Sunday, March 18, 2007

ဘကြီးဘဘေ ဆိုတာ ...

“ဘကြီးဘဘေ ဆိုတာ ဘယ်သူမှန်း မသိလို့ နည်းနည်းလောက် မိတ်ဆက်လေးသိပါရစေခင်ဗျာ။”

myth59 က တနေ့ကရေးတဲ့ ဘကြီးဘဘေပို့စ်ရဲ့ ကွန်မန့်ထဲမှာ အဲဒီလို မေးထားပါတယ်။
တကယ်တော့ ကျမလည်း ဘကြီးဘဘေဆိုတာ ဘယ်သူမှန်း သေချာ မသိပါဘူး။
စာအုပ်အဖုံးမှာ “ခေါင်းဆောင်ကြီး ဦးဘဘေ၏ နိုင်ငံရေးရာ အဖြာဖြာ” လို့ ရေးထားတဲ့အတွက် ဦးဘဘေဟာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ခေါင်းဆောင်ထဲက တဦးဖြစ်လိမ့်မယ်လို့သာ သိထားပါတယ်။ ခေါင်းဆောင်ဆိုတော့ ဖေ၊ ပု၊ ရှိန်ထဲက ဦးဘဖေ(ဘေ) များလားလို့လည်း စဉ်းစားမိပါတယ်။ ကျမ သေချာ မဆုံးဖြတ်တတ်တဲ့အတွက် စာအုပ် မျက်နှာဖုံးနဲ့ အတွင်းပထမ စာမျက်နှာမှာပါတဲ့ မှုန်ဝါးဝါး ပုံလေးကို စကန်ဖတ်ပြီး တင်ပေးလိုက်ပါတယ်။
ဒီစာအုပ်ထဲမှာ ဦးဘဘေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရှာကြည့်တော့ ဟံသာဝတီ သတင်းစာ အယ်ဒီတာကြီး ရေးထားတဲ့ နိဒါန်းထဲမှာသာ ရိုးတိုးရိပ်တိပ် ပါဝင်တာ တွေ့ရပါတယ်။ ဒါကြောင့်မို့ အဲဒီ နိဒါန်းကိုပဲ အစအဆုံး ပြန်ရိုက် ပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြပါတော့။
***
နိဒါန်း

၁၉၄၆-ခုနှစ်၊ ဧပြီလ ၂၁ ရက် နေ့က “ဟံသာဝတီ”နေ့စဉ် သတင်းစာ အယ်ဒီတာသည် ရန်ကုန်မြို့ လူအိုရုံလမ်း ဦးဘဘေ၏ ထံသို့ ရောက်သွားခဲ့၏။
အချင်းချင်း အလ္လာပ သလ္လာပ စကားများ ပြောဆိုပြီးသည့်နောက် အယ်ဒီတာက-
“ဦး .. ကျွန်တော်တို့ သတင်းစာ အတွက် ဆောင်းပါးရေးပေးပါ” ဟု ဆိုရာ …. “ဘာရေးရမှာလဲကွ” ဟု ပြန်၍ မေးလိုက် တော့၏။
“ဟာ … ဘာရေးရမယ် ကျွန်တော်တို့က ပြောနေရအုံးမှာလား … ဦးရေးချင်တာ ရေးပေါ့၊ ဦးရေးသမျှဟာ တန်ဘိုး ရှိမှာပဲ” ဟူ၍ ပြောရာ … “အေး” ဟူသော စကားတလုံးကိုသာ ဦးဘဘေက ဆိုလိုက်၏။

ဧပြီလ ၂၃-ရက်နေ့တွင် “ဘကြီးဘဘေ ဆောင်းပါးရေးပြီ” ဟူသော စာလုံးနှင့် ဟံသာဝတီ သတင်းစာတွင် ပဌမ နေ့စဉ်၊ နောက်တပါတ်လျှင် ၃-ကြိမ် ထည့်သွင်းလာရာ (ဤစာရေးသည့် နေ့အထိ) နံပါတ် ၉၈ သို့ ရောက်နေလေပြီ။

ဦးဘဘေ၏ အတ္ထုပ္ပတ္တိကို ရေးရသော် ဇိနတ္ထပကာသနီကျမ်းမျှ စာမျက်နှာများစွာ ရေးမှ စုံနိုင်ပေမည်။ ၀ါကျ တကြောင်းထည်းနှင့် ဦးဘဘေ၏ အတ္ထုပ္ပတ္တိကို ရေးရသော် “မြန်မာရာဇ၀င်နှင့် တပါထည်း နောက်ဆုံးခေတ် အထိ လိုက်ပါလာသော “ဘကြီး” ဟူ၍ပင် ရေးသင့်ပေသည်။

ကဗျာရောင် စကားပြေ စာသွားမျိုးလည်းမဟုတ်၊ မှတ်သင့်-မှတ်ရာကို ခွဲ၍ (??) မှတ်စု ထုတ်ပေးဘိသကဲ့သို့ ခဲရာ ခဲဆစ် ပြဿနာ အရပ်ရပ်တို့၏ အကြောင်းများကို ရေးသားထားသော စာမျိုးပင် ဖြစ်သဖြင့်၊ နောင်လာ နောက်သားတို့ ဗဟုဿုတ ရှာမှီးနိုင်ကြစေရန် “နိုင်ငံရေးရာ အဖြာဖြာ”ခေါ် အမည်နှင့် စာအုပ် ထုတ်ဝေ
လိုက်ရပေသတည်း။

အယ်ဒီတာ
ဟံသာဝတီ နေ့စဉ်သတင်းစာ
၉-၁၀-၄၆

***

စာအုပ်က ပိုးကိုက်ထားလို့ တချို့နေရာမှာ ဖတ်လို့မရပါဘူး။ တချို့နေရာမှာတော့ မှန်းပြီး ဖတ်လို့ရပါတယ်။ လုံးဝ ဖတ်မရတဲ့နေရာမှာ (?) သင်္ကေတ ပြပေးထားပါတယ်။
ဘကြီးဘဘေ ဘယ်သူလဲ ဆိုတာ သေချာသိရအောင် စုံစမ်းကြည့်ပါအုံးမယ်။ ကျမ ဘလော့ကို လာဖတ်သူများထဲမှာ ဘကြီးဘဘေကို သိသူများရှိရင်လည်း ပြောပြစေချင်ပါတယ်ရှင်။
ကျေးဇူးတင်ပါတယ်။
***
မေဓာဝီ
18.3.07

9:40 am

7 comments:

Anonymous said...

တောင်ကျရေ နွားနှစ်ကောင်မဝသလိုပ
မောင်ဘဖေငါးထောင်မရသော်ကြောင့်

လို့ သခင်ကိုယ်တော်မှိုင်းလေးချိုး ရေးတာ ခံခဲ့ရတဲ့ ဦးဘဘေပါပဲ။ ကိုလိုနီ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်မှာ ဘကြီးဘဘေ ငါးထောင်စား ဝန်ကြီး ဝင်အရွေးခံခဲ့တုန်းက ရေးခဲ့တာပါ။ သခင်ကိုယ်တော်မှိုင်းဦးဆောင်တဲ့ ဂျီစီဘီအေ က ဒိုင်အာခီကို ဆန့်ကျင်ခဲ့ပါတယ်။

ကိုးကား
မြင့်၊ သိန်းဖေ (၆၊ ဖေဖေါ်ဝါရီ ၊ ၁၉၆၂) ။ ပွင့်ပွင့်လင်းလင်းပြောပါရစေ၊ ဗိုလ်တထောင် သတင်းစာ။

Anonymous said...

ဖေ၊ ပု၊ ရှိန် ထဲက ဦးဘဖေ (ကိုးကားရှာနေဆဲ)
ဟံသာဝတီ သတင်းစာတိုက် ပိုင်ရှင် ဦးဘဖေ (ကိုးကားရှာနေဆဲ)

Anonymous said...

ကျေးဇူးပါ ကိုချမ်းစိုးဝင်း …
ကျမက ဖေ၊ပု၊ရှိန်က ဦးဘဖေ လို့ ထင်လို့ပါ။
ကျမရဲ့ အဖိုးလေးနဲ့ ဆုံရင် မေးကြည့်ပါဦးမယ်။ အဖိုးလေးကတော့ ကောင်းကောင်းသိမှာပဲ။
ဦးဘဖေက ဟံသာဝတီ သတင်းစာတိုက်ပိုင်ရှင်တော့ မဟုတ်တာ သေချာတယ်ရှင့်။

Anonymous said...

I think he is u ba phay of "phay-pu-shein".

Thet Htoo@Myat Lone said...

မမေဓါဝီကိုရော၊ ကိုချမ်းစိုးဝင်းကိုရော ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Anonymous said...

* U Ba Pe is a member of "Pe-Pu-Shein" (1918)
* Co-founder of YMBA (1904) and GCBA (1920)
* Co-founder of Thuriya newspaper and magazine, Owner, Chief Editor (1910)
* A leader of 21-party who secede of GCBA (other name is National Party)
* A minister of Diarchy administration under British Government in Burma (1922)
* A representative of parliament of Burma administration 1935 under British colonial rule before WWII
* His name is really write in Burmese as “Pe” (Ba-gone)

NA said...

ဘကြီးဘဘေ ဆိုတာကတော့ သူရိယသတင်းစာတိုက်အုပ် ဦးဘဖေပါ။ ဆရာကြီးရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းမှာ ဘကြီးဦးဘဘေ အကြောင်းကို တစေ့တစောင်းမြင်နိုင်ပါတယ်။