Monday, June 04, 2007

အိပ်ငိုက်တဲ့ ည

ဟွားးးး ခနဲ တချက်သမ်းလိုက်သည်။
မဟုတ်သေးပါဘူး။ သမ်းပုံမှားနေပြီလားမသိ။ ပြန်သမ်းဦးမှပဲ … ။
(((( ၀ှါးးးးး ))))
အင်း .. ဟုတ်သွားပြီ။ ဒါမှ စနစ်ကျတာ။

မျက်လုံးထဲမှာ မျက်ရည်စများ ပြည့်လျှံလာ၏။ တစိမ့်စိမ့်ယိုစီးလာသော နှာရည်တွေကို ရွှတ်ခနဲ ပြန်ရှိုက်သွင်းလိုက်ရင်း ပျင်းကြောဆန့်လိုက်သည်။
ထပ်သမ်းချင်လာပြန်ပြီ။
ပါးစပ်ကို ၀ိုက်၍ဟစဉ် မျက်လုံးတွေ မှေးမှိတ်သွားပြီး နှာခေါင်းက တင်းလာသည်။
((((((((( ၀ှါးးးးးးးးး )))))))))
ဒီတခေါက် သမ်းကြောက ပိုရှည်ပြန်သည်။ မျက်လုံးထဲမှ မျက်ရည်စများ ပါးပေါ် လိမ့်ဆင်းလာသည်ကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်း သုတ်ဖယ်ပစ်လိုက်သည်။

ဒီမျက်ရည်ကလည်း … မငိုဘဲလည်း ကျတတ်ပါပေ့။ ထူးဆန်းပေစွ။ ကြက်သွန်နီ လှီးလို့ ကျရ၊ မီးခိုးမွှန်လို့ ကျရ၊ အခုလည်း သမ်းလို့ ကျပြန်ပြီ။ မျက်ရည်ချည်း ကျရင်လည်း အကြောင်းမဟုတ်။ မျက်ရည်နှင့်တဆက်တည်း နှာရည်ကလည်း ထွက်လာပြန်သည်။ ဒီတခါတော့ မရွှတ်မိတော့၊ တစ်ရှူးစက္ကူစလေးဖြင့် အသာ သုတ်လိုက်၏။

နေ့ခင်းက မီးခဏခဏပြတ်၊ လာပြန်တော့လည်း မီးအားအပြည့်အ၀မရလို့ ယူပီအက်စ်က တတီတီအော်၊ အခုမှပြန်ရွေးလာသည့်စက်ကို အရိပ်တကြည့်ကြည့် လုပ်နေရတဲ့ ကြားထဲ ပြတ်ချည် လာချည် မီးကြောင့် ပိတ်ချည်ဖွင့်ချည် လုပ်နေရ သေးသည်။ တနေ့ခင်းလုံး အလုပ်မဖြစ်။ ခက်ရချည်ရဲ့။

ည ၈ နာရီခွဲ ကိုးနာရီထိုးလုမှ မီးကပုံမှန်ပြန်ဖြစ်သည်။ ဒီတော့မှ ကွန်ပျူတာပြန်ဖွင့် အင်တာနက်ထဲဝင် ဟိုဟိုဒီဒီ ဖတ်လိုက် ပြောလိုက် ရေးလိုက် လုပ်ရင်း ည ၁၂ နာရီ ခွဲသွားပြီ။ အလုပ်က ဟုတ္တိပတ္တိ မလုပ်ရသေး။ အိပ်ကငိုက်နေပြီ။ နက်ဖန် မနက် ဘလော့မှာတင်ဖို့ စာလည်း ရေးချင်သေးသည်။ ဘာရေးရမလဲ စဉ်းစားဦးမှ။

အဖေ့ကဗျာမတင်ရတာ ကြာပြီလားမသိဘူး။ အဲဒီလိုတွေးမိပြီး အဖေ့မှတ်စုစာအုပ် အဟောင်းကို ပြန်လှန်ရပြန်သည်။ လှန်လှောဖတ်ကြည့်ပြီး အင်း … ဒါလည်း မတင်ချင်သေးဘူး ဆိုကာ ပယ်လိုက်ပြန်၏။ လုပ်စားစရာ မောင်လေးကဗျာတပုဒ် ကျန်သေးတာပဲ၊ အဲဒါလေး တင်ရကောင်းမလား။ တော်ပါပြီ။ ဒါလည်း မတင်ချင် သေးပါဘူး။ သြော် .. ဟိုတနေ့က ရေးလက်စ တပိုင်းတစ စာတပုဒ် ရှိသား။ အဲဒါ ဆက်ရေးရင် …. ။ ဒါကလည်း ဒီလိုအိပ်ငိုက်နေတဲ့ညမှာ ရေးလို့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ပယ်ပြန်ပြီ။

ဒီလိုနဲ့ ဟိုရှာ ဒီရှာ ရှာရင်း မျက်စိက တ၀က်လောက်ပဲ ဖွင့်လို့ရတော့သည်။ လူကလည်း တသမ်းသမ်း တဝေေ၀ဖြစ်လာပြီ။ မျက်နှာမှာလည်း မျက်ရည်တွေ နှာရည်တွေနှင့် ပေတလူး ဖြစ်နေပြီ။ ကိုယ့်ရုပ်ကိုယ် မမြင်ရလို့ တော်သေး။ မဟုတ်ရင် သန်းခေါင်တလွဲ ကိုယ့်ကိုယ်ကို သရဲနဲ့ မှားနေမှ ဒုက္ခ။

“အား”
စဉ်းစားရင်း တွေးတောရင်းနဲ့ မျက်နှာပေါ်က ၀က်ခြံဖုကို လက်နဲ့ကုတ်မိလို့ နာသွားသည်။ သွေးများထွက်သွားပြီလားမသိ။ ဆေးလိမ်းနေတာကြာလှပြီ ဒီဝက်ခြံတွေကလည်း ခုထိပင် မပျောက်နိုင်သေး။ ၀က်သားခဏခဏ စားလို့များ မပျောက်နိုင်လေရော့သလား။ ခုတလောဈေးသွားတိုင်း ၀က်သားဝယ်ရသည်။ ကြက်မစား ဘဲမစားတော့ စားစရာ ၀က်နှင့်ငါးသာ။ ငါးကိုလည်း ချစ်လှစွာသော အစ်မတော်ကြီးက သိပ်မစားတော့ အမြဲတမ်း ၀က်ပါအောင် ၀ယ်နေရသည်က တဒုက္ခ၊ ၀က်မလွတ်မယ်တော်ကြီးလို့ သူ့ကွယ်ရာ နောက်ပြောင် ခေါ်နေမိတာ .. သူတော့ မသိပါဘူး။

ဝှူး … ၀ှူး …
ကြမ်းပေါ်ချထားသည့် ရေနွေးကြမ်းဓာတ်ဗူးကိုယူကာ မတ်ခွက်ထဲ ငှဲ့ထည့်ပြီး သောက်မယ်ကြံ … ပူလို့ တ၀ှူးဝှူး မှုတ်ရပြန်သည်။
ကောင်းလိုက်တဲ့ ရေနွေးကြမ်း … ခါးခါးကျကျလေး။ ပါးစပ်ထဲကို စွဲသွားတာပဲ။ ရေနွေးကြမ်းကြောင့် မျက်လုံးတွေတောင် နည်းနည်းပြန်ကျယ်လာပြီ။ လက်လည်း နည်းနည်း သွက်လာပြီ။ အခါးဓာတ်က လူကို လန်းဆန်းစေသားပဲ။

စာတလုံး နှစ်လုံး ရိုက်လိုက်၏။ နာရီသံ တချက်ချက် မှန်မှန်ကြားနေရသည်။ ခြင်တကောင်က ဘေးနားမှာ တ၀ီဝီနှင့် မပျင်းရအောင် အဖော်ပြုလို့နေ၏။ ဒီအချိန်ကြီးထိ ကားတစီးတလေက လမ်းမမှာသွားနေတုန်း။ ညောင်းလိုက်တာ။ လှဲအိပ်လိုက်ချင်ပြီ။ ဇက်ကြောကို ဟိုဘက်ဒီဘက် ချိုးရင်း အညောင်းဖြေမိသည်။ နံရံထက်မှာ အိမ်မြှောင်က တကျွတ်ကျွတ်စုတ်ထိုးလျက် … ။

မဖြစ်သေးပါဘူး …. စာဆက်ရေးဦးမှ။
..... .... ..... ..... ..... .....
..... .... ..... ..... ..... .....
ရေးနေရင်း သမ်းချင်လာပြန်ပြီ။
ဘယ်သူမှမှ မရှိတာ။
လွတ်လပ်စွာ သမ်းလိုက်ဦးမယ်။
မျက်လုံးကိုမှိတ် … ပါးစပ်ကိုဖွင့် …
တစ် .. နှစ် …
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဒီတခါတော့ အသံပင် မထွက်နိုင်တော့။ သမ်းခြင်းရဲ့ အဆုံးမှာ ၀စ္စနှစ်လုံးပေါက်သံ ခပ်မျှဉ်းမျှဉ်းလောက်သာ အပြင်ကို ကျွံကျ ထွက်ပေါ်လာတော့သည်။ ဒီအသံအရ တော်တော် အိပ်ချင်နေပြီဟု မှန်းဆနိုင်သည်။ ဒါဆို အိပ်တာပဲ ကောင်းပါတယ်။

အနားက အိပ်ရာကို သုံးခါလောက် မျက်စောင်းထိုးပြီးနောက် မျက်ရည်လည်ရွှဲ နှပ်တွဲလဲဖြင့် ကွန်ပျူတာကို ကမန်းကတန်းပိတ်ကာ အိပ်မှုန်စုံမွှား စမ်းတ၀ါးဝါး ဒယီးဒယိုင်ဖြင့် အိပ်ရာထဲသို့ ဒိုင်ဗင်ပစ် ၀င်အိပ်လိုက်လေတော့သည်။
***
မေဓာဝီ

၃၊ ဇွန်၊ ၂၀၀၇
၀၀း၅၉ နာရီ

3 comments:

s0wha1 said...

မမေရေ...အရမ်းကို ၀မ်းသာပါတယ်...မနေ့ညက မမေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားမယ်လို့ ယူဆလို့ပါ... နောက်ညတွေလည်း ဒီလိုပဲ အိပ်ချင်စိတ် ပေါက်နေပါစေ...:D

Natthi said...

“ဒွိယာမညေ၀ ပဏ္ဍိတော”
ပညာရှိဆိုတာ (ညရဲ့) လေးပုံပုံ နှစ်ပုံပဲ အိပ်တယ်လို့ လောကနီတိက ပြောတာပဲ။ ပညာရှိ-ပဏ္ဍိတနဲ့ မေဓာဝီ အဓိပ္ပါယ်တူတယ်ဗျ။

တပြည်သူ အိမ့်ချမ်းမြေ့ said...

ဒီပိုစ့် သိပ်အသက်ဝင်တယ်…..မ :)