Monday, December 18, 2006

ဘယ်သူ့လက်ထဲမှာလဲ ….

‘ဂျဘားတွဲဝယ်ပါ’
‘ဟမ်’
မနေ့က ညနေခင်း လဖက်ရည်ဆိုင်မှာ သူငယ်ချင်းနဲ့အတူထိုင်နေတုန်း ကလေးလေးတယောက် အနားရောက်လာပြီး မပီကလာ ပီကလာနဲ့ ပြောလာပါတယ်။
ရုတ်တရက် သူပြောတာ နားမလည်လိုက်ဘူး။ သူက နှပ်တချက်ရှူးခနဲ ရှုံ့သွင်းလိုက်ရင်း ထပ်ပြောတယ်။
‘ဂျဘားတွဲဝယ်ပါ’
အဲဒီတော့မှ သူ့ခေါင်းပေါ်ရွက်လာတဲ့ တောင်းကလေးထဲ သတိထားကြည့်မိတော့ စပါးတွဲလေးတွေကို တွေ့ရတယ်။ စပါးတွဲလိုက်ရောင်းနေတဲ့ ကလေးလေး တယောက်ပါ။
ကလေးလေးက အတော်ငယ်ပါသေးတယ်။ တကယ့်ကို သေးသေးပိစိလေး။ သူ့ မျက်နှာက ကြောင်ချေးရုပ်ပေါက်နေပြီး နှပ်ချေးကတရှုံ့ရှုံ့ … ကြယ်သီးတလုံးမှ မပါတဲ့ အင်္ကျီရင်ဘတ်က ဟပြဲ ။ ဘောင်းဘီက တဖက်တို တဖက်ရှည်၊ ဖိနပ်မပါ ခြေဗလာသက်သက်။
ဒါနဲ့ ကျမက ကြုံတုန်း သူ့ကို အင်တာဗျူးလိုက်ပါတယ်။
‘သားက ဘယ်ကနေပြီး လာရောင်းတာလဲ’
‘တမ်းနားဂျေး’
သူပြောတာ နားမလည်လို့ သုံးလေးခါ ထပ်မေးရပါတယ်။ နောက်မှ ကြည့်မြင်တိုင်ကမ်းနားဈေးက ဆိုတာ သဘောပေါက်တယ်။
‘အဖေ အမေ မပါဘူးလား … သား တယောက်ထဲလား’
‘ဟင့်အင်း …. မပါဘူး … တယောက်ထဲ’
ပြောသာပြောတာ သူက တချက်တချက် ဟိုဘက်နား လှမ်းကြည့်နေလို့ တယောက်ယောက်တော့ ပါမယ်လို့ ကျမထင်ပါတယ်။
‘ဘာနဲ့လာလဲ …’
‘ကားနဲ့’
တယောက်ထဲ ကားဘယ်လိုစီးလဲ … ဘယ်နားမှာကားစီးရလဲ … စသဖြင့် ကျမမေးသမျှတွေ သူဖြေပေးပါတယ်။ သူဖြေသမျှတော့ ကျမအကုန်နားမလည်ပါဘူး။
‘စပါးတတွဲ ဘယ်လောက်လဲ သား…’
‘နား…ဂျယ်’
သူပြောတာ ငါးကျပ်နဲ့ ငါးဆယ် မသဲကွဲပါဘူး။ ဒါနဲ့ ကျမက ငါးကျပ်လား လို့ ထပ်မေးတော့ ဟင့်အင်း နားဂျယ် လို့ ပြောတယ်။ ကျမ ၅၀ တန်တရွက်ထုတ်ပြီး သူ့ကိုပေးရင်း
‘သားက အသက်ဘယ်လောက်ရှိပြီလဲ’
‘တုံးနှစ်’
လက်ကလေး ၃ချောင်းထောင်ပြီးပြောတော့ ကျမရင်ထဲ နင့်ခနဲဖြစ်သွားမိပါတယ်။
အသက် သုံးနှစ်သာရှိသေးတဲ့ ကလေးလေးတယောက်ဟာ ခုလို ဈေးရောင်းနေရတာ …ဖြစ်မှ ဖြစ်ရလေ … လို့ ကျမ တော်တော် စိတ်မကောင်းဖြစ်မိတယ်။ အသက်သုံးနှစ်အရွယ် ဆိုတာ မိခင်ရင်ခွင်ထဲမှာ ပျော်လို့ကောင်း ဆော့လို့ ကောင်းတဲ့ အပူအပင်ကင်းမဲ့တဲ့ အရွယ်လေးပါ။
ကျမ သူ့ကိုကြည့်ပြီး ငိုင်တွေနေတုန်းမှာပဲ ကလေးလေးက တခြားဝိုင်းတွေဘက် ဆက်ထွက်သွားပြီး သူ့စပါးတွဲလေးတွေ လိုက်ရောင်းနေပါတယ်။
သူသွားရောင်းတဲ့ ၀ိုင်းတွေမှာ သူ့ပုံစံကိုကြည့်ပြီး နှာခေါင်းရှုံ့ကြ မောင်းထုတ်ကြနဲ့ပါ။ လဖက်ရည်ဆိုင်မှာ လာသောက်နေတဲ့ ဘယ်လိုလူကများ သူ့ရဲ့ စပါးတွဲတွေ ၀ယ်သွားကြမှာလဲ။ ကျမလဲ သူ့ကို ၅၀ပေးလိုက်ပေမဲ့ စပါးတွဲတော့ မယူလိုက်ပါဘူး။

ဒီလိုနဲ့ ဟိုဝိုင်း ဒီဝိုင်း မျက်နှာငယ်လေးနဲ့ ‘ဂျဘားတွဲဝယ်ပါ’ လို့ လိုက်ရောင်းနေတဲ့ သူ့ကို လဖက်ရည်ဆိုင်အပြင်က စာကလေးသည် မိန်းမကြီး လှမ်းခေါ်လိုက်လို့ ကျမ နည်းနည်းဝမ်းသာသွားမိတယ်။ စာကလေးနဲ့ စပါးတွဲက အံကိုက်ပဲဆိုတော့ .. ဒီမိန်းမကြီး စပါးတွဲဝယ်ရင် ကလေးလေးလဲ ဈေးရောင်းရပြီပေါ့။
သူတို့နေရာက ကျမတို့စားပွဲနဲ့ ခပ်လှမ်းလှမ်းမှာမို့ ကျမလဲ အကဲခတ်ကြည့်နေမိပါတယ်။ စာကလေးသည် မိန်းမကြီးနဲ့ ကလေးလေး အပြန်အလှန် ဈေးစကားပြောကြပြီး မိန်းမကြီးက တောင်းထဲက စပါးတွဲတွေ တခုပြီးတခု ရေတွက်ရင်း ယူပါတယ်။
၁၅ တွဲကို ၅၀၀ နဲ့ ဆစ်တာလား တွဲ ၂၀ ကို ၅၀၀ နဲ့ ဆစ်တာလား ကျမ သေချာမကြားရပါဘူး။ သေချာတာကတော့ ဒီမိန်းမကြီး ဈေးဆစ်နေတာပါ။
‘ဘယ်လိုမိန်းမကြီးလဲမသိဘူး၊ စေတနာရှိရင် ပိုက်ဆံအလကားပေးလိုက်ပါလား၊ စေတနာရှိသယောင်ယောင်နဲ့ ၀ယ်မလိုလိုလုပ်ပြီးတော့ ကလေးကို မတရားဈေးဆစ်နေတယ်… အသက်ကဖြင့် ….’
ကျမသူငယ်ချင်းက ဒေါကန်ပြီး ပျစ်ပျစ်နှစ်နှစ် ပြောနေပါတယ်။ ကျမတို့ကြည့်နေတုန်းပဲ မိန်းမကြီးက ကလေးရဲ့ တောင်းလေးထဲ စပါးတွဲတွေ ပြန်ပြီးထည့်ပေးလိုက်တယ်။ မယူတော့ဘူးဆိုတဲ့သဘောပေါ့။ ဘေးကကြည့်တဲ့ ကျမတို့ကသာ ဒေါမနဿတွေပွားနေမိတာ … ကလေးလေးကတော့ အေးအေး ဆေးဆေးပါပဲ။ သူ့တောင်းကလေးရွက်ပြီး ဟိုဝိုင်း ဒီဝိုင်း လျှောက်သွားနေပြန်ရော။
ကျမတို့ အကဲခတ်နေတာကို သတိထားမိတဲ့ စာကလေးသည် မိန်းမကြီးက ကျမတို့ဆီထလာပြီး …
‘အဲဒီလိုပဲ ကလေးတွေကို ဈေးရောင်းခိုင်းနေတာလေ … သူတယောက်ထဲ မဟုတ်ဖူး .. သူ့အမပါသေးတယ်’
‘သြော် … ဟုတ်လား …’
‘ကလေးသာဆိုတယ် … လူလည်လေး …ဈေးဆစ်တာကို သူ့အဖေရိုက်လိမ့်မယ်တဲ့ … လုံးဝမလျှော့ဘူး’

ဒီမိန်းမကြီးကို အမြင်နဲနဲကတ်နေတာမို့ သူ့ကို အလိုက်အထိုက် တခွန်းလောက်ပဲပြန်ပြောပြီး ကလေးလေးကို ပဲ လိုက်ကြည့်နေလိုက်ပါတယ်။ ကလေးလေးက သူ့ကို ဘယ်ဝိုင်းကမှ လက်မခံတော့ တောင်းကလေးကို ယိုင်ထိုးထိုး ရွက်ရင်း ကျမတို့နား ယောင်ပေပေနဲ့ ပြန်ရောက်လာပြန်တယ်။
ဒီတခါတော့ ကျမသူငယ်ချင်းက လှမ်းခေါ်ပြီး မေးပါတယ်။
‘မင်း ဒီစပါးတွဲတွေကုန်မှ အိမ်ပြန်ရမှာလား’
‘ဟုတ်’
‘မင်းအိမ်မှာ အဖေ အမေမရှိဘူးလား
‘ချိဒယ်’
‘သူတို့က ဘာလုပ်လဲ’
‘အမေက မုန့်ကြာဂျိ သာဂူရောင်းတယ်’
‘အဖေကရော’
‘အဖေက နေမကောင်းဘူး’
‘မင်း ဘယ်သူနဲ့လာလဲ … အမ ပါတယ်ဆို’
ဆိုတော့ သူဝန်ခံပါတယ်။ အမဆိုတာကလည်း အသက် ၆ နှစ်ပဲရှိသေးတာပါ။ မောင်နှမ နှစ်ယောက် တူတူ စပါးတွဲရောင်းပြီး ၀မ်းစာရှာနေကြရတာပေါ့။ သူ့နာမည်ကိုမေးတော့ “မင်းသိန်းထိုက်” တဲ့။
ကျမသူငယ်ချင်းက စားပွဲထိုးကိုခေါ်ပြီး ဘဲသားမုန့်တပွဲမှာလိုက်တယ်။ ပြီးတော့ သူစားဖို့ ကျွတ်ကျွတ်အိတ်လေးနဲ့ ထည့်ပေးလိုက်တယ်။
‘မင်းထမင်းမစားရသေးဘူးမို့လား ..ရော့ အဲဒါစား … မင်းအမကိုလဲ ကျွေး …ပြီးရင် အိမ်ပြန်တော့’
ကျမလဲ သူ့ကို နောက်ထပ် ပိုက်ဆံထပ်ပေးလိုက်ပါတယ်။ ကလေးလေးက ပေစောင်းပေစောင်းနဲ့ ကျမတို့ဝိုင်းက ထွက်သွားတယ်။ ခဏနေတော့ သူ့အမ လိုက်လာပြီး နှစ်ယောက်သား တ၀ိုင်း ပြီး တ၀ိုင်း ဈေးလိုက်ရောင်းနေကြပါတယ်။

ဒီလဖက်ရည်ဆိုင်က ကျမ တခါရေးဖူးသလိုပဲ အလှူခံရော သူတောင်းစားရော တော်တော်များပါတယ်။ သူတို့က လဖက်ရည်ဆိုင်မှာ အလုပ်ဆင်းသလို နေ့စဉ် လာကြတယ်။ မနက်ဆို ရောက်လာပါပြီ၊ ယောဂီညိုရောင်တွေ ဆင်မြန်းကာ တောင်းရမ်းကြပြီး နေ့ခင်းဆို အရိပ်ကောင်းတဲ့တနေရာ ဒါမှမဟုတ်လဲ ဆိုင်က ခုံတခုခုမှာထိုင်ပြီး ပိုက်ဆံတွေရေတွက်၊ ညနေဆို အိမ်ပြန်။ သူတို့အတွက်တော့ ဟန်ကျနေတာပါပဲ။
သူတို့လို သန်စွမ်းကျန်းမာတဲ့ လူကြီးတွေ တောင်းရမ်းစားသောက်နေတာထက်စာရင် ဒီကလေးလေးတွေ ခုလို ဈေးရောင်းတာက တော်ပါသေးတယ်လို့ စိတ်ထဲ ဖြေတွေး တွေးမိတယ်။
ဘယ်လိုပဲ ဖြေတွေးလည်း အသက် သုံးနှစ်အရွယ် ကလေးငယ်ရဲ့ ကြမ်းတမ်းတဲ့ ဘ၀ကိုဖြင့် ကျမတော်တော် စိတ်မကောင်းဖြစ်မိပါတယ်။
ဒီကလေးတွေရဲ့ အနာဂတ်က ဘာလဲ …. ။
***
ကျမတို့တိုင်းပြည်ရဲ့ အနာဂတ်ဟာ … ကလေးတွေရဲ့ လက်ထဲမှာလို့ ဆိုကြတယ်။
ဘယ်လို ကလေးတွေရဲ့ လက်ထဲမှာလဲ …
တောထဲတောင်ထဲ အိုးမဲ့ အိမ်မဲ့ ပြေးလွှားနေကြရတဲ့ ကလေးတွေလား …
မြို့ပြမှာနေပြီး ခုလို ဈေးရောင်းသူရောင်း .. တောင်းစားသူစား ..ဖြစ်နေကြတဲ့ ကလေးတွေလား …
ဒါမှ မဟုတ် …
မှန်အလုံပိတ်ထားတဲ့ အကောင်းစားကားကြီးပေါ်က မြေမနင်းသားလေးတွေလား …
သူတို့လေးတွေရဲ့ ကံကြမ္မာ …
တိုင်းပြည်ရဲ့ ကံကြမ္မာကို … ကြိုတင်သိချင်စမ်းပါဘိတော့တယ်။
***
17.12.06
10:58 pm

12 comments:

TZA said...

ဖတ်ရတာစိတ်တောင်မချမ်းသာဘူးဗျာ..
သတင်းစာမှာရေးတာ ဒီနေ့ဒီအခြေအနေဟာ ၈၈အပြီး နာလန်ထခါစ မြန်မာပြည်တဲ့.. ၈၈ အတွက် အရမ်းကြီး ပေးဆပ်ခဲ့ရတယ်တဲ့ (မြန်မာ့အလင်းထဲက ကောက်နှုတ်ပါတယ်)၊ ၃နှစ်သားတွေ ဈေးထွက်ရောင်းရတဲ့ ပေးဆပ်ခြင်းမျိုးထင်ပါ့။ ဒါနဲ့ ဟိုးမင်္ဂလာပွဲလေးကို သတိရမိတယ်ဗျာ... ဘာလို့ပြည်သူတွေပဲ ပေးဆပ်နေရတာပါလိမ့်..

့hana said...

မဖြေတတ်ဘူး..မမေရယ်။
အမေးရှိပေမယ့် အဖြေမရှိတဲ့ မေးခွန်းတွေ အများကြီးပဲနော်။
စကားလုံးအတော်များများကို ရင်ထဲမှာပဲ ပြန်သိမ်းထားလိုက်ရတွေလည်း အများကြီးပဲ။

Anonymous said...

အစ်မရေ
ကျွန်တော်လည်းအဲ့ဒီကလေးတွေနဲ့ကြုံဖူးပါတယ်။
သိပ်တောင်မကြာသေးဘူးဗျ။ပြီးခဲ့တဲ့လကုန်ကာနီးလေးကမှ..။
ဗိုလ်အောင်ကျော်လမ်းကမွန်း မှာထိုင်ပြီးဒီဘက်ကိုထွက်လာတော့အဲ့ဒီလိုစပါးတွဲလေးတွေရွက်
ထားတဲ့သုံးနှစ်လောက်ကလေးတစ်ယောက်ကငိုလို့။
သူ့ထက်နည်းနည်းကြီးမယ့်ငါးနှစ်လောက်ကောင်လေးတစ်ယောက်ကသူ့ကိုချော့လို့.။
ဒါနဲ့အစ်မတွေးမိသလိုပဲတွေးမိတယ်။သူတို့ရဲ့စပါးတွဲလေးတွေကိုဘယ်သူက၀ယ်မှာလည်းလို့။
ရင်ထဲမှာလည်းမကောင်းဘူး။
ကျွန်တော့်ညီအငယ်ဆုံးထက်တောင်ငယ်ဦးမယ်။မိဘအရိပ်မှာဆိုးလို့နွဲ့လို့ကောင်းတဲ့သူတွေက
ကောင်းနေတုန်းမှာတစ်ချို့ကလေးတွေကျတော့ဗိုက်ဟောင်းလောင်းနဲ့လမ်းတကာလှည့်လို့.။
အဲ့ဒါနဲ့သူတို့နားကိုသွားပြီးထမင်းစားပြီးပြီလားဆိုတော့မစားရသေးဘူးတဲ့။
(အချိန်ကတစ်နာရီခွဲနေပြီ)ဒါနဲ့ကျွန်တော်သူတို့နှစ်ယောက်ကိုအဲ့ဒီနားကလက်ဖက်ရည်ဆိုင်ကိုခေါ်သွားပြီးထမင်းကျွေးတယ်။မှာထားတုန်းမှာပဲခြောက်နှစ်လောက်ကောင်မလေးတစ်ယောက်
ထပ်ရောက်လာပြန်ရော။တစ်ယောက်ရောက်လိုက်ထပ်မှာပေးလိုက်နဲ့၅ယောက်လောက်
ရောက်လာကြတယ်။ရွယ်တူလေးတွေချည်းပဲ။သူတို့စားပွဲပေါ်ကိုပန်းကန်တွေစုံအောင်ရောက်မှ
ထပြန်လာရတယ်။ကျွန်တော်ထွက်သွားရင်မောင်းထုတ်မှာစိုးလို့။
လမ်းမှာထပ်တွေ့သေးတယ်ဗျ။နောက်ထပ်နှစ်ယောက်ရယ်။
မိန်းမကြီးတစ်ယောက်ကအခါလည်လောက်ကလေးတစ်ယောက်ကိုအလေးတည်နေတယ်။
လမ်းပေါ်မှာပဲ။သူတို့အမေဖြစ်မယ်နဲ့တူပါရဲ့။
ကျွန်တော့်အထင်တော့အစိုးရကမြို့ထဲလမ်းတွေမှာတောင်းရမ်းစားတဲ့သူတွေခွင့်မပြုတော့လို့
ဝိနည်းလွတ်ရုံလုပ်ရတယ်ထင်ပါတယ်။သူတို့စပါးတွဲဆိုတာလေးစပါးနှံလေးတွေကမပါတစ်ဝက်ပါတစ်ဝက်လေ။ကျွန်တော်တော့သူတို့မျက်နှာကိုတော်တော်ကြာတဲ့အထိခေါင်းထဲကမထွက်
ဘူး။စိတ်ထဲမှာလည်းတော်တော်ပဲမကောင်းဘူး။

Ka Daung Nyin Thar said...

တိုင်းပြည် ကြမာဆိုတာ ပြည်သူတွေ လက်ထဲမှာ ရှိပါတယ် မမေဓာ
ပြည်သူတွေ မကြိုးစားရင် ကျနော်တို့ လုပ်သမျှ အချည်းနှီးသာ ဖြစ်ပါလိမ့်မယ်။

စကားမစပ် အဲလို ရောင်းတာမျိုး ကျနော်လဲ ဘယ်ကြည့်ချင်ပါ့မလဲဗျာ.. ခက်တာက ကဘာကြီးမှာ ဒီ့ထက် ဆိုးတဲ့ အဖြစ်မျိုးတွေ ရှိသေးတယ်လို့ တွေးကြည့် မြင်ကြည့်ရင် လူ့လောကကြီးဟာ စုတ်ပြတ်သပ်နေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

ကဒေါင်းညင်သာ

Anonymous said...

Who know the future of Myanmar even if we don't know about ourselves, May Dar Wii yae???

Anonymous said...

I have seen quite a numbers of people doing in the streets of Yangon.
I personally find out the cause, why....
It is pretty simple.


1- there is no much job opportunity

2- even if one gets the job, working from dawn to dusk , can't suvive the family life, each and every one in the family has to do and look for earning of their own, regardless of young or old.That's means the income does not cope to a living.

On the contarary , some people know that easy money can be got by begging around, those are very lazy peoples and taking advantages to those who has sympathy.

Days after days , years after years, we can see the big gap between the rich and the poors.........more and more children, instead of going to school, some works at tea shops, street stall etc.. in order to provide enough food to their family members.

I am sure there is some young children were surving at the tea shop where you had a cup of tea.


It is not a good thing to us....isn't it?

Prince.

နိုင်းနိုင်းစနေ said...

အဲဒီ စပါးတွဲတွေ သူတို့ ဘယ်ကရသလဲ...ကိုယ်တိုင် စိုက်ထားသလား...
ဒါမှ မဟုတ်.......... ......ထမင်းတလုပ်အတွက် ပေးဆပ်လိုက်ရတဲ့ အကျင့်
သိက္ခာတွေ ဘယ်သူသိမလဲ...မလုပ်ချင်ဘဲနဲ့ စတေးလိုက်ရတဲ့ ဘ၀တွေ
ဘယ်သူမြင်မလဲ....

Anonymous said...

ဒါတွေသိရက်နဲ့  ဘာမှ မလုပ်နိုင်၊ မလုပ်ရဲတဲ့ ကိုယ့်ကိုကိုယ်ဘဲ မကျေမနပ်ဖြစ်မိတယ်။ တိုင်းပြည်အတွက် ရှောင်သီလတွေ ရှောင်နိုင်ခဲ့ ပေမယ့် (လုပ်ဆောင်ရမဲ့ )ဆောင်သီလတွေ ဘာမှ ဟုတ်တိပတ်တိမလုပ်နိုင်ခဲ့ ဘူး။ ကျွန်တော့်လို သာမန်၊ သာမန်ဆိုတဲ့ ပြည်သူတွေ များနေတာ၊ တကယ့်ကို အသက်စွန့် ၊ ကိုယ်ကျိုးစွန့်  လုပ်နေတဲ့ (အထဲက) လူနည်းစုလေးကို သိပ်အားနာတယ်။ အရွယ် မရောက်သေးတဲ့  နောက်မျိုးဆက် ကလေးတွေကိုလဲ အားနာတယ်။ စပါးတွဲဗန်းရွက်နေရတဲ့ ကလေးတွေကိုလဲ အားနာတယ်။ တိုင်းပြည်ကို ကိုယ့်ကိုကိုယ်ထက်၊ ကိုယ့်မိသားစုထက်၊ ပိုမချစ်နိုင်တာ အပြစ်လို့  ခံစားရတယ်ဗျာ။ ဒါကို သိလို့  ဒီလို လုပ်နေကြတာကိုလဲ ခံပြင်းတယ်ဗျာ။ သတ္တိမရှိ၊ မစွန့် လွှတ်နိုင်တဲ့ ကိုယ့်ကိုကိုယ်ဘဲ အပြစ်တင်မိတယ်ဗျာ။

ကိုချို။

သံလွင် said...

မူရင်း ပို့စ်ရော ရေးထားကြတဲ့ ကွန်မန့်တွေရော သိပ်ကောင်းလွန်းတော့ ကျနော်က ဘာဆွေးနွေးရမယ်မှန်းတောင် မသိတော့ဘူး.. စပါးတွဲတောင် လိုက်ရောင်းနေတယ်ဆိုတော့ တော်တော် ဆိုးဝါးတာပဲ.. ကျနော် မီးရထားနဲ့ ခရီးသွားတဲ့အခါတွေမှာ ရထားကြီးက တဝေါဝေါနဲ့ ဖြတ်သွားတုန်း အပြေးအလွှားနဲ့ လက်ပြ နှုတ်ဆက်တဲ့ ကလေးတွေကို တွေ့ဖူးတယ်.. ခရီးသည် တချို့တလေက ငွေတိုငွေစ၊ ဒါမှမဟုတ် စားစရာ တခုခု ပစ်ချပေးလိုက်ရင် အလုအယက်နဲ့ ကောက်ကြတာ.. ရထားကြီးအောက် ၀င်သွားမှဖြင့်လို့ ရင်တမမနဲ့ စိတ်ထဲ နင့်နေအောင် ခံစားဖူးတယ်.. အခုလဲ စပါးတွဲရောင်းတယ်တဲ့ဗျာ..ါ်(

Maydarwii said...

ကွန်မန့်အားလုံးအတွက် ကျေးဇူးအထူးတင်ပါတယ် … ။

Who know the future of Myanmar even if we don't know about ourselves, May Dar Wii yae???
ဆိုပြီး အမည်မသိတဦးကပြောထားပါတယ်။
မှန်ပါတယ်ရှင် …
အနာဂတ်ကို ဘယ်သူမှ မသိနိုင်ပါဘူး …
သို့သော် ပစ္စုပ္ပန် ကောင်းမှ အနာဂတ်ကောင်းမယ် ဆိုတာ ငြင်းလို့မရပါ။
ကံနှင့် ကံရဲ့ အကျိုးကို ယုံကြည်သော ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ ပြောရမယ်ဆိုရင် ကျမတို့ ကောင်းမှုကုသိုလ်တွေ ပစ္စုပ္ပန်မှာ ပြုနေကြတယ်ဆိုတာ …အနာဂတ်အတွက် မဟုတ်ပါလား။
ကိုကဒေါင်းပြောတဲ့အတိုင်း …
ကျမတို့ရဲ့ ကံကြမ္မာဟာ ကျမတို့ရဲ့ ကိုယ်တိုင်ဖန်တီးရတာဖြစ်သလို …
တိုင်းပြည်ရဲ့ ကံကြမ္မာကိုလည်း ပြည်သူပြည်သားတွေက ဖန်တီးရမှာဖြစ်ပါတယ်။
တိုင်းပြည်ရဲ့ ကြမ္မာကို ဖန်တီးကြမဲ့ ပြည်သူတွေဟာ
အတ္တကြီးသူတွေလား …
ကြောက်ရွံ့နေကြသူတွေလား …
တွေဝေနေကြသူတွေလား …
ဒီလိုလူတွေရဲ့ လက်ထဲမှာဆိုရင်တော့ …. ကျမတို့ တိုင်းပြည်ရဲ့ အနာဂတ်ဟာ လှပပါ့မလား …
***
စနေပြောတဲ့စကားကိုလဲ စဉ်းစားကြည့်မိပါတယ် …
စပါးစိုက်တဲ့အလုပ်က လယ်သမား အလုပ်ပါ။
လူမမယ် ကလေးငယ်တွေဟာ မိဘအရိပ်အောက်မှာ နေရမှာပါ ..။
ကျောင်းသားဆိုတာ စာသင်ရမယ် …ကျောင်းတက်ရမယ်။
စစ်သားက တိုင်းပြည်ကာကွယ်ရမယ်။
အလုပ်သမားက အလုပ်လုပ်ရမယ် …။
ဒါမှလဲ ဟန်ချက်ညီတဲ့ လောက ဖြစ်လာမှာ မဟုတ်လား။
ကလေးတွေက စပါးစိုက် …လယ်သမားတွေက စစ်တိုက် ..ကျောင်းသားတွေက ဈေးရောင်း …စစ်သားတွေက တောင်းစား … ဒါဆိုရင် …လောကကြီးက ကမောက်ကမ ဖြစ်ကုန်တော့မှာပေါ့။
ထမင်းတလုပ်အတွက် အကျင့်သိက္ခာပေးဆပ်တယ်ဆိုတာ …
ဘယ်လိုထမင်းလုပ်မျိုးအတွက်လဲ ….????
ထမင်းတလုပ်အတွက်နဲ့ ဂုဏ်သိက္ခာ အကျခံတာ … အကျင့်စာရိတ္တတွေ ပျက်ပြားခံတယ်ဆိုတာဟာ စိတ်ဓာတ် မခိုင်မာတဲ့သူတွေ အလုပ်ပါ။
လျှာပေါ်မြက်ပေါက်ပါစေ … ငတ်လို့ သေသွားပါစေ … မဟုတ်တာမလုပ်ဘူး ဆိုတဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ရှိသူတွေကျတော့ ကိုယ့်ဝမ်းရေးထက် … ကိုယ့်အသက်ထက် …. ဂုဏ်သိက္ခာ နဲ့ ကိုယ်ကျင့်တရားကို စောင့်ထိန်းပါတယ် … တန်ဖိုးလည်း ထားပါတယ်။
စနေပြောသလို …. မလုပ်ချင်ဘဲ စတေးနေရတဲ့ ဘ၀တွေကို မြင်ပါတယ်။
ဒါပေမဲ့ … သူတို့ ဘာကြောင့် စတေးနေရသလဲ …. ။
တစုံတရာ အကျိုးအမြတ်ကြောင့်လား … ။
မိမိအတွက်လား …။
အများအတွက်လား … ။
လက်တဆုပ်စာ လူတစုအတွက်လား …. ။
***
အားလုံးကို ကျေးဇူးတင်ပါတယ်။

Thet Naing said...

မောင်နှမ နှစ်ယောက် တူတူ စပါးတွဲရောင်းပြီး ၀မ်းစာရှာနေကြရတာပေါ့။ ဒီစာကြောင်းလေးကို အတော် ကြိုက်တယ်။ ယောဂီညိုရောင်တွေက တန်းဖိုးနည်းရင် ပြန်အမ်းတက်တယ်။ အတန်ကြီးပေးရင် သွားဖြီးပြတဲ့ အကျင့်ရှိတယ်။

Mg gyi said...

dee article lay phat pee, that pyin a she gyi cha mi par dal, ta chein the hmar pe, phe phe ne, me me go, a yan kyay zuu tin mi par dal, kya naw to mg nyit ma twe go, khaing ma sar khe buu, a ywet ma youk khin, ma may, thanks for article which made me miss my mom and dad....