Saturday, July 28, 2007

အဖိတ်နေ့ ...

နက်ဖန်ဆို ၀ါဆိုလပြည့်နေ့ရောက်ပြီမို့ ဒီကနေ့က အဖိတ်နေ့ပေါ့။ ၀ါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) မှာ ဓမ္မစကြာ (ဓမ္မစက္ကပ၀တ္တနသုတ်) ရဲ့ အကျဉ်းကို ကျမဘလော့မှာ တင်ချင်တာကြောင့် ဒီကနေ့ အဖိတ်နေ့မှာ ၀ါဆိုလပြည့်နဲ့ ပတ်သက်သမျှလေးကို အနည်းငယ် ဖော်ပြလိုက်ပါတယ်။

မြန်မာဘလော့ရေးသူ အများစုဟာ မြန်မာ့သမိုင်းရဲ့ ထူးခြားတဲ့နေ့ရက်တွေကို မမေ့ မလျော့ဘဲ သတိရကြပြီး ဂုဏ်ပြုကြ ဦးညွှတ်ကြ အလေးအမြတ်ပြုကြတဲ့ ဓလေ့ ဟာ အင်မတန်မှ ၀မ်းမြောက်ဂုဏ်ယူစရာပါပဲ။ မြန်မာ့သမိုင်းကို မြန်မာပြည် သားတိုင်း သိသင့် (မမေ့သင့်) သလို ဗုဒ္ဓရဲ့ သမိုင်းကိုလည်း ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်ပြီး မေ့လည်း မေ့မထားသင့်ဘူးလို့ ထင်ပါတယ်။ ဘာကြောင့်ဆို လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ က လုပ်ကြံခံရတဲ့ အာဇာနည်ကြီးများကို ဂုဏ်ပြုတဲ့အနေနဲ့ သတ်မှတ်ထားတဲ့ အာဇာနည်နေ့ကို ခုခေတ် ကလေးတွေ မသိတဲ့အခါ ဖြစ်ရလေချင်းရယ်လို့ … ကျမ တို့စိတ်ထဲ မချိတင်ကဲဖြစ်ခဲ့တယ်။ ဒီလိုပါပဲ … အခုကျမတို့ရဲ့ ဗုဒ္ဓသာသနာမကွယ် ပျောက်ခင် (သာသနာတွင်းကာလ) မှာ ဗုဒ္ဓရဲ့ဖြစ်စဉ် ဗုဒ္ဓရဲ့ နေ့ထူးနေ့မြတ်တွေနဲ့ ဗုဒ္ဓရဲ့တရားတော်တွေကို မသိလို့ဖြစ်စေ မေ့လျော့လို့ဖြစ်စေ … သတိလက်လွတ် နေကြမယ်ဆိုရင် ဘယ်လောက်များပိုပြီး မချိတင်ကဲ ဖြစ်ဖို့ကောင်းပါသလဲ။

ဒါကြောင့်ကျမကတော့ ဗုဒ္ဓနဲ့ဆိုင်ရာ နေ့ထူးနေ့မြတ် အခါတော်နေ့တွေကို ကျမ ဘလော့မှာ ကြုံရင်ကြုံသလို တင်ခဲ့ပါတယ်။ သိပြီးသားသူတွေအများကြီးရှိမယ် ဆိုတာ သိပေမဲ့ မသိသေးတဲ့သူ တယောက်စ နှစ်ယောက်စ ဖတ်မိလို့ အသိလေး တခုလောက်ရသွားရင်ဖြင့် ကျမ ဒီစာတွေတင်ရကျိုးနပ်တဲ့အပြင် ဗုဒ္ဓသာသနာ အတွက် တဘက်တလမ်းက ကိုယ်နိုင်သလောက်ကလေး သယ်ပိုးခွင့်ရတယ် လို့ သတ်မှတ်ယူဆပြီး ၀မ်းမြောက်နေမိမှာ အမှန်ပါပဲ။
***
ဝါဆိုလပြည့်နေ့နှင့် ပတ်သက်၍ …

ဗုဒ္ဓဘာသာဝင်များအတွက်တော့ ၀ါဆိုလပြည့်ဟာ ထူးခြားတဲ့နေ့တနေ့ပါပဲ။
“သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို၊ လ၀ါဆို” ဆိုတဲ့ လင်္ကာအတိုင်း
(၁) ဘုရားလောင်း ပဋိသန္ဓေနေတဲ့နေ့၊
(၂) ဘုရားလောင်း တောထွက်တဲ့နေ့၊
(၃) တရားဦး ဓမ္မစကြာ ဟောကြားတဲ့နေ့၊
…. စတဲ့နေ့တွေဟာ ၀ါဆိုလပြည့်နေ့ အခါသမယမှာ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ထူးခြားချက်တွေလည်း ထပ်မံရှိပါသေးတယ်။
(၄) ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာပြတော်မူတဲ့နေ့၊
(၅) ဘုရားအဖြစ်ကို ၀န်ခံတော်မူတဲ့နေ့၊
(၆) တရားရတနာ စတင်ပေါ်ပေါက်တဲ့နေ့၊
(၇) သံဃာရတနာ စတင်ပေါ်ပေါက်တဲ့နေ့၊
(၈) “ဧဟိဘိက္ခု” ဆိုတဲ့စကားကို စတင်ကြားရတဲ့နေ့၊
…. စတဲ့ ထူးခြားချက်တွေဟာလည်း ၀ါဆိုလပြည့်နေ့မှာ ဖြစ်ပေါ်ခဲ့တာပါပဲ။

မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ၀ါဆိုလပြည့်နေ့မှာ ဂေါတမမြတ်စွာဘုရားဟာ ပဉ္စ၀္ဂီ ၅-ဦးကို အမှူးထားပြီး ဓမ္မစကြာတရား ဟောကြားခဲ့ပါတယ်။ နေရာက အိန္ဒိယပြည် ဗာရာဏသီမြို့ အနီး မိဂဒါဝုန်တောမှာ ဖြစ်ပြီး အချိန်ကတော့ နေ၀င်လထွက်ချိန် ဖြစ်ပါသတဲ့။

ဓမ္မစကြာတရားဟာ သစ္စာ-၄ပါး အမှန်တရားကို ဖော်ပြတဲ့တရားတော် ဖြစ်ပါတယ်။ အစွန်း တရားနှစ်ပါးရဲ့ အပြစ်ကို ဖော်ပြပြီး မဇ္ဈိမပဋိပဒါ (အလယ်အလတ်လမ်းစဉ်) ကို တိတိကျကျ ညွှန်ပြတဲ့ တရားလည်း ဖြစ်ပါတယ်။

သစ္စာလေးပါးတရားတော်နဲ့ ပတ်သက်လို့ ဆရာတော်ဦးသေဋ္ဌိလ ရဲ့ ရေးသားချက် ထဲမှာ အနည်းအကျဉ်း ကောက်နုတ် ဖော်ပြပါရစေ။

“သစ္စာလေးပါးတရားတော်”
ဗုဒ္ဓမြတ်စွာဘုရားသည် သစ္စာ၎-ပါး အမှန်တရားကို ဟောကြားတော်မူခဲ့လေသည်။ ၎င်းသစ္စာ ၄-ပါးကို အမှန်သိလျှင် ချမ်းသာစစ်ကို ရမည်မှာ မလွဲတည်း။ လောကသည် စိတ်မကျေနပ်ခြင်းအမျိုးမျိုး၊ ဘေးအန္တရာယ်အမျိုးမျိုး၊ ဆင်းရဲအမျိုး မျိုး၊ ရောဂါအမျိုးမျိုးနှင့် ပြည့်နှက်လျက်ရှိကြောင်း ပထမ “ဒုက္ခသစ္စာ” က ညွှန်ပြ လေသည်။ ထိုသို့ ဆင်းရဲအမျိုးမျိုးနှင့် ပြည့်လျက်ရှိရသည်မှာ တပ်မက်ခြင်း၊ မတရားလိုချင်ခြင်း၊ ကိုယ်ကျိုးရှာခြင်း စသော လောဘကြောင့်ဖြစ်ကြောင်း ဒုတိယ “သမုဒယသစ္စာ” က ညွှန်ပြလေသည်။

ဘုရားရှင်သည် ဤမျှလောက်ကိုသာ ဟောထားခဲ့လျှင် ဗုဒ္ဓဘာသာတရားတော် သည် အဆိုးဘက်ကိုသာ ကြည့်၍ တဘက်သတ်ဟောသော တရားဟု ဆိုရန်ရှိ၏။ သို့ရာတွင် ကမ္ဘာ့ဆေးဆရာကြီးဖြစ်တော်မူသော ဘုရားရှင်သည် ကမ္ဘာသူ ကမ္ဘာ သားတို့၏ ရောဂါနှင့် ၎င်းရောဂါ၏ အကြောင်းရင်းကို ပြပြီး၍ ထိုရောဂါ၏ အကြောင်းရင်းဖြစ်သော လောဘကို ပယ်ဖျက်လျှင် ဆင်းရဲရောဂါအပေါင်း ကင်း၍ ချမ်းသာအစစ်ကို ရနိုင်ကြောင်း တတိယ “နိရောဓသစ္စာ” ဖြင့် ပြတော်မူခဲ့လေ သည်။ ၎င်း ဆင်းရဲရောဂါ ပျောက်ကင်းရန်ဆေးကို စတုတ္ထ “မဂ္ဂသစ္စာ” ဖြင့် ပြတော် မူခဲ့လေသည်။

ဆေးကိုစားလျှင် ဆင်းရဲရောဂါ အမှန်ပျောက်မည်၊ ဤနေရာ၌ ဆေးစားခြင်း ဆိုသည်မှာ လမ်းမှန်လိုက်ခြင်းပင်တည်း။ လမ်းမှန်လိုက်ခြင်းဆိုသည်မှာ ဘေးအန္တရာယ် မကင်းသည် လက်ဝဲစွန်း၊ လက်ျာစွန်း၊ အစွန်းနှစ်ဘက်ကျသော လမ်းမဟုတ်၊ ဘေးအန္တရာယ်ကင်းသော အလယ်လမ်းကို ဆိုလိုသည်။ အလယ်လမ်း ဆိုသည်မှာ - အင်္ဂါရှစ်ပါးရှိသော မဂ္ဂင်လမ်းတည်း။

မဂ္ဂင် ရှစ်ပါးကား - မှန်ကန်စွာသိမြင်ခြင်း၊ မှန်ကန်စွာကြံစည်ခြင်း၊ မှန်ကန်စွာ ပြောဆိုခြင်း၊ မှန်ကန်စွာပြုလုပ်ခြင်း၊ မှန်ကန်စွာ အသက်မွေးခြင်း၊ မှန်ကန်စွာ အားထုတ်ခြင်း၊ မှန်ကန်စွာ သတိပြုခြင်း၊ မှန်ကန်စွာ တည်တံ့ခြင်း … ဤ ရှစ်ပါးတို့ တည်း။
… …. …. ….
… …. …. ….
… …. …. ….
မြတ်စွာဘုရားသည် ကိုယ့်စိတ်ကူးသက်သက် တဘက်သတ်အယူမျိုးကို ဘယ်အခါမှ ဟောတော်မမူခဲ့ချေ။ တရားသဘောအမှန်ကို လူအပေါင်းတို့ နားလည်ရန် အကျိုးအကြောင်း၊ ဥပမာ ဥပမေယျ ပြ၍သာ ဟောတော်မူခဲ့ လေသည်။ မြတ်စွာဘုရား၏ တပည့်တို့သည်လည်း ဆရာ၏နည်းကိုပင် လိုက်ကြ လေသည်။ မိမိတို့၏ ၀ါဒကို သူတပါးတို့အား မလိုက်မနေရအောင် အတင်း မလုပ်ခဲ့ ကြချေ။ ထိုသို့အတင်းပြုလုပ်ရန် မည်သူ့မှာမှ အခွင့်မရှိကြောင်းကို ကောင်းကောင်း သိကြလေသည်။ တရားမှန်သိရန် မိမိတို့ကိုယ်တိုင် ကျင့်နိုင်သမျှ ကျင့်ကြ၍ သူတပါးတို့ကျင့်သည်ကိုလည်း ဘာမျှ အနှောက်အယှက်မပေးကြချေ။

ဗုဒ္ဓ၀ါဒသည် ဇွတ်ဝါဒ၊ အာဏာဝါဒ မဟုတ်သဖြင့် ကိုယ့်အယူဝါဒနှင့် မတူသည့် အခြားအယူဝါဒရှိသူများကို နှိပ်စက် ညှင်းဆဲခြင်း၊ သတ်ဖြတ်ခြင်းဟူ၍ မည်သည့် အခါမျှ မရှိခဲ့ဖူးချေ။ ဗုဒ္ဓသာသနာပြန့်ပွားအောင် သာသနာပြုကြသော ပုဂ္ဂိုလ်တို့ သည်လည်း တရားလမ်းမှန်ကို ပြရန်သာ ရည်ရွယ်တော်မူကြ၍ အခြားသူများအား ထောက်ထားသည်းခံကြပြီးလျှင် မေတ္တာနှင့် သာသနာပြုကြလေသည်။

မြတ်စွာဘုရားညွှန်ကြားတော်မူခဲ့သည့်အတိုင်း ဆင်းရဲကင်း၍ ချမ်းသာရကြောင်း လမ်းကောင်းလမ်းမှန်ကို ပြရန်မှာ ဘုရားတပည့်များ၏ တာဝန်ဖြစ်လေသည်။ ၎င်း လမ်းအတိုင်း အခြားသူများ လိုက်မလိုက်မှာ ထိုသူတို့၏ တာဝန်သာဖြစ်လေသည်။ သဘောမပေါက်သူကို ပေါက်အောင်မပြဘဲ အာဏာနှင့်ခြောက်၍ အတင်းပြုလုပ် သော ၀ါဒသည် ယုတ်မာသော ၀ါဒဖြစ်၏။
***
ဝါဆိုလပြည့်နေ့အကြို … အဖိတ်နေ့အတွက်ကတော့ ဒီလောက်ပါပဲ … ။ နက်ဖန် လပြည့်နေ့မှ ဓမ္မစကြာအကြောင်း ထပ်တင်ပါဦးမယ်။
စိတ်ရှည်လက်ရှည် အဆုံးတိုင် ဖတ်ရှုပေးသော စာဖတ်သူများအားလုံးကို ကျေးဇူး အထူး တင်ရှိပါတယ်ရှင် …. ။
***
မေတ္တာဖြင့် …

မေဓာဝီ
၂၈၊ ၀၇၊ ၂၀၀၇
နံနက် ၈ နာရီ ၁၅ မိနစ်

ကိုးကား။
(၁) အခါတော်နေ့များ - မာဂဓီ (သာစည်)
(၂) နည်းပြဓမ္မစကြာ - ဦးမောင်မောင် (ဟံသာဝတီ)

2 comments:

Anonymous said...

ဆုံးအောင်ဖတ်သွားပါတယ်ဗျာ။ ကောင်းလေစွ။ ကောင်းလေစွ။ ကောင်းလေစွ။

wai lin tun said...

မမေဓါဝိရဲ့စာတွေကိုလာဖတ်ရင် တခုခုတော့ ရတာပါပဲ။ စာရေးရင် စေတနာ အားကြိးတာ မြင်နိုင်ပါတယ်။
ဗုဒ္တသာသနာသာ စစ်စစ်မှန်မှန် စည်ပင်ခဲ့ရင် ဘယ်နိုင်ငံရေးစနစ်ဆိုးမှ မြန်မာပြည်မျ အခြေမချနိုင်ဘူးလို့ ကျနော်ယုံကြည်ပါတယ်။
တရားတော်ရဲ့ တကယ့်အနှစ်သာရတွေကသာ မြန်မာပြည်သူတွေကို ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစေမှာ ဖြစ်ပါတယ်။
သာဓုခေါ်ပါတယ် မမေဓါဝီ

ဝေလင်း