Friday, June 22, 2007

ခံစားရသော ကဗျာတပုဒ်

ဒီကဗျာလေးက ကျမမောင်လေး ရေးခဲ့တဲ့ကဗျာလေးပါ။ ၁၉၉၆ ခုနှစ်က ထုတ်တဲ့ သူတို့ရဲ့ ကဗျာစာအုပ်လေးထဲမှာ သူ့ကဗျာ ၃-ပုဒ် ပါတဲ့အနက် ၂-ပုဒ် ကိုတော့ ကျမဘလော့မှာ ဖော်ပြခဲ့ပြီးပါပြီ။ ဒီကဗျာလေးက နောက်ဆုံး ကျန်နေတဲ့ တပုဒ်ပေါ့။

ပထမဆုံးတင်ခဲ့တဲ့ ကဗျာလေးက သူ့မွေးနေ့တုန်းကပါ။ “အသုံးမ၀င်တော့သော” ဆိုတဲ့ အဲဒီကဗျာလေးကို ကျမအကြိုက်ဆုံးပဲ။ တခါတလေ ကိုယ်တိုင် အဲဒီလို မြစ်ကမ်းနဘေးက သစ်ပင်အိုလို ခံစားခဲ့ရဖူးတယ်။ လဲပြိုဖို့အချိန်ကို မျက်နှာမူ ရင်း တွေဝေမှုတွေ ကြုံခဲ့ရဖူးတယ်။

နောက်တရက်ခြားမှာ တင်ခဲ့တဲ့ “မှားယွင်းမှု အစစ်အမှန်များ” ကိုတော့ သုံးထားတဲ့ စကားလုံးတွေကို နှစ်သက်မိတယ်။ အမှန်တွေက မှားနေတတ်ပြီး မှားတာတွေ မှန်နေတတ်တဲ့အခါမျိုးတိုင်း သူ့ရဲ့ ဒီကဗျာလေးကို သတိတရ ဖြစ်ခဲ့ မိပါတယ်။

အခုဖော်ပြမယ့် ကဗျာလေးကတော့ “ကောင်းကင်ပေါ်က ပင်လယ်” တဲ့။ ဒီကဗျာလေးက သူရေးသမျှထဲမှာ အနူးညံ့ဆုံးထင်တာပါပဲ။ မခံစားတတ်ခင်က သိပ်အကြိုက်ကြီးမဟုတ်ခဲ့ပေမဲ့ ခုချိန်ပြန်ဖတ်ကြည့်တော့ … … …

တခါတလေမှာ …
မရနိုင်မှန်းသိပေမဲ့ တောင့်တခဲ့မိတယ်။
မဖြစ်နိုင်မှန်းသိပေမဲ့ မျှော်လင့်ခဲ့မိတယ်။
တကယ်တော့ ရူးသွပ်ခြင်းမျှသာပါပဲ။
မရရင် ရအောင်ယူမယ်။ မဖြစ်ရင် ဖြစ်အောင်လုပ်မယ် ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ကြိုးစားခဲ့မိဖူးပါရဲ့။ တကယ်တမ်းတော့ ရအောင်ယူလို့ရတာရှိသလို ရအောင် မယူနိုင်တာတွေလည်း လောကမှာအများကြီးပဲ။ ဒီလိုပါပဲ …ဖြစ်အောင်လုပ် မယ်လို့ စိတ်ကူးနဲ့ လုပ်နေကြပေမဲ့ မဖြစ်နိုင်တာတွေဆိုတာလည်း ရှိနေတာပါပဲ။
ဒီလိုနဲ့နောက်ဆုံးတော့ ကိုယ့်နေရာကိုယ်သိ … ကိုယ့်စိတ်ကို လျှော့ပြီး …နေခဲ့ ရပေါင်းလည်း များလှပြီပေါ့။

အစပျိုးတာတွေလည်း များနေပါပြီ … ကဗျာလေးကို ဖတ်ရှုခံစားကြည့်ကြပါဦး။
*** ကောင်းကင်ပေါ်က ပင်လယ်

ဒါဟာ - လှည့်ကွက်တော့မဟုတ်
ရုတ်တရက်ရောက်လာတဲ့ တိမ်တိုက်တခုကို
ရူးသွပ်စွာ စွဲလမ်းသွားမိတဲ့ ပင်လယ်ရဲ့ အဖြစ်။

မှားယွင်းတဲ့ အချစ်စစ်အတွက်
ဝေးကွာမှု နိမ့်မြင့်မှုတို့ကို
ကျော်လွှားရောက်ရှိနိုင်ဖို့
သဘာဝရဲ့ အင်အားနဲ့
မနေမနား ကြိုးစားခဲ့တဲ့နောက်
ချစ်လှစွာသော တိမ်တိုက်နဲ့
ငါဟာ ခဏတာ နမ်းရှိုက်ခွင့်ရရှိခဲ့။

ခဏတာ
တကယ့်ကို ခဏတာလေးပါပဲ …
ပေါင်းစပ်လို့မရတဲ့ ငါတို့အဖြစ်ကို
နက်နက်နဲနဲ သိရှိခဲ့တယ်။

ဒါနဲ့ပဲ
မညီမျှခြင်းရဲ့ မှန်ကန်မှုအတွက်
ငါဟာ … စိတ်ပျက်ဝမ်းနည်းစွာ
မင်းကိုစွန့်ခွါ ထွက်အပြေးမှာ …
ဆွေးနေတဲ့ ငါ့နှလုံးသားဟာ
အရည်ပျော်ကျ
လူတွေက ပြောကြတယ် …
‘မိုးရွာနေတယ်’ … တဲ့ ။ …. ။

............................................. (ပဏ္ဍိ)
............................................. ၁၉၉၆၊ မတ္လ
***
ဒီနေ့တော့ ဒီကဗျာလေးကိုပဲ အထပ်ထပ်ဖတ်နေမိတယ်။
အပြင်မှာမိုးတွေညိုနေတယ်။
တချက်တချက် ချိန်းလို့။
ရွာတော့ မရွာသေးဘူး။
ဒါပေမဲ့
မကြာခင် မိုးတွေရွာတော့မယ် ဆိုတာ …
ကျမ သိနေပါတယ်။
***
မေဓာဝီ
ဇွန် ၂၂၊ ၂၀၀၇
နေ့လည် ၁း၃၀ နာရီ

7 comments:

hana said...

Thanks for your little brother's poem.
Cool!
I feel something, but I don't know how to reveal my feeling.
wanna cry.

s0wha1 said...

မမေ...ကဗျာရှင်က ဘာအကြောင်းကိုဆိုလိုပြီးရေးလဲ မသိ...ညီမလေးကတော့ ဒီကဗျာကို ခု လက်ရှိခံစားနေရတာနဲ့ တိုက်ဆိုင်စွာ ထပ်တူညီခံစားပြီး ငိုချင်တယ်... ကဗျာ ရေးဦးမှပဲ...

mg gyi said...

ka byar lay ka chit sa yar kg like tar, dar pay me, a twe twe pay khe dal byar.. ma may mg lay lo pe, ta cho dee lo ka byar lay twe lo khan sar kya ya hmar par..

ka byar shin ko yaw.. tin pay te ma gyi ma may yaw..

shwin lan chan myay par say ..

mg gyi..

pandora said...

ကဗျာမူရင်းကိုလည်း ခံစားရတယ်။ မမေခံစားတာကိုလည်း ခံစားရတယ်။ မမေရယ်.. “မှားယွင်းတဲ့” ဆိုတဲ့ နာမ၀ိသေသနနဲ့ မအပ်စပ်သင့်တဲ့ “အချစ်စစ်” ဆိုတဲ့ စကားလုံးကို တွဲဆက်ကြည့်မိတဲ့အခါ.. ပိုနာကျင်ရပါတယ်။

May Nyane said...

တိမ်တွေပေါ်ရောက်တိုင်း
ပင်လယ်လိုပဲလို့ တွေးမိပေမဲ့
ဆွေးနေတဲ့ ငါ့နှလုံးသားဟာ
အရည်ပျော်ကျ
လူတွေက ပြောကြတယ် …
‘မိုးရွာနေတယ်’ … တဲ့
အဲလိုလေးတော့ မတွေးမိဖူးခဲ့။
လှတယ်။

မေ said...

ကဗျာလေးကို အရမ်းကြိုက်ပါတယ်။
နောက်ဆုံးပိုဒ်လေးက အရမ်းလှတယ်။

ကလိုစေးထူး said...

ကဗျာက သိပ်ကောင်းတယ်။ မိုးရွာမယ်ဆိုတာ ကြိုသိတာ မဟုတ်ဘဲ မိုးများရွာလေမလားလို့ စိုးထိတ်တာမျိုးလဲ ဖြစ်လေ့ရှိပါတယ်။