Thursday, October 26, 2006

ကျမနဲ့ မြွေ ...


ကျမရဲ့ အိပ်မက်တွေထဲမှာ အမြဲလိုလိုမက်တတ်တာက .. ‘မြွေ’ နဲ့ ‘ရေ’ ပါပဲ။ မြွေနဲ့ ရေ ပါတဲ့ အိပ်မက်တွေ ခဏခဏမက်တတ်လွန်းလို့ အမေ့ကိုပြောပြတော့ ကျမက စနေသမီးမို့ .. တဲ့၊ စနေ ဆိုတော့ နဂါး ကိုး။ နဂါးဆိုတာ မြွေအမျိုးအနွယ်ပဲ၊ ပြီးတော့ ရေထဲမှာနေတဲ့ သတ္တ၀ါမျိုး၊ ဒါကြောင့် ဒီလိုအိပ်မက်တွေ မက်တာနေမှာ လို့ အမေကဆိုပါတယ်။ နဂါးရှိတဲ့ ဘုရားတွေမှာ နွားနို့တို့ ပေါက်ပေါက်တို့ သွားလှူလို့ အမေက ပြောပေမဲ့ တခါမှ လည်း မလှူဖြစ်ပါဘူး။
မြွေနဲ့က အိပ်မက်ထဲမှာတင်မကဘူး အပြင်မှာပါ ခဏခဏ ရင်ဆိုင်တိုးခဲ့ဖူးတယ်။
မှတ်မှတ်ရရတခါကတော့ ကျမ ကိုးတန်းနှစ်မှာပေါ့။ တိတ်တိတ်ဆိတ်ဆိတ်စာကျက်ချင်လို့ တောထဲ လို့ ကျမတို့ခေါ်တဲ့ အရပ်က ခြေတံရှည်အိမ်ကလေးမှာ တယောက်ထဲ စာသွားကျက်ပါတယ်။ တောထဲဆိုပေမဲ့ တကယ့်တော မဟုတ်ပါဘူး၊ ရန်ကုန်မြို့ထဲက ရပ်ကွက်တခုပါပဲ၊ ဒါပေမဲ့ သစ်ပင်ဝါးပင်တွေနဲ့ လျှိုမြောင်စိမ့်စမ်းတွေရှိတဲ့အရပ်မို့ တောထဲ လို့ပဲ ခေါ်ခဲ့ကြတာပါ။
စာကျက်နေတုန်း ရှဲရှဲ ရှဲရှဲနဲ့ သစ်ရွက်ခြောက်တွေထဲမှာ တရွတ်တိုက်ဆွဲသံလိုမျိုးကြားတော့ လှမ်းကြည့်မိတယ်၊ အိမ်ရဲ့ အပြင်မှာက အိမ်သာ ရေချိုးခန်းရှိပါတယ်။ အိမ်သာရေချိုးခန်းအနောက်မှာက တဖက်ကစက်ရုံဝင်းကို အုတ်တံတိုင်းခြားထားတယ်။ အုတ်တံတိုင်းဟိုဘက်မှာ ၀ါးပင်တွေအများကြီးပေါက်နေတာမို့နဲ့ အုတ်တံတိုင်းနဲ့ အိမ်သာကြားမှာ ၀ါးရွက်ခြောက်တွေ အများကြီးကြွေနေတယ်။
အသံက အဲဒီဝါးရွက်ခြောက်တွေကြားကကြားရတာပါ၊ ကြည့်လိုက်တော့ မြွေကြီးတကောင် လုံးပတ်က ခြေကျင်းဝတ်လောက်နီးနီး ရှိပြီး အရှည်ကိုတော့ မခန့်မှန်းတတ်ပါဘူး။ ၀ါးရွက်ခြောက်တွေကြားမှာ ရှောရှော ရှောရှောနဲ့ ကျမတို့အိမ်ဘက်ကို လာနေတာတွေ့ရတယ်။
တယောက်ထဲမို့ ကြောက်အားလန့်အား အိမ်နီးနားချင်းတွေကို အကူအညီတောင်းရပါတယ်။ ဘေးအိမ်က အစ်မကြီးက ထွက်လာပြီး မြွေကြီးကိုတွေ့လို့ သူလဲ လန့်ပြီး တအိမ်ကျော်က အကိုကြီးတွေကို သွားခေါ်ပေးပြန် တယ်။ ကျမတို့ယောက်ယတ်ခတ်နေသလို မြွေကြီးကလဲ ငြိမ်ငြိမ်မနေပါဘူး၊ အိမ်သာနားရောက်လာပြီး တဆင့် အိမ်သာခေါင်မိုးပေါ်တက်ပါတယ်။ အိမ်နီးနားချင်း ကယ်တင်ရှင် အကိုကြီးတယောက် လေးခွတလက်နဲ့ ရောက်လာတဲ့အချိန်မှာ မြွေကြီးက အိမ်သာခေါင်မိုးပေါ်မှာ မတ်တပ်ရပ်နေပြီ။
တကယ်ပါ ..မြွေမတ်တပ်ရပ်တာ အဲဒီတခါပဲ မြင်ဖူးတယ်။
အိမ်သာခေါင်မိုးနဲ့ အိမ်နဲ့က သိပ်မဝေးဘူး။ မြွေကြီးရဲ့ အကြံအစည်က အိမ်သာခေါင်မိုးပေါ်ကတဆင့် အိမ်ပေါ်ကိုတက်မယ်ပေါ့၊ အိမ်ပေါ်ရောက်ရင် ပွဲပြီးပြီ။ သူ ခိုအောင်းချင်တဲ့နေရာ ခိုနေတော့မယ်၊ လိုက်ရှာလို့ သိပ်မလွယ်တော့ဘူးလေ။
ဒါပေမဲ့ လေးခွကိုင်သူရဲကောင်းကြီးက လေးခွအိမ်ထဲ လောက်စာလုံးထည့်ပြီး မတ်တပ်ရပ်စပြုနေတဲ့ မြွေကြီးရဲ့ ဦးခေါင်းကို လေးခွနဲ့ ဆက်တိုက်ဆွဲပါတော့တယ်။
သူ့လေးခွစာ မခံနိုင်တော့တဲ့ မြွေကြီးဟာ နောက်ဆုံးတော့ အိမ်သာခေါင်မိုးပေါ်က လျှောကျပြီး သေဆုံးသွားခဲ့တယ်။
ဒီတော့မှ သူတို့က မြွေသေကြီးကို ဒုတ်နဲ့ ကော်ယူသွားပြီး သူတို့အိမ်နားက ချောင်းထဲ ပစ်ချသဂြုင်္ီလ် လိုက်ကြတယ်။
ကျမလဲ ရင်တုန်ပန်းတုန်နဲ့ စာလဲကျက်လို့မရပါဘူး၊ အဲဒီတရက်ကတော့ တွေ့သမျှလူ မြွေအကြောင်း စားမြုံ့ပြန်ပြောရင်း ဒီသတင်း အဖေ့နားရောက်သွားတော့ မြွေကို သတ်လိုက်ရကောင်းလားလို့ အဖေက မချိတင်ကဲပြောတယ်။
မသတ်ရင်လဲ ဘယ်လိုလုပ်မလဲလေ၊ အဲဒီနေ့ကတော့ မြွေမသေ ဒုတ်မကျိုး ဆိုတဲ့စကားကို စကားပုံထဲမှာပဲ ထားလိုက်ပါတယ်။ ကျမကတော့ မြွေကြီးအိမ်ထဲမှာလာခိုနေမှာ တကယ်ကို မလိုလားပါဘူး။
နောက်တနေ့မှာ သေသွားတဲ့မြွေကြီးရဲ့ ချစ်သူ (အထီးလား အမလားမသိလို့ ချစ်သူလို့ပဲ သုံးလိုက်တာပါ) လိုက်လာပါတယ်။ မြွေဆိုတဲ့ သတ္တ၀ါတွေက သူတို့ချစ်သူ တကောင်သေရင် ကျန်တဲ့အကောင်က လိုက်လာပြီး သတ်တဲ့သူကို လက်စားချေတတ်တယ်ဆိုလား .. ကြားဖူးထားတော့ အခုလာနေတဲ့အကောင်ဟာ လက်စားချေမဲ့ အကောင်မို့ ပိုကြောက်မိတာပေါ့။
အကူအညီတောင်းသူက ကျမ၊ သွားခေါ်သူက ဘေးအိမ်က အစ်မကြီး၊ လေးခွပစ်သူက ဟိုသူရဲကောင်းအကိုကြီး၊ ဒီ ၃ ဦးအနက် ဘယ်သူ့ကိုများ မြွေက လက်စားချေမလို့လဲမသိ၊ သေချာတာကတော့ ကျမတို့အိမ်ဘက်ကို လာနေတာပါ။ အုတ်တံတိုင်းကိုကပ်ပြီး တရှဲရှဲနဲ့လာနေတဲ့အချိန်မှာ .. ဒီတခါတော့ အဖေရှိနေတာမို့ အဖေလဲ တွေ့သွားတာပေါ့။ အဖေက လာနေတဲ့ မြွေကြီးနဲ့ မလှမ်းမကမ်းလောက်ကနေပြီး မေတ္တသုတ်တို့ ခန္ဓသုတ်တို့ တခေါက်ပြီးတခေါက်ရွတ်နေတယ်။ ကျမကလဲ မြွေကြီးကိုမျက်ခြေမပြတ်စောင့်ကြည့်လို့ပေါ့၊ တကယ်လို့ အိမ်ဘက်နားနီးလာရင် မနေ့က သူရဲကောင်းကြီးကို လှမ်းခေါ်ရအောင်လို့ပါ။
ထူးဆန်းတာက ကြည့်နေရင်းနဲ့ မြွေကြီးဘယ်နားရောက်သွားမှန်းမသိတော့ပါဘူး။ ကြွက်တွင်းထဲများ ၀င်အောင်းသွားသလားပဲ၊ လုံးဝကို အစပျောက်သွားပါတယ်။
တပတ်လောက်တော့ အဲဒီအုတ်တံတိုင်းနား မသွားရဲပါဘူး၊ တော်ကြာလက်စားလာပြန်ချေမှာစိုးလို့ပါ။
အဲ .. အဲဒါက အဖြစ်အပျက် တခုပေါ့။
***
နောက်တခုမှတ်မိနေတာကတော့ အဲဒီနှစ်ပိုင်းလောက်ပါပဲ .. သူငယ်ချင်းတွေနဲ့အတူ ကျူရှင်ကိုအသွား ဂျပန်သံရုံးနားက ဗန်ဒါပင်အောက်ကအဖြတ် .. ဗန်ဒါပင်ပေါ်ကနေ တခုခုကျလာပါတယ်၊ ကျလာတဲ့အရာက ကျမမျက်နှာဘေးနားကဖြတ်ပြီး ပလက်ဖောင်းပေါ်ကျသွားတယ်၊ (ကျမရဲ့ နှုတ်ခမ်းကိုသေသေချာချာကြီး ထိသွားပါတယ်။)
ဘာကြီးလဲ ဆိုပြီး အောက်ကျတဲ့ဟာကိုကြည့်လိုက်တော့ .. လားလား .. မြွေတကောင်ဖြစ်နေပါရောလား။
မြွေက အ၀ါနဲ့အနက်ကျား ဆိုတော့ ငန်းတော်ကျားပေါ့ (အနားက ဆိုက်ကားဂိတ်က ဆိုက်ကားသမားတွေ ပြောတာပါ) သိပ်တော့မကြီးဘူး၊ ငန်းတော်ကျားပေါက်စလေးထင်ပါရဲ့၊ လက်သန်းလုံးလောက်ပဲရှိတယ်။ မြွေကလဲ အရှိန်နဲ့အကျဆိုတော့ ဘာလုပ်ရမှန်းမသိ ယောင်ဝါးဝါး ဖြစ်နေလို့ ကျမ ကံကောင်းသွားတာပါ၊ ကျမကလဲ မြွေကိုတွေ့ပြီးလန့်သွားလို့ ဆက်မသွားဘဲ ရပ်နေမိတယ်၊ နောက်မှ မြွေလဲ ပလက်ဖောင်းအပေါက်ကနေ ရေမြောင်းထဲ ပြေးဆင်းသွားလို့ ကျမလဲ ကိုယ့်လမ်းကိုယ် ဆက်သွားခဲ့ရတယ်။ အဲဒီနေ့တနေ့လုံး နှုတ်ခမ်းကို ယောင်လို့တောင် လျှာနဲ့မသပ်မိအောင် သတိထားနေရပါတယ်။ တော်ကြာမြွေဆိပ်ကို ယက်မိမှာစိုးလို့ပါ။ နှုတ်ခမ်းခြောက်ခြောက်ကြီးနဲ့ပဲ တနေ့လုံး ဒုက္ခရောက်ခဲ့ရတာ ခုထိ မှတ်မိနေပါသေးတယ်။
***
ဒီကြားထဲမှာ အိမ်ရဲ့ဘုရားစင်ပေါ် မြွေစိမ်းမြီးခြောက် ရောက်လိုက်၊ လှေခါးထစ်မှာတွေ့လိုက် .. ခဏခဏ တွေ့နေရပေမဲ့ ကျမနဲ့ တိုက်ရိုက်ပက်ပင်းတိုးတာ မဟုတ်လို့ သိပ်မကြောက်ပါဘူး။ မှတ်လဲမထားဖြစ်ဘူး။
နောက်ဆုံးတခေါက်တွေ့တာကတော့ သိပ်မကြာသေးပါဘူး။ ခြံထဲမှာ လမ်းလျှောက်နေတုန်း ကံ့ကော်ပင်ကြီးပေါ်က မြွေပြုတ်ကျလာပြန်ပါတယ်။ အပင်အမြင့်က အရှိန်ပြင်းပြင်းနဲ့ကျလို့ အောက်ရောက်တဲ့အခါ သူက သိပ်မလှုပ်နိုင်ပါဘူး။ ဒါပေမဲ့ခေါင်းလေးမတ်ပြီး ပါးပြင်းလေး တထောင်ထောင်လုပ်နေပါတယ်။ မြွေက ခပ်သေးသေးပါပဲ၊ ဒါပေမဲ့ ဘယ်လောက်သေးသေး မြွေဆိုတာ အဆိပ်ရှိတတ်တာမို့ အနားတော့ သိပ်မကပ်ရဲဘဲ ခပ်လှမ်းလှမ်းကသာ အကဲခတ်ကြည့်နေမိတယ်။ အိမ်မှာရှိနေတဲ့ ယောကျာ်းလေးတွေက သတ်ပစ်လိုက်မယ်လို့ ပြောတော့ .. ကျမက မလုပ်နဲ့လို့ တားရတယ်။ ဒီတခါ ကိုယ့်အလှည့်ပဲ .. ပညာပြရမယ့်အချိန်ရောက်ပြီ .. လို့ တွေးမိပြီး
‘မသတ်ပါနဲ့ .. သူ့ဟာသူသွားအောင် ငါ ပရိတ်ရွတ်ပေးမယ်’ လို့ ကြေငြာပြီး မြွေနဲ့မလှမ်းမကမ်းကနေ ခန္ဓသုတ်ရွတ်ပါတယ်။
တခေါက်ပြီးတခေါက်သာ ရွတ်နေရတယ် ..မြွေက ဘယ်မှလဲ မသွားပါဘူး။ ခေါင်းထောင်လာလိုက် ..ပြန်ကျသွားလိုက် .. ဒီတိုင်း ဒီတိုင်း နေရာကမရွေ့ဘူး။ ကြာတော့ ရွတ်ရတာလဲ အာခြောက်လာပြီ။ မတ်တပ်ရပ်ပြီးရွတ်ရတာ ညောင်းလာလို့ ငုတ်တုတ်ထိုင်ရွတ်၊ ထူးခြားမှုကမရှိ။ ကြည့်နေတဲ့သူတွေကလဲ ဘယ်တော့မြွေပြေးမလဲပေါ့ .. ၀ိုင်းအကဲခတ်နေကြတာ။
ခက်ပြီ .. ။
အဖေရွတ်တုန်းကတော့ ခြေကျင်းဝတ်လောက်မြွေကြီးတောင် အစအနမတွေ့အောင် ပျောက်သွားတာ။ အခု ကိုယ့်အလှည့်ကျခါမှ .. လက်သန်းလုံးလောက်မြွေကလေးက တုတ်တုတ်မျှ မလှုပ်၊
ဒါနဲ့ ဒီတိုင်းတော့မဖြစ်ချေဘူးဆိုပြီး ပရိတ်ရွတ်တာလဲ ရွတ်တာပေါ့ .. သူ့ကိုလဲ မြန်မြန်သွားအောင် ဒုတ်ကလေးနဲ့လဲ တွန်းပေးအုံးမှ ဆိုပြီး ကြည့်နေတဲ့ထဲက ယောကျာ်းလေးတယောက်ကို ဒုတ်နဲ့ တွန်းထိုးလေး ထိုးခိုင်းလိုက်တယ်။
မြွေက ပါးပြင်းထောင်လာတယ်၊ သွားဖို့ အားယူတယ် .. ခေါင်းပိုင်းက လှုပ်ရှားနိုင်ပေမဲ့ အမြီးက ပါမလာပါဘူး၊
နောက်တော့ ကျမသိလိုက်ပါပြီ။
ဒီမြွေဟာ ပြုတ်ကျတဲ့အရှိန်ကြောင့် အောက်ပိုင်းသေသွားတာပါ။ မြွေခမျာမှာ ပရိတ်တော်တန်ခိုးကြောင့် ဝေးရာကို သွားချင်ပေမဲ့လဲ အောက်ပိုင်းသေနေလို့ သွားမရတော့ပါဘူး။
ဖြစ်ပုံများ .. ကိုယ်ပရိတ်ရွတ်တဲ့ အလှည့်ကျမှပဲ မြွေကလဲ အောက်ပိုင်းသေရတယ်လို့။
သူများတွေကတော့ ထင်မယ် .. သီလနဲ့မပြည့်စုံဘူးလို့၊ တကယ်လဲ .. ပြည့်စုံလှတယ်တော့မဟုတ်ဖူးပေါ့။ ဒါပေမဲ့ ဟန်ကိုယ့်ဖို့မဟုတ်လား .. ဒါကြောင့် ခပ်တည်တည်နဲ့ ..
‘မြွေကတော့အောက်ပိုင်းသေသွားပြီ ငါပရိတ်ရွတ်လဲ သွားနိုင်မှာမဟုတ်ဘူး။ ဒီတော့ ဂေါ်ပြားလေးနဲ့ ကော်ယူပြီး တော်ရာသာ သွားပစ်လိုက်ကြပေတော့’ လို့ နိဂုံးချုပ်ပေးပြီး အာခြောက်ပြေ ..ရေအ၀သွားသောက် လိုက်ရပါတော့တယ်။
***

7 comments:

နိုင်းနိုင်းစနေ said...

မမေ အခုမှပဲ တစ်ဝကြီးဖတ်ရတော့တယ်။
အိမ်က အင်တာနက် ဒေါင်းနေလို့ မရောက်ဖြစ်ဘူး။
ရောက်ရင်လဲ ကမန်းကတမ်း ဆိုတော့....ကျေးဇူး မမေ

မေဓာဝီ said...

မမေကလဲ ခုလို လာရောက်ဖတ်ရှုအားပေး ကွန်မန့်ပါ ရေးပေးတဲ့အတွက် ကျေးဇူးအထူးပါရှင် .. ။
စနေ့ဘလော့ခ်လဲ အမြဲလိုလို ဖတ်ဖြစ်တယ် .. ဒီမှာလဲ ကွန်နက်ရှင်မကောင်း မီးအားတွေကျတဲ့ ကြားထဲ ကမန်းကတန်း သုံးရတာမို့ ကွန်မန့်တွေမရေးဖြစ်ပေမဲ့ .. အမြဲဖတ်နေပါတယ် .. လို့။

ကလိုစေးထူး said...

ကျနော်ကတော့ မြန်မာပြည် ပြန်ရောက်ရင် မေနေစံ ရျာနယ်ကို ထုတ်ဝေသူ လုပ်ပြီး ထုတ်မယ်လို့ ဆုံးဖြတ်လိုက်ပြီဗျို့.. အမရယ် စနေရယ် ဟနရယ်က အယ်ဒီတာတွေပေါ့ဗျာ.. ဟဲဟဲ

မေ said...

ကိုယ်တွေ့မြွေဇာတ်လမ်း ဖတ်လို့ကောင်းတယ် မမေ ...

မေဓာဝီ said...
This comment has been removed by a blog administrator.
မေဓာဝီ said...

-ကိုသံလွင် ဂျာနယ်ထုတ်မယ်ဆို အရှုံးခံနိုင်မှလုပ်နော်။
-မြွေဓာဝီ တော့ နာမည် မပြောင်းပါရစေနဲ့ ကိုချိုရယ် .. အဲဒီအကောင်တွေကိုကြောက်လွန်းလို့ပါ။
-ညီမလေး မေဆက်တစ် .. လာဖတ်တာကျေးဇူးနော်။

Anonymous said...

ဒါဆိုရင်တော့ မမေကို ပဲခူးကမြွေရှိတဲ့ဘုရားရယ်၊ မန္တလေးက မြွေဘုရားရယ်လိုက်ပို့မယ်။ မြွေကိုကိုင်လို့လဲရတယ်၊ ညလေးတော့ကြောက်ပါဘူး။