Friday, October 27, 2006

အိမ်ရှင်မတာဝန် ခေတ္တလွှဲပြောင်းယူစဉ်

ဈေးဝယ်ထွက်ခြင်း
***
အမေ မရှိတော့ အမေ့တာဝန်တွေ ခေါင်းပေါ်ပုံကျလာတဲ့ ကျမဟာ မနက်စောစောထ မျက်နှာသစ် သနပ်ခါးလိမ်း ပြီးတာနဲ့ ဈေးကိုပြေးရတယ်။
ဘာမှလဲ ထွေထွေထူးထူးဝယ်စရာတော့မရှိပါဘူး၊ အဖေနဲ့ ကျမ နှစ်ယောက်စားဖို့ပဲ ၀ယ်ရမှာ ဆိုတော့ .. ဈေးခြင်းတောင်းကြီးယူမနေချင်တာနဲ့ ကျွတ်ကျွတ်အိတ်လေးပဲ လက်ထဲခေါက်ပြီးယူသွားလိုက်တယ်။
ဈေးထဲမှာ အမေ၀ယ်နေကျ ဈေးသည်တွေက ကျမကို အမေ့သမီးမှန်းသိနေတော့ အပြိုင်အဆိုင် ခေါ်ကြလေရဲ့။
အထူးသဖြင့် ၀က်သားရောင်းတဲ့ အဒေါ်ကြီးပေါ့ .. ။
‘ညီမလေး တပိသာချိန်လိုက်မယ်နော်၊ အစ်မ ကြိုက်တဲ့ လိုင်းသားတွေ .. ဒီမှာ’ ဆိုပြီး ၀က်သားတွဲကြီးမြှောက်ပြနေလို့ .. မယူဘူးလို့ ကမန်းကတန်း ငြင်းလိုက်ရပါတယ်။
အမေကတော့ တခါဝယ်ရင် ၃-၄ ရက်စာ ၀ယ်တာဆိုတော့ အများကြီးဝယ်တာပေါ့။ ကျမကတော့ တရက်စာပဲဝယ်မှာဆိုပြီး ပိုက်ဆံလဲ များများစားစားမပါဘူး၊ စားမှာကလဲ အဖေနဲ့ ကျမနဲ့ နှစ်ယောက်ထဲပဲလေ။
ဒါနဲ့ပဲ .. ဘာချက်ရင်ကောင်းမလဲ စိတ်ထဲကတွေးရင်း ဟင်းစီစဉ်ရပါတယ်။ အဖေက မနက်နဲ့ည ဟင်းချင်းတူရင် သိပ်မကြိုက်လို့ ၂ နပ်စာ ၂ မျိုးဖြစ်အောင် စဉ်းစားရတယ်။
ဒါတွေကို အရင်ကတော့ အမေ စီစဉ်တာပါ၊ (အရင်တုန်းက အမေက စီစဉ်သူ၊ အမေ့လက်တိုလက်တောင်း ကောင်မလေးက ဖန်တီးသူ၊ ကျမတို့က အားပေးသူပါ၊)
အခုတော့ ကျမတယောက်ထဲမို့ ခေါင်းစားနေရပါပြီ။
မနေ့က၀ယ်ထားတဲ့ ဓညင်းဝက်တွေရှိသေးတာနဲ့ ပုဇွန်ဆိတ်နဲ့ ရောချက်မယ်ဆိုပြီး ပုဇွန်ရောင်းတဲ့နေရာ လိုက်ရှာရတယ်။ ပုဇွန်သည်တွေ့တော့ ဘယ်လောက်သားဝယ်ရမှန်းမသိဘူး။
ဒါနဲ့ .. ၂၀ သား လို့ပြောတော့ ဈေးသည်ကြီးက ပုဇွန်ဆိတ်တွေကြုံးကြုံးထည့်တယ်။ သူထည့်နေတာကိုကြည့်ပြီး စိတ်ဓာတ်နဲနဲကျသွားတယ်။ ဒီပုဇွန်ဆိတ်တွေကို ကုန်အောင် အခွံနွှာရမှာလေ .. ဟူး .. မလွယ်ပါ့လား .. နော်။ စောစောက စဉ်းစားမိရင် ပုဇွန်မ၀ယ်ပါဘူး။ လွယ်တဲ့ဟာဝယ်မှာပေါ့။ ခုတော့ မတတ်နိုင်ဘူး .. ၀ယ်ပြီးမှတော့ နွှာရမှာပဲပေါ့။
ပုဇွန်ဝယ်ပြီးတော့ ဘေးနားကဆိုင်မှာ အဖေ့အကြိုက် ပြည်ကြီးငါးတွေတွေ့တာနဲ့ ၀ယ်ခဲ့သေးတယ်။ အဲဒါလဲ ၂၀ သားပါပဲ၊ ပုဇွန် ၂၀ သားကတော့ အများကြီးရပြီး ပြည်ကြီးငါး ၂၀ သားကျတော့ နဲနဲပဲရလို့ ပိုက်ဆံရှင်းပြီးမှ ဒီလိုမှန်းသိ ၃၀ သားလောက်ဝယ်ပါတယ်လို့ နောင်တရနေမိသေးတယ်။
ကြက်သွန်နီရောင်းတဲ့ဆိုင်နားကဖြတ်တော့ ကြက်သွန်နီလဲ ၀ယ်ဦးမှဆိုပြီး ဘယ်ဈေးလဲဆိုတော့ ဒီဘက်က ၁၈၀၊ ဒီဘက်က ၂၀၀ တဲ့။ ဒါဆို ကြက်သွန်နီဈေးနဲနဲပြန်ကျနေပြီထင်ပါရဲ့၊ ဟိုနေ့က အင်တာနက်ထဲဖတ်ရတာ ၂၅၀ ဆိုလို့။
အမေရှိတုန်းက တခါတခါ အင်တာနက်ထဲဟိုဖတ်ဒီဖတ် ဖတ်ပြီး အမေ့ကို ဆရာသွားသွားလုပ်မိသေးတယ်။ ဆန်ကဖြင့် ဘယ်ဈေး၊ ဆီကတော့ ဘယ်ဈေး၊ ကြက်သွန်နီကတော့ ဘယ်လောက်ဖြစ်နေပြီ .. စသဖြင့်ပေါ့။ အဲဒါဆိုရင် အမေက ပြုံးတယ် .. သူက ဈေးသွားနေတော့ တကယ့်ဈေးနှုန်းတွေအကုန်သိနေတာပဲဟာ ..။
ကျမကသာ စာဖတ်ပြီးမှ သိတာလေ…။ လက်တွေ့နဲ့ နဲနဲတော့ ကင်းကွာတာပေါ့။ အခုတော့ လက်တွေ့ကွင်းဆင်း ဈေးဝယ်နေရပါပြီ။
အဲ .. ၂၀၀ တန် ကြက်သွန်နီက နဲနဲအလုံးကြီးပါတယ်။ ၁၈၀ တန်ကတော့ခပ်သေးသေးပေါ့။ စစချင်းတော့ ၂၀၀ တန်ထဲကပဲ ယူမယ်ဆိုပြီး ၂၀၀ တန်ထဲက ကြက်သွန်နီတွေအရင်ရွေးနေရင်းနဲ့ သိပ်မကြိုက်တော့လို့ အဲဒါတွေ ပြန်ချပြီး ၁၈၀ တန် ထဲကပဲ ရွေးဝယ်လိုက်တော့တယ်။ သူက ပိုသေးပေမဲ့ ကျစ်ကျစ်လစ်လစ်နဲ့ ပိုလှသလိုပဲမို့ပါ။
တော်ရုံတန်ရုံရွေးပြီး ချိန်ခိုင်းတော့ ဆိုင်ရှင်က ဘယ်လောက်သားယူမှာလဲ တဲ့၊ ကျမ ရွေးထားတာ ဘယ်လောက်သားရှိမှန်း မမှန်းတတ်ပါဘူး၊ ဒါနဲ့ပဲ ဘယ်လောက်သားဖြစ်ဖြစ် အဲဒါတွေအကုန်ယူမယ်လို့ပဲ ပြောလိုက်တယ် ..ပြီးရော။
နောက် အသီးအရွက်ဆိုင်မှာ တိုလီမုတ်စ အသီးအရွက်တွေဝယ်ပြီး ပိုက်ဆံ ၁၀၀ ပိုနေတာနဲ့ ခပ်တည်တည်ပေါ့ .. ပြန်မအမ်းနဲ့တော့ ငရုတ်သီးစိမ်း ၁၀၀ ဖိုးထည့်လိုက်လဲဆိုရော ငရုတ်သီးစိမ်းတွေ တပုံကြီး ကျွတ်ကျွတ်အိတ်နဲ့ ထည့်ပေးပါတယ်။ ငရုတ်သီးစိမ်း ၁၀၀ ဖိုးကျတော့လဲ အများကြီးရပါလား…။ ဒါတွေကုန်အောင် ဘာလုပ်ပစ်ရ ကောင်းမလဲ မသိဘူး။ ငရုတ်သီးစိမ်းသနပ်တို့ဘာတို့ လုပ်စားလို့တတ်ရင်လဲ အကောင်းသား။
***
စားဖိုမှူး ကျမ
***
ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ အဖေဖျော်ပေးတဲ့ ကော်ဖီတခွက် နဲ့ ဘီစကစ်လေးတွေ မနက်စာအဖြစ် စားရင်း ပဲနီလေး ဟင်းချိုအိုး တည်ထားပြီး ပုဇွန်တွေအခွံစနွှာပါတယ်။ ပုဇွန်ဆိုတာကလဲ အခွံမနွှာရင် စားလို့မကောင်းတော့ စိတ်ရှည်ရှည်ထားပြီး နွှာနေရတယ်။ တော်တော်လက်ဝင်တာပဲ .. ဇက်ကြောတွေကို တက်လို့၊ တ၀က်လောက်နွှာပြီးတော့ အချိန်က တော်တော်လင့်နေပြီ။ ပြည်ကြီးငါးတွေက အထုတ်ထဲမှာပဲ ရှိသေးတယ်။ ဒါနဲ့ ကမန်းကတန်းထုတ်ပြီး ပြည်ကြီးငါး ကိုင်ရပြန်ပါတယ်။ ပုပ်ကုန်မှာစိုးလို့။ ပြည်ကြီးငါးကိုလဲ အရင်တုန်းက သေချာကြည့်မထားမိလို့ ဘယ်လိုလုပ်ရမှန်းသိပ်မသိပါဘူး။ ဒါပေမဲ့ သူ့မျက်စိလို ခပ်လုံးလုံး မင်အိတ်ထုတ်ရတယ်ဆိုတာတော့ သိပါတယ်။ အဲဒီမင်အိတ် ၂ အိတ်ကို ဖြစ်ညှစ်ဆွဲထုတ်တော့ မင်အိတ်တွေပေါက်ပြီး ခရမ်းရောင်အရည်မဲညစ်ညစ်တွေ အင်္ကျီကိုရော မျက်နှာကိုပါ လာစင်လို့ နောက်ဆို စားဖိုမှူးတွေဝတ်တဲ့ အင်္ကျီမျိုးဝတ်ပြီးမှ ဟင်းချက်မယ်လို့ စိတ်ထဲ တေးထားတယ်။
ရှိလို့တော့မဟုတ်ပါဘူး၊ ၀တ်ချင်တာပြောပါတယ်။ ပြီးတော့ ဟင်းချက်ရင် ဆံပင်ထဲကို ညှော်တွေဝင်တာလဲ အရမ်းမုန်းပါတယ်၊ အမြဲဟင်းချက်ရတော့မယ်ဆိုရင်တော့ သူတို့လို ဦးထုတ်မျိုးဆောင်း၊ သူတို့လို အင်္ကျီဝတ် .. ၀တ်စုံပြည့်ဟင်းချက်မှဖြစ်မယ်၊ မဟုတ်ရင် ခဏခဏ ခေါင်းလျှော်နေရမှာ ..။
ပြည်ကြီးငါးတွေကိုင်နေရင်းနဲ့ .. စားလို့ကောင်းတဲ့ အရာတွေဟာ ဘာကြောင့်လုပ်ရတာ ခက်ပါလိမ့်လို့ စိတ်ပျက်ပျက်နဲ့တွေးမိသေးတယ်။
ဒီလိုနဲ့ .. ပေါ့လေ .. မနက် ၈ နာရီက စချက်လိုက်တဲ့ ဟင်းတွေဟာ ၁၁ နာရီထိုးတော့ ပြီးဆုံးခြင်းကို ရောက်ရှိ သွားပါတယ်။ ဒါတောင် အိုးတွေခွက်တွေ မဆေးရသေးဘူး။ လူတကိုယ်လုံးလဲ ညှီနံ့တွေရော ညှော်နံ့တွေရော နံလို့ပေါ့။
ရေမိုးချိုးပြီး အဖေ့ကို နေ့လည်စာပြင်ကျွေးတော့ ပြည်ကြီးငါးတို့ ဓညင်းဝက်တို့ တက်စာတွေချည်းပဲ တရက်ထဲ ချက်လို့ အဖေက ရယ်ပါတယ်။
အဖေက သွေးတက်မှာကြောက်ပြီး ဓညင်းဝက်ကို မစားတာနဲ့ ကျမတယောက်ထဲစားလိုက်ရတယ်။ ဒါတောင် ငါးသလောက်ဥ ၀ယ်ဦးမလို့ ဈေးမေးကြည့်ပါသေးတယ်၊ ၁၅၀၀ ဈေးဆိုတာနဲ့ မ၀ယ်ဖြစ်တာပါ၊ ငါးသလောက်ဥပါ ၀ယ်ခဲ့ရင် အဖေတော့ဘာပြောမလဲ မသိဘူး။
ကျမချက်တဲ့ လက်ရာ ကောင်းမကောင်းတော့ မသိပါဘူး။ ညစာကို အဖေကထမင်းမစားတော့ဘူးဆိုပြီး ကော်ဖီနဲ့ ပေါင်မုန့်ထောပတ်သုတ်ပဲ စားတဲ့အတွက် ညကျတော့ .. ကိုယ်ချက်တဲ့ဟင်းတွေ ကိုယ်တယောက်ထဲပဲ အားပေးလိုက်ရပါတော့တယ်။
(ကိုယ်ချက်တာကိုယ်ကျတော့ တော်တော်စားလို့ကောင်းသား)
***
၂ ရက်တိတိ ကျမ ဈေးသွားပြီးနောက် အဖေက သမီး ၀ယ်ရင် တို့တိ တို့တိနဲ့ ကြာလဲကြာတယ်တဲ့ ဘာမှလဲမပါဘူး ဆိုပြီး နောက်တနေ့မှာ သူကိုယ်တိုင်ပဲဈေးသွားပြီး ၃-၄ ရက်စာဝယ်လာခဲ့ပါတယ်။ ကျမ ကို သနားသွားတယ် ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် နောက်နေ့ အနားရတာပေါ့လေ။
***

5 comments:

Anonymous said...

Hi,

"Shopping".I have ever read a lot about doing shopping , in the magazines , in the journals, etc...Most of authors describe buying expensive cloths, stuffs, etc.

I hardly see any description about going to the market and buy actual things for daily food.You make a difference! Bravo!!
I can realize how difficult it was.
Daily food is important because food is not only to our strength but also for our health.

The important role of MOM who is in fact the doctor at home especially for nutrition.


Really good indeed.

Prince

Maydarwii said...

thanks for ur comment.

Myanmar Blues said...

မမေဓါ။ ပုစွန်ဆိတ်လေးတွေက အခွံမနွှာရင် ပိုချိုတယ် ခင်ဗျ။ အခွံနဲ့ စားတတ်ရင်ပေါ့ဗျာ။ (မမေဓါ့ အဖေကတော့ ကြိုက်ချင်မှကြိုက်မယ်)

မမေဓါစာတွေ ဖတ်လို့  အရမ်းကောင်းတယ်။ ဈေးဝယ်တာလေး၊ ဟင်းချက်တာလေးကို မမေဓါရေးထားတာ စာကောင်းကောင်း ဖြစ်တယ်ဗျာ။

Maydarwii said...

အခွံမနွှာရင် ပိုချိုသလားတော့မသိဘူး။ စားရင် အခွံတွေက လာလာစူးလို့ ကျမလဲ သိပ်တော့မကြိုက်ဖူးရှင့်။
ပုဇွန်ကွက်ကြော်လိုမျိုး ကျွတ်ကျွတ်လေးကြော်ရင်တော့ အခွံနဲ့လဲ စားလို့ကောင်းတယ်။
ကျမစာတွေဖတ်ပြီး အားပေးတဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ဒီလိုနဲ့ပဲ အားတွေတက်ပြီး စာတွေဆက်ရေးနေဖြစ်တာပါ။
ကြာရင် အမြင်ကတ်မှာတောင် စိုးနေရတယ်။ ရေးလွန်းအားကြီးလို့လေ။

nyalay said...

မမေစာဖတ်ရတာကောင်းတယ်၊ ဟီး ပုဇွန်ဆိတ်ကို အခွံအကုန်သင်နေမှတော့ အကျောတင်မဟုတ်ဘူး တစ်ကိုယ်လုံးတက်တော့မှာပေါ့ တကယ်က ဖင်ဆိတ် ကောင်းဆိတ်ပြီး အလယ်ခွံလောက်ချန်ထားရင် ပိုမြန်တယ်လေ သူ့ချေးကြောင်းကလဲ ခေါင်းဆိတ်ပြီး အဲ့ဒီနေရာကနေ အစလေးရှိတယ် ဆွဲထုတ်လိုက်ယုံပဲ။ ပြီးတော့ ပြည်ကြီးငါးရဲ့မျက်လုံးကို အဲ့လိုဆွဲမထုတ်ရဘူး၊ ဒါးနဲ့ သူ့မျက်လုံးနောက်နားကနေ လှီးလိုက်ရတယ်မရဲ့၊ ပြီးတော့မှ ခန္မာကိုယ်ကို အလယ်ကခွဲ အပေါ်က အရေပြားနဲ့ အထဲက အကျိအချွဲတွေကို ဓါးနဲ့ခြစ်ထုတ် ပြီးတော့မှ လှီးရတယ် (အဟဲ ဆရာဝင်လုပ်သွားတာ) :)