Thursday, October 05, 2006

အဖြူရောင် သူငယ်ချင်း ... သို့ ...

ဒီနေ့ ကွန်ပျူတာထဲက ဖိုင်အဟောင်းတွေဖွင့်ကြည့်ရင်း .. မင်းရဲ့ ကဗျာလေးတွေကိုပြန်ဖတ်ဖြစ်ပြီး မင်းကို သတိရမိပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်လောက်က .. မင်းနဲ့ ကိုယ် .. ကဗျာအကြောင်း စာအကြောင်း သီချင်းတွေအကြောင်း ဘာသာရေးအကြောင်း ပြောခဲ့ဆိုခဲ့ဆွေးနွေးခဲ့ကြတာတွေ .. တယောက်ရေးတဲ့ ကဗျာတွေစာတွေ တယောက်ကို ဝေငှရင်း ခံစားချက်ခြင်း ဖလှယ်ခဲ့ကြတာတွေ .. ကိုယ့်ရဲ့ ကဗျာကို မင်းက တုန့်ပြန်ပြီး ကဗျာပြန်ရေးခဲ့တာတွေ .. မင်းခရီးသွားမယ်ဆိုတော့ ကိုယ်ဆိုထားတဲ့သီချင်းကို အသံသွင်းပြီး ယူသွားခဲ့တာတွေ .. စိုင်းထီးဆိုင်ရဲ့ ‘ရန်ကုန်မှာသာတဲ့လ’ သီချင်းနဲ့ ပတ်သက်ပြီး မင်းနဲ့ ကိုယ် ငြင်းခုန်ခဲ့ကြပြီးတဲ့နောက် .. လသာသာညတွေတိုင်း တယောက်နဲ့တယောက် သတိရခဲ့ကြတာတွေ .. ကိုယ့်အတွက်ဆိုပြီး မောင်ခိုင်မာရဲ့ ‘ချစ်သမီးဖတ်ဖို့’ ဆိုတဲ့ ကဗျာရှည်ကြီးတပုဒ်ကို လက်အညောင်းခံပြီး စာရိုက်ပေးခဲ့တာတွေ .. ကိုယ်ကြိုက်တဲ့ လေးဖြူရဲ့ သီချင်းကို ဆိုပြခဲ့တာတွေ .. တယောက် စိတ်ညစ်ရင် တယောက်အားပေးလို့ ..ဖေးမခဲ့ကြတာတွေ .. တယောက်စိတ်ပျော်ရင် တယောက်မျှဝေလို့ ပျော်ရွှင်ခဲ့ကြတာတွေ .. အစီအရီ ပြန်သတိရနေမိတယ်။
များသောအားဖြင့်တော့ .. ကိုယ်ဟာ မင်းအပေါ် မကောင်းခဲ့ပါဘူး .. ။ အနိုင်ယူခဲ့တာတွေ များလွန်းပါတယ်။
နားလည်မှုရှိတဲ့ မင်းကတော့ .. အမြဲ ရယ်ရယ်မောမော သည်းခံနေခဲ့တာပါပဲ။
လူဆိုတာ ကိုယ့်အပေါ်နားလည်မှုတွေရှိရင် .. သူများအပေါ်နားလည်မှုရှိဖို့လည်း မခဲယဉ်းဘူး .. တဲ့။ ဆရာတော်ကြီးတပါးရဲ့ စကားဆိုလား .. မင်းပဲပြောခဲ့တာလေ။
မင်းကသာ ကိုယ့်ကို နားလည်ခဲ့ပေမဲ့ ကိုယ်က မင်းအပေါ် နားလည်မှုတွေပြန်မပေးနိုင်ခဲ့ဘူး။
‘ဘ၀ဟာ ကာရံပျောက်လိုက် .. စာသားပျောက်လိုက်ပေါ့’ .. ဆိုပြီး ကိုယ့်ကို မင်းပြောခဲ့ဖူးတယ်။
ဒါပေမဲ့ .. ခုလို ခြေရာဖျောက်သွားလိမ့်မယ်လို့တော့ .. မထင်ခဲ့မိပါဘူး။
အခု .. မင်း .. ဘယ်ရောက်နေပြီလဲ သူငယ်ချင်း .. ။
မင်းကို အနိုင်ယူခဲ့ဖူးတဲ့ .. မင်းကို စိတ်ဒုက္ခတွေပေးခဲ့ဖူးတဲ့ …
မင်းရဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတယောက် ..
မင်းကို သတိတရရှိနေတယ်ဆိုတာရော .. မင်းသိပါလေစ .. ။
မင်းကရော .. ကိုယ့်ကို သတိတရ ရှိပါလေစ .. ။
***
ဒီနေ့တော့ .. မင်းကို အထူးသတိရနေတဲ့အတွက် .. မင်းရေးပေးခဲ့ဖူးတဲ့ ကဗျာလေးကို ကိုယ့်ဘလော့ခ်မှာ တင်လိုက်ပါတယ်။ ခွင့်မတောင်းဘဲ တင်မိတဲ့အတွက် .. ခွင့်လွှတ်ပါ သူငယ်ချင်း။

***
သိုးတကောင်၏လမင်းစကား

အစွယ်လက် ၀ံပုလွေတကောင်၏ အပြုံးမျိုး
သူတို့ပြုံးကြ ..
အပြုံးရဲ့ နောက်နားက ဓားတလက်ကို
အသွားထက်မှန်း သိထားပေမဲ့လဲ
ကျေးဇူးတရား၏ အတင်းစေခိုင်းမှုကြောင့်
ငါ နမ်းရှိုက်ခဲ့ရပြီ .. ။
ငါဟာ ..
လွယ်လွယ်နဲ့ လူဖြစ်ဖို့ကံ
ပါလာတဲ့ကောင်ပါ။
ဒါပေမဲ့
မျက်စိတဖက်ထဲရှိတဲ့
လက်သည်တယောက်ထံ
ရိုးသားစွာအပ်နှံမိလို့
ငါ့ရဲ့လူဖြစ်ကံ
(မသေမချင်း)
ဖျက်ချခံလိုက်ရတယ် .. ။
မင်းသားခေါင်းစွပ်ဘီလူးတွေ
လူရာဝင်နေသရွေ့တော့
သစ္စာတရားတွေ
ခဲပေါက်ခံနေရဦးမပေါ့ .. ။
မိုးခါးတိမ်တွေဖြစ်ထွန်းပြီး
မုန်တိုင်းထန်လွန်းတဲ့ ရာသီမှာ
သစ္စာတရားတို့ ရဲရဲရင့်
ဘယ်ထိအောင်များ ဖူးပွင့်နေနိုင်မလဲ။
ကဲ .. ငါ့ရင်ဘတ်ကိုတော့
ဝံပုလွေတွေ ကျက်စားဖို့
လရောင်နဲ့ဆမ်းပြီး
အမြဲစိမ်း ဗြဟ္မစိုရ်တောကြီးဖြစ်အောင်
စိုက်ပျိုးထားရဦးမယ် .. ။ ။
(သားဆိုး)

No comments: