Sunday, June 03, 2007

လျှပ်တပြက် ဟာသများ

ပြီးခဲ့တဲ့ တပတ်က သူငယ်ချင်းတယောက်နဲ့အတူ လက်ဖက်ရည်ဆိုင်ထိုင်တော့ သူက လက်ပွေ့ရောင်းတဲ့ ဂျာနယ်သမားကြီးဆီကနေ လျှပ်တစ်ပြက်ဂျာနယ် တစောင်ဝယ်ဖတ်ပါတယ်။ သူဖတ်ချင်တဲ့ သတင်းတပုဒ်ဖတ်ပြီးတော့ ကျမလည်း သူ့ဆီက ခဏတောင်းပြီးဖတ်ဖြစ်တယ်။ ဂျာနယ်က အချပ်ပိုတွေနဲ့မို့ အထူကြီးပါ။ တစောင်ကို ၅၀၀ ကျပ် ပေးရတယ်။

မျက်နှာဖုံးကနေ အတွင်းကို လှန်လိုက်တယ်ဆိုရင်ပဲ … ထီဆိုင်တဆိုင်က သိန်း ၅၀၀ ဆု ဆွတ်ခူးသွားတဲ့ ကံထူးရှင်ကို ဂုဏ်ပြုတဲ့ သတင်းတပုဒ် မြင်လိုက်ရ ပါတယ်။ ဒီသတင်းက ဘာဆန်းလို့လဲ။ တလတခါ ထီဖွင့်ချိန်ဆို ဒီလိုပဲ ကံထူးသူ ပေါ်နေကျမဟုတ်လား။ ဒီသတင်းက မဆန်းပေမယ့် သတင်းဓာတ်ပုံကတော့ အံ့သြစရာ။

ဒီမှာကြည့်ပါ။
ခန်းမရဲ့ အလယ်ခေါင် လမ်းတလျှောက် ကံထူးရှင်ကို လူလေးယောက်က ဝေါနဲ့ ထမ်းပြီး ခေါ်လာတော်မူတယ်။ အဲ ..ခေါ်လာတယ် ဆိုပါတော့။ ဝေါပေါ်ထိုင်နေရတဲ့ ကံထူးရှင် ခမျာမှာလည်း ထိုင်ရတာ ဖင်မကျသလို။ ခက် ခက်ပါပေ့။ လမ်းလျှောက်ခေါ်လာ ဘာဖြစ်သေးတုန်း။ သိန်း ၅၀၀ လက်ဝယ်ပိုက်ထားတဲ့ လူသားဆိုတော့လည်း ဝေါနဲ့ပင့် ရလောက်အောင် ကြီးကျယ် မြင့်မြတ်တယ် ထင်ပါ့။ အင်း .. ထားပါတော့ … စိတ်ထဲ ရယ်ချင်ပက်ကျိ ကလိကလိနဲ့ နောက်စာမျက်နှာလှန်လိုက်တယ်။

ကာတွန်းမြေဇာရဲ့ ဒီကာတွန်း။

ဖတ်ပြီး မပြုံးဘဲနဲ့ မနေနိုင်ဘူး။ ရာသီဥတု ပူလို့ အိုက်လို့ အေးလို့ မိုးရွာလို့ စသဖြင့် ညည်းနေကြတဲ့ မြန်မာပြည်သူ လူထုတရပ်လုံး ဖတ်သင့်ပါတယ်။ ဒီကာတွန်း ဖတ်နေရင်းနဲ့ ကာတွန်း ဇာတ်ကောင် ဦးပါလေကို ကြည့်ရတာ ဘယ်သူနဲ့များ တူနေပါလိမ့်လို့ … ကျမ တစိမ့်စိမ့်တွေးရင်း ပြုံးစိစိ ဖြစ်နေမိတယ်။

ဒီလိုနဲ့ နောက်စာမျက်နှာက ဆောင်းပါးလေးဘာလေး အမြန်အဆန် ဖတ်ပြီး နောက်ဆုံး စာမျက်နှာလောက်မှာ …. ဒီကြော်ငြာလေး သွားတွေ့ပြန်တယ်။

အလုပ်ခေါ်တဲ့ ကြော်ငြာလေးပါပဲ။
သတင်းထောက်တယောက် ရှိရမယ့် အရည်အချင်းတွေ … မှတ်သားလောက်ပါရဲ့။ ဒီခေတ်ကြီးထဲမယ် မိန်းကလေးတွေ တယ်နေရာရပါလား။ အင်း မိန်းကလေး တောင်မှ ရုပ်ရည်မလှပရင် သတင်းထောက် မဖြစ်နိုင်။ မိန်းမပီပီ အတင်းလေး ဘာလေး ပြောတတ်ရင်လည်း သတင်းထောက် လုပ်လို့မရ။ စကားရောင်း စကားဝယ်လည်း မလုပ်နဲ့၊ ကိုယ့်စကားကို အလကားသာ ပေးပစ် (အဲ .. ဟုတ်ပေါင် ..ယောင်လို့)။ သတင်းထောက်ပါဆိုမှ သတင်းစကား ရောင်းစား ၀ယ်ယူ နေသူတွေပဲဟာလို့ အကျင့်ပါနေတာနဲ့ ကပ်သီးကပ်သတ် တွေးရင်း ရယ်နေမိသေးတယ်။

ဘာပဲဖြစ်ဖြစ် ငွေ ၅၀၀ပေးပြီး ၀ယ်ဖတ်ရတာ ဒီဟာသ ၃-ပုဒ်နဲ့တွင် တန်တော့ တန်သွားပါပြီလို့ ကျမသူငယ်ချင်းကို ပြောပြီး သူ့ဆီက ဂျာနယ် မ-လာခဲ့ပါတော့ တယ်။
***
မေဓာဝီ
၃၊ ဇွန်၊ ၂၀၀၇
နံနက် ၁၀ နာရီ

17 comments:

s0wha1 said...

မမေရေ...ဝေါနဲ့ ထမ်းလာပုံကို ၀ါးလုံးကွဲ ရယ်မိပြီး... ကာတွန်းနဲ့ သတင်းထောက်ကိုတော့ ပြုံးစိစိဖြစ်မိပါတယ်...တကယ်ကို ဟာသ မြောက်ပါပေတယ်...မမေမို့ တွေ့တတ်တယ်...နောက်လည်း ဒီလိုဟာသလေးတွေ ရှာပြီး ရေးပေးပါဦး... (မှတ်ချက်...ညီမလေး ကွန်မန့် 1st...:P)

hana said...

Thanks , mamay.
:D

San Da said...

You have a sense of humor and love to read more stories like that.

Ko San Da

Thet Oo said...

မမေ စာတွေကို justify လုပ်လိုက်တာ ဖတ်ရတာ ပိုအဆင်ပြေသွားတယ်။
မြန်မာပြည်ကလည်း လုပ်လိုက်ရင်းအထူးအဆန်းချည်းပဲ။ ဝေါနဲ့တောင် ထမ်းရသတဲ့လားဗျာ။
ဂျာနယ်တစောင်ငါးရာဆိုတာကတော့ မများလွန်းဘူးလား။ ကုန်ဈေးနှုန်းတွေကလည်း ကြောက်စရာပဲ။
တော်သေးတာပေါ့။ အမျိုးသမီးသတင်းထောက် အရည်အချင်းမှာနိုင်ငံရေး ကင်းရှင်းရမည် ဆိုတာ မပါလို့ ။ ။

Anonymous said...

ieeeee, Ma so what first this time, yeah , I never read burmese journal, that day dont know how i reach the popular journal link, i saw that millionaire on the human trishaw as well. i didnt like about the job hunting advertisement, because it is really out of ppl mind.I was just flip through that journal for the first time and coincidentaly Ma May Read it too. Now i am online from my friend house. wishing all the bloggers well and kept on posting.. mss yaaa
Min Min

Kay said...

It's really intersting blog..as we can look through our home land...will come and see again...

AZURE said...

ဒါလေးတွေကို ဖတ်ပြီးတော့တော်တော်လေးကိုသဘောကျမိတယ်အစ်မရေ..။

ကလိုစေးထူး said...

ကြံကြံဖန်ဖန် မြင်တတ်ပါပေ့ဗျို့။ ဆရာကြီးမြေဇာ ကာတွန်းထဲက ဇာတ်ကောင်နေရာမှာ တယောက်ယောက်ကို မြင်ယောင်ပြီး တစိမ့်စိမ့်တွေးရတာလဲ အရသာ…၊ ဟားဟား။ ဝေါနဲ့ ပင့်ခေါ်တာကတော့ ထီဆိုင်အချင်းချင်း ပြိုင်ကြရာကနေ အဲဂလိုဖြစ်သွားတယ်ထင်ပနော်။ သတင်းထောက်အမျိုးသမီး ခေါ်တဲ့ ကြော်ငြာကလဲ ထူးဆန်းပါပေ့… ကတွတ်ပီရယ်လို့ ပြောရအောင်ကို။ ဒါတွေကို တွေ့တတ်တဲ့လူကလဲ တွေ့တတ်ပါပေ့..ကတွတ်ပီ..အဲ..ဟုတ်ဘူး။ :D

May Nyane said...

မေရေ..
အမကတော့ ဝေါနဲ့ထမ်းလာတဲပုံကိုကြည့်ပြီး
စိတ်ထဲ ထိခိုက်နေတယ်။
မေပြောသလိုပဲ ပိုက်ဆံချမ်းသာသွားတာနဲ့ပဲ
အဲဒီလူက မြင့်မြတ်သွားတယ်လား..
တို့ဗမာတွေရဲ့ အယူအဆ အဲလောက် ခေတ်နောက်ကျပြီး
တိမ်လွန်းနေတာအတွက်
ဘယ်လို အတွေးအခေါ်တွေ
ဘယ်လိုပညာတွေပေးရပါ့မလဲ.လို့တွေးပြီး
စိတ်ထိခိုက်တာလေ။

ဂျစ်တူး - gyit_tu said...

မမေ.. ဝေါနဲ့ ခေါ်နေတာကြည့်ပြီး ကျမ ခေါင်းယမ်းလိုက်မိတယ် ။ နောက်.. အောက်မှာ ထမ်းနေတဲ့ လူ ၄ယောက်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ် ။ ကမ္ဘာမှာ Human rights.. equality တွေ ရှာနေတဲ့အချိန် ၊ ဗမာပြည်ကတော့ ဘုရင်ခေတ်ကို နောက်ပြန်လှည့်ဖို့ ခြေဦးတင်နေကြတာလား မသိ ။

ကိုစေးထူးပြောသလို ကိုယ့်ထီဆိုင်တွက် စတန့်ထွင်တာ ၊ အဓိပ္ပါယ်မရှိတဲ့အရာကို အဓိပ္ပါယ်မရှိတာ မမြင်ဘဲ လုပ်နေတဲ့ သူတို့လိုလူတွေရဲ့ ဦးနှောက်မျိုးတွေ ဗမာပြည်မှာ တနေ့ထက် တနေ့ များလာပြီလားလို့ ရင်လေးမိတယ် ။

Natthi said...

ရီမလို့ပဲ။ မရီချင်တော့ဘူး။ ဟာသကနေ ကရုဏာသက်မိတယ်ဗျာ။ သနားတယ်လို့ ပြောတာတော့ မဟုတ်ပါဘူး။

မေဓာဝီ said...

ဟုတ်ပါတယ် …
မမေငြိမ်း ပြောသလို .. စိတ်ထိခိုက်မယ်ဆိုလဲ ထိခိုက်စရာ …
ဂျစ်တူးပြောသလို စိတ်မကောင်းဖြစ်မယ်ဆိုလဲ ဖြစ်ချင်စရာ …
ဒါမှမဟုတ် စိတ်ပျက်မယ်ဆိုလဲ ပျက်ချင်စရာ …
ကိုနတ္ထိပြောသလို ကရုဏာသက်မယ်ဆိုလဲ သက်ချင်စရာ … ပေါ့ .. ။
အဲဒီလို စိတ်ထဲ ထိခိုက်ခံစားရမယ့်အစား တဖက်လှည့်နဲ့ ဟာသအတွေး ဟာသအမြင် တွေးမြင်ခံစားကြည့်လိုက်တာပါ။
နည်းနည်းများ စိတ်သက်သာရာ ရမလားလို့။
ကွန်မန့်တွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်ရှင်။

ညလေး said...

မမေရေ ညလေးလဲ အဲ့ယာဉ်ပေါ်လိုက်ချင်တယ် ဟိဟိ...

tun said...

ရှားတယ်ဗျို့၊ တကယ်ပါပဲ။

Myo Kyaw Htun said...

“ဟိုက်” ထီပေါက်ရင် ဝေါနဲ့တောင် ပင့်ခေါ်နေပါလား။ ကြုံတုန်းလေး အွန်လိုင်းကနေ ထိုးထားမှပဲ။ :P
သတင်းထောက်ပါဆိုနေမှ အတင်းရော အဖျင်းပါ ပြောတတ်မှ ရမှာပေါ့။ စကားရောင်းစကားဝယ်လည်း လုပ်သင့်ရင် လုပ်ရမှာပဲ။ ဟူး..မလွယ်ပါလားနော်။

သြော် ... တစ်စောင် ၅၀၀ တောင်ဖြစ်သွားပြီကိုး ။

ထူးခြားသတင်းတွေအတွက် ကျေးဇူးပါပဲ မမေ.

CMS said...

မြန်မာတွေလည်း ထွင်လည်း ထွင်တတ်မှာ ဟိဟိ
သဘောကတော့ ပိုက်ပိုက်ထောရင် စင်ပေါ်ရောက်တဲ့ဆိုတဲ့ သဘောပဲ .. ဟဟ ... ဒီနေ့ ထီသွားထိုးအုံးမှ :P

pandora said...

မြင်တတ်ပါပေ့။ ငိုရမှာလား ရယ်ရမှာလား မမေရေ။