Saturday, October 14, 2006

စိတ်ကူးယဉ်ခြင်း


ဂါးဖီးကာတွန်းလေးတွေကိုသဘောကျပြီး ဂါးဖီးစရိုက်လေးတွေကို နှစ်ခြိုက်တတ်တဲ့ကျမ .. ဒီကာတွန်းလေးတွေ့လို့ တင်လိုက်ပါတယ်။ (သူ့လိုတော့ အစားအသောက်ချည်းပဲ တွေးနေတာမဟုတ်ရပါဘူးနော်။)
***
ပြောမနာဆိုမနာသူငယ်ချင်းတယောက်ကို blogပေးဖတ်တော့ ‘နင်က တော်တော်စိတ်ကူးယဉ်တာပဲ’ လို့ ထောမနာပြုတာ ခံလိုက်ရပါတယ်။
ကိုယ်ကလဲ ကိုယ်ပါပဲ။ ပိုက်ဆံမပေးရတိုင်း စိတ်ကူးက ခပ်ယဉ်ယဉ်ရယ်။
ကားတို့ ရထားတို့နဲ့ ခရီးထွက်ရင်ဖြစ်ဖြစ် တနေရာရာမှာ ခပ်ကြာကြာတယောက်ထဲ စောင့်ရတာမျိုးပဲဖြစ်ဖြစ် တချို့က စာဖတ်ပြီးစောင့်ကြတယ်။ ကျမကတော့ စိတ်ကူးယဉ်ရင်းနဲ့စောင့်ပါတယ်။ ခရီးသွားရင်း ကားပေါ်မှာ ဆိုရင် တရိပ်ရိပ်မြင်ရတဲ့ ရှုခင်းတွေရဲ့ ပြောင်းလဲသွားပုံတွေကိုကြည့် .. ညဘက်ခရီးသွားရင်ကောင်းကင်ကြီးကို ကြည့်၊ မီးကလေးမှိတ်တုတ် မှိတ်တုတ်တွေရှိတဲ့ ရွာငယ်ဇနပုဒ်လေးတွေကိုကြည့် .. အဲဒီလို ပတ်ဝန်းကျင်ရဲ့ လှပမှုတွေကိုရော အကျည်းတန်မှုတွေကိုပါ ကြည့်ရင်းနဲ့ အတွေးတွေ နယ်ချဲ့မိတယ်။ ခေါင်းထဲမှာ စာတွေရေးနေမိတယ်။ အဲဒါကို စိတ်ကူးယဉ်တယ်ပဲ ဆိုကြပါစို့ရဲ့။
ဘယ်တော့မဆို သွားရင်းလာရင်း စောင့်ဆိုင်းရင်းနဲ့ စာဖတ်လေ့မရှိပါဘူး။ အဲဒီလိုအချိန်မှာစာဖတ်ရတာလဲ အာရုံမရဘူး။ စာဖတ်ရင် များသောအားဖြင့် အေးအေးဆေးဆေး အိပ်ရာထဲမှာပဲ ဖတ်ဖြစ်တယ်။ (ဟိုနေ့က ဆံပင်ညှပ်ဆိုင်မှာတော့ ကြည့်စရာ ကိုယ့်မျက်နှာပဲရှိတာမို့ မကြည့်ချင်တာနဲ့ စာဖတ်ဖြစ်တာပါ။ အဲဒါမျိုးကတော့ တခါတလေ ချွင်းချက်ဆိုပါတော့။)
စဉ်းစားတွေးတောတာကတော့ သွားရင်းလာရင်းလဲ စဉ်းစားလို့ရနေတာပဲမဟုတ်လား။ တခါတလေ ဘာမှ မလုပ်ဘဲ သက်သက်မဲ့ ထိုင်ပြီးတော့တောင် စဉ်းစားရင်း စိတ်ကူးယဉ်နေမိသေးတာ။ အားအားယားယား ဆိုပါတော့လေ။
***

1 comment:

မေဓာဝီ said...

စိတ်ကူးယဉ်တာကောင်းတာပေါ့နော် .. စိတ်ကူးရိုင်းတာမှမဟုတ်ဘဲကိုး။ တရားမှတ်ချိန် လျှောက်တွေးမိတာတော့ သိပ်မကောင်းဘူးရှင့်။ ကျမလဲ အဲလိုပဲ .. ဥဒ္ဒစ္စ ခေါ်မလား ပျံ့လွင့်စိတ်တွေ သိပ်များတယ်လေ၊ ပြီးတော့ ကျမက ထိန မိဒ္ဒ လဲ များသေးတယ်။ ဟီး … တခုမှ မကောင်းဘူးနော်။