Tuesday, October 17, 2006

ဟတ်ချိုး

တရားခံကတော့ ဦး .. (((ဟတ် ချိုး … ))) ဆိုတဲ့ ကြော်ငြာလေးကို သဘောတကျကြည့်ခဲ့ဖူးပါတယ်။
***
ဒီနေ့ အမေမျက်စိဆေးခန်းသွားပြလို့ အမေရိကန်ဗီးရှင်းကို လိုက်သွားခဲ့တယ်။ အမေပြနေကျဆရာဝန်မကြီးက နိုင်ငံခြားခရီးထွက်နေတာ ပြန်မရောက်သေးလို့ တခြားဆရာဝန်တယောက်နဲ့ ပြောင်းပြရပါတယ်။ ခါတိုင်းဆို အောက်ထပ်မှာပြနေကျပေမဲ့ ဆရာဝန်ပြောင်းလိုက်တော့ အပေါ်ထပ်ကိုတက်ရမှာစိုးလို့ အမေက အောက်ထပ်မှာရှိတဲ့ ဆရာဝန်နဲ့ပဲ ပြမယ်လို့ပြောနေရင်းနဲ့ ၀န်ထမ်းကောင်မလေးတွေက အပေါ်ထပ်ကိုပဲ ပို့တယ်။ အမေက လှေခါးတက်ရင် ဒူးနာတတ်လို့ အောက်ထပ်မှာပဲပြချင်တာပါ။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ .. သူတို့က အပေါ်ထပ်ဆိုတော့လဲ အပေါ်ထပ်ကိုတက်ရတော့တာပေါ့။ အပေါ်ထပ်လှေခါးတဆစ်ချိုးမှာ ဆေးရောင်းတဲ့ ကောင်တာလေးရှိတယ်၊ အဲဒီနားမှာဆေးဝယ်တဲ့ လူတွေအုံနေပါတယ်။ ကျမတို့လှေခါးတထစ် နှစ်ထစ် စပြီး အတက်မှာပဲ အဲဒီ လူအုပ်ထဲက တယောက်က ‘ဟတ်ချိုး ဟတ်ချိုး’ နဲ့ ဆက်တိုက်ကြီး နှာချေနေပါလေရော။ အမေ ရော ကျမပါ နှာခေါင်းကိုလက်နဲ့အုပ် အသက်အောင့်ပြီး လှေခါးကို ကမန်းကတန်းတက်ကြရတယ်။ လူအုပ်ကြီးထဲက ကျန်တဲ့သူတွေကတော့ အေးဆေးပါပဲ။ အဲဒါကို အန္တရာယ်မှန်းလဲ မသိကြဘူးထင်ပါရဲ့။ ရှူလို့ကောင်းနေကြတယ်။ နှာချေတဲ့လူကလဲ လက်ကိုင်ပုဝါလေးဘာလေးနဲ့ ကာကွယ်တာမျိုး .. မျက်နှာလွှဲပြီး နှာချေတာမျိုး မလုပ်ဘူး။ တော်တော်ဆိုးပါတယ်။
အမေ့မှာ ဒူးနာရတဲ့အထဲ အသက်အောင့်ပြီးလှေခါးတက်ရတော့ အပေါ်လဲရောက်ရော မောနေပါပြီ။
အခန်းအ၀င်ဝမှာ ဖိနပ်တွေပျောက်တတ် မှားတတ်သည် ကျွတ်ကျွတ်အိတ်နဲ့ထည့်ယူသွားပါ ဆိုပြီး ကျွတ်ကျွတ်အိတ်လေးတွေ ချိတ်ထားလို့ ရွှေတိဂုံဘုရား သွားတာကျနေတာပဲလို့တွေးမိပါသေးတယ်။ ဒါပေမဲ့ ကိုယ့်ဖိနပ်ကို လှမ်းကြည့်ရင် မြင်ရတဲ့နေရာမှာ ထိုင်ရတာမို့ ကျွတ်ကျွတ်အိတ်ထဲ ထည့်မနေတော့ပါဘူး။ ဖိနပ်စင်မှာပဲချွတ်ခဲ့တော့တယ်။
အပြန် ဆေးဝယ်ရမယ်ဆိုတော့ ခုနက လူတွေအုံနေတဲ့ ဆေးကောင်တာလေးဆီသွားရပါတယ်။ အဲဒီအချိန်မှာတော့ လူတွေအုံမနေတော့ဘူး။ ဆေးရောင်းတဲ့ ကောင်မလေး ၂ ယောက်သာရှိပါတယ်။ ကျမ သူတို့ရှေ့ရောက်လို့ စာအုပ်ထုတ်ပြချိန်မှာ ဆေးကောင်တာက ကောင်မလေး တယောက်က ဟတ်ချိုး ဟတ်ချိုး နဲ့ နှာချေပါလေရော။ ကျမလဲ ကမန်းကတန်း မျက်နှာလွှဲပြီး အသက်အောင့်ထားလိုက်ရပြန်တယ်။
တော်သေးတယ် အမေက အနားမရောက်သေးတော့ ဒီတခါ အမေ လွတ်သွားတာပေါ့။
အဲဒီဆေးကောင်တာမှာများ နှာချေစေတဲ့ ဗိုင်းရပ်စ် တမျိုးမျိုးများရှိနေလားလို့ စဉ်းစားရင်း ကမန်းကတန်း ပြေးထွက်လာခဲ့ပါတယ်။ တော်ကြာ ကိုယ်ပါ ဓာတ်ကူးသွားရင် ဒုက္ခ။
***
အဲဒီလို ဟတ်ချိုးမျိုးတွေကို ကျမတို့ အလွန်ကြောက်ပါတယ်။ နှာချေ ချောင်းဆိုးတာကနေ ရောဂါပိုးမွှားတွေ ကူးစက်နိုင်တယ်ဆိုတာကို ငယ်ငယ်ထဲက သိနေတဲ့အတွက် ကိုယ်တိုင်နှာချေရင် ချောင်းဆိုးရင်လည်း အများရှေ့မှာ ဆင်ခြင်ခဲ့ပါတယ်။ ကိုယ့်ရှေ့မှာ သူများနှာချေ ချောင်းဆိုးရင်လည်း အားမနာပါဘူး မျက်နှာလွှဲ နှာခေါင်းပိတ်မိပါတယ်။ ဒီလို နှာခေါင်းပိတ် မျက်နှာလွှဲနေရက်နဲ့ .. သူတို့ ဟတ်ချိုး ထဲကနေ တီဘီလိုမျိုး လေထဲက ကူးစက်နိုင်တဲ့ ရောဂါပိုးတခုခု ကိုယ့်ဆီဝင်လာခဲ့မယ်ဆိုရင်တော့ .. တရားခံကို ဦး .. ဟတ် ချိုး လို့ပြောရမလားပဲ .. ။

5 comments:

NLS said...

အဲဒါက အပြည့် မမှန်ဘူးအမ။ ဟိုတလောက အသည်း ခင်မောင်ဝင်းပြောသွားတာပါ ကုလားသွေးစပ်သူဆိုရင် ဘီရောဂါဖြစ်ဖို့ အရမ်းနည်းပါးပါတယ်တဲ့။ ဒါပေမယ့် တရုတ်သွေးပါရင်တော့ ၇၅ ရာခိုင်နှုန်း ဖြစ်ဖို့ သေချာနေပါပြီတဲ့။ တစ်ခါတစ်လေလည်း ကိုယ့်ကိုယ်ခံအားနဲ့ ဆိုင်တယ် ထင်တယ် အမရဲ့။ :)

Maydarwii said...

ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမဲ့ ကြောက်ကိုကြောက်နေမိတာ၊ ကိုယ့်အနားမှာ အဲဒီလိုမျိုးမဆင်မခြင်လာလုပ်ရင် အလွန်မုန်း။
တခု မရှင်းတာက ရောဂါနဲ့ ကုလားသွေး တရုတ်သွေး ဘယ်လိုများဆက်စပ်မှုရှိလဲဆိုတာ နားမလည်ဘူး။ ရောဂါတွေဟာလဲ အသားရောင်ခွဲခြားမှုရှိတာမျိုးများလား .. ။

Myanmar Blues said...

It's not the skin color Ma Maydar, it's the gene and races (well, skin color depends on the races). Some races are adaptative or immune to some deseases and viruses-bacterias. Cancers, heart deseases, diabetes etc are all subject to that. That is why some ppl smoke cigarettes all their lives but never get lung cancer but some get the deseases very easily or in a short time.

Also depends on your defense system at the time of contact to Hepatatis A, B, C s or even flu viruses... if you sleep well and are a tough person, you won't get the flu from those sneezings.. easily but if you are weak at the moment (like in the middle of an exam).. then it is very easy for you to catch the flu..

But I do agree with what you are talking about. Sneezing infront of other ppl's face is very in-considerate and regarded as rude by many. I don't take to to hard but when someone sneeze in front of me, I try to avoid it somehow like you do... :)

hehehe... is my toungue is too long now?

Maydarwii said...

သြော် .. အဲလိုလား .. ရှင်းပြတာကို ကျေးဇူးအထူးတင်ပါတယ်နော်။
လျှာရှည်တယ်လို့လဲ မယူဆပါဘူး။ မသိသေးတာကိုပြောပြတာပဲလေ။
ကျမကပဲ တော်တော်အကဲဆတ်နေမိလားမသိဘူး။ တခါတလေ ဘတ်စ်ကားစီးရင် တယောက်ယောက်ထသွားလို့ ထိုင်ခုံနေရာရရင်တောင် ချက်ချင်းမထိုင်ပါဘူး။ အဲဒီဖင်ထိုင်ခုံက ပူနေရင် ကိုယ်ထိုင်ရတာ စိတ်မသန့်လို့ပါ။ ကိုယ်ချက်ချင်းမထိုင်လို့ တခြားလူဝင်ထိုင်ချင်လဲထိုင်တော့ ဆိုပြီး မတ်တပ်သာ ရပ်စီးခဲ့ရပေါင်း များလှပေါ့။

nyalay said...

မမေလိုစိတ်သာရှိရင်တော့ ညလေးရုံးသွားတိုင်း မတ်တပ်ရပ်စီးနေရတော့မယ်ထင်ပါ့ ဟီးးးး အလုပ်ကဝေးတယ်လေ ဘတ်စ်ကားဂိတ်ကစောင့်စီးရင်တောင် တစ်ခါတစ်လေ ထိုင်ခုံမရတတ်ဘူး ထိုင်ခုံလွတ်ရင်လဲ လုရတော့တာပဲ ဖင်ပူတာတွေမပူတာတွေ ရောဂါတွေဘာတွေ မစဉ်းစားအားဘူး ကိုယ်သက်သာဖို့အရေးကြီးတယ်လေ ရုံးရောက်ရင် အလုပ်ကလုပ်ရဦးမှာ ပြီးတော့ ကားပေါ်မှာ နှာချေတဲ့သူတွေရှိရင် ညလေးလဲ အားမနာဘူး နှာခေါင်းပိတ်ထားလိုက်တာပဲ ဒါတော့ရွံတယ်၊ ကိုယ်လဲ ချေချင်ရင်တောင် အောင့်ထားတတ်တယ်၊ နှာခေါင်းပိတ်ပြီး ပါးစပ်ပါတင်းတင်းစေ့လိုက်တော့ နှာချေလဲ အသံတိုးပြီး ဘာရောဂါမှ အပြင်မထွက်တော့ဘူးလို့ ခံစားရတယ်၊ ကိုယ်လဲ သူများစီက အကူးမခံချင်သလို ကိုယ့်မှာရှိနေရင်လဲ မကူးအောင်ပေါ့၊ လူမရှိရင်တော့ လွတ်လွတ်လပ်လပ်ချေပါတယ်။ :P