Sunday, October 01, 2006

အမေ ...


အမေ
***
အမေ့ကိုသတိရနေတယ် ..
ထူးအိမ်သင်ရဲ့ အမေသီချင်းတွေဖွင့်နားထောင်ပြီး စိတ်ထဲဝမ်းနည်းနေမိတယ် အမေ။
အမေ့ကိုသတိရတယ်ဆိုလို့ .. အမေက အဝေးမှာရောက်နေလို့ မဟုတ်ပါဘူး .. အမေဟာ အနားမှာရှိနေတာပါပဲ။
ဒါပေမဲ့ .. အမေ နဲ့ အဝေးကြီးဝေးနေသလို ခံစားနေရပါတယ်။
မကြာခင်ရက်ပိုင်းမှာ အမေဟာ မြန်မာပြည်နဲ့ မိုင်ပေါင်းများစွာဝေးတဲ့ နေရာတစ်ခုကို သွားဖို့ ပြင်ဆင်နေပြီလေ ..။
ကိုယ့်ကို အမေ ထားခဲ့တော့မယ်လေ .. ။
ဘယ်တုန်းကမှ မခံစားဖူးတဲ့ အားငယ်မှုမျိုး ခံစားနေရပါတယ်အမေ .. ။
အရင်ကလည်း ခုလိုမျိုး နိုင်ငံရပ်ခြားခရီးကို အမေ သွားခဲ့သေးတာပဲ။
အဲဒီတုန်းက ဘာမှ ထွေထွေထူးထူး မခံစားရဘဲ .. ခုတော့ .. အမေမသွားခင်ကတည်းက အမေ့ကို သတိရနေမိတယ်။
အခု အချိန်မှာ .. အမေနဲ့တူတူ နေချင်ပါတယ် အမေ .. ။
အမေ ထွက်သွားမှာကို မလိုလားဘူး .. ။
ဒါပေမဲ့လည်း ဒီအချိန်မှာ အမေ့အတွက် အပြောင်းအလဲ တခုခုတော့ လိုအပ်နေတယ်ဆိုတာ နားလည်ပါတယ်။
ဒီအိမ် ဒီဝင်း ဒီအခန်းလေးထဲမှာ .. ဒီသမီးနဲ့ တူတူနေနေရတာကြာပြီလေ .. ။
အမေ ငြီးငွေ့ရောပေါ့ … ။
အဝေးရောက်နေတဲ့ အမေ့ သမီးလတ်ကိုလဲ အမေ လွမ်းရောပေါ့ .. ။
အမေ့အတွက် ကောင်းပါတယ် .. အမေ .. ဒါပေမဲ့ .. ကျန်ခဲ့ရမဲ့ သမီးကတော့ .. .. .. ။
ဘယ်တုန်းကမှ မိသားစုကို သံယောဇဉ်မရှိခဲ့တဲ့ အမေ့သမီးက ခုလိုပြောတော့ အမေ ရယ်ချင်မလား .. စိတ်ရှုပ်မလားဘဲနော် .. ။
အမေ့ကို ဒီအကြောင်းတွေ ပြောပြရင် .. သွားခါနီးမှာ စိတ်မဖြောင့်အောင် ငါ့ကို ဂျီမတိုက်ပါနဲ့ အေ .. လို့ အမေပြောမလား .. ။
ဗိုက်ထဲမှာထဲက ကန့်လန့်နေတယ်လို့ အမေပြောနေကျ အမေ့ရဲ့သမီးဟာ အသက်ကြီးတဲ့ထိလဲ လူတွေနဲ့ လိုက်လျောညီထွေ မနေတတ် .. သဟဇာတဖြစ်အောင် မဆက်ဆံတတ်တာကြောင့်.. အမေ စိတ်မချချင်လဲ မချချင်စရာပေါ့ .. ။ ခုချိန်ထိ ကိုယ့်ဘ၀ကိုယ်လည်းနားမလည် .. လောဘမကြီးဘဲ မာနတွေသာကြီးနေတဲ့ အမေ့သမီးကို အမေ စိတ်ပျက်မှာပါပဲ။
ဘာပဲဖြစ်ဖြစ်ပါ အမေ ..
အမေ့သမီးဟာ ဒီလိုပဲ ပေပေတေတေနဲ့နေရင်း ကြုံလာမဲ့ ဒုက္ခခါးခါးတွေကို မြိန်ယှက်စွာရင်ဆိုင်ရင်း ..
အမေ ပြန်လာမယ့် အချိန်ကို စောင့်မျှော်နေပါမယ် .. ။
လောလောဆယ်တော့ .. အနားမှာရှိတဲ့ အမေ့ကိုပဲ လွမ်းနေဦးမယ် … အမေ ။

2 comments:

THET NAI TUN said...

အမေက သား၊သမီးကိုလွမ်း။ သား၊သမီးအမေ့ကို လွမ်းနေရဲ့ ၀မ်းနည်းစရာတွေပါလားနော်...။

ကလိုစေးထူး said...

အမေဆိုတဲ့ ခေါင်းစဉ်ကိုတွေ့တော့ တကယ်တမ်းပြောရရင် မဖတ်ချင်လှဘူး.. မေမေနဲ့ ပတ်သက်တဲ့ ထိခိုက်မှုက ကျနော့်အတွက်ကြီးကြီးမားမား ရှိခဲ့လို့ပါ.. ဒါပေမယ့် စိတ်ဝင်စားမှုကြောင့် ဖတ်ဖြစ်သွားတယ်.. ဒါပေမယ့် အမရယ်.. အမခွဲရမယ်ဆိုတာ ခနတာလို့ထင်ပါတယ်.. ကျနော်မှာသာ… အဲ..မဟုတ်ဘူး.. ကျနော်တို့တတွေမှာသာ……………..။