ဒီနေ့ မြို့ထဲကအိမ်ကို ပြန်တော့ ကားက ကန်တော်ကြီးစောင်းက ပတ်မောင်းတယ်။
ပြုပြင်ထားတဲ့ ကန်တော်ကြီးကတော့ စိမ်းစို လတ်ဆတ်လို့ပါပဲ။
ဒါပေမဲ့ ပြုပြင်ပြီးကတည်းက ကန်တော်ကြီးကို မရောက်တော့တာ ခုချိန်ထိအောင်ပဲလေ။
ကန်တော်ကြီးကို ခုလို မပြုပြင်ခင် လွန်ခဲ့တဲ့ ၂ နှစ်ခန့်လောက်တုန်းကတော့ မနက်စောစောတိုင်း ကန်တော်ကြီးဘက် လမ်းလျှောက်နေကျ။
မနက်မနက် လမ်းလျှောက်ထွက်ရင် အများဆုံးတွေ့ရတတ်တာက တရုတ်လူမျိုး အဖိုးကြီးတွေပါ။ တချို့ကလဲ လက်ထဲမှာ ရေဒီယိုလေးတွေကိုင်လို့ ..ရေဒီယိုလာချိန်ဆို ရေဒီယိုနားထောင်ရင်း လမ်းလျှောက်ကြတယ်။ မျက်နှာချင်းဆိုင် တွေ့တဲ့သူတိုင်းက ကိုယ်နဲ့သိသိ မသိသိ မင်္ဂလာပါ လို့ နှုတ်ဆက်လေ့ရှိကြတယ်။ ကြာလာတော့လဲ မျက်နှာစိမ်းတွေမဟုတ်တော့ဘူး .. ရင်းနှီးသွားကြတာပေါ့။
အိမ်ကထွက်တဲ့အချိန်မှာ မှောင်နေပေမဲ့ ကန်တော်ကြီး ဗိုလ်ချုပ်ကြေးရုပ်ဝင်ပေါက် ကိုရောက်တဲ့အချိန်မှာတော့ ဝေလီဝေလင်း ဖြစ်နေပါပြီ။ မနက်စောစော ကျန်းမာရေးအတွက် လမ်းလျှောက်တဲ့သူတွေကို ၀င်ပေါက်မှာစောင့်ပြီး ပိုက်ဆံတောင်းတာမရှိပါဘူး။
ဗိုလ်ချုပ်ကြေးရုပ် ရှေ့မှာ လေ့ကျင့်ခန်းလုပ်တဲ့သူတွေ တယောက်စ နှစ်ယောက်စ အမြဲရှိပါတယ်။ ကိုယ်တိုင်လဲ ဗိုလ်ချုပ်ကြေးရုပ်နားမှာ ခဏတဖြုတ်နားရင်း သွေးပူလေ့ကျင့်ခန်းလုပ်ဖြစ်တယ်။ ပြီးတော့မှ ဗိုလ်ချုပ်ကြေးရုပ်ကို လက်ယာရစ် တပတ်ပတ်ပြီး ကန်တော်ကြီးထဲက ပြန်ထွက်တယ်။ မနက်တိုင်းလိုလိုပါပဲ။
တချို့လူကြီးတွေ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တည့်တည့်က အုတ်တိုင်လေးတွေနားမှာ စုစု စုစု နဲ့ ရေဒီယိုနားထောင်ကြ သတင်းပလင်း ဖလှယ်ကြ တချို့ကလဲ လေ့ကျင့်ခန်းလုပ်နေကြတဲ့ မြင်ကွင်းက မနက်ခင်းတိုင်း မြင်နေကြပေါ့။
ကန်တော်ကြီးကို ပြုပြင်မယ်ဆိုတော့ သစ်ပင်တွေခုတ်၊ မြက်တွေနှုတ်နဲ့ တော်တော်တော့ အလုပ်ရှုပ်ကြပါတယ်။ သူတို့ပြုပြင်နေတဲ့ကြားထဲမှာပဲ ကျမလဲ လမ်းဆက်လျှောက်နေဆဲပါ။
အဲဒီနောက်ပိုင်း .. ကန်တော်ကြီးထဲ ၀င်သူတိုင်း တယောက်ကို ၁၀၀ ကျပ် ၀င်ကြေးကောက်လာပါတယ်။ နေ့တိုင်း လမ်းလျှောက်သူတွေကိုတော့ ကတ်လုပ်ထားရင် တ၀က်ဈေးသက်သာတယ်လို့ဆိုပါတယ်။ ဓာတ်ပုံနဲ့ဘာနဲ့ ကတ်လုပ်ရမယ်။ ကျန်းမာရေးအတွက်လမ်းလျှောက်တာများ ကတ်ပြားပြပြီးမှ ၀င်ရမယ်ဆိုတော့ စိတ်ပျက်စရာပဲပေါ့။ ကတ်မလုပ်ချင်လို့ ၁၀၀ ပေးပြီး လမ်းလျှောက်နေခဲ့ပါတယ်။ နောက်တော့ အားလုံးမြင်ကြတဲ့အတိုင်းပါပဲ .. ။ ဗိုလ်ချုပ်ကြေးရုပ်ဆီလာတဲ့လမ်းလေးတွေကိုဖျက်လိုက်ပြီး မြက်ခင်းလုပ်လိုက်တယ်။ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တည်တည့် ၀င်ပေါက်ကိုလဲ သံတိုင်တွေနဲ့ခြံစည်းရိုးခတ်လိုက်တယ်။ အရင်လို ဗိုလ်ချုပ်ကိုလက်ယာရစ်ပတ်လို့မရတော့ဘူး၊ ပတ်ချင်လဲ မြက်တောထဲကပတ်ပေတော့ပေါ့။ အဲလို ပိတ်ပြီးနောက်ပိုင်း တရက် နှစ်ရက်တော့ ဆက်လျှောက်ဖြစ်ပါ သေးတယ်။ မြက်တောထဲကဖြတ်တော့ ရွှံ့တွေ ဗွက်တွေနင်းမိပြီး စိတ်ပျက်တာနဲ့ နောက်ပိုင်းဆက်မလျှောက် ဖြစ်တော့ဘူး။
ဒီနေ့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ကအဖြတ် သံတိုင်ခြံစည်းရိုးရဲ့ နောက်က မြက်တောထဲမှာ တယောက်ထဲရပ်နေတဲ့ ဗိုလ်ချုပ်ကိုကြည့်ပြီး ..
‘ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား’ ဆိုတဲ့ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ကဗျာလေးကို အမှတ်ရလိုက်မိပါရဲ့။
Saturday, September 30, 2006
Subscribe to:
Post Comments (Atom)
No comments:
Post a Comment