Tuesday, March 20, 2007

ကျီးကန်း နှင့် ထန်းသီး

မတော်တဆဖြစ်ခြင်း (accident) ဆိုတာ ဗုဒ္ဓဘာသာမှာ မရှိဘူးဆိုပြီး ဆရာတယောက်က ပြောဖူးပါတယ်။ ဖြစ်ရပ်တခုဟာ အကြောင်းကြောင့် အကျိုးဖြစ်တာချည်းပဲ၊ အလကားနေရင်း ဖြစ်ချင်လို့ ဖြစ်တာမဟုတ်ဘူး၊ ကြောင်း-ကျိုး ဆက်နွယ်နေတယ်လို့ ဆရာက ဆိုလိုချင်တာပါ။ ဒါပေမဲ့ ကျမတို့ နေ့စဉ် အရပ်ထဲမှာတော့ မတော်တဆ ဖြစ်တယ် - အက်ဆီးဒန့် ဖြစ်တယ် လို့သာ သုံးနှုံးနေကြပါတယ်။ ဒီလိုမတော်တဆ ဖြစ်ရပ်တွေ ကြုံလာတဲ့ အခါမှာလည်း ကြောင်းကျိုးဆက်စပ်ပြီး စဉ်းစားမိသူတွေရှိသလို မတော်တဆမှာတင် လမ်းဆုံးသွားတဲ့ သူတွေလည်းရှိပါတယ်။

မတော်တဆမှုတွေ တိုက်တိုက်ဆိုင်ဆိုင် ကြုံတွေ့လာတဲ့အခါ ထန်းသီးကြွေခိုက်-ကျီးနင်းခိုက် လို့လည်း ပြောလေ့ရှိကြတယ်။ ထန်းသီးက ကြွေချိန်တန်လို့ ကြွေတာလား၊ တကယ်ပဲ ကျီးနင်းလိုက်လို့ ကြွေတာလား။
ထန်းသီးကြွေတော့မယ့် အချိန်မှာ ကျီးက ထန်းသီးပေါ် နင်းလိုက်မိတယ်၊ ထန်းသီးက ကြွေပြီးတော့ ထန်းပင် အောက်က လူပေါ်ကျတယ် ဆိုပါတော့၊ ဒီဖြစ်ရပ်မှာ .. ကျီးကန်းရဲ့ အပြစ်လား၊ ထန်းသီးရဲ့ အပြစ်လား၊ လူရဲ့ အပြစ်လား။
ကျမ မတွေးတတ်ခဲ့ပါဘူး။
***
ဖြစ်ရပ်ကလေးတခု ပြောပြချင်ပါတယ်။
မနေ့ည (၁၈-၃-၀၇) ၉ နာရီ ခန့်က တောင်ဒဂုံမြို့သစ် ကျန်းမာရေး မှတ်တိုင်အနီး ကားလမ်းမပေါ်မှာ ဖြစ်ပျက်ခဲ့တာပါ။

ညဘက်မှာ မီးကပျက်နေပါတယ်။
ဘတ်စ်ကားပြေးတဲ့ လမ်းမကြီးဆိုတော့ ကားတွေကတော့ တ၀ီဝီ နဲ့ ပြေးလွှားမောင်းနှင်နေကြတယ်။
ပြင်ဆင်မှု ကင်းတဲ့ လမ်းက ချိုင့်ခွက်ပေါင်းများစွာနဲ့ မဲမဲမှောင်လို့ပေါ့။
အဲဒီအချိန်မှာ စက်ဘီးလေးတစီး ခပ်ဖြည်းဖြည်း နင်းလာတဲ့ လူတယောက် …
မှောင်နေလို့ လမ်းမထက်က ချိုင့်ခွက်ကို မမြင်ဘဲ နင်းမိတယ် ..
စက်ဘီးက ချိုင့်ထဲကျ - ယိုင်အလဲ
နောက်က မောင်းနှင်လာတဲ့ မီးသွေးတင် ကုန်ကားကြီးက ဖြတ်အသွား …
“၀ုန်း”
“ကျွိ …..…”
(((( အား ))))
နောက်ဆုံးမှာတော့ စက်ဘီးသမား ခေါင်းကို ကားကြိတ်မိလို့ ခေါင်းပြားပြီး ဘ၀ဆုံးရရှာပါတယ်။
ဦးနှောက်ဖြူဖြူတွေလည်း တလမ်းလုံး မွစာကျဲလို့ပေါ့။
သူဝယ်လာတဲ့ ခေါက်ဆွဲထုပ်ထဲက ခေါက်ဆွဲဖတ်လေးတွေဟာလည်း … မညီညာတဲ့ ကတ္တရာလမ်းမထက်မှာ ပြန့်ကျဲလို့။

လူတွေက ၀ိုင်းအုံနေကြတယ်။
တာဝန်ရှိသူတွေက ရောက်မလာ။
ကားမောင်းသူကတော့ ထွက်ပြေးသွားပြီ။
လောလောဆယ် မပြေးလို့လည်း မဖြစ်ဘူးလေ …
အဖမ်းခံရမှာထက် ရပ်ကွက်က လူတွေ ဆွမ်းကြီးလောင်းကြတာနဲ့ နေရာမှာတင် သေသွားနိုင်လောက်တာကိုး။

တယောက်တပေါက် စကားသံတွေ ဆူဆူညံညံ။
ကွယ်လွန်သူရဲ့ ပိုင်ရှင် ဘယ်မှာလဲ … ။
ကွယ်လွန်သူဟာ ဘယ်သူလဲ …။
ပိုင်ရှင်မဲ့ စက်ဘီးကလေးက မြေမှာ လဲလျောင်းနေသလို …
ပိုင်ရှင်ရဲ့ အသက်ကင်းမဲ့ ခန္ဓာကိုယ်ဟာလည်း ဦးခေါင်းကြေမွလျက် မြေပေါ်မှာ …. လဲလျောင်း … ။
ဒီလိုနဲ့ မိုးစုပ်စုပ်ချုပ်သည်ထိ ဆိုပါတော့ … ။
***
ဒီအဖြစ်ကို ကြားရတော့ ကျမ စဉ်းစားမိပါတယ်။
ဒီကိစ္စမှာ ဘယ်သူ့ကို အပြစ်ပြောရမလဲ … ဘယ်သူ့ကြောင့်လဲ …. လို့ တရားခံ ရှာကြည့်မိတယ်။
စက်ဘီးသမားရဲ့ အပြစ်လား၊
ကားသမားရဲ့ အပြစ်လား၊
စက်ဘီးသမားကလည်း သူ့ခရီးသူ စီးနေတာပဲ။
ကားသမားကလည်း သူ့လမ်းကြောင်းသူ မောင်းနေတာပဲ။
စက်ဘီးသမားက ကံမကောင်း အကြောင်းမလှတာပေါ့ …
အင်း ကားဆရာလည်း အတူတူပါပဲလေ … အသက် မသေပေမဲ့ ရင်ဆိုင်ရအုံးမယ့် အမှုတွေ … ။
သူတို့ နှစ်ဦးလုံး ကံဆိုးလိုက်ကြတာပါလား … ။

ဘာပဲဖြစ်ဖြစ် ဖြစ်ရပ်တခုဟာ အကြောင်းမဲ့တော့ မဖြစ်ပါဘူး။
အကယ်၍သာ ဒီအချိန်မှာ လျှပ်စစ်မီးလာနေရင် …
အကယ်၍သာ ဒီအချိန်မှာ ညီညာပြန့်ပြူးတဲ့ လမ်းဖြစ်နေရင် …
သူတို့ဟာ ဒီကြမ္မာဆိုးနဲ့ တွေ့ကြုံရမှာ မဟုတ်ပေဘူး လို့လည်း တဆက်တည်း တွေးမိပါတယ်။
ဒီတော့ မီးကို အပြစ်တင်ရမလို … လမ်းပေါ် အပြစ်ပုံချရမလို ဖြစ်ပြန်ရော … ။

ဗုဒ္ဓတရားတော်အတိုင်း တွေးမယ်ဆိုရင်တော့ …
သူတို့နှစ်ယောက်လုံး ဒီအချိန်မှာ အကုသိုလ် အကျိုးပေးခွင့်နဲ့ ကြုံကြိုက် တိုက်ဆိုင် လာလို့ပေပဲ … ။
ကိုယ်ပြုလုပ်ခဲ့တဲ့ ကုသိုလ် အကုသိုလ်ကံ တွေဟာ ကိုယ့်နောက်က ထပ်ချပ်မခွါလိုက်နေတာ .. တဲ့။ အကျိုးပေးခွင့်ကြုံတာနဲ့ တပြိုင်နက် မဆိုင်းမတွ အကျိုးပေးတော့တာပဲ … တဲ့။
အင်း ….
သူတို့ အကုသိုလ်တွေ အားကြီးနေလွန်းလို့သာ ဒီအချိန်မှာ မီးကလည်း ပျက်ပေးရ၊ လမ်းကလဲ ပျက်ပေးရတာ နေမှာပါလေ …. လို့ စိတ်ကို လျှော့ရင်းသာ တွေးမိပါတော့တယ်။
***
မေဓာဝီ
19.3.07
3:40 pm

5 comments:

Anonymous said...

Ma May,,,
can I use n share some of ur post at 1 of my frd's forum???

Anonymous said...

ညီမ စကိုင်းပြာ
မမေ ခွင့်ပြုပါတယ်။ ဘယ်ဖိုရမ်ဆိုတာတော့ လင့်ခ်လေး သိလို့ရရင် သိချင်ပါတယ်။

Anonymous said...

မမေ... ဒီဟာလေးဖတ်ပြီး စိတ်မကောင်းဘူး ။ အဲဒီလူရဲ့ မိသားစုတွေ ဘယ်လိုနေမလဲမသိ ။ မြန်မာပြည်မှာ အသက်တချောင်းဆုံးရှုံးသွားတာ တချို့သောသူတွေ အေးအေးဆေးဆေး လျစ်လျူရှုနိုင်ကြတာ အတော်လေးစိတ်တိုစရာပဲ ။

Unknown said...

I think we should blame on Government. Here in Finland, there is a extra road just built for the pedestrian and walker..very safe for cycling and walking..I hate burmese Military regime

Anonymous said...

မမေ...ညီမက sky_pyar or s0wha1 ပါ...ဖိုရမ်က www.padonma.com/forum ပါ...ကြိုကီးကလိုစေးထူးလည်း အဲ့ဒီဖိုရမ်ရောက်နေပါတယ်...ဒါပေမဲ့ ရောက်ရောက်ချင်းပဲ ရုရှက လူတယောက်နဲ့ ရန်ဖြစ်နေရတယ်...မမေ လည်း အဲ့ဒီဖိုရမ်ကိုလာမယ်လို့ သိရပါတယ်...ညီမ တခု တောင်းဆိုချင်တာက မမေရဲ့ ဂျီတော့ခ် လိပ်စာလေး ရနိုင်မလားလို့ပါ...ကျေးဇူးတင်ပါတယ်...