Thursday, October 19, 2006

ညီလင်းဆက်နဲ့ ဘလော့ခ်

မနေ့ညက လင်းဆက်ရဲ့ ဘလော့ခ်ကို ဖတ်ပြီး စိတ်မကောင်းဖြစ်မိလို့ ဒီပို့စ်ကို ရေးလိုက်ပါတယ်။
***
ညီလင်းဆက်
***
သူ့ကို စသိတာဟာ သူ့ကဗျာလေးတွေကြောင့်ပါ။
သူ့ကဗျာလေးတွေ ဖတ်ဖြစ်ရာက သူ့ဆီမေးလ်ပို့ပြီး မိတ်ဆက်ရင်း ခင်သွားခဲ့တယ်။
သူဟာ အနုပညာရှင်တယောက်လို့ ကျမကတော့ မြင်ပါတယ်။
သူ့ကဗျာတွေ စာတွေ သူဖန်တီးတဲ့ အနုပညာတွေ public မှာ ဖြန့်တာမဖြန့်တာ လူအများကြီး သိတာ မသိတာ ကို သူဂရုမစိုက်ပါဘူး။ သူ ဖန်တီးချင်တဲ့ အနုပညာတွေကို ဆက်လက် ဖန်တီးနေတာပါပဲ။
သူ့အနုပညာဖန်တီးမှုကို ကျမလေးစားမိပါတယ်။
တခါတခါတော့ သူဟာ လူတွေနဲ့ သဟဇာတမဖြစ်ပါဘူး။ သူ့အတွေးအခေါ် အယူအဆတွေက တခါတလေ အစွန်းရောက်ချင်ရောက်နေတတ်ပါတယ်။
တခါတခါ အရမ်းကို sensitiveဖြစ်တတ်တာကိုလဲ ကျမ သတိထားမိပါတယ်။
ဒါပေမဲ့ .. ဒါတွေအားလုံးဟာ အနုပညာသမားတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ ‘စိတ်’ ဆိုတာ ကျမ နားလည်ထားပါတယ်။
သိပ်မကြာသေးခင်တုန်းက သူ့ရဲ့ ပို့စ်တခုမှာ ကျမရေးတဲ့ comment ကို သူပြန်ပြောထားတာ ဖတ်ရတော့ စိတ်မကောင်းဖြစ်ခဲ့ရသေးတယ်။ သူ့ကိုပြန်ရေးဖို့ တွေးနေတုန်း သူက သူ့ comment ကို ပြန်ဖျက်လိုက်တဲ့ အတွက် ကျမ ဘာမှမရေးခဲ့တော့ပါဘူး။
သူ့အနုပညာကိုလေးစားပြီး သူဖန်တီးမှုတွေကို မြတ်နိုးတဲ့ကျမဟာ တခါတလေ သူ့လုပ်ပုံတွေကြောင့် နဲနဲတော့ အမြင်ကတ်မိပါတယ်။
ဒါပေမဲ့ ဒီလို အမြင်ကတ်တာလဲ ခဏတဖြုတ်ပါပဲ၊ နောက်တော့လဲ သူ့စာတွေဖတ်ရင်းနဲ့ သူ့ကို စိတ်ပြေ သွားမိပြန်ပါရော။
***
Blog
ဘလော့ခ် ဆိုတာ ဘာမှန်းမသိခင်မှာဘဲ လင်းဆက်ရဲ့ ဘလော့ခ်နဲ့ စနေရဲ့ ဘလော့ခ်တို့ကို ဦးဆုံး ဖတ်ဖြစ်ခဲ့တယ်။ သူတို့ရဲ့ ဘလော့ခ်တွေကို ဖတ်ရင်း တခြားသူတွေရဲ့ ဘလော့ခ်လင့်ခ်တွေပါတွေ့တော့ လျှောက်ဖတ်ဖြစ်ပါတယ်။ ဒီလိုနဲ့ .. ဘလော့ခ်ဆိုတာ ဘာမှန်း နဲနဲသိလာခဲ့တယ်။ အဲဒီလို ဖတ်ရင်းစိတ်ဝင်စားတဲ့ ဘလော့ခ်တွေဆို ဖေးဘရိတ်ထဲမှာထည့်ထားပြီး မှန်မှန်ဖတ်ဖြစ်တယ်။
လင်းဆက်ရဲ့ဘလော့ခ်ကိုတော့ နေ့စဉ်လိုလိုဖတ်ဖြစ်ပါတယ်။ ဘာကြောင့်ဆိုတော့ သူ့ဘလော့ခ်မှာက တခုမဟုတ်ခု ပေးထားတတ်လို့ပါပဲ။ အနည်းဆုံး သူ့ခံစားချက်လေးပဲ ရေးထားပါစေ ဖတ်ရတာ ရသတမျိုးကိုခံစားရပါတယ်။ တခါတလေ သူ ၂ ရက်လောက် ဘာပို့စ်မှ အသစ်မတင်ရင် နေများ မကောင်းလို့လား ဘာများဖြစ်နေလို့လဲ ဆိုပြီး စိုးရိမ်ပူပန်မိသေးတယ်။ အနုပညာသမားဆိုတာ လူကခပ်နဲ့နဲ့ စိတ်က ခပ်ယဲ့ယဲ့ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ကိုယ်ခင်မင်လေးစားတဲ့သူတယောက် တခုခုဖြစ်မှာ မလိုလားပါဘူး။
အဲဒီလို ဘလော့ခ်တွေဖတ်နေရင်းနဲ့ ကိုယ်တိုင် ဘလော့ခ်တခု လုပ်ချင်စိတ်ပေါ်လာပါတယ်။ လင်းဆက်ကလဲ မြန်မာ ဘလော့ခ်လုပ်နည်း လမ်းညွှန်တွေ ပေးထားတော့ အဲဒါတွေဖတ်ရင်း ဟိုလူ့မေး ဒီလူ့မေးရင်း ကိုယ်ပိုင် ဘလော့ခ်လေးတခု ဖန်တီးဖြစ်သွားပါတယ်။ ဘလော့ခ်ပုံစံရွေးတော့ ကိုယ်မြင်ဖူးပြီး နှစ်သက်မိတဲ့ ဒီဇိုင်းပုံ နောက်ခံ အနက်လေးရွေးခဲ့မိပါတယ်။ ကိုယ်တိုင်ကလည်း အနက်ရောင်ကို အကြိုက်ဆုံးမို့ပါ။
ဘလော့ခ်သာလုပ်တာ စာရိုက်တာကလွဲလို့ ဘာမှလဲမတတ်၊ ဘာမှလဲ နားမလည်ပါဘူး။ မြန်မာစာလုံးပေါ်အောင် ထည့်နည်းကတော့ လင်းဆက်ရဲ့ဘလော့ခ်ကိုဖတ်လို့ တတ်သွားပါတယ်။ လင့်ခ်တွေလဲ မထည့်တတ်၊ သီချင်းထည့်ချင်တာလဲ မထည့်တတ်၊ ဘန်နာမှာလဲ ပုံမတင်တတ်နဲ့ ကိုယ်ရေးချင်တဲ့စာတွေသာ လှိမ့်ရေးနေရင်း ဟိုလူ သည်လူ တနေ့ နည်းနည်းချင်းမေးရပါတယ်။ သိပ်လဲ မမေးရဲဘူး၊ ကိုယ်က ခပ်ပိန်းပိန်းဆိုတော့ မေးရမှာ အားနာလို့ပါ။
ဘလော့ခ်လေးစလုပ်ဖြစ်တော့ ဘယ်သူ့ကိုမှ မပြောဖြစ်ပါဘူး၊ အရမ်းခင်တဲ့ သူ ၃-၄ယောက်လောက်ကိုပဲ လင့်ခ် ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျမဘလော့ခ်ကို လင်းဆက်သိသွားပြီး comment လာရေးပါတယ်။ သူ့ဘလော့ခ်မှာ ချိတ်လိုက်မယ်လို့လဲပြောခဲ့တယ်။
ကျမက စာရေးတာကလွဲပြီး ဘာမှဖန်တီးတတ်သူမဟုတ်လေတော့ သူများဖတ်မိရင် ရှက်စရာများ ဖြစ်နေမလား လို့ .. အဲဒီလိုရှက်စရာမဖြစ်ရင်တော့ ချိတ်ချင်ချိတ်လိုက်ပါဆိုပြီး သူ့ဆီ မက်ဆေ့ခ်ျပြန်ပို့လိုက်တယ်။ ဒီလိုနဲ့ ကျမ ဘလော့ခ်လေးလဲ ဟိုလူဒီလူ ၀င်ဖတ်တဲ့ အဆင့်ကိုရောက်လာပါတယ်။
***
ဟိုတနေ့ကတော့ လင်းဆက်ဘလော့ခ်မှာ မေဗလပ်စ်ကို cheers လုပ်ထားတဲ့ ပို့စ်ကို ဖတ်လိုက်ရပါတယ်။ ဖတ်ပြီးပြီးချင်း ကိုယ့်ကိုယ်ကို နဲနဲရှက်သွားပါတယ်။ တကယ်တမ်း တော်တော်လေးရှက်ရမှာပါ။ ဒါပေမဲ့ ကိုယ်တိုင်က ရိုးသားစွာ အနက်ရောင်ဘက်ဂရောင်း ရွေးမိတာကလွဲလို့ shout boxတွေ ဘာတွေလဲ မလုပ်တတ်လို့ မလုပ်ဖြစ်ခဲ့တာက ကံကောင်းသွားတယ်လို့ ဆိုရမှာပါပဲ။
မေဗလပ်စ်ပြောသလို ကျမဟာ ဖန်တီးချင်သော်လည်း မဖန်တီးတတ်ပါဘူး။ စိတ်ကူးရှိပေမဲ့ လုပ်နည်းမသိလို့ မလုပ်နိုင်ခဲ့ပါဘူး။
ဘန်နာလေးတခုတောင် အချိန်မရှိတဲ့ကြားက မဖြစ်ညစ်ကျယ်လုပ်ပြီး မတင်တတ်လို့ သူများကိုမေးပြီး တင်ခဲ့ရတာပါ။
တနေ့တနေ့ ကိုယ်ခံစားရတာလေးတွေ ရေးချင်တာလေးတွေ ခေါင်းထဲရှိတုန်း ကမန်းကတန်းလေး လာလာရေးပြီး ကွန်နက်ရှင်ကောင်းတုန်း .. မီးလာတုန်း အပြေးအလွှားတင်ရတဲ့ ကျမတို့လိုလူတွေအတွက်တော့ အလှအပ ဒီဇိုင်းတွေ မချယ်မှုန်း မဖန်တီးနိုင်ပါဘူး။ မလုပ်တတ်တာလဲ ပါတာပေါ့လေ။
မေဗလပ်စ်ရဲ့ ဘလော့ခ်ကို ကျမ ဒီ့အရင်က တခါမှ မဖတ်ကြည့်ဖူးပါဘူး။ ဒါကြောင့် သူ့ရဲ့ ဖန်တီးမှုတွေ ဘယ်လို ကောင်းတယ် ဆိုတာလဲ မသိပါဘူး။ ဒါပေမဲ့ လင်းဆက် ချီးယား လုပ်ထားတဲ့ ပို့စ်မှာရေးထားတဲ့ မေဗလပ်စ် ရဲ့ စကားလုံးတွေကိုတော့ သိပ်မကြိုက်ပါ။
လင်းဆက်ရဲ့ ဖြည့်စွက်ချက်တွေကိုတော့ ဘာမှ မပြောလိုပါဘူး။ ဘာကြောင့်ဆိုတော့ အဲဒါတွေကတော့ လိုအပ်တဲ့အချက်တွေ ဆင်ခြင်သင့်တဲ့အချက်တွေလို့ ထင်လို့ပါပဲ။ မဆင်ခြင်လဲဘာဖြစ်တုန်း ဆိုတော့ ဘာမှတော့မဖြစ်ပါဘူး။ သူကတော့ မကောင်းဘူး မသင့်ဘူးထင်လို့ရေးထားတာပါ။ လက်ခံတာ မခံတာကတော့ ကိုယ်နဲ့ပဲ သက်ဆိုင်တာပေါ့နော်။ ကိုယ့်ဘလော့ခ် ကိုယ်လုပ်ချင်သလို လုပ်ရတာပါပဲ။
***
သုတ နဲ့ ရသ ဆိုရင် ကျမတို့က ရသ သမားတွေပါ။ ဘလော့ခ်တွေမှာ ဗဟုသုတဖြစ်စရာပို့စ်တွေ အများကြီး တင်ကြတဲ့သူတွေကို ကျမလေးစားတယ် ချီးကျူးတယ် ကျေးဇူးလဲတင်ပါတယ်။ ဒါပေမဲ့ ရသစာတပိုဒ်ဖတ်ရ သလောက် ရင်ထဲ ကျန်မနေခဲ့ပါဘူး။ ခေါင်းထဲမှာ စွဲမနေခဲ့ဘူး။
ကွာလတီစက္ကူချောနဲ့ ထုတ်လုပ်ထားတဲ့ ဂေါက်သီးရိုက်နည်း နိသျည်း စာတအုပ်ထက် အကြော်ထုတ်တဲ့ စက္ကူစုတ်မှာဖတ်ရတဲ့ ကဗျာတပုဒ်ကို ကျမက ပိုတန်ဖိုးထားပါတယ်။
ဒါကြောင့် ဘလော့ခ်တခုရဲ့ နောက်ခံတွေ ရှေ့ခံတွေ အပျံစားဖန်တီးမှုတွေ အဆင်သင့်ယူသုံးတဲ့ ခိုးချမှုတွေ ဆိုတာထက် ဒီဘလော့ခ်တခုမှာပါဝင်တဲ့အကြောင်းအရာကိုသာ ကျမက ပိုအလေးထားပါတယ်။
***
ပြောချင်တာကတော့ အမြင်ဆိုတာ တယောက်နဲ့တယောက်တူချင်မှ တူကြပါလိမ့်မယ်။ အမြင်မတူတာဟာ ငြင်းခုန်စရာမဟုတ်ပါဘူး။ ဒီလိုအမြင်မတူ အယူအဆလွဲတိုင်းသာ ငြင်းခုန်နေကြမယ်ဆိုရင် ရန်ပွဲတွေ အဆုံးသတ်နိုင်ကြမှာမဟုတ်ဖူးလေ။
အစကတော့ လင်းဆက်ရဲ့ ပို့စ်ကို commentရေးဦးမလို့ပါပဲ၊ ဒါပေမဲ့ ရေးချင်စိတ် မရှိတဲ့အတွက် အသာလေး လက်ရှောင်ပြီး သူများတွေဘာရေးမလဲ စောင့်ကြည့်နေခဲ့တယ်။
အလိုလေး .. စံချိန်ကိုတင်ရော .. commentပေါင်း ၆၀ ကျော်သွားပါရောလား။
စိတ်မကောင်းစရာကတော့ လင်းဆက်က နှုတ်ဆက်ထားတဲ့ ပို့စ်ကိုဖတ်လိုက်ရလို့ပါပဲ။
ဒီ commentပေါင်း ၆၀ကျော်ရဲ့ ဂယက်လို့ပဲ ထင်ပါတယ်။
တကယ်တော့ နှုတ်ဆက်စရာမလိုပါဘူး။ ကိုယ်မှန်တယ်ထင်ရင် ဘာကိုမှ ဂရုမစိုက်ဘဲ ဆက်လျှောက်သင့် ပါတယ်။
ပြောရမယ်ဆိုရင်တော့ .. လင်းဆက်ရဲ့ ဘလော့ခ်ဟာ ရသစုံ မဂ္ဂဇင်းတအုပ်လိုပါပဲ။ သုတရော ရသပါ အစုံပေးစွမ်းနိုင်ပြီး လူဖတ်များတဲ့ မဂ္ဂဇင်းတစောင်လို ဖြစ်နေပါပြီ။ လင်းဆက်မှာပရိသတ် တော်တော်များများလဲ ရှိနေပါပြီ။ ကျမရဲ့ ဘလော့ခ်ကတော့ နေ့စဉ်မှတ်တမ်းသာသာပါပဲ၊ ဘာမှလဲ သုတ ရသ ပေးစွမ်းနိုင်တာ သိပ်မရှိပါဘူး။
အခုလို အမြင်မတူသူတွေပြောကြဆိုကြငြင်းခုံကြတာဟာ စာနယ်ဇင်းလောကမှာဆိုရင်တော့ အောင်မြင်မှုတခုပဲပေါ့။
ခုလို အောင်မြင်နေတုန်း လင်းဆက်က နှုတ်ဆက်လိုက်တာဟာ အနိုင်နဲ့ပိုင်းလိုက်တာများလား .. လို့ စိတ်ထဲ တွေးမိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အားလုံးကို စိတ်မကောင်းဖြစ်စေပါတယ်။ ဖြစ်နိုင်ရင် နှုတ်မဆက်ပါနဲ့ဦး။ နှုတ်ဆက်ဖို့ အချိန်မတန်သေးပါဘူး။ လင်းဆက်ချစ်တဲ့ ဒီဘလော့ခ်ကို ကျမတို့ကလည်း ချစ်ပါတယ်။ တခြား ဖတ်ရှုသူတွေကလည်း အယူအဆချင်း တူသည်ဖြစ်စေ မတူသည်ဖြစ်စေ ဖတ်နေကြမှာပါပဲ။
ကွန်မြူနစ်ဝါဒကိုမကြိုက်တာနဲ့ ကွန်မြူနစ်ဝါဒသမားရေးတဲ့ စာကိုမဖတ်ရဘူးဆိုတာမျိုး ကျမတို့စိတ်ထဲမှာ မရှိပါဘူး။
ဒါကြောင့် ၀ါဒမတူ အယူအဆကွဲလွဲရုံမျှနဲ့ ဒီဘလော့ခ်ကိုဆက်မရေးဆိုတာ ဒီဘလော့ခ်ကိုလာပြီး ဖတ်ရှု အားပေးနေတဲ့ ပရိသတ်ကို ဒဏ်ခတ်သလို ဖြစ်နေပါတယ်။
အနုပညာသမားဆိုတာ ကိုယ့်ရဲ့ ပုဂ္ဂလိကခံစားချက်ကို ဦးစားမပေးရဘူးလို့ထင်ပါတယ်။ အများက လိုလားရင် ကိုယ့်မှာစွမ်းအားရှိသလောက် ဆက်လုပ်နေသင့်တယ်မဟုတ်လား။
လင်းဆက်ကို စစ်မှန်တဲ့ အနုပညာသမားတယောက်လို့ ယူဆတဲ့အတွက် ဒီလမ်းကနေ သွေဖည် မသွားဘူးလို့ မျှော်လင့်မိပါရဲ့။
လင်းဆက်ရဲ့ ဘလော့ခ်ကိုချစ်သော .. မုန်းသော .. ဘယ်လိုမှမနေသော သူတွေအားလုံးအတွက် လင်းဆက် ဘလော့ခ်လေး ဆက်လက်ရှင်သန်နေသင့်တယ်လို့ ထင်မိပါတယ်.. .. .. ။
***

3 comments:

NLS said...

ကျေးဇူးတင်ပါတယ် အမရေ။
တစ်ခါတစ်ခါ အစွန်းရောက်တတ်ပါတယ်။
ခေါင်းကလည်း မာချင်တဲ့အချိန် မာတတ်ပါသေးတယ်။ တကယ်တော့ ကျွန်တော်ကလည်း သာမန် ဘလော့ခ်ဂါတစ်ယောက် အနေနဲ့ သာမန်ဘလော့ခ်ဂါတစ်ယောက်ရဲ့ ပိုစ့်ကို နှစ်သက် မိသွားလို့ ထောက်ခံလိုက်တဲ့ သဘောပါ။ ဒါပေမယ့် ကျွန်တော် နားလည်ပုံနဲ့ သူများတွေ နားလည်ပုံ မတူကြပါဘူး။ သူပြောတာကို ကျွန်တော်က ကျွန်တော့်စံနဲ့ နားလည်ပြီး ထောက်ခံလိုက်တာ သူများတွေ အနှောက်အယှက် ဖြစ်သွားတဲ့အတွက်လည်း စိတ်မကောင်းပါဘူး။ အမှတ်တရပေါ့ အမရယ်။ တကယ်တော့ အမည်းရောင်ဆိုတာ လူတိုင်းသုံးလို့ရတဲ့ အရောင်ဆိုတာ လူတိုင်းသိပါတယ်။ ကျွန်တော်က အဲဒီ စာလုံးတွေကို ပယ်ပြီး ဖလေဗာဆိုတဲ့ ကိုယ့်ပုံစံ ကိုယ်လုပ်ယူခြင်း ဆိုတာကို ပဲ အဓိက စာလုံးအနေနဲ့ ယူလိုက်လို့ ဒီလို ဖြစ်သွားတာ ထင်ပါတယ်။ ကျေးဇူးပါ။

မေဓာဝီ said...

ဘာပဲဖြစ်ဖြစ်ပါ လင်းဆက်ရေ ..
အဲဒီဘလော့ခ်လေး ဆက်လက်ရှင်သန်နေတာကို မြင်ချင်ပါတယ်။ အမ တယောက်ထဲရဲ့ ဆန္ဒ မဟုတ်ပါဘူး။ အားလုံးရဲ့ဆန္ဒပါ။

Anonymous said...

မမေဒါဝီ ရေးထားတာတွေ မှန်တယ်ဗျာ...
ကိုယ်မှန်တယ် ထင်ရင် ကိုယ်ဆက်လုပ်ပေါ့... ရှောင်ပြေးသွားမယ်ဆို ကိုယ်မှားသလို ဖြစ်မှာပေါ့... ညီလင်းဆက် ဘလော့မှာ post အသစ်တက်တာ မမြင်ရတိုင်း နှမြောမိတယ်...