Friday, October 06, 2006

သီတင်းကျွတ် အတွေး ...


ဝါတွင်း ၃ လရဲ့ နောက်ဆုံးနေ့၊ သီတင်းကျွတ်လပြည့်နေ့မှာ ခါတိုင်း ဥပုသ်နေ့တွေလိုပဲ ၉ ပါးသီလ စောင့်ထိမ်းဖြစ်တယ်။
ငယ်ငယ်က သီတင်းကျွတ်ဆို ပျော်စရာကောင်းပေမဲ့ .. ခုတော့လဲ ထူးထူးခြားခြား ဘာမှ မခံစားရသလိုပါပဲ။ ငယ်တုန်းကတော့ သီတင်းကျွတ်လမှာ ကျောင်းရက်ရှည်ပိတ်လို့ ပျော်ရတာအပြင် .. သီတင်းကျွတ်လပြည့်ညဆို ခြံထဲမှာ ယုန်ရုပ်မီးပုံးကလေးတွန်းပြီး ကစားခဲ့ကြတယ်၊ ၀င်းတံခါးသံတိုင်တွေကြားနဲ့ သစ်ပင်အောက်တွေမှာ ဖယောင်းတိုင်လေးတွေထွန်းခဲ့ကြတယ်၊
အမေလိုက်ပို့လို့ မောင်နှမတတွေ မီးထွန်းပွဲ လျှောက်ကြည့်ကြတယ်၊ မီးထွန်းပွဲလျှောက်ကြည့်ရင်း မုန့်တွေစား အရုပ်တွေပူဆာခဲ့ကြတယ်။
ဗျောက်အိုးတွေ မီးရှုးမီးပန်းတွေ ဖောက်ကြတယ်၊ မီးပုံးပျံတွေ လွှတ်ကြတယ်၊ အပူအပင်ကင်းတဲ့ ကလေးဘ၀မှာတော့ ပျော်စရာတွေ ပြည့်လို့ပေါ့။ ပြီးတော့ ခြင်းတောင်းတတောင်းထဲမှာ အသီးတွေအများကြီးထည့်ပြီး အဘိုး အဘွား နဲ့ အသက်ကြီးတဲ့ ဆွေမျိုးတွေကို တအိမ်တက်ဆင်း လိုက်ကန်တော့ကြတယ်။
ချစ်ဖို့ကောင်းတဲ့ ကြည်နူးစရာ မြန်မာ့ဓလေ့ပါပဲ။
ဒီနေ့ဟာ ကျေးဇူးရှင်ပူဇော်တဲ့နေ့ .. .. ။
မိဘနှင့်တကွ ကိုယ့်အပေါ် ကျေးဇူးပြုခဲ့ဖူးသူ မှန်သမျှကို ရည်စူးပြီး ကန်တော့ကြရမယ်လေ။
ဒါကြောင့် အဝေးရောက်နေတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကို မိဘ ဆွေမျိုး ဆရာသမားတွေဆီ ဖုန်းဆက်ပြီး ဂါရ၀ပြုဖို့ သတိပေးဖြစ်တယ်။ လက်လှမ်းမီသလောက်ပေါ့။
အကြောင်းကြောင်းသော အကြောင်းတွေကြောင့် တနှစ်လုံး ကိုယ့်မိဘ ဘိုးဘွား ဆွေမျိုးတွေကို မေ့ချင်မေ့နေမယ်၊ ဒီလို တနေ့လောက်တော့ သတိတရ ဂါရ၀ပြုသင့်တယ် မဟုတ်ပါလား။

2 comments:

မေ said...

မမမေဓါဝီ
မတွေ့ဖြစ်ကြတာ တော်တော်ကြာပြီနော်။ သတိရနေပါတယ်။
သီတင်းကျွတ်ပို့စ်တွေကို လိုက်ဖတ်ရင်း ရန်ကုန်ကို အရမ်းလွမ်းပါတယ်။
ညီမမေ (မေ၁၁)

မေဓာဝီ said...

ဟုတ်တယ် ညီမ မေဆက်တစ်လေး ..မမလဲ သတိရနေပါတယ်။
ညီမကို အဲလို မခေါ်ရတာကြာပြီနော် ..။