Monday, June 11, 2007

ရေးချင်လျက် လက်တို့ …

မနေ့က ပို့စ်ရဲ့ ကွန်မန့်မှာ ကိုသန့်ဇင်အောင်က ခုလို မေးထားပါတယ်။

TZA said...
အစဉ်အားပေးလျက်ပါမမေ..
တခုလောက်မေးလိုပါတယ်၊ စာလုံးပေါင်းကိစ္စပါပဲ၊ အဟဲ..
ဒါပေမယ့် နဲ့ ဒါပေမဲ့ ဘယ်ဟာမှန်သလဲခင်ဗျာ။
နောက်ပြီး အောက်ကမြင့်ကို ဘယ်အချိန်မှာ အက္ခရာရဲ့ အောက်တည့်တည့်မှာ ရိုက်(ရေး)သင့်ပြီးဘယ်အချိန်မျိုးမှာ ဘေးဖက်မှာ ရိုက်(ရေး)သင့်ပါသလဲ။ ဥပမာ မဲ့ နဲ့ မဲ့ ဆိုတာမှာ အရှေ့က မဲ့က မှန်တယ်လို့ ကျနော်ထင်ပေမယ့် မယ့် နဲ့ မယ့် ကျတော့ ဘယ်ဟာ အမှန်မှန်း မသိဘူးခင်ဗျာ။
မမေ ကျန်းမာပါစေ။
6/10/2007 4:31 PM

ကိုသန့်ဇင်အောင်ရဲ့ ဒီကွန်မန့်ဟာ ကျမရေးချင်နေတုန်း လက်လာတို့လိုက် သလိုပါပဲ။ ဒီအကြောင်းလေးတွေ ကျမရေးချင်နေတာကြာပါပြီ။ ဒါပေမဲ့ … ဒီအကြောင်းအရာတွေချည်း အပ်ကြောင်းမထပ်ချင် သေးတာကြောင့် ခဏလေး လက်လျှိုထားရတာပါ။

ခုတော့ ကိုသန့်ဇင်အောင် မေးလာတာနဲ့ ရေငတ်တုန်း ရေတွင်းထဲကျသလို …ရေးချင်တာလေးတွေ (ဆိုင်ဆိုင် မဆိုင်ဆိုင်) အကုန်ထည့် ရေးလိုက်ပါပြီ။ ကိုသန့်ဇင်အောင်ရေ ..မေးမိတာ မှားပါတယ်လို့တော့ မညည်းလိုက်ပါနဲ့နော်။ အပြည့်အစုံလေး ရေးခွင့်ပြုပါ။
***
ဒါပေမယ့် နဲ့ ဒါပေမဲ့ မှာ … “ဒါပေမဲ့” က အမှန်ဖြစ်ပါတယ်။ (မြန်မာစာ စာလုံးပေါင်းသတ်ပုံနှင့် ခွဲထား စာအုပ် စာမျက်နှာ ၁၉၃)

နောက်တခုအမေးကို မဖြေခင် ကြုံကြိုက်လို့ ကြားဖြတ်ပြီး ပြောချင်တာကတော့ “အောက်ကမြင့်” ဆိုတဲ့ အသုံးအနှုန်းလေးကိုပါ။ “အောက်ကမြင့်” ဆိုပြီး ရေးလေ့ရှိကြတာကို ခဏခဏ ဖတ်ဖူးတဲ့အတွက် အခုလိုပြောရခြင်းပါပဲ။ အမှန် တကယ်က “အောက်ကမြစ်” ဖြစ်ပါတယ်။ “အောက်မြစ်” လို့လည်း သုံးလေ့ ရှိပါတယ်။ အောက်ကမြင့် မဟုတ်ပါဘူး။

အောက်မြစ်ဟု ခေါ်ပုံ
ရှည်နေတဲ့အသံကို တိုအောင်၊ လေးနေတဲ့အသံကို ပေါ့အောင် အောက်မှနေပြီး တားမြစ်သောကြောင့် အောက်မြစ်လို့ ခေါ်ရခြင်း ဖြစ်ပါသတဲ့။
ဥပမာ … ငါ ဆိုတဲ့ ပုဒ်မှာ အောက်မြစ်ထည့်လိုက်တဲ့အခါ .. ငါ့ ဆိုပြီး ဖြစ်သွား ပါတယ်။ ငါ (သံရှည်) မှ ငါ့ (သံတို)ဖြစ်အောင် အောက်ကနေ တားမြစ်လိုက် တဲ့အတွက် ဒီသင်္ကေတလေး ( -့) ကို အောက်မြစ်လို့ ခေါ်ရခြင်းပါပဲ။

အောက်မြစ်ရေးထုံး နဲ့ ပတ်သက်လို့ ပြောရရင်တော့ …
အောက်မြစ်ဟာ …အေ၊ အဲ၊ အော၊ အို စတဲ့ သရတွေမှာမှီတဲ့အပြင် င၊ ဉ၊ ဏ ၊ န၊ မ၊ ဠ၊ လ၊ ယ စတဲ့ စာလုံးတွေနဲ့ သတ်တဲ့ စာလုံးတွေမှာလည်း မှီပါတယ်။
ဥပမာ ..မေ့၊ မဲ့၊ မော့၊ မို့၊ မင့်၊ မန့်၊ မယ့် .. စသည်။

ဘယ်အချိန် ဘယ်အက္ခရာရဲ့ အောက်မှာရိုက်သင့်သလဲ ဆိုတာကတော့ ကျမ လက်ခံတဲ့ အယူအဆနဲ့ ဖြေပါရစေ။

* မဲ့ - မယ့်
မ-နောက်ပစ်-အောက်ကမြစ် ( မဲ့ ) နဲ့ ( မဲ့ ) မှာ ကျမနှစ်သက်တာကတော့ ( မဲ့ ) ကိုပါ။
အားလုံးသိတဲ့အတိုင်း မြန်မာစာလုံး ရိုက်တဲ့နေရာမှာ အောက်ကမြစ်ဟာ ဖောင့် အမျိုးအစားပေါ်မူတည်ပြီး နေရာအမျိုးမျိုးမှာရှိပါတယ်။ တချောင်းငင်တို့ ယပင့် တို့ စတာတွေပါလာရင် အောက်ကမြစ်ကို စာလုံးရဲ့ အောက်တည့်တည့်မှာ ရိုက်လို့အဆင်မပြေတာကြောင့် ခုလို နေရာလွှဲရခြင်းလို့ မှတ်ယူပါတယ်။
(မယ့်) ဆိုတဲ့စာလုံးမှာတော့ မ-ယပက်လက်သတ်-အောက်ကမြစ် လို့ ရေးတဲ့ အတွက် ယ-ပက်လက်သတ်ရဲ့ အောက်တည့်တည့်မှာ အောက်ကမြစ်က ရှိနေရ မယ် လို့ ကျမကတော့ ယူဆပါတယ်။ (ဒါကတော့ ကျမအယူအဆ မျှသာပါ)
ဒါပေမဲ့ ( မို့ ) ဆိုတဲ့စာလုံးရိုက်တဲ့အခါမှာတော့ အောက်ကမြစ်က ဘေးနားလေး နည်းနည်းထွက်နေမှ တချောင်းငင်နဲ့ လွတ်နိုင်မှာဖြစ်တာကြောင့် ဘေးနားလွှဲ နေတဲ့ အောက်မြစ်ကိုသုံးမှ အဆင်ပြေပါမယ်။

ကိုသန့်ဇင်အောင်ရဲ့ အမေးကတော့ ဒီလောက်ပါပဲ။ ဒါပေမဲ့ … မမေးဘဲနဲ့ ပြောချင်တာလေးတွေလည်း ရှိနေလို့ တလက်စတည်း ပြောပါရစေဦး။
***
“ဟ-ထိုး”
ဟ-ထိုးက ပါဠိမှာ ပါဌ်ဆင့်စာလုံးဖြစ်ပါတယ်။ ဒါကြောင့် ပါဌ်ဆင့်ဖတ်နည်းနဲ့ ဖတ်ရပါမယ်။ (ပါဠိမွေးစားတဲ့စာလုံးကလွဲပြီး မြန်မာမှာတော့ ဖတ်စရာမလိုပါဘူး)
ဥပမာ - ဇိဝှါ - ဇိဝ်၀ှါ = ဇိန်ဝှါ (အိ-သရ နောက်မှာကပ်တဲ့ ၀-သတ်ဟာ န-သတ် သံ ထွက်ပါတယ်) တဏှာ = တဏ်ဏှာ စသည်။
ဟ-ထိုးကို င၊ ဉ ၊ ဏ ၊ န၊ မ ၅-လုံးနဲ့ ယ၊ ရ၊ ဠ၊ လ၊ ၀ တို့မှာပဲ ယှဉ်ကပ် နိုင်ပါတယ်။ ချွင်းချက်အနေနဲ့ သ-ယပင့်မှာလည်း ဟ-ထိုးယှဉ်ကပ်ပါသေးတယ်။
ဥပမာ - အလို့ငှာ၊ ညှင်းဆဲ ၊ တဏှာ၊ နှာခေါင်း၊ မှာတမ်း၊ ယှဉ်တွဲ၊ ရှာဖွေ၊ ဒဠှေ၊ လှေလှော်၊ လက်ဝှေ့၊ အသျှင် … စသည်။

“သေးသေးတင်” (နိဂ္ဂဟိတ်)
သေးသေးတင်ဟာ အ၊ ဣ (အိ)၊ ဥ စတဲ့ သရ ၃-လုံးမှာပဲ မှီပါတယ်။
အ - သရ၌ မှီပုံ … ကံ၊ ထံ၊ ကြံ၊ ..
ဣ (အိ) -သရ၌ မှီပုံ … တာဝတိံသာ
ဥ (အု) - သရ၌ မှီပုံ .. ကုံ၊ ထုံ၊ ပုံ၊ ချုံ၊ စသည် ..ဖြစ်ပါတယ်။

“၀စ္စပေါက်” (၀စ္စိပေါက် - ၀ိသဇ္ဖနီ)
ဝစ္စပေါက်ဟာ အာ၊ ဤ(အီ)၊ ဦ (အူ) ၊ ဧ (အေ)၊ အဲ၊ အို စတဲ့ သရတို့မှာမှီတဲ့ အပြင် င၊ ဉ၊ န၊ မ၊ သတ်တဲ့နေရာ၊ သေးသေးတင်အဆုံးရှိတဲ့ အက္ခရာ စသည်တို့မှာ မှီပါတယ်။
ဥပမာ …
မား၊ မီး၊ မူး၊ မေး၊ မဲး၊ မိုး (ယခင်က အဲ သရမှာ ၀စ္စပေါက် ကပ်ရေး လေ့ရှိပါတယ်။ အခုတော့ အဲဒီရေးထုံး မရှိတော့ပါဘူး။)
မင်း၊ မည်း၊ မန်း၊ မမ်း၊ မုံး၊ ထုံး၊ ချုံး၊ စသည်။

ဒီနေရာမှာ အလျဉ်းသင့်လို့ ဟိုတနေ့ကတင်တဲ့ ၁၂-ရာသီမိုး ကဗျာထဲမှာ ပီအိုင်အက်စ်အိုင် (ခေါ်) ပိစိ ရဲ့ ကွန်မန့်ထဲက အမေးကို ဖြေလိုက်ပါဦးမယ်။ နှံး - ဆိုတဲ့ စာလုံးနဲ့ ပတ်သက်လို့ပါ။
အသံထွက်အားဖြင့် သေးသေးတင်ဟာ မ-သတ်သံ ထွက်ရပါတယ်။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ - ကို အသံထွက် အမှန်နဲ့ဆိုရင် ..
ဗုဒ်ဓမ် (မ-သတ်သံ ပါးစပ်ပိတ်)
သရဏမ် (၎င်းအတိုင်း) ဆိုရပါမယ်။
ဒါကြောင့် … နှံ ကို နှန် လို့ န-သတ်နဲ့ ရေးမယ် ဆိုရင် မှားပါတယ်။
“ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက်၊ နှံးပုံဖျက်” ဆိုတဲ့နေရာမှာ နှံး = နှမ်းလို့ မှတ်ယူနိုင်ပါတယ်။ ဒါမှသာအသံထွက်အားဖြင့်လည်းကောင်း၊ အဓိပ္ပါယ်အားဖြင့် လည်းကောင်း ပြည့်စုံမှန်ကန်ပါတယ်။

“၀-ဆွဲ”
ဝ-ဆွဲဟာ ပါဠိမှာတော့ ပါဌ်ဆင့်ပါပဲ။ (အုပ်စုမဲ့ဗျည်း ၀-နဲ့ဆင့်ထားတာပါ)
ဥပမာ - ဒိတွာ ဆိုရင် ဒိတ်တ၀ါ လို့ ဖတ်ရပါမယ်။ သတွာ ရေးထုံးလည်း မြင်ဖူးကြမယ် ထင်ပါတယ်။ သတ်တ၀ါ လို့ အသံထွက်ရပါမယ်။ သတ္တ၀ါနဲ့ တူတူပဲပေါ့။
မြန်မာစာလုံးတွေကို ဖတ်တဲ့အခါမှာတော့ ပါဌ်ဆင့်ဖတ်နည်းလို့ ဖတ်စရာ မလို တော့ပါဘူး။ ဝေးကွာ၊ ခွဲခွါ၊ မြန်စွာ .. စသည်။

ငယ်ငယ်က စာစဖတ်တော့ ၀-ဆွဲလေးတွေက ၀-ဆွဲသာဆိုတယ် ၀လုံးလို ၀ိုင်း မနေပါလား၊ တြိဂံပုံတွေချည်းပဲ လို့ ကျမ စိတ်ထဲ ကျိတ်ပြီး စောဒကတက်မိ တယ်။ ဘယ်သူမှတော့ မေးမကြည့်မိပါဘူး။ ဒါပေမဲ့ စာအုပ်တအုပ် ဖတ်ရပြီး နောက်ပိုင်းမှာ ကျမရဲ့ စောဒကစိတ်တွေ ကျေပျက်ကာ ကျေနပ်ခဲ့ရပါတယ်။

ဝ-ဆွဲရေးနည်း နိသျည်းကို ဒုတိယ ကျော်အောင်စံထား ဆရာတော်ဘုရားက ခုလို ညွှန်ကြားတော်မူခဲ့ပါသတဲ့။ ရှုပါ။


အဲဒီခေတ်က စာတွေကို ပေထက်အက္ခရာတင်တာကြောင့် စာကြောင်းတွေက တကြောင်းနဲ့တကြောင်း ကပ်နိုင်ပါတယ်။ အဲဒီလိုကပ်တဲ့အခါမှာ အထက်နဲ့ အောက်စာလုံးတွေ ရောထွေးနိုင်ပြီး လုံးကြီးတင်နဲ့ ၀-ဆွဲမှားမှာစိုးတာကြောင့် ခုလို ဆရာတော်က သတ်မှတ်ခဲ့ရခြင်းပါပဲ။

ပုံနှိပ်စက်တွေပေါ်လာပြီး ခဲစာလုံးနဲ့စာစီတဲ့ခေတ်မှာ ၀-ဆွဲကို ၀-လုံးလို ၀ိုင်းဝိုင်း စက်စက် မဟုတ်ဘဲ တြိဂံ လို အချွန်လေးတွေချည်း ဖတ်ခဲ့မြင်ခဲ့ရတာဟာလည်း ခဲစာလုံးနဲ့ စာစီတဲ့အခါ ပြောင်းပြန်ကြည့်ပြီး စီရတာမို့ ၀-လုံးလို ၀ိုင်းစက်စက် လုပ်ထားရင် စာစီသမားအနေနဲ့ လုံးကြီးတင်နဲ့ (အထက်အောက်) မှားနိုင်တာမို့ ခုလို တြိဂံပုံစံ ပြုလုပ်တယ်ဆိုတာ ဒီစာဖတ်ပြီးမှ သိခဲ့ပါတယ်။ ပညာရှိကြီးများ အမြော်အမြင်ကြီးပေစွလို့ စိတ်ထဲ ကြည်ညိုမိပါရဲ့။

ခု …. တိုးတက်ခေတ်မီနေတဲ့ ကွန်ပျူတာခေတ်မှာတော့ ပြောင်းပြန်တွေ ဇောက်ထိုးတွေ အထက်အောက်တွေ မှားစရာမလိုတော့တာကြောင့် ၀-ဆွဲမှန်သမျှ ၀ိုင်းဝိုင်းစက်စက် ရေးလို့ရနေပြီပေါ့။ ဘာကိုမှ ငဲ့စရာမလို၊ အထင် အမြင်မှားမှာလည်း စိုးရိမ်စရာ မလိုတော့ဘူး မဟုတ်လား။ ဒါကြောင့်လည်း မြန်မာဖောင့်တွေ အတော်များများရဲ့ ၀-ဆွဲတွေဟာ ၀-လုံးလေးတွေလို ၀ိုင်းဝိုင်းစက်စက်လေးတွေ ဖြစ်နေကြတော့တာ ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် တခါတရံ တော့ တြိဂံပုံစံ ၀ဆွဲလေးတွေပါတဲ့ ပုံနှိပ်စာလုံးလေးတွေကို လွမ်းတော့ အလွမ်းသား … ။
***
ကိုသန့်ဇင်အောင်က လက်လာတို့တဲ့အတွက် ကျမလည်း ရေးမိရေးရာတွေ ရှည်ရှည်ဝေးဝေး လျှောက်ရေးနေမိပါတယ်။ ထုံးစံအတိုင်း စာအုပ်ကြီးတွေ ကိုးကားလို့ပဲပေါ့ … ။ မည်သို့ပင်ဖြစ်စေ … ကျမရဲ့ အားထုတ်မှုဟာ တစုံတယောက်အတွက် အကျိုးရှိမယ် အသုံးဝင်မယ် ဆိုရင်တော့ … ၀မ်းသာပီတိ ဖြစ်ရမှာပါပဲ လို့ ပြောရင်း ရေးချင်လျက် လက်တို့ကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်။
***
မေတ္တာဖြင့်

မေဓာဝီ
၁၁၊ ဇွန်၊ ၂၀၀၇
၀၀း၁၀ နာရီ
ကိုးကား ။ … ။
(၁) ဟံသာဝတီ ဦးဘရင်၏ မြန်မာစာ အခြေပြ
(၂) ဒဂုန်ဦးစန်းငွေ၏ သဒ္ဒါကိုလေ့လာခြင်း

9 comments:

s0wha1 said...

မမေ...အရမ်းကျေးဇူးတင်ပါတယ်...:)

hana said...

Thanks Ma May.

TZA said...

ကျေးဇူးစပယ်ရှယ်ပါ မမေဓာဝီ။
ခုမှပဲရှင်းသွားတယ်။

Moe Htet said...

“ဒါပေမဲ့” လို့ သတ်ပုံကျမ်းက ဆိုသော်ငြား ကျနော်ကတော့ “ဒါပေမယ့်” ကို နှစ်သက်ပါတယ်။ အရေးမှာ “မည်”၊ အပြောမှာ “မယ်” လို့ ဆိုပါတယ်။ အရေးမှာ “မည့်” ဆိုရင် အပြောမှာ “မယ့်” လို့ ဖြစ်သင့်တာပေါ့။ သို့သော် သတ်ပုံကျမ်းက “မဲ့” ရမယ်လို့ ဆိုသဗျ။ “မဲ့” ဟာ ကြိယာဆိုရင် တွန့်တာရွဲ့တာ၊ နာမ၀ိသေသနဆိုရင် မရှိသော လို့ အနက်ရပါတယ်။ “ဒါပေမဲ့/ဒါပေမယ့်” ဟာ ဆန့်ကျင်အနက်ပြ ၀ါကျဆက်စကား ဖြစ်ပါတယ်။ “ဒါပေမည့်၊ သို့ပေမည့်၊ သို့ဖြစ်လင့်ကစား၊ သို့သော်ငြားလည်း၊ သို့ပါလျက်” စကားလုံးများနဲ့ အနက်တူပါတယ်။ but, however, nevertheless ဖြစ်ပါတယ်။ “မဲ့” ရဲ့ မူလအနက်ဖြစ်တဲ့ တွန့်တာ ရွဲ့တာ မရှိတာနဲ့ ဘာမှ ဆက်စပ်လို့ မရပါဘူး။ “မယ်” ကသာလျှင် သဒ္ဒါသဘောအရ ဆက်စပ်မှု ရှိတယ်လို့ ထင်ပါတယ်။

May Nyane said...

တော်ရုံစေတနာနဲ့တော့
ခုလောက် အသေးစိတ်
ရှာဖွေပြောရတဲ့စာမျိုး
ရေးမှာမဟုတ်ပါ။
မေ့ကို တကယ် ကျေးဇူးတင်စရာပါပဲ။

ကလိုစေးထူး said...

ဝ-ဆွဲကို အရင်တုန်းက ပုံနှိပ်စာအုပ် စာလုံးတွေမှာ တြိဂံပုံလေးနဲ့ ရေးလေ့ရှိတာကို သတိထားမိခဲ့တာကြာပြီ။ ဒါပေမယ့် ဘာလို့ အဲဒီလို ရေးရတယ်ဆိုတာ အခု မမေ သေသေချာချာ ရှင်းပြမှပဲ အကိုးအကားနဲ့ တကွ သိရတယ်။

linn hlyan said...
This comment has been removed by the author.
ပုံရိပ် / Pon Yate said...

စာလုံးပေါင်း သတ်ပုံကို ခုလို သေချာ ရှင်းပြတာ ကျေးဇူးပါ မမေ။

Mhu Darye said...

ဟုတ်ကဲ့... ဖတ်သွားပါပြီ။ ထောက်ပြပေးတာ အပြင် ဝေဖန်ဖတ်ရှူ့ ပေးတာအတွက်ပါ ကျေးဇူးပါ မမေ။
း)