ့ကို ဘာလုပ်ပေးရမလဲ .. ဘာဖြစ်ချင်လဲ .. ဟင် ..’ တဲ့ ..။
အဲဒီအပြောတွေကြောင့် ကိုယ့်ကို ဂရုစိုက်တယ်လို့ထင်ခဲ့မိတယ်။
တခါတခါတော့လဲ သူကြည့်နေတဲ့ ဘောလုံးပွဲလောက်တောင် ဂရုစိုက်မပေးနိုင်ခဲ့ပြန်ဘူး။
သူဘောလုံးပွဲကြည့်နေချိန်မှာ သွားနှောက်ယှက်သလိုလုပ်မိလို့ ..
‘မေ .. ကိုယ် အလကားထိုင်နေတာမဟုတ်ဖူး .. ဘောလုံးပွဲကြည့်နေတာ’ ဆိုပြီး ပြောတာခံရသေးတယ်။
တခါတခါ သူပြောတဲ့စကားတွေကို .. နားထောင်ပြီး .. သူ့ကို ဘယ်လို နားလည်ရမှန်း မသိလောက်အောင်ပဲ။
‘မေ့ကိုအားနာလို့သာ ကိုယ့်အချိန်တွေထဲက ဖဲ့ပြီးပေးတာ ..’
‘ကိုယ်အလုပ်မအားဘူးနော် ..ချော့ဖို့အချိန်မရှိဘူး .. ခဏလောက် ငြိမ်ငြိမ်လေးထိုင်နေပါလားဟင် ..’
‘ကိုယ်အလုပ်များနေတာ သိတယ်ဟုတ်၊ တခြားလူနဲ့ဆို စကားတောင်မပြောဘူး မေ့ကို အားနာလို့ပြောနေတာ ..’ တဲ့
‘ကိုယ်က အချိန်ကို တန်ဖိုးရှိရှိပဲ အသုံးချချင်တာလေ .. အချိန်ဇယားအတိုင်း အချိန်တွေကို ကုန်ဆုံးစေတာ ..’
‘တကယ်က မေရယ် .. ကိုယ်နဲ့ မလွယ်ပါဘူးကွာ .. ကြာရင် မေစိတ်ညစ်ရလိမ့်မယ် .. ကိုယ်က ကိုးလိုးကန့်လန့်’
‘ကျနော်တို့ စဉ်းစားတာချင်းမတူဘူး ..ရေရှည်မှာ ပြဿနာရှိမယ်ထင်တယ်’
***
ဒီလိုနဲ့ ..
ကိုယ့်ကို နားလည်တယ်လို့ ထင်ခဲ့တဲ့သူဟာလည်း နောက်ဆုံးတော့ ကိုယ့်ကို ရုတ်တရက်ခွဲခွါသွားခဲ့ပြန်ပါတယ်။
‘မေ .. ဘာမှ ပူပင်သောကရောက်စရာကိစ္စတွေ မစဉ်းစားနဲ့နော် .. မေ့ကို ပစ်မသွားပါဘူး .. ယုံနော် ..’
ဆိုတဲ့ စာလေးကို နောက်ဆုံးရေးခဲ့ပြီး သူဟာ ကိုယ့်ဘ၀ထဲက တိတ်တိတ်လေး ထွက်သွားပြန်တယ် ..။
ကိုယ်မခေါ်ဘဲ ကိုယ့်ဘ၀ထဲကိုဝင်လာပြီး ကိုယ်မနှင်ဘဲ ပြန်ထွက်သွားတဲ့သူ့ကို .. ကိုယ်က ဘယ်လိုများနားလည်ရမှာလဲ။
***
နောက်ဆုံးတော့ ..
နားမလည်နိုင်တဲ့ သူ့ကို နားလည်ဖို့လဲ မကြိုးစားတော့ပါဘူး။ ဘာကြောင့် ကိုယ့်အနားက ထွက်သွားတယ်ဆိုတာလဲ ကိုယ် မသိချင်တော့ပါဘူး။
အချိန်တွေကြာလာတာနဲ့အမျှ မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့ပါတယ်။
ဒါပေမဲ့ ..
တခါတလေ တိုက်ဆိုင်မှုလေးတွေနဲ့ ကြုံတဲ့အခါ ..
ခုလို မှတ်မှတ်ရရ သတိရနေမိပြန်ရော ..။
***
(အဝေးတနေရာမှ .... သို့)

4 comments:

NLS said...

ဖတ်ရတာ ကောင်းပါ့အမ။

NLS said...

ဒါပေမယ့် ခံစားရတဲ့ သူတွေ အဖို့တော့ မကောင်းဘူး :(

Maydarwii said...

lynn seck..
thank you for your commnet.

Mhu Darye said...

ဒီပိုစ်လေးလည်း ဖတ်ဖြစ်ပြန်ပြီ။