Thursday, March 29, 2007

ကျမနှင့် ဆေးမြီးတို ....

မန်ကျည်း သုံးပိတ်
ဆား သုံးပိတ်
သုံးပိတ် ကနခို
မနက် အုန်းလုံး - ည အုန်းလုံး
သွားရော့ သင်္ချိုင်းကုန်း … ။

မဟာသြသဓ အာယုဒီဃ ဆေးနည်းကြီး ဆိုပါတော့။
ငယ်ငယ်တုန်းက သူငယ်ချင်း အချင်းချင်း နောက်ပြောင်ပြီး ပြောခဲ့ကြတာပါ။ ဒီစာချိုးလေး ဘယ်က ဘယ်လို ရလာလဲ ဆိုတာတော့ မမှတ်မိတော့ဘူး။ တယောက်ယောက်က တခုခုဖြစ်လို့ ဆေးနည်းပေးမယ်ဆိုရင် အဲဒီ လင်္ကာလေး ရွတ်ပြီး စခဲ့ နောက်ခဲ့ဖူးတယ်။
မန်ကျည်းသီး သုံးပိဿာ၊ ဆား သုံးပိဿာ၊ ကနခို သုံးပိဿာကို မနက်အုန်းသီးလုံးခန့်၊ ည အုန်းသီးလုံးခန့် သောက်လျှင် သင်္ချိုင်းကုန်းသို့ မဆိုင်းမတွ သွားရလတ္တံ့။
အဲဒီလို ပြောတိုင်း သူငယ်ချင်းတွေ ၀ိုင်းဆဲတာ ခံခဲ့ရတာပဲ။

ဟိုတလောက ရေးခဲ့တဲ့ “နေထိုင်မကောင်းသော နေ့ရက်များ” ပို့စ်မှာလိုပဲ ကျမက အနောက်တိုင်း ခေတ်မီဆေးဝါးတွေထက် ဆေးမြီးတိုကို အင်မတန် ၀ါသနာပါတာကိုး။ “လော” ကျမ်း တွေ ဘာတွေ ဆိုတာလည်း ဘာမှန်းညာမှန်း သိပ်မသိခင် အရွယ်ကတည်းက စာလုံးပေါင်းပြီး ဖတ်လာတာ။
“ဆူးစူးသော် မခက်လော၊ ခြေမကို တူနဲ့ထုသော် မပျောက်လော ..” ဆိုလား ဘာလား .. မမှတ်မိတော့ပါဘူး။ ကြာလည်း ကြာပြီဆိုတော့ ခပ်မေ့မေ့။

နောက်ပြီး ဥံခံမန်းရတဲ့ ဂါထာတွေဘာတွေ ရှိသေးတယ်။ (ဥုံ မဟုတ်ပါဘူး ဥံ ကအမှန်ပါ၊ ဥ=အု ဆိုတော့ကာ ဥံ ဆိုရင် အုံ ဖြစ်နေပြီးသားမို့ ဥကို တချောင်းထပ်ငင် စရာ မလိုတော့ပါဘူး၊ စကားချပ်)
“ဥံ - လက်ပံပင်ထိပ်ဖျား ဒင်ကျီးနား၊ ဒင်ကျီး ထိုးဟဲ့ ငါးရိုးထွက် …” တဲ့။
မှတ်မိနေတဲ့ ဂါထာတခု ဆိုပါတော့၊ ငါးရိုးစူးရင် အဲဒီဂါထာ ရွတ်ပေးရတယ် ဆိုပဲ။ ဟုတ်မဟုတ် တခါမှ စမ်းမကြည့်ဖူးလို့ မသိပါဘူး။

စာပေ၀ါသနာပါတဲ့ အရွယ်ရောက်တော့ ဂျာနယ်ကျော်မမလေးရဲ့ ဆေးပညာ ဆောင်းပါးတွေဖတ်ပြီး သဘောကျခဲ့ဖူးပါတယ်။ ဂျာနယ်ကျော်မမလေးက လူမမာတွေကို အပူဓာတ် အအေးဓာတ် ခွဲပြီး ကုသတယ်လို့ ဆိုပါတယ်။ လူတယောက်နဲ့ တယောက်က ဓာတ်ချင်း မတူညီကြတဲ့ အတွက် ဆေးကို ပုံသေပေးလို့ မရဘူးတဲ့။ ကျမ မှတ်မိနေတာ တခုကတော့ ကောက်ညှင်းစားရင် လူများစုက ၀မ်းချုပ်တယ် ဆိုပေမဲ့ ၀န်ကြီးချုပ်ဦးနုကတော့ ကောက်ညှင်းစားရင် ၀မ်းသွားပါသတဲ့။ အဲဒီလို သူ့ဓာတ်နဲ့သူ ရှိတယ်ဆိုပါတော့။ သူကုသတဲ့နည်းတွေမှာ ပုခက်စီးတာတို့ ရေစိမ်တာတို့ ဒေါနပန်းရှူတာတို့ အဲဒါမျိုးတွေပါတဲ့အပြင် မီးဖိုထဲက ကြက်သွန်နီတို့ အုန်းဆံဖတ်တို့ကလည်း ဆေးတလက် ဖြစ်နေပြန်ပါတယ်။

“မျက်စိမှာ-ရည်၊ နားမှာ-ဆီ၊ ဒန္တီမှာ-ခါး၊ ၀မ်းမှာ-ပျား”
ဆိုတဲ့ လင်္ကာလေးလည်း လူကြီးတွေ ပြောပြောနေလို့ မှတ်မိနေပါတယ်။
မျက်စိအတွက် ရေက အကောင်းဆုံးဖြစ်သလို၊
နားအတွက်ကတော့ ဆီဖြစ်ပါသတဲ့။
ဒန္တီ (သွား) မှာတော့ အခါးဖြစ်တဲ့ တမာက ကောင်းသလို
ဝမ်းအတွက်ဆိုရင်တော့ ပျားရည်က သင့်တော်တယ်လို့ ဆိုထားခြင်း ဖြစ်ပါတယ်။

စာအုပ်တွေ ဟိုဖတ် ဒီဖတ် ဖတ်ရင်း ဘယ်ကနေ ဘယ်လို ဖတ်မိလည်း မသိတော့တဲ့ ဆေးနည်းလေးတွေလည်း ပြောပြရအုံးမယ်။ စာချိုးလေးတွေနဲ့ ရေးထားလို့ ခုထိ မှတ်မိနေတာပါ။
မျက်စိနာသူတွေအတွက် …
“မျက်စိနာ -ချောင်ပို့၊ ဘုန်းကျည်း လီနဲ့တို့ …” တဲ့
အသံကျယ်ကျယ် ထွက်မဖတ်ပါနဲ့၊ အဓိပ္ပါယ်ကို အရင် ရှင်းပါအုံးမယ်။
မျက်စိနာရင် အလင်းရောင်တို့ နေပူစပ်ခါးတို့ ရှောင်ပြီး မှောင်မှောင်မဲမဲ ချောင်ထဲမှာ နေခိုင်းပါတဲ့။
ဘုန်း = ဘုန်းမသိမ်၊ ကျည်း = မန်ကျည်း၊ လီ = မယ်ဇလီ .. ဒီသုံးမျိုးကို … မည်သို့မည်ပုံ ပြုရမလဲတော့ ကျမလည်း မမှတ်မိတော့ပါဘူး။ ပြုချင်သလိုပြုပြီး နာတဲ့ မျက်စိကို တို့ရမယ် ထင်တာပါပဲ။

သွားကိုက်ရင်တော့ … “ငပိလက်လေးသစ်” တဲ့။
ငပိလက်လေးသစ် ကိုသိပ်ရင် သွားက ပိုတောင် ကိုက်လာမလားဘဲ လို့ အတွေးမမှားလိုက်ပါနဲ့အုံး။
င = ငရုတ်ကောင်း၊ ပိ = ပိတ်ချင်း၊ လက် = လက်ချား၊ လေး = လေးညှင်း၊ သစ် = သစ်ကြမ်းပိုး
ဒါတွေကို မည်သို့မည်ပုံ ပြုရမလဲ မသိတော့ပါဘူး၊ ပြုပြီး ကိုက်တဲ့သွားကို သိပ်ရမယ် ထင်တာပါပဲ။

ကျမတို့ ကိုးကွယ်တဲ့ ဘုန်းကြီး (ကျမကို ပုံပြောပြတဲ့ ဘုန်းကြီး) က ပြောဖူးတာကတော့
မီးတထောင်၊ ပန်းတထောင်၊ အခိုးတထောင်၊ အရွက်တထောင် … ဆောင်ရင် မအိုဘူး ဆိုလားပဲ။ ရုပ်ပျို ကိုယ်နု ဆေး ထင်ပါရဲ့။
မီးတထောင် ဆိုတာက ကျပ်ခိုးပါ၊ (ရှေးက ထင်းမီးဖိုတွေပဲ သုံးတာကြောင့်မို့ မီးဖိုရဲ့ အပေါ်မှာ ကျပ်ခိုးစင်လေး လုပ်ထားလေ့ရှိကြတယ်၊ နေ့စဉ်နဲ့အမျှ မီးမွှေး ချက်ပြုတ်ရင်း ကြာလာတော့ မီးခိုးမှိုင်းတွေက စင်မှာ ကျပ်ခိုးစွဲပြီး မည်းနေပါတယ်။ ဒါကြောင့် ကျပ်ခိုးကို မီးတထောင် လို့ ဆိုပါသတဲ့။)
ပန်းတထောင် ကတော့ ပျားရည်ပါ။ (ဒါကတော့ ရှင်းပါတယ်)
အခိုးတထောင် ဆိုတာကတော့ ရေခိုးရေငွေ့ တဖြစ်လဲ မိုးရေ ကို ဆိုလိုပါတယ်။
အရွက်တထောင် က … ဆိတ်ချေး ပါ။ ဆိတ်တွေက တွေ့ကရာသစ်ရွက်စားပြီး မစင်စွန့်တော့ သူတို့မစင်ထဲမှာ အရွက်တထောင် ပါတယ်ပေါ့။
အဲဒါတွေကိုလည်း မည်သို့မည်ပုံ ပြုရမယ် ဆိုတာ.. ဟုတ်ကဲ့ …. ကျမ မသိပါဘူး။ ကြုံမှပဲ မေးကြည့်ပါအုံးမယ်။

နောက်တခါ မှတ်မိနေတာကတော့ “ဆီးဖြူ၊ ဖန်ခါး ရဟန်းစား” ဆိုတဲ့စကားအရ ဆီးဖြူသီး၊ ဖန်ခါးသီးနဲ့ သျှစ်သျှားသီး သုံးမျိုး (တြိဖလ) ဟာ ရဟန်းတော်တွေ ဆေးအလို့ငှာ သုံးစွဲသင့်တယ်လို့ ဆိုပါတယ်။ ဘယ်လို သုံးစွဲရမလဲ ဆိုရင် ဒီသုံးမျိုးကို အခြောက်လှန်း၊ ဂေါမုတ္တ ခေါ်တဲ့ နွားကျင်ငယ်ရေနဲ့ အကြာကြီး စိမ်ထားပြီး အဲဒီအရည်ကို ဆေးအဖြစ် သောက်သုံးရတယ်လို့ ကြားဖူးပါတယ်။ ဒါဟာ ဗုဒ္ဓ ခွင့်ပြုတဲ့ ဆေးနည်းလို့လည်း မှတ်သားခဲ့ဖူးပါတယ်။
နွားရဲ့ ကျင်ငယ်ရေထဲမှာမှ နွားနက်ရဲ့ ကျင်ငယ်ရေ ဆိုရင် ပိုပြီး စွမ်းတယ်လို့ သိရတယ်။
ဒါ့အပြင် ဆရာကြီး မင်းသုဝဏ်ရဲ့ ဆောင်းပါးတပုဒ်ထဲမှာ ဖတ်ဖူးတာက ဂျပန်ကြီးတယောက်က သိပ်ကျန်းမာတယ်၊ အသက်ရှည်တယ်၊ ဘာရောဂါမှ မဖြစ်ဖူး၊ ပြီးတော့ သူ့ဦးခေါင်းက ကျွတ်နေတဲ့ ဆံပင်တွေ ပြန်ပေါက်တယ် .. တဲ့၊ သူမှီဝဲတဲ့ ဆေးနည်းမေးတော့ သူက မနက်မိုးလင်းတာနဲ့ ဆီးသွားပြီး အဲဒီဆီးကို ပြန်သောက်တယ်လို့ ပြောပြပါတယ်။ ဒီလို နှစ်ပေါင်းများစွာ ပြုလာတဲ့အတွက် သူဟာ ကျန်းမာ သက်ရှည်ပြီး ထိပ်ပြောင်ခြင်းမှ ကင်းဝေး နေတယ်လို့ ဆိုပါတယ်။ အဲဒီလို ဆေးနည်းသာ သိလိုက်ရပေမဲ့ စမ်းသပ် သောက်ကြည့်ဖို့ တော့ မ၀ံ့ဘူး လို့ ဆရာကြီးက ရေးထားပါတယ်။

ဟုတ်တော့ ဟုတ်မလားမသိ၊ ကျမလည်း စဉ်းစားကြည့်နေတာ၊ ဆေးဘက်ဝင်တယ်ဆိုတဲ့ နွားနက် ကျင်ငယ်ကို ရေးတော့သာ နွားနက် လို့ရေးပေမဲ့ နွားမကို နမ လို့ဖတ်သလို နွားနက်ကို နနက် လို့ အသံထွက် ဖတ်ကြည့် မယ်ဆိုရင် ….
နနက် ကျင်ငယ် ..
နနက် ကျင်ငယ် …
နံနက် ကျင်ငယ် …
အင်း .. နံနက်ခင်းမှာ ပေါက်တဲ့ ကျင်ငယ် ဆိုတာ ဟုတ်ချင်လည်း ဟုတ်မှာပ … သံတူ ကြောင်းကွဲ … အဓိပ္ပါယ် နှစ်ခွ ထွက်တာပဲ၊ လိုသလိုသာ တွေးပြီး ကောက်ယူနိုင်တယ် လို့ တွေးရင်း ဆေးမြီးတို ဇာတ်လမ်း ဤတွင် တခန်းရပ်လိုက်ပါတယ်။
***
မေဓာဝီ
29.3.07
12:45 am

3 comments:

Unknown said...

ဆီးဖြူ၊ဖန်ခါး၊သျှစ်သျှားနဲ့နွားငယ်ကျင်ရေပါတဲ့ဘုရားပေးတဲ့ဆေးကိုယုံကြည်စွာသုံးစွဲလို့
ရောဂါပျောက်ကင်းသူတွေတကယ်ရှိပါသတဲ့။
မန္တလေးက ကားဝပ်ရှော့ဆရာကြီးဦးချစ်ရင်ကသူနဲ့သူမိသားစုများကဒီဆေးကိုသုံးစွဲပြီး
ရောဂါပျောက်ကင်းကြလို့တခြားသောက်လိုသူများကိုအခမဲ့ဝေငှပေးနေပါတယ်။အလွန်တော့နံတယ်ဗျာ…ကျနော့်အမေကတော့ဆေးအဖြစ်နေ့တိုင်းသောက်တာ ကျန်းမာသတဲ့။

Thet Htoo@Myat Lone said...

လောကျမ်းကို ကျွန်တော်လည်း ခပ်ငယ်ငယ်က ဖတ်ဖူးပါတယ်ခင်ဗျ။ ခြေထောက်ကျဉ်သော်မခက်လော၊ သံတူနှင့် ထုသော် မပျောက်လော ဆိုတာတော့ သေသေချာချာ မှတ်မိပါတယ်ခင်ဗျ။ ပြီးတော့ ဗယ်ဘက်မျက်စိထဲ ငရုတ်သီးဝင်ရင် ညာဘက်ခြေမကို ရေနဲ့ လောင်းရတယ်ဆိုတာလည်း အဲဒီကျမ်းထဲမှာပဲ ပါတယ်ထင်ပါတယ်။ နောက်တစ်ခု ကျွန်တော်ကြားဖူးတာက မျက်စိမှာရည်၊ နားမှာဆီ၊ ဒန္တီမှာဆား၊ ၀မ်မှာခါးလို့ပါ။ မမေဓါဝီပြောတာနဲ့ နည်းနည်းလွဲနေပါတယ်။ ဒါကတော့ တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလိုလည်းဖြစ်နိုင်ပါတယ်။

Anonymous said...

ကိုဇင် … မန္တလေးက ဆရာကြီးလှူတဲ့ဆေးကို ကျမ အဖေလည်း သောက်ဖူးပါတယ်။ ၁ ပုလင်းပဲ သောက်ပြီး ဆက်မသောက်ဖြစ်တော့ဘူးထင်တယ်။
ကိုမျက်လုံး …ပြောတာ ဟုတ်တယ်ရှင့်။ ခြေထောက်ကျဉ်သော် … ဆိုတာ … ကျမ မေ့သွားလို့ ပေါက်ကရ လျှောက်ရေးလိုက်မိတာ။
ဒန္တီမှာ ဆား … ဆိုတာလည်း ကိုမျက်လုံးပြောတာ မှန်ပါတယ်။ အဲဒီစာ ရေးနေတဲ့အချိန်တုန်းက ဆားကို လုံးဝ သတိမရဘဲ .. ကျမအဘိုး တမာရိုးနဲ့ သွားကြားထိုးတာပဲ ခေါင်းထဲရောက်လာလို့ အဲဒီလို မှားပြီးရေးမိသွားတယ်။ ဒီမနက် မျက်နှာသစ် သွားတိုက်ရင်းနဲ့မှ ဆားကို သတိရတယ်။ အမှားပြင်ဆင်ချက် ထည့်ဦးမှပဲ လို့ တွေးထားတာ။ ကိုမျက်လုံး ပြင်ပေးလိုက်တော့ အမှန်ဖြစ်သွားတာပေါ့။
ကျေးဇူး အထူးတင်ပါတယ်ရှင်။