Tuesday, March 27, 2007

ပိတောက်ဦး ...


ဒီကနေ့ ပွင့်တဲ့ ဦးဦးဖျားဖျား ပိတောက်ပန်းလေးပါ။
မနက် အမေဈေးသွားတော့ ၀ယ်လာပြီး ဘုရားတင်ထားတဲ့ ထဲက
နည်းနည်း ပြန်စွန့်ယူပြီး တင်လိုက်ပါတယ်။

***
27.3.07
11:05 am
***
နောက်ဆက်တွဲ …

မနက်က ကမန်းကတန်းနဲ့မို့ ဒီကဗျာလေးကို တင်ချင်ပေမဲ့ မတင်ဖြစ်ခဲ့ပါဘူး။ ဒါကြောင့် အခုထပ်ပြီး ဖြည့်စွက် တင်ပေးလိုက်ပါတယ်။ အားလုံးသိကြတဲ့ ဆရာဇော်ဂျီရဲ့ “ပိတောက်ပန်း” ကဗျာလေးပါ။

ပိတောက်ပန်း ကဗျာကို ရေးဖြစ်ရခြင်းအကြောင်းကို ဆရာဇော်ဂျီက ခုလိုပြောခဲ့ပါသတဲ့။

“… ပိတောက်ပန်း ကဗျာကို ရေးဖြစ်တာကတော့ ပထမနှစ် ဘီအေတန်း ကျောင်းပိတ်တော့ အိမ်ပြန်လာရတယ်၊ အိမ်ခေါင်းရင်းမှာ ပိတောက်ပင်ကြီးရှိတယ်။ ဆရာကတော့ အမှတ်တမဲ့ပဲ။ မနက်အစောကြီး အိမ်ခေါင်းရင်းမှာ ဆူဆူညံညံ အသံတွေ ကြားရတယ်၊ သင်္ကြန်ရက်မို့ ပွင့်နေတဲ့ ပိတောက်ပန်းတွေကို ခူးကြ ချိုးကြနဲ့ကိုး။ အသံတွေ တိတ်သွားလို့ ပိတောက်ပင်ကြီးကို ကြည့်လိုက်တော့ ကိုင်းတွေကကျိုး၊ အရွက်တွေကြွေနဲ့ အရုပ်ဆိုးပြီး ကျန်ခဲ့တာကို တွေ့ရတယ်။ ဒီကနေ အတွေးတွေ ရလာတယ်။ တနှစ်မှာ တခါပွင့်တဲ့ ပိတောက်ကို မခူးစေချင်ဘူး။ သူလည်း သူ့အပင်မှာ အလှဂုဏ် ၀င့်ချင်မှာပဲလို့ တွေးမိပြီး ဒီကဗျာကို ရေးခဲ့တယ်။ ပန်းတွေကို အကြောင်းပြုပြီး ပြောပေမဲ့ အနှိပ်စက်ခံ အညှဉ်းပမ်း ခံရသူတွေ ဘက်ကို လိုက်ပြီး ရေးတာပဲ။ …”

ပိတောက်ပန်း

မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပေါ့
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေေ၀နဲ့
သူလဲလေ လောကီသားလို့ပ
ကြွားချင်လှ ပေလိမ့်မယ်။

တသိန်တင့်ပါဘိ
တိမ်မြင့်ရီပြာပြာက
ကြည်သာသာ ပွင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။

တ၀ါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘ၀င်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပ သတိဆွယ်
ရည်ရွယ်တော့ လေသလား။

ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အ၀ါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဉာဏ်ဆင်မွေးကာပ
အရေးအခါ သာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်း ပိတောက်များ။ … ။

တက္ကသိုလ် ကျောင်းတိုက် မဂ္ဂဇင်း (မတ် - ၁၉၂၈)
***
ပထမဆုံး ပိတောက်ပွင့်တဲ့ နေ့မို့ ဒီကဗျာလေးကို အမှတ်တရ ဘလော့မှာ တင်လိုက်ရင်း ကဗျာရှင် ဆရာဇော်ဂျီကို ဦးညွှတ် ကန်တော့လိုက်ပါတယ်။
***
မေဓာဝီ
၂၇.၀၃.၂၀၀၇
၃း၂၅ နာရီ

2 comments:

နိုင်းနိုင်းစနေ said...

အပင်ပေါ်မှာရှိရင် ပိုလှမဲ့ပန်းကို လူတွေက ဘာလို့ခူးခြွေချင်ကြတာလဲ
အခုတော့ ပန်းလေးက ညိုးလို့
အပွင့်တောင် မပီလိုက်ရတဲ့ ဖူးတံတွေက နွမ်းလို့
စားဝတ်နေရေး အတွက်ကြောင့်လား...
ဘုရားကို တင်ဖို့ ကုသိုလ်အတွက်ကြောင့်လား...

ဘာပဲဖြစ်ဖြစ် ..ကျေးဇူးပါ မမေ

Anonymous said...

ဟုတ်တယ်စနေ .. ၀ယ်လာတုန်းကတော့ မနက်စောစောမို့ လန်းလို့ .. လှလို့ပါပဲ။
ဘုရားဆီက ပြန်စွန့်တော့ ၁၁ နာရီထိုးလုပြီလေ။ နည်းနည်းနွမ်းသွားပြီပေါ့။ ပြီးတော့ ပိတောက်ပန်း ဆိုတာက ခဏလေးနဲ့ နွမ်းတတ်တဲ့ ပန်းမျိုး မဟုတ်လား။
အပင်ပေါ်ကပန်းကို ဘာကြောင့် ခူးခြွေချင်ကြတာလဲ ဆိုတာကို စဉ်းစားကြည့်မိတယ်။
ခူးကြရခြင်းရဲ့ ရည်ရွယ်ချက်က တဦးနဲ့ တဦးတော့ မတူညီနိုင်ပါဘူး။
တချို့က ရောင်းဖို့ခူးမယ် (ပိုက်ဆံရဖို့)… တချို့က ဘုရားကပ်ဖို့ခူးမယ် (ကုသိုလ်ရဖို့)…
တချို့ကတော့ ကိုယ်ကြိုက်တဲ့ပန်းကို ကိုယ်တိုင် လိုချင်လို့ ခူးတယ်။ (ပိုင်ဆိုင်ချင်လို့)
တချို့ကတော့ ကိုယ်မွှေးသလို တပါးသူလည်း မွှေးစေချင်တယ်၊ ကိုယ်ပိုင်ဆိုင်သလို တပါးသူလည်း ပိုင်ဆိုင်စေချင်တယ် … (မျှဝေခံစားစေချင်လို့)
အဲဒီလို အကြောင်းအမျိုးမျိုးကြောင့် ခူးကြတယ်လို့ စဉ်းစားမိပါတယ်။
အပင်ပေါ်မှာ ဒီတိုင်းထားတော့လည်း … ပန်းကလေးဟာ အချိန်တန်ရင် ညှိုးနွမ်း ခြောက်ကြွေ သွားမှာပါပဲ။
သူ မနွမ်းခင် .. မကြွေခင် … သူ့ကို လူတွေက ဘယ်နေရာမှာ အသုံးချမလဲ ….
ဘုရားစင်ထက်မှာလား ..
အိမ်ရှေ့ဧည့်ခန်း အလှပန်းအိုးမှာလား ..
မိန်းမပျိုရဲ့ ဆံကေသာမှာလား …
ဒါမှမဟုတ် …
အသုဘ ရုပ်အလောင်းပေါ်မှာလား ….
သက်မဲ့ပန်းဆိုတာ … သူ့နေရာကို ရွေးချယ်ခွင့် မရှိဘူး မဟုတ်လား။
ကွန်မန့်အတွက် ကျေးဇူးပါ စနေ။