စာလုံးပေါင်းအမှားနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့ထုတ် Flower News ဂျာနယ် (အတွဲ ၂၊ အမှတ် ၄၂) မှာ ဆရာမောင်ခင်မင် (ဓနုဖြူ)ရဲ့ ‘ကွန်ပျူတာ စာစီမှားသော်လည်း’ ဆိုတဲ့ ဆောင်းပါးတပုဒ် ဖတ်လိုက်ရပါတယ်။
ဆရာက သူ့ဆောင်းပါးထဲမှာ ခဲစာလုံးစီတဲ့ ခေတ်က မှားတတ်တဲ့ အမှားတွေ၊ အခု ကွန်ပျူတာခေတ်မှာ မှားတဲ့ အမှားတွေကို ထောက်ပြရေးသားထားပါတယ်။
အမှားတွေနဲ့ ပတ်သက်ပြီး ‘ကွန်ပျူတာရိုက်သူကို အပြစ်မတင်ပါနဲ့၊ အမှားအမှန် ပြန်စစ်တဲ့သူက မှန်အောင်ပြင်ပါ’ လို့ ပုဂ္ဂိုလ်ကြီးတဦးက လမ်းညွှန်ဖူးတယ်လို့ဆိုထားတဲ့အတွက် .. ကွန်ပျူတာသမားတွေ နည်းနည်းတော့ ခေါင်းပေါ့ သွားတာပေါ့။
ဆောင်းပါးထဲမှာ ဆက်ပြီးပြောထားတာကတော့ စာစီစာရိုက်သမားတွေက အသုံးနည်းစာလုံးတွေကို တွေ့တဲ့အခါ မှားတယ်ထင်ပြီး ကိုယ့်သဘောနဲ့ကိုယ်ပြင်လိုက်ကြတဲ့အကြောင်းပါ။
ဥပစာ ကို ဥပမာ၊ ကူရှင်ကျောင်းကို ကျူရှင်ကျောင်း၊ ကျည်းကန်ရှင်ကြီးကို ကျည်းကန်းရှင်ကြီး၊ ပကတူးကို ပလာတူး .. စသဖြင့်ပေါ့ .. ကိုယ်သိထားသမျှလေး မှန်တယ်ထင်တာလေး လျှောက်ပြင်တတ်ကြတယ်တဲ့။
အဲဒါနဲ့ပတ်သက်ပြီး အဖေကြုံခဲ့ဖူးတာလေးတခု ကျမ သွားသတိရမိတယ်။
အဖေက သူ့ရဲ့စာအုပ်ကို ၆ ကြိမ်မြောက် ထပ်ပြီးပုံနှိပ်တော့ မျက်နှာဖုံးမှာ (ဆဋ္ဌအကြိမ်) လို့ ရေးပြီးထည့်လိုက်ပါတယ်။
အဲဒီတုန်းက ဘလောက်တုံးနဲ့ ပုံနှိပ်တဲ့ခေတ်ပါ။ ဘလောက်ဆရာကို သေသေချာချာ ဆဋ္ဌအကြိမ် လို့ ပြောပြီးအပ်ခဲ့ပါတယ်။ ဘလောက်ဆရာကလဲ အဖေမှာတဲ့အတိုင်း ဆဋ္ဌအကြိမ်လို့ပဲ ဘလောက်လုပ်ပေးပါတယ်။
ဒီဘလောက်ကို ပုံနှိပ်တိုက်အပ်လိုက်ရော .. ပုံနှိပ်တိုက်ပိုင်ရှင် အဒေါ်ကြီးက ကြည့်ပြီး .. ဆဋ္ဌမအကြိမ် ဖြစ်ရမှာ ဆဋ္ဌအကြိမ်လို့ဖြစ်နေတယ်၊ ‘မ’ တလုံး မေ့ကျန်ခဲ့ထင်တယ် ဆိုပြီး ဘလောက်ကိုပြုပြင်ပြီး စေတနာပိုစွာနဲ့ ‘မ’ တလုံး ထပ်ထည့်ခဲ့သတဲ့။ အဲဒါလဲ မြင်လိုက်ရော အဖေ့မှာ ဟိုက်ခနဲ ဖြစ်သွားတော့တာပေါ့။
အဲဒီလိုအဖြစ်မျိုးတွေ နေရာတကာမှာရှိတတ်ပါတယ်။ တကယ်ဆို မသိရင် တာဝန်ရှိသူကို မေးသင့်တယ်၊ ပြီးမှ ပြင်သင့်တယ်၊ ကိုယ်မှန်တယ်ထင်တိုင်း ရမ်းသမ်းမလုပ်သင့်ဘူး။
အဲဒီ ဆောင်းပါးထဲမှာ ..
ခဲစာလုံးခေတ်မှာ စာစီဆရာက …
သီပေါမင်းပါတော်မူသည်ကို သီပါမင်း ပေါတော်မူသည် …
တွံတေးသိန်းတန် ကို တံတွေးသိန်းတန် စသဖြင့်မှားယွင်းစီတဲ့အကြောင်း
ကွန်ပျူတာခေတ်မှာ ကွန်ပျူတာပညာရှင်က
ရှင်သာ ရခိုင်တန်ဆောင်လော .. ကို ရှင်ဟာ ရခိုင်တန်ဆောင်လော .. လို့မှားတဲ့အကြောင်း တွေ ရေးထားတာကိုဖတ်ပြီး ကျမ သဘောကျစွာ ရယ်မိပါရဲ့။
ရယ်မိတာကတော့ အကြောင်းနှစ်ချက်ကြောင့်ပါ။ ပထမ မှားပြီးစီတဲ့သူရဲ့ အမှားကိုဖတ်ပြီး ရယ်ရလို့ ရယ်မိတယ်။ နောက်တခုကတော့ အဲဒီအမှားတွေအကြောင်းရေးထားတာကိုတောင် ထပ်မှားပြီး စီထားလို့ ရယ်ရပြန်တာပါ။
တွံတေးသိန်းတန် ကို တွံ့တေးသိန်းတန်ဆိုပြီး (အောက်ကမြစ်ထည့်ပြီး) ရိုက်ထားတဲ့အပြင်
ရှင်သာ ရခိုင်တန်ဆောင်လော .. မှာတော့ .. ရှင်သာ ရခိုင်တန်ဆောင်းလော ဆိုပြီး (၀စ္စပေါက်ထည့်ပြီး) ရိုက်ထားလို့ပါပဲ။
ဖြစ်မှဖြစ်ရလေ ..နော်။
သူများအမှားတွေအကြောင်းရေးထားတဲ့ဆောင်းပါးတပုဒ်မှာတော့ ဒါမျိုးအမှားထပ်မမှားသင့်တော့ပါဘူး။
စာရေးဆရာကတော့ အမှန်ရေးထားတာပါပဲ။ စာရိုက်သူကွန်ပျူတာပညာရှင်က မှားရိုက်မိတယ်ဆိုရင်တောင် ဆရာ့ရဲ့ ဆောင်းပါးမှာ နောက်ဆုံးပြောခဲ့သလို
‘ကွန်ပျူတာရိုက်သူကို အပြစ်မဆိုသာပါ ..ပြန်လည်စိစစ်သူက ဂရုတစိုက်စိစစ်ဖို့ လိုပါသည်’ ဆိုတဲ့အတိုင်း ပြန်လည်စိစစ်ကြတဲ့ အယ်ဒီတာများမှာ တာဝန်ရှိနေတာပေါ့။
တခြားဆောင်းပါးမှာ တလုံးတလေမှားတာ သိပ်အကြောင်းမဟုတ်ပေမဲ့ .. ဒီလို (သူများအမှားကို ထောက်ပြထားတဲ့) ဆောင်းပါးမျိုးမှာတော့ လုံးဝကို မမှားသင့်ပါဘူး။ ပရုပ်ဖ်ဖတ်သူတွေ အယ်ဒီတာတွေ အထူးဂရုစိုက်သင့်တယ်လို့ တွေးမိရာက …
.. .. .. ..
.. .. .. ..
မဝေဖန်တော့ဘူးစိတ်ကူးမိပေမဲ့ .. အဲဒါမျိုးတွေ့ရင် မရေးဘဲ မနေနိုင်တဲ့အတွက် ဒီစာကိုရေးဖြစ်သွားပါတယ်။
***
Monday, October 30, 2006
Subscribe to:
Post Comments (Atom)
6 comments:
Hi Ma May,
It is very good indeed.
comment upon comment , then I add another comment.:)
Thanks to both of you, I mean, the one who made mistakes and the one who made the correction on it.
I have ever heard some words "Learn form others"
In fact we learned something form your blog, that is priceless.
Thanks for sharing your knowledge and experiences.
Prince
Hi May,
This is a first time i read your blog.I got fun and knowledge.I wish,you could make writer(like hla min mo mo or lwan htar htar).
ma
ရေးတဲ့လူက ရေးဖြစ်တဲ့အတွက် ဖတ်တဲ့လူကလဲ ဖတ်ဖြစ်သွားပါတယ်။…. ;P
ကိုချိုနဲ့ ကိုသီဟရှင့် ..
တကယ်တော့ ဆဋ္ဌမ ဆိုတာ ပါဠိမှာ မရှိပါဘူး။ ၆ ဆိုရင် ဆ ပါ။ ၆ ကြိမ်မြောက်ဆိုရင် ဆဋ္ဌ ပါ။
ပဉ္စမ၊ သတ္တမ နဲ့ ရောပြီး ဆဋ္ဌကိုလည်း ဆဋ္ဌမ လို့ ဆိုကြလို့ ‘မ’ ပါသွားတာပါ။
ဆဋ္ဌမ မရှိတဲ့အတွက် ဆဋ္ဌသင်္ဂါယနာ လို့ပဲ သုံးတာပါ။
ဆဋ္ဌမသင်္ဂါယနာ လို့ မသုံးဘူးမဟုတ်လား။
ဆဋ္ဌမအာရုံ ဆိုတာလဲ မှားပါတယ်။ ဆဋ္ဌအာရုံလို့သာ သုံးသင့်ပါတယ်။
အမှားကြာတော့ အမှန်လိုလို ဖြစ်သွားတဲ့အတွက် ကိုယ်က မှန်နေရက်နဲ့ မှားတယ်လို့ ထင်ပြီး ပြင်ကြတာပေါ့။
ကွန်မန့်အတွက် ကျေးဇူးတင်ပါတယ်။
I've noticed that (I believe) in all schools in Myanmar, they are using "Sat Hta Ma tan" as sixth standard. But your explanation seems to be reasonable. But the question is why are they(schools) using "Sat Hta Ma" for a long long time(as far as I can remember, our whole 11 years of schooling)?
Thanks for pointing out Ko Cho and Thiaha Kyaw Zaw.
And Thanks for sharing Ma May Dar Wii.
ဆဋ္ဌမတန်းလို့ပဲ သုံးနေကြတာကတော့ ကျမအထင် ဆဋ္ဌဆိုတဲ့ ပါဠိစကားကို မြန်မာက ဆဋ္ဌမ ဆိုပြီး မွေးစားစကားလုံးအဖြစ် ယူသုံးလိုက်တာဖြစ်ပုံရပါတယ်။ အဲဒီလိုမွေးစားလိုက်တော့လဲ မှားတယ်လို့ မဆိုသာတော့ဘူးပေါ့။ အမှန်တကယ် ပါဠိဘာသာကို နားလည်တတ်ကျွမ်းသူများကတော့ ဆဋ္ဌမ လို့ မသုံးကြပါဘူး။
Post a Comment