Tuesday, October 17, 2006

ဂွီဒေါက်

ည ၇ နာရီ မြ၀တီရုပ်သံမှာ ပြတဲ့ ‘မေတ္တာသည်သာ’ ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲလေးက စိတ်ဝင်စားစရာကောင်းလို့ အမြဲစောင့်ကြည့်ဖြစ်တယ်။ အဲဒီထဲက အဓိကသရုပ်ဆောင်ကောင်မလေးရဲ့ နာမည်က ဂွီဒေါက် မို့ အဲဒီကားကို ဂွီဒေါက်လို့ပဲ ကျမတို့က အလွယ်မှတ်ထားပါတယ်။
ဇာတ်လမ်းမှာ ဂွီဒေါက်က လက်ရှိမိဘရဲ့ သမီးအရင်းမဟုတ်ဘဲ မြောက်ပိုင်းအရာရှိရဲ့ သမီးဖြစ်နေပါတယ်၊ သူနဲ့လက်ထပ်မဲ့ ခေါင်းဆောင်အကို (ဘတ်ယောင်းဂူ) ဆိုသူက တနေ့မှာ သေခါနီးဖြစ်နေတဲ့ မြောက်ပိုင်းကသူလျှိုတယောက်ကို သူ့အိမ်မှာကယ်တင်ထားပြီး ဆေးကုပေးခဲ့တယ်၊ အဲဒီအမှုကြောင့် ခေါင်းဆောင်အကို ဖမ်းခံရပါတယ်။ တကယ်တမ်း သူ့မှာအပြစ်မရှိပါဘူး။ ခေါင်းဆောင်အကို ဖမ်းခံထားရတော့ ဂွီဒေါက်က ဘာလုပ်ရမှန်းမသိဘဲ ပူပင်သောက ရောက်နေပြီး နောက်ဆုံးတော့ ရုံးတော်ကို အသနားခံစာတင်ဖို့ သူတို့နေတဲ့ နယ်မြို့လေးကလူတွေကို ခေါင်းဆောင်အကို လွတ်မြောက်ဖို့ လက်မှတ်ထိုးပေးကြပါလို့ လှုံ့ဆော်ပါတယ်။ ခေါင်းဆောင်အကိုဟာ ဒီနယ်မြို့လေးရဲ့ အကျိုးကို အမြဲလုပ်ဆောင်ခဲ့တဲ့သူတယောက်ဆိုတော့ အားလုံးက တက်တက်ကြွကြွနဲ့ လက်မှတ်ထိုးပေးကြတယ်။
မြို့မျက်နှာဖုံး တဦးဖြစ်ပြီး private ကျောင်းဖွင့်ထားတဲ့ သူဌေး (ဂွီဒေါက်အမရဲ့ မွေးစားဖခင်) ကလည်း လက်မှတ်ထိုးပေးလို့ သူ့မိန်းမ က စိတ်ပူပြီးပြောတယ်။
‘ရှင်လက်မှတ်ထိုးပေးရင် ရှင့်ကျောင်းကို သူတို့စောင့်ကြည့်တာခံရလိမ့်မယ်နော်’
‘ဘတ်ယောင်းဂူဟာ ဒီမြို့လေးအတွက် ကောင်းကျိုးတွေ အများကြီးလုပ်ခဲ့တယ်၊ ဒါကြောင့် သူ့အတွက် ငါ လက်မှတ်ထိုးပေးတာပဲ’
***
ခေါင်းဆောင်အကို ကို ဂွီဒေါက်က ထောင်ဝင်စာ သွားတွေ့တော့ သူက ထောင်ထဲမှာနေရပေမဲ့ အပြင်မှာရှိနေတဲ့ ဂွီဒေါက်ကို ပြန်ပြီး စိတ်ပူနေပါတယ်။
ဂွီဒေါက်မပြန်ခင်သူပြောတဲ့စကားတခွန်းကိုလည်း မှတ်မှတ်ရရ ဖြစ်ခဲ့ရပါတယ်။
‘ခေါင်းဆောင်ကောင်းဆိုတာ ဘယ်နေရာရောက်ရောက် ခေါင်းဆောင်တယောက်လို ပြုမူနေထိုင်ရမယ်’
***
(ပြီးခဲ့တဲ့ ၂ ည လာတဲ့ အပိုင်းထဲက အဲဒီဇာတ်ဝင်ခန်းတွေကြည့်ရတာ တော်တော်အားရ ကျေနပ်ဖို့ ကောင်းတယ်။)

3 comments:

ကလိုစေးထူး said...

ဒီမယ်..မမေဓာဝီ.. နည်းနည်းဆွေးနွေးစရာလေးရှိလို့ စခန်းခနလိုက်ခဲ့ပါလားဗျာ.. ဟိုရောက်မှ ရှင်းပေါ့.. ( အဟဲ.. နောက်တာပါ.. အမတကယ်တော်တယ်..)

မေဓာဝီ said...

တရားစခန်းလိုက်ခဲ့ရမှာလားဟင်
ဘာသာရေးဆွေးနွေးဖို့များလား
ဒါနဲ့ ခဏ ဆိုတာ ဘယ်လောက်ကြာမှာတုန်း ..
(ပြန်နောက်တာပါ ကိုသံလွင် ..ကျေးဇူးတင်ပါတယ်)

dathana said...

ဟုတ်တယ်။ အဲ့ဒီနေ့က အိမ်မှာတောင် ပြောဖြစ်ကြသေးတယ်။ အဲဒီရက်ပိုင်းက အဖြူရောင် လှုပ်ရှားမှုရက်လည်း ဖြစ်တော့။ သူတို့တွေ ဒီတစ်ခါတော့ ဆင်ဆာဖြတ်ဖို့ မမြင်ကြဘူး ထင်တယ်လို့။ :D
မေ11 ညွှန်းလို့ ရောက်လာတာပါ။ နောက်အမြဲလာဖတ်ရမယ်။ :)