
ကွယ်လွန်သွားရှာပြီဖြစ်သော..ဆရာမကြီးဒေါ်နုယဉ်
ကဗျာဆရာမကြီးဒေါ်နုယဉ် (၉၁နှစ်) မနေ့ညနေက ကွယ်လွန်ကြောင်း သတင်းစာထဲမှာ ဖတ်လိုက်ရပါတယ်။ ဆရာမကြီးနဲ့ဆုံဖြစ်တာက ဆရာကြီး ဦးတက်တိုး ရဲ့ နာရေးတုန်းက နောက်ဆုံးပါပဲ။
ဒီကြားထဲ တခေါက်မှ မရောက်ဖြစ်ဘူး။ ဟိုအရင်ကတော့ ဆရာမကြီးတို့ဆီ စာမူတောင်းရင်း ခဏခဏ ရောက်ဖြစ်တယ်။ ရောက်တိုင်းလဲ ဆရာကြီးဦးတက်တိုးနဲ့ ဆရာမကြီးကို အမြဲ ကန်တော့ခဲ့ပါတယ်။ နောက်ဆုံး အခေါက်ရောက်တော့ ဆရာကြီးဦးတက်တိုးက ကွယ်လွန်ရှာပြီ။ အရင်အခေါက်တွေတုန်းကလို တူယှဉ်ထိုင်ပြီး ကန်တော့ခွင့်မရတော့ဘူးပေါ့။ ရုပ်အလောင်းကို အိမ်မှာပဲ ပြင်ထားထာမို့ ဆရာကြီးနဲ့ ဆရာမကြီးကို သတ်သတ် စီ ကန်တော့ခဲ့ရတယ်။
အခုနာရေးကြော်ငြာတွေ့တာနဲ့ ဆရာမကြီးအိမ်ရှိရာကို သတင်းမေးဖို့သွားခဲ့ပါတယ်။ မနေ့ညနေက စကားပြောရင်းနဲ့ တဖြည်းဖြည်း အသံတိုးသွားပြီး ဆုံးသွားတာလို့ ဆရာမကြီးရဲ့ သားကပြောပြတယ်။ ဝေဒနာပြင်းပြင်းထန်ထန် မခံစားလိုက်ရဘဲ အမှည့်ကြွေ ကြွေသွားတယ်လို့ဆိုရမှာပဲ။
ကုတင်လေးပေါ်မှာ ပြင်ထားတဲ့ ဆရာမကြီးရဲ့ ရုပ်အလောင်းကို ကန်တော့ရင်း .. အရင်တုန်းက ဆရာမကြီးနဲ့ စာအကြောင်းပေအကြောင်း စာနယ်ဇင်းလောကအကြောင်းတွေ ပြောခဲ့ဆိုခဲ့ကြတာတွေ .. ဆရာမကြီးပြောပြတဲ့ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ်တွေကို ပြန်သတိရနေမိတယ်။
ချည်စောင်အနီလေးလွှမ်းခြုံထားပြီး စပယ်ကုံးလေးတွေတင်ထားတဲ့ ခေါင်းအုံးလေးထက်မှာ .. ဆရာမကြီးက ငြိမ်သက် ငြိမ်းချမ်းစွာ လဲလျောင်းရင်း သူချစ်တဲ့ စာပေလောကနဲ့ သူချစ်တဲ့ မိသားစုကို ခွဲခွါသွားခဲ့ပါပြီ။
စာပေနယ်မှာ စာပေသစ္စာကိုစောင့်သိစွာနဲ့ မကွယ်လွန်ခင်အချိန်ထိ အများအတွက် (အထူးသဖြင့် လူငယ်တွေအတွက်) စာပေတွေရေးသားသွားတဲ့ ဆရာမကြီးဒေါ်နုယဉ် ..ကောင်းရာသုဂတိရောက်ပါစေ .. ။
***
ဆရာမကြီးရေးခဲ့တဲ့ ကဗျာတပုဒ် မိုးမခ မှာတွေ့လို့ အမှတ်တရ တင်လိုက်ပါတယ်။
***
ဝမ်းနည်းကြေကွဲစွာဖြင့် …
1 comment:
i'm also sad.
May she rest in peace.
Post a Comment