Tuesday, October 24, 2006

မင်းသိင်္ခအား ချောင်းကြည့်ခြင်း

တနေ့သ၌ ကျွန်ုပ်သည် ကျွန်ုပ်၏အခန်းတွင်းရှိ ကွန်ပျူတာစားပွဲရှေ့တည့်တည့်ပြတင်းပေါက်မှ ပြင်ပလောကသို့ လှမ်းမျှော်၍ ကြည့်ရှုသည်တွင် အမျိုးအမည်မသိ ယာဉ်တစီး ကျွန်ုပ်ခြံရှေ့ ယာဉ်ရပ်နားရာနေရာသို့ ထိုးဆိုက်လာပြီးလျှင် ယာဉ်ပေါ်မှ လူနှစ်ဦး သုတ်သီးသုတ်ပြာဆင်းလာသည်ကို တွေ့ရလေ၏။
အချိန်ကား .. မွန်းလွဲပြီး နာရီပြန် နှစ်ချက်တီးခန့် .. ။
... ... …
**
ဟဲဟဲ .. ..
အဲဒီလို အင်ထရိုပျိုးလိုက်ရင် မင်းသိင်္ခနဲ့များ ခပ်ဆင်ဆင်ဖြစ်သွားမလားလို့ .. ။ မဆင်ရင်လဲ ကိစ္စမရှိပါဘူး။ မင်းသိင်္ခကို ချောင်းကြည့်မိတဲ့အကြောင်းလေး ရေးချင်လို့ မင်းသိင်္ခစတိုင် ဖမ်းလိုက်ရတာပါ။
(တကယ်တမ်း မူရင်းကတော့ ဆရာကြီးရွှေဥဒေါင်း စတိုင်ပါ။ မင်းသိင်္ခက ဆရာကြီးရွှေဥဒေါင်းဆီက ယူထားတာကို သိပ်မသိကြတဲ့ နောက်လူတွေက ဒီလိုရေးရင် မင်းသိင်္ခစတိုင်လို့ပဲ ထင်မှတ်ပြီး အဲဒီအတိုင်းလိုက်ရေးလေ့ရှိကြပါတယ်။ သူ့လို နာမည်ကြီးချင်တာကိုး။)
***
ဒီလိုပါ .. မနေ့က နေ့လည်ဘက် မီးအားကျပြီး လေအေးစက်ဖွင့်မရလို့ ခပ်အိုက်အိုက်ရှိတာနဲ့ ဖွင့်လို့ရတဲ့ ပြတင်းပေါက်ပဲ ဖွင့်ပြီး အပြင်ကိုလှမ်းအကြည့်မှာ … အဲ .. အဲဒီအင်ထရိုအတိုင်းပဲဆိုပါတော့ .. ။ ကားပေါ်က လူနှစ်ယောက် ဆင်းလာတယ်၊ တယောက်က ရှပ်အင်္ကျီမဟုတ်တဲ့ အဖြူရောင်အင်္ကျီပါးဝတ်ထားပြီး အနည်းငယ်ရှည်နေတဲ့ ဆံပင်ကိုနောက်မှာစည်းထားတယ်။ နောက်တယောက်ကတော့ တီရှပ်နဲ့ ဦးထုတ်နဲ့။
ကားရဲ့ဘေးမှာ ‘မင်းသိင်္ခ’ လို့ ကမ္ပည်းထိုးထားလေတော့ .. ဒါဟာ မင်းသိင်္ခရဲ့ စီးတော်ယာဉ်လို့သိလိုက်ရပါတယ်။
စပ်စုချင်တာနဲ့ ပြန်မထိုင်သေးဘဲ ပြတင်းပေါက်ရဲ့ ခပ်ကွယ်ကွယ်နေရာကနေ ကားထဲကိုကြည့်လိုက်တော့ ဆွတ်ဆွတ်ဖြူ အ၀တ်အစားတွေဝတ်ဆင်ထားပြီး ရှည်လျားလျားနှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတွေပိုင်ဆိုင်တဲ့ မင်းသိင်္ခဖြစ်ဟန်တူသော ပုဂ္ဂိုလ်ကြီးတယောက် ထိုင်နေတာကိုတွေ့ရပါတယ် ။ သူ့နောက်မှာတော့ အမျိုးသမီးတယောက်က နှီးယပ်တောင်လေးတချောင်းနဲ့ အဆက်မပြတ် ယပ်တော်သွင်းနေလေရဲ့။
ကျမအခန်းက အပေါ်ထပ်မှာမို့ သူတို့ကားထဲကို အပေါ်စီးကနေ အတိုင်းသားမြင်နေရတယ်။ ဒါနဲ့ပဲ စပ်စပ်စုစု စိတ်ဝင်တစား ဆက်ကြည့်နေမိတယ်ဆိုပါတော့။
သူ့ရဲ့ကားက နဲနဲတော့ထူးခြားပါတယ်။ ဟိုင်းအေ့စ်လို ကားမျိုးကို နောက်ခန်းမှာ ထိုင်ခုံတွေတပ်မထားဘဲ အဖြူအနက်လေးထောင့်ကွက် (စစ်တုရင်ကွက်ပုံစံ) ဖယောင်းပုဆိုးခင်းထားတယ်။
ကားထဲမှာ ခေါင်းအုံး၊ တိုလီမိုလီထည့်ထားတဲ့ ခြင်းတောင်း၊ ရေခဲဗူး၊ ဗေဒင်စားပွဲလို အနက်ရောင် စားပွဲပုပုလေးတလုံး နဲ့ တခြားဘာညာကွိကွတွေ (သိပ်မမြင်ရတော့လို့) ပါလာတာကိုတွေ့ရတယ်။ ကားရဲ့ မှန်ပြတင်းတွေကို မီးခိုးရောင်လိုက်ကာနဲ့ ကာထားပြီး ပြတင်းဘောင်အပေါ်ဘက်မှာ ပလပ်စတစ် ပန်းခက်ပန်းနွယ်တွေ အလှဆင်ထားပါတယ်။
***
ကွမ်းတယာညက်လောက်အကြာမှာ ကားပေါ်ကဆင်းသွားတဲ့ လူနှစ်ယောက် ပြန်ရောက်လာပြီး သူတို့နဲ့အတူ လဖက်ရည်ဆိုင်က စားပွဲထိုးလေးတယောက်ပါ လဖက်ရည်ခွက်တွေကို ဗန်းကလေးနဲ့ သယ်ပြီးလိုက်လာတယ်။ ဆံပင်စည်းထားတဲ့ တပည့်ကျော်ကြီးက လဖက်ရည်ခွက်တခွက်ကိုယူ၊ ယပ်တော်သွင်းအမျိုးသမီး အဆင်သင့်ခင်းကျင်းပေးထားတဲ့ စားပွဲပုလေးပေါ်တင်ပြီး ပုဂ္ဂိုလ်ကြီးထံ ရိုရိုသေသေ ဆက်ကပ်ပါတယ်။ ပြီးတော့မှ ယပ်တော်သွင်း အမျိုးသမီးတခွက်၊ စီးတော်ယာဉ်မောင်းတဲ့လူကိုတခွက် ကမ်းပေးပြီး ကျန်နှစ်ခွက်ကိုတော့ သူတို့နှစ်ယောက် တယောက် တခွက် မတ်တပ်ရပ်ရင်း သောက်ကြရတယ်။
ပုဂ္ဂိုလ်ကြီးဟာ လဖက်ရည်သုံးဆောင်ပြီး ခံတွင်းချဉ်တယ်ထင်ပါရဲ့ .. ယပ်တော်သွင်းအမျိုးသမီးတည်တဲ့ စီးကရက်ကို ခြေကြီးဆင်းပြီး ဖွာရှိုက်နေတာတွေ့ရတယ်။ နောက်တော်ပါ တပည့်နှစ်ဦးကတော့ သူတို့ရဲ့ ကိုယ်တာ လဖက်ရည်တခွက်ကို ကမန်းကတန်းသောက်ပြီး ဆရာကြီးအတွက်အချိုရည် သွားဝယ်ရပြန်တယ်။ ယပ်တော်သွင်းအမျိုးသမီးခမျာမှာလည်း မအားရရှာပါဘူး။ ဆရာကြီး စီးကရက်နဲ့ မှိန်းနေတုန်း ၀ယ်လာတဲ့အချိုရည်ဘူးကို သိမ်းဆည်း၊ ခုန သောက်ထားတဲ့ လဖက်ရည်စားပွဲသုတ်ပြီးပြန်သိမ်း၊ စတီးပန်းကန်ပြားလေးတချပ်ကို ဆေးကျော အားလုံးပြီးတော့မှ အိုက်တော်မူနေတဲ့ ဆရာကြီးကို ယပ်တော်ပြန်သွင်း .. နဲ့ အလုပ်ကိုရှုပ်နေတာပါပဲ။
***
ရယ်တော့ရယ်ရသား ..။ သူတို့လုပ်နေကိုင်နေကြတာကို တစုံတယောက်က ခုလို ခိုးကြောင်ခိုးဝှက် ချောင်း ကြည့်နေတယ်ဆိုတာ သိပုံမပေါ်ပါဘူး။
ကျမလဲ အလွန်နာမည်ကြီးပြီး စခန်းကြီးလွန်းတဲ့ မင်းသိင်္ခဆိုတာကို ဘုတ်အုပ်ထဲမှာသာမြင်ဖူးတာမို့ အခုလို အရှင်လတ်လတ် မြင်ခွင့်ရတုန်း သူလုပ်ပုံကိုင်ပုံတွေ တစေ့တစောင်းအကဲခတ်တဲ့အနေနဲ့ ချောင်းကြည့်နေမိတာ ပါ။
သူတို့အဖွဲ့စီးနင်းလိုက်ပါလာတဲ့ ယာဉ်ကြီးဟာ ကိုယ်စီကိုယ်ငှ လဖက်ရည်သုံးဆောင်ကြပြီးတဲ့အခါမှာ ခြံရှေ့ ကားပါကင်မှာရပ်ထားရာကနေ ပြန်လည်ထွက်ခွါသွားပါတယ်။ မထွက်ခွါခင်မှာ ပုဂ္ဂိုလ်ကြီးက ပတ်ဝန်းကျင်ကို သင်္ကာမကင်းဖြစ်ဟန်တူပါရဲ့ .. ဟိုသည် ဝေ့၀ိုက်ကြည့်ရင်းနဲ့ ကျမ ချောင်းကြည့်နေတဲ့ အပေါ်ထပ်ပြတင်းပေါက်ကို တချက်လှမ်းမော့အကြည့် ကျမလဲ သူမမြင်အောင် ကမန်းကတန်း ပုန်းကွယ်လိုက်ရပါရောလား။
***
ဤသို့ဖြင့် ကျွန်ုပ်လည်း ခိုးချောင်ခိုးဝှက် ချောင်းမြောင်းကြည့်ရှုခြင်းကိစ္စကို နိဂုံးကမ္ပတ် အဆုံးသတ်၍ ကွန်ပျူတာရှေ့ပြန်ကာထိုင်ပြီးလျှင် ဤစာကို စီလိုက်ရပါတော့သတည်း။
***
သဗ္ဗေသတ္တာ ကမ္မသကာ
(အလုံးစုံကုန်သောသတ္တ၀ါအပေါင်း သူ့ထိုက်နှင့်သူ့ကံ ခံစရာရှိခံကြပါစေကုန်သော်ဝ်)
***

7 comments:

ကလိုစေးထူး said...

ကျနော်လဲ မြန်မာပြည်ပြန်ရောက်ရင် ဘိုးတော်ဖြစ်ဖြစ် ဗေဒင်ဆရာဖြစ်ဖြစ်လုပ်တော့မလား စဉ်းစားတယ်.. ဘိုးတော်သံလွင်.. ဒါမှမဟုတ်.. ဝေဒဘုရင်ဆရာသံလွင်လို့ နာမည်လေးပေးပြီးတော့လေ.. အဲဒီအလုပ်က မြန်မာပြည်မှာ ထိပ်ဆုံးရဲ့ ထိပ်ဆုံးနေရာကို ရောက်စေတယ်ဗျ.. ;D

Myanmar Blues said...

ဟားဟားဟား။ မမေဓါက ကြံကြံဖန်ဖန် တွေ့ တတ်တယ်။ ဒီခေတ်က လူတွေက အရည်အချင်း အားမကိုးတော့လို့ ထင်ပါတယ်။ ဗေဒင်ဆရာတွေ ခေတ်ဖြစ်ကုန်တာ။ သူလွတ်လာပြီပေါ့။ သူကလဲ ဇိမ်နဲ့  ငြိမ်ငြိမ် မနေဘူး။ အခန်းကျဉ်းလေးထဲ မှာ သူ့  အသက်နဲ့ ဆို တစ်ပတ်တောင် ခံမယ် မထင်ဘူး။

Maydarwii said...

ကောင်းသားပဲကိုသံလွင်
တခုတော့ သတိထားနော် .. အခါပေးမှားသွားရင် ဗေဒင်ဆရာလဲ အန္တရာယ်များတာပဲ။
***
ကျမလဲ ကြံကြံဖန်ဖန်မြင်လိုက်ရလို့.. မနေနိုင်တာနဲ့ စာရေးပြီးဘလော့ခ်ပေါ် တင်လိုက်ရတာပါ။
ဟုတ်တယ်နော် ခုခေတ်က ဗေဒင်ဆရာခေတ်ဖြစ်နေပြီ။ ကိုသံလွင်တောင်ကြည့်ပါလား .. လုပ်စားမလို့တဲ့ .. စိတ်ကူးနေပြီ။ သူပြန်လာရင် ဝေးဝေးကရှောင်မှပဲ။ ဟီး .. ။

Tesla said...

သေချာပြီ.
ဒါ-
ဆားပုလင်းမေဓါဝီ.. :P

Dee said...

ဟား..ဟား..
ဒီပို့စ်လေးကောင်းတယ်..
မင်းသိင်္ခတွေ့သွားရင်…ဘလော့လောကမှာ
ဂန္ဓာရီဘလော့ ..မနောမယ ဘလော့…တွေ
တက်လာနိုင်တယ်..:D

‘DD’

Maydarwii said...

ဟုတ်တယ်နော် ..နောက်တခါ သူလဖက်ရည်လာသောက်လို့ တွေ့ရင် အကြံပေးလိုက်အုံးမှဘဲ ..။ :P

nyalay said...

မမေက တော်၂အချောင်းကောင်းတာပဲ ဟိ၊ ဗေဒင်ဆရာတွေ ကိန်းခန်းကြီးတယ်ပြောကြတာ၊ မမေပို့စ်က ထောက်ခံပေးနေသလိုပဲ၊
ကိုသူရေ နံမယ်လေး ကြိုတင်ပြောခဲ့ပါ (ဗေဒင်ဟောမယ်ဆိုရင်)
ညလေးတော့ ဝေးဝေးကရှောင်မယ်နော်၊ အဲလေ အရင်ဆုံးလာဟောမယ်ပြောတာ :P