Thursday, July 05, 2007

လူနာဆောင် အမှတ် - ၁

အငှားကားလေးက အဆောက်အဦးကြီး၏ ဆင်ဝင်အောက်မှာ ထိုးရပ်လိုက်သည်။ တစုံတယောက်က တရိုတသေ ဦးညွတ်၍ ကားတံခါးကို ဖွင့်ပေး၏။ ကားပေါ်မှ ဆင်းပြီး အဆောက်အဦးတွင်းသို့အ၀င် ၀င်ပေါက်၏ဘေး လှေခါးရင်းမှာ ခုံကလေး နှင့်ထိုင်နေသူ အိန္ဒိယနွယ်ဖွား အမျိုးသားတဦးက တစုံတခုကို ခပ်တိုးတိုး ရေရွတ် လိုက်သည်။ ဘာရယ်လို့ မသဲကွဲ။ ထိုသူကိုကျော်ဖြတ်၍ လှေခါးအတိုင်းတက်ကာ ဘယ်ဘက်သို့ချိုးပြီး ကော်ရစ်ဒါအတိုင်း ဆက်လျှောက်သွားလိုက်သည်။

လူနာဆောင်အမှတ် ၁-၂ (Ward 1-2) ဟု ရေးထိုးထားသော ၀င်ပေါက်ထဲသို့ ခပ်သုတ်သုတ် လှမ်းလျှောက်လိုက်၏။ ယဉ်ပါးနေကျမဟုတ်သော စိမ်းသက်သက် ရနံ့တွေ နှာခေါင်းထဲ အလုံးအရင်းဝင်ရောက်လာသဖြင့် ယောင်ယမ်းပြီး နှာခေါင်း ကို အုပ်လိုက်မိသည်။ အင်း … မကောင်းပါဘူးလေ … အများသူငါလည်း ဒီတိုင်းပဲ သွားလာနေကြတာပဲ … ဟု တွေးမိပြီး အုပ်ထားသော လက်ကိုပြန်ဖယ်ကာ အခန်းထဲလျှောက်ဝင်တော့ အခန်း၏ ဘယ်ညာ ဘေးတဖက်တချက်တွင် ကုတင် တွေ အစီအရီ ခင်းထားကာ လဲလျောင်းနေကြသော မမာသည်များကို စိတ်နှလုံး မချမ်းမြေ့ဖွယ် မြင်တွေ့ရလေ၏။

ထိုအခန်းက Ward 2 - အမျိုးသမီးဆောင်၊ တချို့ ကုတင်လေးတွေဘေးမှာ လူမမာ လာကြည့်သူတွေ လာစောင့်သူတွေ သတင်းလာမေးသူတွေ အစုံအလင်၊ တချို့ ကုတင်လေးတွေဘေးမှာတော့ လူသူကင်းမဲ့လို့ နေသည်။ ထိုနည်းတူစွာ ကုတင် နံဘေးက ဘီရိုပုလေးတွေထက်မှာလည်း ပစ္စည်းပစ္စယ များပြားသူက များပြား၊ ပါးရှားသူက ပါးရှား။

အမျိုးသမီးဆောင်အထွက်မှာတော့ သူနာပြုတွေ၏ အလုပ်စားပွဲတွေရှိသည်။ ဒီ့နောက်မှာက ဆရာဝန်ကြီးများ၏ အခန်း၊ စတိုခန်း နှင့် ရုံးခန်းများ။ ဒါတွေကို လွန်ပြီးသည်၏ နောက်မှာတော့ အမျိုးသားဆောင်၊ Ward 1 - လူနာဆောင် အမှတ် ၁ ဟု ရေးထိုးထားသည့် အခန်း။ ညွှန်းဆိုထားသည့် ကုတင်နံပါတ် ၁၄ ကို မရှာရခင်မှာပဲ လူမမာကို လှမ်းမြင်လိုက်သဖြင့် ထိုဆီသို့ ဦးတည်လျှောက်လိုက်၏။

အနားမရောက်ခင် အလျင်အမြန်စဉ်းစားမိသည်က …တွေ့တွေ့ချင်း ဘယ်လို နှုတ်ဆက်ရမလဲ ဟူ၍ပင်။
“နေကောင်းလား”
ဒါလည်း မဖြစ်သေး။ နေမကောင်းလို့ ဆေးရုံပေါ်ရောက်နေသူကို ဒီလိုနှုတ်ဆက်လို့ မဖြစ်။
“မင်္ဂလာပါ”
ဒါလည်း အဆင်မပြေသေးပါ။ နေမကောင်းသူ တယောက်အနေဖြင့် မင်္ဂလာ ရှိနိုင် ပါ့မလား။

ဒီလိုစဉ်းစားရင်းပင် ကုတင်အနားရောက်သွား၏။ ကုတင်ပေါ်မှာ လူမမာက နွမ်းလျစွာ လဲလျောင်းရင်း ဖျော့တော့သည့် မျက်လုံးတွေနှင့် ခရီးဦးကြိုပြုသည်။
“သက်သာလား … ဟင်”
အလိုလို နှုတ်မှထွက်သွားသည်။ တော်ပါသေးရဲ့ … အဆင်ပြေတဲ့ စကားလုံး ဖြစ်ပေလို့ …. ဟု တွေးရင်း မလုံမလဲ ပြုံးမိသည်။ လူမမာကတော့ သူ့ကိုပြုံးပြတယ် များထင်လေမလားမသိ။ မျက်တောင်ကို အသာခတ်၍ ဦးခေါင်းညွှတ်ရုံကလေး ခေါင်းညိတ်ပြသည်။ သက်သာတယ် … ဆိုသည့် သဘောလား။ ဒါပေမဲ့ သူ့ကို ကြည့်ရတာ … သက်သာဟန်မတူ။ လက်နှစ်ဖက်က ဖောယောင်ကိုင်း နေ၏။ လက်ခုံမှာ သွေးစ သွေးနတွေ။

“ဘယ်လိုဖြစ်တာလဲ”
“အကြောထဲ ဆေးသွင်းတာ အကြောလွဲပြီး အသားထဲရောက်သွားလို့လေ … လက်က ယောင်နေတာ”
လူနာစောင့်က ရှင်းပြသည်။ ရေခဲအိတ်ကပ်ရမယ်ဆိုပြီး ကျွတ်ကျွတ် အိတ်ထဲ ရေခဲတုံးတွေထည့်ကာ ပူကျစ် တင်းမာ ယောင်ကိုင်း နေသော အသားတွေကို ရေခဲကြပ်ထုတ် ထိုးပေးနေ၏။ ခဏအကြာ လုံချည်စိမ်းဝတ် သူနာပြုဆရာမကြီး တယောက် လူနာထံသို့ရောက်လာပြီး ခြေကျင်းဝတ်အနီးတ၀ိုက် သွေးကြောရှာနေ ပြန်သည်။ သူ၏ နဘေးမှာ နုနယ်ပျိုမျစ်သည့် အလုပ်သင်ဆရာဝန်လေး နှစ်ဦး။

“အရက်ပျံ နဲ့ ဂွမ်း ပေးပါ”
သွေးကြောဟု ယူဆရသည့် နေရာတ၀ိုက် အရက်ပျံဆွတ်ထားသော ဂွမ်းစဖြင့် သုတ်ရင်း … ဆရာမကြီးက ပြောသည်။
“ငါလည်း ဒီဆေးရုံမှာ အရက်ပျံနဲ့ ဂွမ်း ရောင်းအုံးမှပဲ”
“အိမ်မှာ အရက်ပျံ ချက်ပါလား … ဆရာမကြီးရဲ့”
အလုပ်သင်ဆရာဝန်ပေါက်စလေးတယောက်က ခပ်နောက်နောက်ပြော၏။
“မချက်ပါဘူး .. ငါ့အိမ်မှာချက်ရင် နင်တို့လာသောက်ကြတာနဲ့ ကုန်မှာ”
သူတို့ ခပ်တိုးတိုး ရယ်ကြသည်။ စကားတပြောပြောပင် ဆရာမကြီးက လူနာ၏ သွေးကြောထဲ အပ်ကလေးကို ကျင်လည်စွာထိုးသွင်းကာ မလှုပ်ရှားရလေအောင် တိပ်ဖြင့် ကပ်၏။

“ဆေးက ဘယ်အချိန်သွင်းမှာလဲ”
“ညနေ ၆ နာရီမှ”
“အခုမှ ၄ နာရီခွဲပဲ ရှိသေးတယ် … ဒါဆို မိုးရေတလုံးလောက် ထိုးထည့်ထားလိုက်”
မိုးရေထိုးပြီး အပ်နောက်ပိတ်အရစ်ကလေးကို လေလုံအောင် လှည့်ကျပ်တော့ သွေးတွေ စိမ့်ထွက်လာပြန်သည်။
“ဟင် ဒီကောင်က မလုံဘဲကိုး … ကျပ်လို့လဲမရဘူး”
ဆရာမကြီးက ပြောပြောဆိုဆို သွေးတွေကို ဂွမ်းဖြင့်သုတ်ရင်း တိပ်တွေထပ်ယူပြီး အကြောထဲထိုးထားသည့် အပ်ကိုခိုင်မြဲအောင် အထပ်ထပ်မံ၍ ကပ်လေသည်။
“ကဲ ကဲ .. ဒီလောက်ဆို ရလောက်ပါပြီ။ အင်္ဂတေနဲ့ ကိုင်ပေးထားတယ် .. သိပ်မလှုပ်ရှားနဲ့”
ပြောပြီး သူတို့ နောက်ထပ်ကုတင် တခု ကူးသွားပြန်သည်။

ခဏအကြာ … ဆရာဝန်တဦးရောက်လာပြီး …
“အရက်ပျံနဲ့ ဂွမ်း ရှိရင် နည်းနည်းလောက် … မ၀ယ်နိုင်တဲ့ လူနာတွေအတွက် သုံးချင်လို့ပါ”
ဘီရိုပုလေးပေါ်က ဂွမ်းထုတ်နှင့် အရက်ပျံပုလင်းကို ကမ်းပေးလိုက်၏။ ကျေးဇူးပဲဟု ဆိုကာ ထွက်သွားလေသည်။
ခဏနေတော့ အမျိုးသမီးတဦး ရောက်လာပြီး စာအုပ်တွေ ဟိုကြည့်ဒီကြည့် လုပ်ကာ ဆရာဝန်ကြီးလာရင် ဘယ်လိုပြော ဘာညာ စသဖြင့် ပြောပြီး …
“မုန့်ဖိုးပေးဦး” ဟု ပြောလာသည်။
“ကလေးကျနေတာပဲ မုန့်ဖိုးတောင်းရတယ်လို့”
လူနာက ခပ်နောက်နောက်လှမ်းပြောသည်။ လူနာရှင်က ဘယ်လောက်လဲ ဟု ပါးစပ်လှုပ်ရုံ အသံမထွက်ဘဲ မေးတော့ ထိုသူမကြီးက လက်သုံးချောင်းထောင် ပြသည်။ အင်းလေ … လဘက်ရည်တခွက်တောင် ၂၅၀ - ၃၀၀ဖြစ်နေမှပဲ။

“ကုတင်နံပါတ် ၁၄ … ‘ကို ….’ ဆိုတာ … ဒီကလား”
“ဟုတ်ပါတယ်”
“ဟိုမှာ ဧည့်သည်တွေလာတယ်”
ကြည့်လိုက်တော့ ဘုန်းကြီး ၄-ပါး၊ လူနာလာမေးရန် ရောက်လာကြသည်။ ဘုန်းကြီးတွေထိုင်ရန် နေရာထိုင်ခင်း စီစဉ်ပေးနေတုန်း လိုက်ပို့ပေးသည့် ချာတိတ်က မုန့်ဖိုးပေး ဟု လက်ညှိုးနှင့်လက်မ ၀ိုင်းပြရင်း ပြောသဖြင့် ငွေ ၂၀၀ ထုတ်ပေးလိုက်ရ၏။

“ဟုတ်ကဲ့ သက်သာပါတယ် အမေ။ သူက ငါးဖယ်စားချင်လို့တဲ့။ အဲဒါ ကြော်တာ ဆို တည့်မှာမဟုတ်ဘူး။ ငါးဖယ်လုံး စွပ်ပြုတ်ကလေး လုပ်ထားပေးပါ။ အာလူးရယ် ငါးဖယ်ရယ် … ဟုတ်ကဲ့ … တခြားအသီးအနှံဘာမှ မထည့်နဲ့။ ဂျင်းနဲ့ ကြက်သွန်ဖြူ လေးပဲ နည်းနည်းထည့်မယ် … အဲဒါပဲ လုပ်ထားလိုက်အမေ … သမီးလာတော့မှ တခြားဟာတွေလုပ်မယ် … ဒါဆို ဒါပဲနော် ….”

ဘေးကုတင်မှ လူနာစောင့် အမျိုးသမီးကြီးက အော်ကြီးဟစ်ကျယ် ဖုန်းပြော နေသည်။ နံရံတွင်ကပ်ထားသော ‘စကားတိုးတိုးပြောပါ’ ဟူသည့် စာတန်းကို ဂရုပြုမိဟန်မတူ။ ကုတင်နံပါတ် ၁၄ ၏ ခေါင်းရင်းမှာ သီးသန့်ခန်းတွေရှိသည်။ ထိုအခန်းတွေကတော့ လေအေးစက်နှင့် ပန်ကာနှင့်။ ခြေရင်းဘက်အလွန် အပြင်စင်္ကြံမှာကတော့ လေအေးစက်တပ်ရန်မလိုသော နေရာ။ မိုးရွာလျှင် မိုးပက် ပြီး နေသာလျှင် ပူပြင်းသည့် နေရာ။ ဒီလိုနေရာမှာ လူမမာတွေ ဘယ်လိုများ နေနိုင်မလဲဟု ထင်စရာပင်။ သို့သော် သူတို့ နေနေကြပါသည်။ ဒီ့ထက်ဆိုးသော နေရာများ၌ပင် နေကြရသေးသည်ပဲ။
နံရံကပ်နာရီက ၆ နာရီထိုးတော့မည်ဟု ညွှန်ပြနေပြီ။
ဧည့်ချိန် ကုန်လုပြီ။
ပြန်ဦးမှ။

“ပြန်တော့မယ် …နော် …” ဟု အားပေးနှုတ်ဆက်ပြီး ကုတင်နံပါတ် ၁၄ ကို ကျောခိုင်းခဲ့သည်။ တလှမ်း နှစ်လှမ်း …လျှောက်လှမ်းရင်း လူနာဆောင်အမှတ် ၁ က နောက်မှာကျန်ခဲ့သည်။ ထိုသို့ဖြင့် ၀င်ထွက်ပေါက် လှေခါးကိုမဆင်းခင် အလာတုန်းက တွေ့ခဲ့သည့် လှေခါးဝမှာထိုင်ခုံတလုံးနှင့် ထိုင်နေသူက …
“စေတနာ ရှိသလောက်ပေါ့ဗျာ” ဟု ရေရွတ်ရင်း လက်ကလေးကို ဖြန့်ဖြန့်နေသည် ကို သတိထားလိုက်မိ၏။ အလာတုန်းကတော့ ဒီစကားကို မကြားမိ။ အမှန်ဆို သူတို့ကိုလည်း မုန့်ဖိုးပေးရဦးမည်လား မသိ။ ဦးညွှတ်ကာ ကားတံခါးကို ဖွင့်ပေးသူ ကိုရော … ပေးသင့်သည်ပဲပေါ့။ အလာတုန်းက ဒါတွေကို သဘောမပေါက်ကာ ဂရုမစိုက်ခဲ့မိ၊ မသိကျိုးကျွံပြုခဲ့မိသည်။ ခုမှလည်း မပေးချင်တော့။

သို့ဖြင့် …
အဆောက်အဦးထဲမှ ထွက်လိုက်သည်။
မိုးငွေ့ရောသောလေက ခပ်ကြမ်းကြမ်းတိုက်ခတ်၏။ လေနှင့်ရော၍ သက်ပြင်းကို ကစဥ့်ကလျား ချမိသည်။ အမိုးခုံးခုံး ဤအဆောက်အဦးနီနီကြီးက အင်္ဂလိပ်ခေတ် ၏ လက်ကျန်အဆောက်အဦးတခုပေပဲ။ ၀င်းထဲမှာ စွယ်တော်၊ ခရေနှင့် ရေတမာ ပင် တချို့ကို တွေ့ရသည်။ အပင်တွေက တလှုပ်လှုပ် တယိမ်းယိမ်း။ မိုးရေငွေ့ ကြောင့် အသက်ရှူရတာပင် လတ်ဆတ် လန်းဆန်းနေသယောင်။ ၀င်းအပြင် မထွက်ခင်ပင် မိုးစက်မိုးပေါက်တွေက ခပ်ဖွဲဖွဲကျလာလေပြီ။ ပါလာသော ထီးကို ထုတ်မဆောင်းမိ။ မျက်နှာကိုမော့လျက် ကျလာသော မိုးဖွဲများကို ခံယူရင်း အိမ်သို့ ပြန်ခဲ့လေတော့၏။
***
မေဓာဝီ
၎၊ ဇူလိုင်၊ ၂၀၀၇
ည ၈ နာရီ ၁၅

9 comments:

s0wha1 said...

ဟင်းးး...ဘာပြောရမှန်းကို မသိဘူး...ဖတ်ပြီး စိတ်ညစ်ညူးစွာနဲ့ ပြန်သွားပြီ...

pandora said...

Corruption လို့ ခေါင်းစဉ်တပ်ရမှာတောင် ခပ်ခက်ခက်ပဲ တကယ်က poverty ဖြစ်နေတာ...

philtre said...
This comment has been removed by the author.
မေငြိမ်း said...

မေရေ..မေရဲ့လူနာဆောင် အမှတ်-၁ကို ဖတ်ရင်း အမကတော့ မြန်မာပြည်အနှံ့က လူနာဆောင် အမှတ်-၁ များစွာကို သတိရနေမိပါတယ်။

Hteink Min said...

လူနာနား မသွားမီ စဉ်းစားနေတဲ့ ပုံလေးဟာ ရယ်ရပါတယ်။ မမေ ပြောလိုက်မှပဲ နိုင်ငံဟာ ဆင်းရဲမွဲတေ နေပြီဆိုတာ ပေါ်လွင်နေပါပြီ။ သူတို့လည်း သိနေကြတယ်။ မြန်မာဖြစ်ရတာ ရှက်တယ်။ ဗုဒ္ဓဘာသာ ဖြစ်ရတာလည်း ရှက်တယ်။ ဘာကြောင့် ဒီလိုစိတ်ဓါတ်တွေနဲ့ အုပ်ချုပ်နေတဲ့ နိုင်ငံ သွားပြီး လူမျိုးဖြစ်ရတာကိုလည်း ရှက်တယ်။

Anonymous said...

အမိုးခုံးခုံး ဤအဆောက်အဦးနီနီကြီးက အင်္ဂလိပ်ခေတ် ၏ လက်ကျန်အဆောက်အဦးတခုပေပဲ။

ဒီစာကြောင်းဟာ စာရေးသူ ပေးချင်တဲ့ မက်ဆေ့ရဲ့ တစိတ်တဒေသ ဖြစ်နေမလားဘဲ။

Unknown said...

hinn sait nyit sa yar twe gyi palhalhalhalhal doe bawa lay twe ka tha narr sa yar lay twe par larharhar....pyaw yin nae ngo chi tal heeeeeeeee(crying):(

Anonymous said...

Very nice writing!!! With a few lines, it shows the devastating health issue in this country.
Very annoying and very pitiful to those poeple who are unfortunates.
But, I got shocked to see a comment that being a Buddhist is shameful. Poverty of the country is not relating to the Buddhism. Personally, I don't want to live in this poor country. However, I admire to be a Buddhist and love to live in Buddhism flourishing surrounding.
Anyway, everybody can't be the same. So.......

ttz

Anonymous said...

ye htar dar ka khat kaung kaung par be. dar ka a kin laut pe shi ba thay de. Di dek ma ka a myar gyi par.