Friday, March 09, 2007

မြက်ခင်းကလေး စိမ်းလန်းစေချင် …

ပြည်ပရောက် အမတဦးနဲ့ ဟိုတနေ့က အွန်လိုင်းမှာ စကားပြောဖြစ်ပါတယ်။
“မနေ့က အားနေတာနဲ့ နင့်ဘလော့ကို အစကနေ ထိုင်ဖတ်နေတာ … (စပါးတွဲရောင်းတဲ့ ကလေးတွေအကြောင်း) (စာမတတ်တဲ့သူတွေအကြောင်း) နင်ရေးထားတာတွေ ဖတ်ရတာ စိတ်တောင် မကောင်းဘူးဟာ”
လို့ သူကပြောတယ်။
“အဲဒါမျိုးတွေက အများကြီး … ဒီထဲရေးတာက နည်းနည်းလေးရှိသေးတာ” လို့ ကျမက ပြန်ပြောတော့ သူက
“အေးဟယ်… ငါလည်း နင့်ဘလော့ဖတ်ရင်းနဲ့ တခြား ဗမာသတင်း ၀က်ဘ်ဆိုက်တွေ လျှောက်ကြည့် လျှောက်ဖတ်မိတော့ ပိုသိလာတယ်၊ ညက တရေးနိုးပြီး အဲဒီအကြောင်းတွေ အတွေးထဲရောက်လာလို့ တော်တော်နဲ့ ပြန်အိပ်လို့မရဘူး၊ မျက်ရည်တောင် ကျမိတယ်၊ ငါတို့တိုင်းပြည်မှာ အဲဒီလောက်တောင် ဆိုးနေပြီနော်”
“… … …”

တကယ်တမ်း လက်တွေ့မှာ ကျမတို့ဆီက လူတွေ နေ့စဉ်နဲ့အမျှ ဘယ်လို ရင်ဆိုင်နေကြရတယ်ဆိုတာ သူသိရင် ပိုပြီး ငိုမိမလား မပြောတတ်ပါဘူး။ ကျမရေးတာတွေ .. သတင်းထဲ ပါတာတွေဟာ အနည်းငယ်မျှပါပဲ။ ကျမသည်လည်း ကိုယ့်ပတ်ဝန်းကျင် ကွက်ကွက်ကလေးမှာ ကြုံသမျှ မြင်သမျှသာ ရေးပြရတာကိုး။ ဒီ့ထက် ဆိုးဝါးတဲ့ ဘ၀ပေါင်းများစွာ … ကျမတို့ တိုင်းပြည်မှာရှိနေပါတယ်၊ ပြည်သူတွေ ကြုံတွေ့နေရပါတယ်။ ဒါ ဘာကြောင့်လဲ …. ။ ဒါကို ဘယ်လို ပြေလည်အောင် ဖြေရှင်းပေးကြမလဲ … ။

အမက ဆက်ပြောပါတယ်။
“အစတုန်းက ငါတို့ ဒီနေ့ ရုပ်ရှင်သွားကြည့်မလို့ စီစဉ်ထားတာ၊ မသွားတော့ဘူးဟာ …၊ အပျော်အပါးနဲ့ ပိုက်ဆံအကုန် မခံတော့ဘူး၊ ဒီလို ကုန်မယ့် ပိုက်ဆံတွေကို စုထားမယ်၊ ကလေးတွေအတွက် … စာမသင်နိုင်တဲ့ သူတွေအတွက် ငါတို့ လုပ်ပေးရမယ်”

ဒီစကားကြားတော့ ကျမ အလွန်ပီတိဖြစ်ရတယ်။ ကျမ အမဟာ ရုပ်ရှင်ကြိုက်ပါတယ်၊ သူနဲ့ သူ့အမျိုးသားနဲ့ အလုပ် အားလပ်ရက်မှာ ရုပ်ရှင်သွားကြည့်ဖို့ အစီအစဉ်ကို ကျမ စာတပုဒ်ကြောင့် ဖျက်လိုက်ကြသတဲ့။ သူ့အမျိုးသားကလည်း လိုလိုလားလားနဲ့ ဒီလိုကုန်ကျမယ့် ငွေတွေကို အကျိုးရှိရာမှာ အသုံးချကြမယ်လို့ သဘောတူလက်ခံခဲ့တယ်။ ကျမ ၀မ်းသာမိပါတယ်။

“နင်လဲ အချိန်တွေမဖြုန်းနဲ့၊ အလုပ်ကြိုးစားလုပ်၊ ပိုက်ဆံစုစမ်းပါ၊ အစကတော့ ငါက ပိုက်ဆံရှိရင် ဘုန်းကြီးတွေကို လှူချင်တယ်၊ ခုတော့ ဒီလိုကလေးတွေကို ပိုပြီး ထောက်ပံ့ပေးချင်တယ်ဟာ …”
သူက သူ့ခံစားချက်တွေကို ဆက်ပြောနေပါတယ်၊ ကျမကလည်း ဆက်တွေးနေမိတယ်၊

ဒီလိုသာ လူတိုင်း စဉ်းစားမိရင် … ဒီလိုသာ လူတိုင်း လုပ်ကြမယ်ဆိုရင် … ကျမတို့တိုင်းပြည်က ကလေးတွေရဲ့ အနာဂတ်ဟာ မလှပစရာ အကြောင်း မရှိနိုင်ပါဘူး။
ဒါပေမဲ့ များသောအားဖြင့် အတွေးတွေက …
“ငါတယောက်လုပ်ရုံနဲ့ ဘာဖြစ်သွားနိုင်မှာမို့လဲ … ကျန်တဲ့သူတွေ အများကြီးပါပဲ … လုပ်နိုင်တဲ့သူ လုပ်ကြပါစေ” ဆိုတဲ့ စိတ်ထားမျိုး ထားကြတဲ့သူက များနေတယ် မဟုတ်လား။

ဒီလိုမျိုး အတွေးမျိုး လူတိုင်းကတွေးကြရင် … ငါ တယောက်ကနေ … ငါ အများ ..ဖြစ်လာမယ်။ ငါပေါင်းများစွာက မလုပ်ကြတော့တဲ့အခါ … တိုင်းပြည်ဟာ ဒုံရင်းဒုံရင်း ဘ၀ကနေ လွတ်မြောက်နိုင်မှာကို မဟုတ်တော့ဘူး။
***
ဒါနဲ့ပတ်သက်ပြီး ဒီလထုတ် (မတ်-၂၀၀၇) လိုက်ဖ်စတိုင် မဂ္ဂဇင်းထဲက ဒေါက်တာမြင့်လွင်ရဲ့ ဆောင်းပါးတပုဒ် အကြောင်း နည်းနည်းပြောပြချင်ပါတယ်။ ဆောင်းပါးနာမည်က “ဘုံစားကျက် မြက်ခင်းကလေးရဲ့ အဖြစ်ဆိုး” တဲ့။

ရှေးတုန်းက အမေရိကန်မှာ စိုက်ပျိုးမွေးမြူ သူတွေဟာ ရေကြည်ရာ မြက်နုရာ စားကျက်မြက်ခင်း တခုရှာပြီး အဲဒီပတ်ဝန်းကျင်မှာ အိမ်လေးတွေဆောက်ကာ နေထိုင်ကြတယ်တဲ့၊ သူတို့ရဲ့ နွားတွေကို ဒီ ဘုံစားကျက်ထဲမှာ လွှတ်ထားလေ့ရှိ ကြတယ်ပေါ့။ တနေရာမှာတော့ နွားအကောင် ၁၀၀လောက် သာ လှည့်ပတ် စားသောက်လို့ ရလောက်အောင် ကျယ်တဲ့ စားကျက် မြက်ခင်းကလေး တခုရှိသတဲ့။ အိမ်တအိမ်ကို နွား ၂ကောင်နှုန်းနဲ့မွေးပြီး အိမ်ထောင်စု ၅၀ က ဒီ စားကျက်ကလေးရဲ့ ပတ်ပတ်လည်မှာ နေထိုင်ကြပါတယ်။

တနေ့တော့ လယ်သမားကြီးမစ္စတာစမစ်က စပါးကျီအသစ်တခုဆောက်ဖို့ ငွေလိုလို့ နွားတကောင် ထပ်တိုးမွေးပြီး ရင်းနှီးမတည်ငွေ ရှာဖို့ ကြံစည်တယ်။ နွား ၃ကောင်မွေးရင် နို့ထွက်နှုန်း ၅၀% ပိုလာမယ်၊ ၀င်ငွေ ၅၀% တိုးလာမယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။ ဒီစားကျက်လေးထဲမှာ နွား အကောင် ၁၀၀ ကနေ ၁၀၁ကောင် ဖြစ်လာရင်လဲ ၁% ပဲ တိုးလာတာမို့ ဘာမှ မဖြစ်လောက်ပါဘူးဆိုပြီး တွေးသတဲ့။
သူ့လိုပဲ မစ္စတာဘရောင်းကလည်း လယ်ယာသုံး ပစ္စည်းတွေဝယ်ဖို့ ငွေလိုလို့ နွားတကောင် ထပ်တိုးမွေးဖို့ စဉ်းစားတယ်၊ ဒီအတိုင်း … ကျန် လူတိုင်း လူတိုင်းဟာ လိုအပ်ချက်တွေ ကိုယ်စီနဲ့မို့ ငါတယောက်ထဲ နွားတကောင် ထပ်တိုးမွေးလို့ ဘာမှမဖြစ် လောက်ပါဘူးဆိုပြီး တကောင်စီ ထပ်မွေးကြသတဲ့။

ဒီတော့ တအိမ်ထောင်မှာ နွား ၂ကောင် နှုန်းနဲ့ နွား အကောင် ၁၀၀လောက်လောက်ငင စားသောက်နိုင်တဲ့ ဘုံစားကျက် မြက်ခင်းလေးဟာ အားလုံး ၁ကောင်စီ တိုးမွေးကြတဲ့အခါ နွား ကောင်ရေ ၁၅၀ဖြစ်လာတာမို့ မလောက်မင ဖြစ်လာပါရော၊ နွားတွေ မြက်၀၀ မစားရတော့ နို့ထွက်နှုန်းနည်းလာတယ်၊ ဒီတော့ လူတွေက စဉ်းစားပြန်တယ်၊ ၃ကောင်မွေးတာလဲ မဟန်သေးဘူး၊ နောက်တကောင်ထပ်တိုးပြီး မွေးဦးမှ ဆိုပြီး တကောင်စီ တိုးမွေးကြပြန်ရောတဲ့။

နွား အကောင် ၁၅၀ နဲ့တောင် မလောက်တဲ့ စားကျက်ကလေးဟာ အကောင် ၂၀၀ ဖြစ်လာပြန်တော့ ပိုဆိုးတော့တာပေါ့၊ မြက်ကလည်း အလျဉ်မီအောင် အသစ်မထွက်နိုင်တော့ စိမ်းစိုတဲ့မြက်ခင်းလေးဟာ နောက်ဆုံးမတော့ မွဲခြောက် ပျောက်ကွယ် ပျက်စီးသွား ပါလေရောတဲ့။

ဒီဖြစ်ရပ် ပုံပြင်လေးကို ‘ဘုံစားကျက်မြက်ခင်းလေးရဲ့ အဖြစ်ဆိုး’ [Tragedy of Commons] လို့ ပြောကြတယ်။
စိတ်ပညာရှင် ဂါးရက်ဟာဒင်က ဒီဖြစ်ရပ်ကြုံရတာဟာ “ဒီဘုံစားကျက်ဟာ ဘယ်သူမှပိုင်တာ မဟုတ်ဘူး၊ လူတိုင်းပိုင်တာ” လို့ အဓိပ္ပါယ်ဖွင့်ဆိုခြင်းရဲ့ ရလဒ်ကြောင့်လို့ တွေးသတဲ့။ ဘုံစားကျက်လေးရဲ့ နောက်ဆုံးကံကြမ္မာ အတွက်လည်း ဘယ်သူကမှ မိမိမှာ တာဝန်ရှိတယ်လို့ မခံစားမိကြဘူး .. ဒီတော့ ကိုယ်လုပ်လိုက်တဲ့ လုပ်ရပ်ရဲ့ အကျိုးသက်ရောက်မှုကိုလည်း ထည့်မတွက်ကြတော့ဘူး။


ဆောင်းပါးရှင် ဒေါက်တာမြင့်လွင်က ခုလို ဆက်ရေးထားပါတယ်။

‘ငါ ကားပေါ်ကနေ ရေသန့်ပုလင်းခွံလေးတလုံး ပစ်ချလိုက်ရုံနဲ့တော့ ပတ်ဝန်းကျင်ကြီး ညစ်ညမ်းသွားမှာ မဟုတ်ပါဘူး’ ဒါပေမဲ့ သင့်လိုပဲ တခြားသူတွေက ဒီလိုတွေးပြီး လုပ်ခဲ့ရင် ဘယ်လိုလုပ်မလဲ တဲ့။
‘သစ်တောထဲမှာ သစ်ပင်တွေက အများကြီး ငါတယောက်ထဲ ခုတ်လိုက်ရုံနဲ့ ကုန်မသွားပါဘူး’ ဒါပေမဲ့ သင့်လို တွေးပြီး လူသန်းပေါင်းများစွာက ပြုမူခဲ့ရင် ….
***
ဒီဆောင်းပါး ဖတ်ပြီး ကျမစိတ်ထဲ ပြောင်းပြန် ပြန်တွေးမိတယ်။
ဒီဆောင်းပါးမှာက … “ငါတယောက်ထဲ လုပ်လိုက်ရုံနဲ့ ဘာမှမဖြစ်ပါဘူး” လို့ တွေးပြီး လုပ်မိကြတာပါ။
ကျမက ဒီလိုတွေးကြည့်မိတာပါ။
“ငါတယောက်ထဲ မလုပ်ရုံနဲ့ ဘာမှ မဖြစ်ပါဘူး” လို့။

ဟုတ်ပါတယ်။ အခု လူတွေက အဲဒီလိုတွေချည်း တွေးနေကြတယ်။ “နှမ်းတလုံးထဲနဲ့ ဆီမဖြစ်နိုင်ဘူး” ဆိုတဲ့ စကားပုံကလည်း ဒီလိုလူစားမျိုးတွေ ကိုယ့်ကိုယ်ကို ကာဗာလုပ်ဖို့ အတွက် သက်သက်ဖန်တီး ပေးထားသလိုများ ဖြစ်နေသလား မသိပါဘူး။
အဲဒီအတွေးတွေနဲ့ အရာရာကို လစ်လျူရှု ဥပေက္ခာပြု နေတတ်ကြတဲ့ လူစားမျိုးထဲမှာ ကိုယ်များ ပါနေမလား။ ကျမ တွေးကြည့်မိပါတယ်။ ဒီလို လူစားမျိုးတွေ များလာရင် … ကျမတို့တိုင်းပြည် အနာဂတ်ဟာ ဘယ်လိုများ ဖြစ်လာလေမလဲ။
***
ကျမတို့ရဲ့ ဘုံစားကျက် မြက်ခင်းကလေးဟာ ခြောက်သွေ့ ပျက်စီးနေပါပြီ။
ကိုယ့်ကို ကျေးဇူးပြုခဲ့ဖူးတဲ့ ဒီစားကျက် မြက်ခင်းကလေးကို စွန့်ခွါပြီး ကိုယ်တဦးတည်း အဆင်ပြေစေဖို့ ရေကြည်ရာ မြက်နုရာ နေရာသစ်ကို သွားကြမလား။
မြက်ခင်းကလေးကို ပြန်လည် စိုပြည် လာစေဖို့ ၀ိုင်းဝန်းကြိုးစားကြမလား။
လူအား၊ ငွေအား၊ အကြံဥာဏ်အားနဲ့ တတပ်တအား ကြိုးစားကြမယ်ဆိုရင် …
ကျမတို့ ဘုံစားကျက်မြက်ခင်းကလေးဟာ ….ပြန်လည် လှပ စိမ်းလန်း လာလေမလား … ရယ်လို့ မျှော်လင့်ရင်းသာ ကျမစိတ်ထဲ တွေးနေမိပါတော့တယ်။

***
မေဓာဝီ
8.3.07
7:35pm

(အရင်ရေးထားတဲ့ ပို့စ်က လင့်ခ် ၂ ခု ထပ်ထည့်ပေးထားပါတယ်။)

6 comments:

Anonymous said...

kha myar ka bamar pyi mhar d lout soe ywar nay tae lo. htin lal kha myar bamar pyi a twaut ta khu2 lote par lar ma maydarwi?? computer kyi kine pii eain mhar ta nay. lone nay mae. a sar kyaung sa yar ma lote byar. taw bat tway twar byar. sar twar thin

Unknown said...

To my sis,
My concern was an increasing percentage of our childern who have lack of nutrition..
My thinking was I could offer food for at least 20 childern in Myanmar with the money for movie.
Though my contribution is too little for the whole country, I hope every penny from every individual will help.
Yours

Anonymous said...

Ma May..I assume what you wrote 'yay kyi yar myat nuu yar' is going abroad and living abroad. And you raise a question that 'will you leave your mother land (which you owe a great debt of gratitude to her) and go abroad for your own convenience?'

I think, basically you are right but this topic would be a long story and need to discuss many things.

I'd like to say for this moment is , those who are living/working abroad,do not think only for their lives(for their conveniences). I could not say 100% 'Yes'but many of them are thinking about our own country future while they are living abroad.

e.g.I heard that those who are doing PhD abroad said,they have dreams that they would like to do private university in Myanmar with their foreigner professors and friends (and if there's a chance, they can work in current universities too). Probelm is they cannot do anything for now. (All of my past university's great professors in mm were removed from their postions.)

what we can do for this moment is , we pay income tax,we contribute our donation to the events(which are doing in foreign country) which are for the children' education in mm, and we support our family. Our family support to the ppl around them. So I hope, this can be called,'somehow we contribute to our country'.

So, shall I say..Important is what we can do for our country (instead of where we are)?

Oh our mother land! plz forgive us not being in your arm for this moment..

Anonymous said...

ခုလို ဆွေးနွေးပေးတာကို ကျေးဇူးတင်ပါတယ်… မသီတာ

မသီတာပြောသလိုပါပဲ၊ ကျမဆိုလိုတာကလဲ ကိုယ့်တိုင်းပြည်နဲ့အဝေးမှာ နေနေ အနီးမှာနေနေ ကိုယ့်တိုင်းပြည်အရေးကို လစ်လျူရှု မထားစေချင်တာပါ။ မြန်မာနိုင်ငံမှာ နေထိုင်နေမှ တိုင်းတပါးမှာ နေထိုင်မှ ရယ်လို့ မဆိုလိုပါဘူး။ အားလုံးတွေးကြည့်နိုင်အောင် ကျမအမပြောတဲ့စကားကို ဥပမာအနေနဲ့ ထည့်ထားတာပါ။ သူပြောသလို ရုပ်ရှင်ကြည့်မယ့် ပိုက်ဆံ၊ ကိုယ်အပျော်တမ်း အသုံးပြုမယ့် ငွေအနည်းငယ်မျှဟာ ကလေး ဘယ်နှစ်ယောက်အတွက် အထောက်အပံ့ဖြစ်စေမလဲ၊ ဒီလိုလူတိုင်း တွေးမိစေချင်တာပါ။

နောက်တချက်ကတော့ … “ငါတယောက်ထဲ မလုပ်ရုံနဲ့ ဘာမှ မဖြစ်နိုင်ပါဘူး” ဆိုတဲ့ အတွေးမျိုး ရှိနေတဲ့ သူတွေကို အဲဒီအတွေးမျိုးတွေ ပျောက်စေချင်တာပါ။ ငါတယောက်ထဲ … မဟုတ်ပါဘူး။ ငါတောင် ဒီလိုတွေးရင် တခြားလူတွေရော မတွေးနိုင်ဘူးလား … ဆိုပြီး စဉ်းစားစေချင်လို့ပါ။

ကျမတို့တိုင်းပြည်ကို စွန့်ခွါပြီး တိုင်းတပါးကို သွားနေကြတာ ရည်ရွယ်ချက် မျိုးစုံနဲ့ပါ။ ကိုယ့်တိုင်းပြည်ကို ပြန်အကျိုးပြုမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိတဲ့သူတွေ၊ ပြန်အကျိုးပြုနေကြသူတွေလည်း မနည်းပါဘူး။

အဲဒီလို ရည်ရွယ်ချက် မရှိသူတွေရော ….မရှိနိုင်ဘူးလား။ တိုင်းပြည်ပိုက်ဆံနဲ့ တိုင်းတပါးမှာ အခန့်သားနေသူတွေရော မရှိနိုင်ဘူးလား။

ဘယ်လိုပဲဖြစ်ဖြစ် လောလောဆယ် ပြန်မလာနိုင်သေးတဲ့ အချိန်မှာ ကိုယ်တတ်နိုင်သလောက် … အပျော်အပါးအတွက် သုံးမယ့်ငွေ၊ အလဟဿ ကုန်ခမ်းသွားမယ် ငွေလေးတွေကို …. သနားစရာ ကောင်းတဲ့ ကလေးတွေအတွက် အစာအာဟာရ အလို့ငှာ ဖြစ်စေ၊ အသိပညာ ဖွံ့ဖြိုးတိုးတက်စေဖို့ ဖြစ်စေ …ပေးကမ်းချီးမြှင့် ကူညီနိုင်ကြပါတယ်။
ဒါဟာ ပြည်တွင်းမှာနေနေ ပြည်ပမှာနေနေ လူတိုင်း လုပ်နိုင်တဲ့ အလုပ်တခုပါ။
ကျမရဲ့ စာထဲမှာ လူအား၊ ငွေအား၊ အကြံဥာဏ်အားလို့ ဆိုထားပါတယ်။ ငွေနဲ့ အထောက်အပံ့ မပေးနိုင်ရင်တောင် လူကိုယ်တိုင် ဖြစ်စေ အကြံဥာဏ်နဲ့ဖြစ်စေ ထောက်ပံ့ပေးနိုင်ပါတယ်။

ရေကြည်ရာ မြက်နုရာကို သွားခြင်းဟာ အပြစ်တင်စရာမဟုတ်ပါ။ ကိုယ်ရောက်နေတဲ့နေရာက ရေကြည်လေးတပေါက် မြက်နုတဆုပ်မျှကို ရေငံသောက် မြက်ခြောက်စားနေရတဲ့ သူတွေအတွက် မျှဝေပေးကြမယ်ဆိုရင် …. ။

Anonymous said...

go and read the following link ...

http://www.tayzathuria.org.uk/bd/2007/2/04/ashin.htm

TZA said...

မမေ မင်္ဂလာပါ..

အဲလိုလူတွေ ရှိပါတယ်၊ ကျနော်သိသလောက် အလှူရှင် တဦးကနေ ကလေးတယောက်နှုန်း ပုံမှန်လှူနေတာမျိုးပါ။ အဓိက ကတော့ ပညာရေး စရိတ်ပါပဲ၊ တလဖြစ်စေ၊ နှစ်ဝက်ဖြစ်စေ၊ တနှစ်ဖြစ်စေ တခါလောက် ငွေလွှဲပို့ပေးပါတယ်။ တချို့က အဝတ်အစား အဟောင်းတွေ စုပြီး ပြန်ပို့ပါတယ်၊ ဟိုက မိဘမဲ့ကျောင်းတွေကို လှူတာပါ။ ဒီလိုလူတွေဟာ နာမည်လိုချင်လို့ လုပ်ပြနေတာ မဟုတ်တော့ လူသိသိပ်မခံချင်ကြဘူးလို့ ထင်ပါတယ်။ ဒီလိုလုပ်တဲ့လူ များလာရင်တော့ ကောင်းတာပေါ့လေ၊ ဒါပေမယ့် ရေရှည်အတွက်တော့ နိုင်ငံရဲ့မူကိုပဲ ပြောင်းလဲရမှာပါပဲ။ စွန့်ကြဲတာပဲ မျှော်ကိုးနေတာမျိုးမှ မဖြစ်သင့်တာ။

မမေကိုတော့ အမြဲအားပေးနေပါတယ်၊ မြန်မာပြည်တွင်း မှာနေပြီး ဒီလိုအကြောင်းအရာတွေရေးဖို့ အားလုံးလိုလို တွန့်ဆုတ်တတ်ကြတယ် မှုတ်လား၊ မမေရဲ့ စိတ်ဓါတ်ကို လေးစားလျက်ပါ။