Saturday, October 28, 2006

သတ်ပုံများနှင့် ကျမ

ကိုသံလွင်ရဲ့ ဘလော့ခ် က မြန်မာစာ စာလုံးပေါင်းသတ်ပုံ အကြောင်း ရေးထားတဲ့ ပို့စ်ကိုဖတ်ပြီး ဒီစာကို ရေးဖြစ်ပါတယ်။
***
ကျမ အသက် ၁၆-၁၇ နှစ်အရွယ်လောက်ကတည်းက စာပြင်တဲ့သင်္ကေတတွေ အဖေကသင်ပေးပြီး အဖေ့ကို စာကူပြင်ပေး/ ဖတ်ပေးခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး ကြိုကြားကြိုကြား ကြေးစားရော အခမဲ့ရော စာပြင် စာတည်းလုပ်ခဲ့ရတာ ခုချိန်ထိပါပဲ။ ကိုယ်က စာပြင်နေကျမို့ စာတပုဒ်ကိုဖတ်တာနဲ့ သူများအမှားတွေကို တန်းပြီးမြင်တတ်ပါတယ်။ (ကိုယ့်အမှားတော့ ကိုယ်မမြင်ဘူး ဆိုတဲ့သဘောပေါ့ ..)
ခုခေတ် စာနယ်ဇင်းတွေ အပါအ၀င် သုတ၊ ရသ စာအုပ်တွေ ထဲမှာ သတ်ပုံအမှားပေါင်းများပေါင်းများစွာကို တွေ့ရတဲ့အခါ တော်တော်လေး စိတ်ပျက်မိတယ်။
ဟိုးအရင် ခဲစာလုံးနဲ့ စာစီရတဲ့ခေတ်မှာ စာလုံးပေါင်းမှားရင် ခုခေတ်လို ပြင်ရတာမလွယ်ပါဘူး။ ဒါပေမဲ့ အဲဒီအချိန်က စာအုပ်တွေမှာ စာလုံးပေါင်းအမှားက ခုခေတ်လောက် မဆိုးပါဘူး။
အရင်က စာအုပ်တိုက်ကြီးတွေမှာ တကယ်စာတတ်ပေတတ် စာတည်းပုဂ္ဂိုလ်ကြီးတွေ ခန့်ထားပြီး အဆင့်ဆင့် စာပြင်ရ တည်းဖြတ်ရတာကြောင့် စာဖတ်သူတွေလက်ထဲ စာကောင်း စာသန့်တွေ ရောက်ခဲ့ရပါတယ်။
အခု ကွန်ပျူတာခေတ်မှာထုတ်ဝေတဲ့ စာအုပ်တွေမှာ စာလုံးပေါင်းအမှားများစွာကို တွေ့ရတာဟာ ကွန်ပျူတာစာစီသူတွေရဲ့ တာဝန်ဖြစ်သလို အဓိက တာဝန်ရှိသူတွေကတော့ စာအုပ်စီစဉ်သူတွေ နဲ့ အယ်ဒီတာတွေပါပဲ။
ဒါတွေကို တွေ့မြင်စိတ်ပျက်ထားတဲ့ ကျမဟာ ကိုယ်လုပ်တဲ့အခါ ဒီလိုမဖြစ်စေရဘူးလို့ စိတ်ထဲ တွေးထားမိပေမဲ့ တကယ်တမ်း ဂျာနယ်တစောင်ကို ကိုယ်တိုင်လုပ်ရတဲ့အချိန်မှာလည်း အမှားမကင်းတဲ့ ဂျာနယ်တစောင် အဆင့်သာ ဖြစ်ခဲ့ရပါတယ်။ (ဘယ်လောက်များ လွဲမှားသလဲဆိုရင် စာရေးဆရာ နီကိုရဲကတောင် ကျမတို့ ဂျာနယ်အတွက် ‘အလွဲများနဲ့ မေ’ ဆိုပြီး စာမူတပုဒ်ရေးပေးပါသေးတယ်)
ကိုယ့်ဟာကိုယ်ကျတော့ အချိန်အခက်အခဲ .. လူအင်အားအခက်အခဲတို့ကြောင့် ဒီလို အမှားတွေဖြစ်ရတာပါ ဆိုပြီး စိတ်ထဲကျိတ်ပြီး ဆင်ခြေပေးနေမိပြန်တယ်။
အဲဒီတော့မှလဲ တခြားစာနယ်ဇင်းတွေကို နည်းနည်း နားလည်ပေးချင်သလိုလိုဖြစ်ခဲ့ရပါရဲ့။
ဒါပေမဲ့လည်း မမှားသင့်တဲ့ဟာမျိုး မှားတာတွေတွေ့ပြန်ရင် ခုချိန်ထိ ဝေဖန်ကဲ့ရဲ့ချင်ပါသေးတယ်။
အဲဒါကတော့ print media အပိုင်းဆိုပါတော့လေ။
***
ခုနောက်ပိုင်း အင်တာနက်စာမျက်နှာတွေပေါ်မှာ စာတွေဖတ်ရတော့ ပိုပြီးဆိုးဝါးတဲ့အမှားတွေ တွေ့ရပြန်တယ်။
အင်တာနက် ၀ဘ်ဆိုက်ပေါ်မှာ တယောက်တပေါက် ဆွေးနွေးကြတဲ့ဖိုရမ်တွေက စပြီး ဘွတ်ခ်ကော်နာမျိုးနဲ့ တခြား တခြားသော အွန်လိုင်းစာစောင်တွေအထိ မှားပြီးရင်းမှားသော အမှားများစွာကို တွေ့ရတဲ့အခါ ..
စစချင်းတော့ ထုံးစံအတိုင်း နားလည်မှုမရှိစွာ မျက်စိစပါးမွှေးစူးခဲ့ပါတယ်။ ဒါလေးတောင်မသိဘူးလား၊ ဒါကို မှားစရာလား .. ရယ်လို့ .. စိတ်ထဲ တွေးမိတယ်။ ကဲ့ရဲ့ ချင်တယ်၊ အပြစ်ပြောချင်ပါတယ်။
ဖိုရမ်ပေါ်မှာ ဆရာကြီးလုပ်ပြီး သူများသတ်ပုံအမှားတွေ ထောက်ပြလို ထောက်ပြ၊ အမှန်က ဘယ်လိုဆိုပြီး သင်ပေးလိုသင်ပေးနဲ့ပေါ့။
ချယ်ရီသစ္စာကိုတောင်မှ မေးလ်ပို့ပြီး သူ့အမှားတွေ ထောက်ပြခဲ့မိပါသေးတယ်။ (အနေမတတ်ပုံများလေ … လူအမြင်ကတ်အောင် သိပ်လုပ်ချင်တာ)
ခုနောက်ဆုံး အောက်တိုဘာလထုတ် မိုးသောက်ကြယ် ဂျာနယ်(အတွဲ ၃၊ အမှတ် ၁၀) မှာ ကြေးမုံဦးသောင်းရေးတဲ့ ‘သတင်းတို့၏စေတသိက်’ ဆိုတဲ့ဆောင်းပါးမှာ ခေါင်းစဉ်က စပြီး အတွင်းစာသားတွေ အားလုံး စေတသိက် လို့ ကကြီးသတ် သုံးရမဲ့အစား တ၀မ်းပူသတ် -စေတသိတ် လို့ ရေးထားတာတွေ့လိုက်ရလို့ စိတ်ထဲ ကလိကလိ ဖြစ်မိတယ်။
ကြေးမုံဦးသောင်းကတော့ မမှားလောက်ပါဘူး၊ စာစီဆရာတွေပဲ မှားတာနေမှာဘဲလို့တော့ တွေးမိပါရဲ့။
ဒါပေမဲ့ .. အခုအချိန်မှာ .. အမှားတွေကို လိုက်လံ ပြင်ဆင် ဝေဖန်လိုခြင်း သိပ်မရှိတော့ပါဘူး။ (နဲနဲတော့ ရှိသေးတယ်ဆိုပါတော့)
ဘာကြောင့်လဲ .. ဆိုတော့ရင် …
ဘလော့ခ်တွေကို စဖတ်ဖြစ်ခါစကတော့ သတ်ပုံအမှားတွေ တွေ့ရင် ကိုသံလွင်ပြောသလိုပဲ ထမင်းစားကောင်းတုန်း ခဲကိုက်မိသလို ဖြစ်ခဲ့ဖူးပါရဲ့။
လူဆိုတာ ကိုယ်တိုင်ဖြစ်မှ ကိုယ်ချင်းစာတတ်တာပါ။
ကျမ ကိုယ်တိုင်ဘလော့ခ် လုပ်တော့မှ မလုပ်တတ်လုပ်တတ် လုပ်ရတဲ့အထဲ အချိန်ရသလောက်လေး ကမန်းကတန်းရေး ကွန်နက်ရှင်ကောင်းချိန်လေး အမြန်အဆန် တင်ရတာမို့ စာလုံးပေါင်းအမှားတွေ သိပ် ဂရုပြုမနေမိတော့ပါဘူး။
တချို့စာလုံးပေါင်းတွေကိုတော့ ကျမ တမင်မှားရေးတာရှိပါတယ်။
ဥပမာ -
ကျွန်တော်/ကျွန်မ မရေးချင်လို့ ကျနော်/ကျမ လို့ သုံးတယ်။
(ကိုယ့်ကိုယ်ကို မနှိမ့်ချချင်ဘူးလေ .. မင်္ဂလာတရားတော်နဲ့ မညီလိုက်ပုံများ .. နော်)
လာပါဦး အစား လာပါအုံး လို့ အားရပါးရသုံးချင်တယ်။
(လာပါဦး ဆိုရင် ဦးလေးကို ခေါ်တာနဲ့မှားမှာစိုးလို့ပါ)
တစ် နဲ့ တ ကိုတော့ ဘယ်လိုပြောပြော ကျမ ပြင်မှာမဟုတ်ဖူး၊ တ - လို့ပဲ သုံးနေမှာပါပဲ။
(ခေါင်းမာတယ်လို့ ဆိုချင်ဆိုနိုင်ပါတယ်)
အဲဒါတွေက တမင်ရေးတာတွေပါ။ မှားတာတွေလဲ ရှိမှာပါပဲ၊ ကျမလဲ စာလုံးပေါင်းသတ်ပုံကျမ်း တချိန်လုံး မကြည့်နိုင်တာကြောင့် မှားလိုက မှားစေတော့လို့ စိတ်လျှော့လိုက်ပါတယ်။
မမှားချင်ဘဲ မှားရတာမျိုးကျတော့ စိတ်ထဲ သိပ်မကောင်းပါဘူး။ တနုံ့နုံ့နဲ့ ဖြစ်နေမိတယ်။
ကျမဘလော့ခ်က ပို့စ်တခုမှာ တကယ်တမ်းရေးချင်တာ သဒ္ဓါတရား လို့ ရေးချင်တာပါ။ အဲဒီစာ ရိုက်နေစဉ်က အောက်က (ဓ) ဘယ်နားနေမှန်းမသိဘူး။ ၀င်းဖောင့်ဆိုရင်တော့ ပါဌ်ဆင့်တွေအလွတ်ရနေပေမဲ့ ဇော်ဂျီဖောင့်မှာ အောက်က ဓ ကိုဘယ်လိုရိုက်ရမှန်းမသိပါဘူး။ ရှာဖို့လဲ အချိန်က မပေးနိုင်ပါဘူး။ ဒါနဲ့ပဲ ဓ အစား ဒ ကို သုံးလိုက်ရတယ်။ သဒ္ဒါတရားလို့ ပေါင်းလိုက်မိပါတယ်။ အဓိပ္ပါယ် တက်တက်စင်လွဲသွားတာပေါ့။ စိတ်ထဲ တော်တော်လေး ကသိကအောက် ဖြစ်မိတယ်။ ဒါပေမဲ့ မတတ်နိုင်ဘူး။ အချိန်မှမရှိတာကိုး။
ဖတ်သူတွေနားလည်ရင်ပြီးတာပဲလို့ ကိုယ့်ဟာကိုယ် ဖြေတွေးတွေးခဲ့ရပါတယ်။
သတ်ပုံမှန်ဖို့ အမြဲသတိထားပြီး သူများအမှားတွေကို ပြင်ပေး ထောက်ပေးခဲ့တဲ့ ကျမကိုယ်တိုင်တောင် တမင်အမှားမျိုး၊ မတော်တဆအမှားမျိုး၊ မသိလို့မှားတဲ့အမှားမျိုး၊ သိသိနဲ့ မမှားချင်ဘဲ အခြေအနေအရ မှားလိုက်ရတဲ့ အမှားမျိုး .. စသဖြင့် ကြုံရတယ်ဆိုရင် ခုမှ စာ စရေးတဲ့သူတွေအဖို့ အမှားများစွာနဲ့ ကြုံရမှာပဲဆိုတာ ကိုယ်ချင်းစာပြီး သိခဲ့တဲ့ နောက်ပိုင်းမှာတော့ … သူတို့အမှားတွေကို ထောက်ပြ ဝေဖန်မဲ့အစား
မှားတာတွေကိုတွေ့ရင် ကိုယ့်ဟာကိုယ်ပဲ စိတ်ထဲကနေ အမှန်ပြင်ပြီးဖတ်လိုက်ပါတယ်။
***
ဒါပေမဲ့ .. တခုတော့ရှိပါတယ်။
လွတ်လပ်စွာရေးသားလို့ရတဲ့ အင်တာနက်စာမျက်နှာတွေပေါ်မှာ အခြေအနေအရ အမှားလေးတွေ ဖြစ်တာကို ကျမတို့ ခွင့်လွှတ်ပြီး ဖတ်နိုင်ပါတယ်။
စာနယ်ဇင်းကို ပို့ဖို့ ဒါမှမဟုတ် စာအုပ်ထုတ်ဝေဖို့ ရည်ရွယ်ပြီး ရေးတာမျိုးဆိုရင်တော့ တတ်နိုင်သလောက် အမှားကင်းစေချင်ပါတယ်။
ရေးသူကိုယ်တိုင်က အမှားကင်းမှ စာစီသူ၊ စာပြင်သူ တွေကလည်း အမှားနည်းမှာပါ။
ကျမ တာဝန်ယူလုပ်ပေးခဲ့ရပြီး မကြာခင်ရက်ပိုင်းကမှ ပြီးသွားတဲ့ ဘာသာရေးစာအုပ်တအုပ်ဆိုရင် ဖောင် ၁၀၀ နီးပါးရှိတဲ့ ကျမ်းစာအုပ်ကြီးတအုပ်ပါ။ ပရုပ်ဖ် ကို ၄ ခါ ဖတ်ရပါတယ်။ first proof ကို ကျမ ကဖတ်ပြီး second proof ကို ပါဠိပါရဂူ ဆရာကြီးတယောက်ကဖတ်ပါတယ်။ သူဖတ်ပြီးတဲ့ နောက် 3rd proof ကို ကျမက ပြန်ဖတ်ပြီး နောက်ဆုံး final proof ကို ဆရာကြီးက ပြန်ဖတ်ပါတယ်။ အဲဒီလို လေးခါ ဖတ်တာတောင် နောက်ဆုံး စာအုပ်ထွက်တော့ အမှား အယွင်း အပေါက်အကျ လေးတွေ ရှိပါသေးတယ်။
ပြောချင်တာက ခြောက်ပြစ်ကင်း သဲလဲစင်ဖြစ်ဖို့တော့ ခုခေတ်မှာတော်တော်မလွယ်တဲ့ ကိစ္စပါ။ အဓိက ကတော့ အချိန်ပေးနိုင်မှုပါပဲ။
အပြင်ကွန်ပျူတာစာစီဌာနတွေမှာ သွားအပ်ရင် proof ကို ၂ ခါအပြင် ပိုမထုတ်ပေးပါဘူး။ ပိုထုတ်ပေးရမယ်ဆိုရင် ငြိုငြင်ကြပါတယ်။ (ဒါမှမဟုတ် ပိုက်ဆံပိုပေးရပါတယ်)
ဒါကြောင့် ကိုယ့်စာအမှားကင်းချင်ရင် ရေးသူကိုယ်တိုင် သတိထားဖို့ ပထမအရေးကြီးပါတယ်။ ကိုယ်က professional စာပေရေးသားဖြန့်ချိတော့မယ်လို့ စိတ်ကူးထားရင်တော့ စာလုံးပေါင်းသတ်ပုံတွေကို ဂရုပြုသင့်ပါတယ်။ ကျမသည်လည်း အင်တာနက်စာမျက်နှာတွေပေါ်မှာ ဘယ်လိုပဲ မှားယွင်းစွာရေးသားခဲ့ပေမဲ့ ဂျာနယ် မဂ္ဂဇင်း တွေကို ပို့ဖို့ရေးတဲ့စာတွေမှာတော့ စာလုံးပေါင်း မမှားအောင် တတ်နိုင်သလောက် ဂရုစိုက်ပါတယ်။
အဲဒီအချိန်မှာတော့ ဒီခေတ်ရဲ့ စာလုံးပေါင်းသတ်ပုံကျမ်းကို ကျမ လွန်ဆန်နိုင်ခြင်း မရှိတော့ပါဘူး။
***
ခုတော့ …
စာမျက်နှာပေါ်က အမှားများစွာကိုတွေ့ရင် ကျမ နေတတ်ခဲ့ပါပြီ။
စိတ်လျှော့လိုက်တယ် ပြောမလား .. အရင်ထက်ပိုပြီး နားလည်မှုရှိလာပြီဆိုမလား .. ဒါမှမဟုတ် မင်္ဂလာတရားတော်နဲ့အညီ တင်းတိမ်ရောင့်ရဲတယ်လို့ပဲ ဖြေသိမ့်ရမလား ..
ကိုယ်တိုင်လဲ မဝေခွဲတတ်တော့ပါ။
***
(နောက်မှ စဉ်းစားမိတယ်၊ အဲဒါတွေတခုမှ မဟုတ်ဖူး၊ အပျင်းကြီးပြီး တာဝန်မဲ့လာတာလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်လိုက်တယ်)

9 comments:

Anonymous said...

အမရေးလိုက်တော့မှပဲ.. ပိုပြည့်စုံသွားတယ်.. ကျနော်လဲ အမပြောသလိုပဲဗျ.. သူများအမှားတွေဆို သိပ်မြင်တတ်တာ... ဟဲဟဲ

Anonymous said...

မမေ

ကျွမ်းကျင်၇ာလိမ္မာ၇ာဆိုသလိုပေါ့ ။
သိပြီးအကျွှမ်းတဝင်၇ှိတဲ့သူတွေကပြောပြမှအမှန်ဆိုတာ သိမှာပေါ့ ။

ဒါမှမဟုတ်၇င်”မသိတဲ့သူကမတတ်တဲ့သူတွေကိုဆ၇ာလုပ်နေမှာပေါ”။
အမှန်ဆိုတာဘယ်သိတော့မလဲ။

လူဆိုတာအမှားနဲ့မကင်းတတ်ဘူးလေ။
ကျနော်ေ၇းတာအမှားတွေ၇ှိ၇င်လဲပြင်ပေးပါအုံး။


သမုဒ္ဒ၇ာမင်းသားလေး

မေဓာဝီ said...

ဟုတ်တော့ဟုတ်ပါတယ်။
ဒါကြောင့် ကျမပြောတာလေ .. အမှားတွေ့ရင် မသိကျိုးကျွန်နေတတ်သွားတာဟာ တကယ်တော့ တာဝန်မဲ့သလိုပါပဲ။
ဒါပေမဲ့လဲ ဆရာကြီးလုပ်တယ် ထင်ခံရမှာတော့ မလိုလားဘူးရှင့်။
ဒါကြောင့်ပါ ..။

Anonymous said...

မင်းသားလေး>>> ၇ & ရ မှား နေတယ် :)
Magnetic Field

Anonymous said...

Magnetic field ,
အထူး ကျေးဇူးတင်ပါတယ်။
ဟုတ်တယ်ဗျ ကျနော်မှားနေတယ်။ ”ရ”ကိုရှာတာမတွေ့လို့အလွယ်လိုက်ပြီး “၇“လို့ရေးလိုက်မိပါတယ်။

မင်းသားလေး (သမုဒ္ဒရာ)

နိုင်းနိုင်းစနေ said...

Thanks for your post Ma May . I always do wrong spelling. Please write more of that kinds of post.We really need it.

Anonymous said...

အမှားမြင်သူရှိမှ အမှန်ပြင်လို့ရမှာမို့ သိရင်ပြောပြပါ။ တွေ့ရင်ပြင်ပေးပါ။ ဒီအတွက် ကျေးဇူးကမ္ဘာ။

TZA said...

စာလုံးပေါင်းကို အမှားနည်းနိုင် သလောက် နည်းအောင် ကြိုးစားပေမယ့်လည်း တချို့စာလုံးတွေကို မှန်လား မှားလား မခွဲခြားတတ်တော့ဘူး။ မမေလို လူမျိုးရှိမှ ဖြစ်မှာ။

Anonymous said...

ဟုတ်တယ်မမေရေ ညလေးဆို ကွန်ပျူတာကို စာရိုက်တာတွေတအားများလာလို့လားမသိဘူး တစ်ခါတစ်ခါမှာ သူများတွေရိုက်ထားတာများ မှားနေတာတွေ့ရင် အရမ်းပြောချင်တာ၊ ကိုယ်လဲ မမှားအောင် ဂရုစိုက်ရိုက်တယ် ဒါပေမယ့် ခုတောင် “ရိုက်” ဆိုတဲ့ ရကောက်ကို အတိုနေရာမှာတော့ ညလေး အမြဲတန်း အရှည်ပဲသုံးတယ် ဟီးးးး လှလို့ အတိုကြီးမကြိုက်လို့။ ပြီးတော့ အဖြတ်အတောက်လဲ လိုသေးတယ်။ တစ်ချို့တွေစာဖြတ်ထားတဲ့နေရာမမှန်တဲ့အတွက် ဖတ်ရတဲ့သူတွေ အဆင်မပြေဖြစ်ကြရသေးတယ်။ “မအားရဲ့လား” နဲ့ “မ အားရဲ့လား” ဘယ်တစ်ခု ပိုအဆင်ပြေလဲ? (ဆရာကြီးစတိုင်လ်) :P
မမေ စာပြင်ချင်တယ် ပေးဖတ်စရာတွေရှိရင် ညလေးကို အလုပ်ခန့်နော် အတွေးမမှားနဲ့ တကယ်တော်တာ ဟိ...