Tuesday, June 26, 2007

ကလေးအတွေး ... ကလေး အရေး ...

သူတို့မောင်နှမ သုံးယောက်က ညဘက်ဆို ကျမဆီမှာ ကွန်ပျူတာ လာသင်ကြ တယ်။ အကြီးဆုံးက ၆ တန်း၊ အလတ်မလေးက ၄ တန်းနဲ့ အငယ်ဆုံး ချာတိတ်က ၂ တန်း အသီးသီးပေါ့။ သူတို့တွေက နွေပိတ်ရက်ကတည်းက လာတက်နေ ကြတာ ခု ကျောင်းတွေပြန်ဖွင့်တဲ့ထိ တက်နေကြတုန်းပဲဆိုပါတော့။ ကွန်ပျူတာနဲ့ တခုခုလုပ်နေရရင်ကို သူတို့မှာပျော်လို့။ ကျောင်းပြန်ဖွင့်တော့ စနေ တနင်္ဂနွေပဲ လာနိုင်တော့တယ်။ ကြားရက်ဆို ကျောင်းစာနဲ့ ကျောင်းကျူရှင်နဲ့ သူတို့မအားကြ တော့ဘူး။

နွေတုန်းကလည်း နွေတုန်းကမို့ သူတို့လေးတွေက အချိန်ဇယားအတိုင်း လှုပ်ရှား ကြရတာပါပဲ။ အင်္ဂလိပ်စာ၊ စန္ဒယား၊ ပန်းချီ၊ ရေကူး၊ ကွန်ပျူတာ အဲဒီလို သင်တန်း တွေနဲ့ ပိနေကြပါတယ်။ ရေကူးကန်ကအပြန်မှ ကျမဆီလာကြတာမို့ တခါတလေ သူတို့လေးတွေ ပင်ပန်းနေကြပြီ။ တခါတလေ ဗိုက်ဆာလို့ လမ်းမှာဝယ်လာတဲ့ မုန့်တွေကို ကျမဆီရောက်မှ ထုတ်စားကြရတယ်။

သင်တန်းတွေဘယ်လောက်တက်တက် ပညာရပ်တခုဆိုတာ သူတို့စိတ်ဝင်စားမှ လည်း တတ်မြောက်မှာပါ။ သူတို့လေးတွေ အင်္ဂလိပ်စာ အားနည်းကြတော့ ကျမက အင်္ဂလိပ်စာ ကြိုးစားဖို့ ပြောမိတယ်။ အဲဒီတော့ အကြီးဆုံးချာတိတ်က ဘာပြော သလဲ ဆိုရင် …
“သားက အင်္ဂလိပ်စာလည်း စိတ်မ၀င်စားဘူး။ မြန်မာစာလည်း စိတ်မ၀င်စားဘူး” တဲ့။
“ဟင် .. ဒါဆို သားက ဘာစိတ်ဝင်စားတုန်း”
“ဗေဒင်”
“အဲ …”

ကျမမှာ ရယ်ရအခက် ငိုရအခက်။ ဒါနဲ့ပဲ ဆက်ပြောရတယ်။
“ဗေဒင်ဆို မြန်မာစာနဲ့ဆိုင်တယ်၊ မြန်မာစာသေချာတတ်မှ ဖြစ်မှာပေါ့” ဆိုတော့
“မလိုဘူး တီချယ် … သားက တားရော့ကို စိတ်ဝင်စားတာ၊ မြန်မာစာ မကျွမ်း လည်း ရတယ်” တဲ့။
တားရော့လည်း သေချာလေ့လာမယ်ဆိုရင် အင်္ဂလိပ်စာတတ်ဖို့လိုတာပေါ့ … လို့ ကျမလည်း ပြောခွင့်မရလိုက်တော့ပါဘူး။ သူက သူ့အမေနဲ့အတူ မင်းသိင်္ခရဲ့ မရမ်းတလင်းခြံကြီးထဲ သွားလည်တဲ့အကြောင်း၊ အဲဒီမှာ ဘာတွေတွေ့တယ်၊ ဘာတွေရောင်းတယ်၊ မင်းသိင်္ခက ဘယ်လို၊ သူ့တပည့်တွေက ဘယ်ပုံ၊ ယတြာတွေဘယ်လိုပေးတယ် စသဖြင့် အားပါးတရပြောပြနေပါတယ်။ ကျမလည်း သူပြောသမျှသာ ငေးပြီး နားထောင်နေလိုက်မိပါတယ်။

သူတို့ သုံးယောက်က ဘာကိုမှ မကြောက်တတ်ကြဘူး။ သရဲက လွဲလို့ .. တဲ့။ ဆော့တာလည်း အရမ်း၊ သိချင်တာလည်း အရမ်း၊ အမေးအမြန်းထူတာလည်း အရမ်း၊ အငြိမ်မနေဘဲ သောင်းကျန်းကြလွန်းလို့ သူတို့ကို တခါသင်ပြီးတိုင်း လူက ခြေကုန်လက်ပမ်း ကျကျသွားတယ်။ တခါတခါ စာသင်နေတုန်း မောင်နှမ သုံးယောက် ပတ်ပြီး ရန်ဖြစ်နေကြပြန်တယ်။ စကားနိုင်လုကြတယ်။ စကားနိုင် လုရင်း အရှိန်တက်လာပြီး လက်တွေဘာတွေပါလာလို့ ကျမမှာ မနည်းဆွဲနေရ သေးတယ်။

အကြီးဆုံးနဲ့ အငယ်ဆုံးက ယောက်ျားလေး၊ အလတ်က မိန်းကလေး။ မိန်းကလေး ပေမဲ့ သူကလည်း ပေါက်ကျော်မလေးပဲ။ တစက်ကလေးမှ အငြိမ်မနေပါဘူး။ နွေရာသီ မနက်ပိုင်းသင်တန်းက လူ ၃၀ ထက်ကို ညဘက်မှလာတက်တဲ့ သူတို့ သုံးယောက် သောင်းကျန်းတာက ပိုပြီး ဆူညံပွက်လို့ နေပါတယ်။ အဲဒီလောက် ချစ်ဖို့ကောင်းတဲ့ ကလေးလေးတွေ ပေါ့။

သူတို့စကားလေးတွေက တခါတခါ ကြမ်းရင်ကြမ်းမယ်။ ရိုင်းသလိုဖြစ်ရင်လည်း ဖြစ်မယ်။ အူကြောင်ကြောင်နဲ့ ပြန်ဖြေရခက်မယ့် မေးခွန်းမျိုးလည်း မေးရင် မေးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့လေးတွေဟာ စိတ်ထဲရှိတာကို ဟန်မဆောင်ဘဲ ပြောရဲကြ ပြောထွက်ကြ ပြောဝံ့ကြသူတွေလို့ ကျမကတော့ ယူဆတယ်။ သူတို့ စိတ်လေးတွေဟာ ဘာအရောင်မှ မဆိုးထားရသေးဘူး။ ဒါကြောင့် သူတို့ပြောတဲ့ စကားတွေ တခါတလေ စိတ်ထဲ အောင့်သက်သက်ဖြစ်မိပေမဲ့ ကျမ ခွင့်လွှတ်ခဲ့ပါ တယ်။ ကလေးဆိုတာ လွတ်လပ်တဲ့ အတွေးအမြင်ရှိသလို ပွင့်လင်း ရိုးသားကြ စမြဲပဲ မဟုတ်လား။

သူတို့အားလုံးတူညီတဲ့အချက်က ပန်းချီကို စိတ်ဝင်တစားရှိကြတာပါပဲ။ သူတို့ အမေက ပန်းချီဆရာကို အိမ်ခေါ်ပြီး သင်ကြားစေပါတယ်။ ဒါနဲ့ ကျမက သူတို့ ဆွဲတဲ့ပုံလေးတွေ ကြည့်ချင်လို့ ပြောတော့ အလတ်မလေး ပုံ့ပုံ့ တယောက်ထဲ ပုံ တွေ ဆွဲပြီး ယူလာခဲ့ပါတယ်။ ကျန် ချာတိတ် ၂ယောက်ကတော့ ပြောထားလဲ မေ့မေ့လျော့လျော့ပါပဲ။ (ယောက်ျားလေး နဲ့ မိန်းကလေး အဲဒီလိုကွာတာပါ) ဒါနဲ့ပဲ ကျမလည်း ပုံ့ပုံ့ရဲ့ ပန်းချီကလေးကို ကျမ ဘလော့မှာ အမှတ်တရ တင်ပေးလိုက် ပါတယ်။ ကလေးတယောက်ရဲ့ စိတ်ကူးပန်းချီလေးတွေ ဆိုပါတော့။ ချစ်စရာ ကောင်းသလား … ကြည့်ကြပါဦး။
ဒါက စနိုးဝှိုက်တဲ့။ ပုံပြင်ထဲက စနိုးဝှိုက်ကို သူကသိပ်ကြိုက်တယ်လို့ဆိုပါတယ်။
ရေကန်ထဲက ကြာဖူးကလေး။ ကျမကတော့ ဒီပုံလေးကို သဘောကျတာပဲ။

ပန်းချီဆွဲပြီးရင် လက်မှတ်ထိုးရမယ် ဆိုလို့ သူက သူ့နာမည်အရင်းနဲ့ လက်မှတ်ကို ခပ်ကြီးကြီးထိုးထားလေရဲ့။

ဒီစနေ တနင်္ဂနွေ သူတို့ စာလာသင်ရင်တော့ ကျမဘလော့ပေါ်က ဒီပုံလေးတွေ သူတို့ကို ပြရပါဦးမယ် …. ။
***
မေဓာဝီ
26th June, 07
1:15 pm

6 comments:

s0wha1 said...

ကြာပန်းပုံလေးကို ကြိုက်တယ်... အကြီးကောင်လေးက ဗေဒင်ပဲ စိတ်ဝင်စားတယ်တဲ့လား...ဟီဟီ...ဆရာမင်းသိင်္ခခြံ ရောက်သွားရင် အဲလိုပဲ ဖြစ်တတ်တယ်...:P

mg gyi said...

New posts are going on, all are good, thanks ma may..

May Nyane said...

ပန်းချီဟာ ကလေးတွေရဲ့ ထွင်ဥာဏ် ဖန်တီးဥာဏ်တွေကို အားပေးတယ်။ပြီးတော့ ပန်းချီနဲ့ ကျွမ်းဝင်တဲ့သူတွေဟာ ပတ်ဝန်းကျင်လေ့လာမှုအားကောင်းပြီး သဘာဝ အလှအပကိုလည်း ကာကွယ်ထိန်းသိမ်းတတ်စေတာမို့ ကျောင်းပညာရေးထဲမှာ ပန်းချီကို ထည့်ကြရတာလေ။ပြီးတော့ ကလေးတွေရဲ့ ပင်ကိုစိတ်သဘောကိုလဲ ပန်းချီပုံတွေကနေ အကဲဖြတ်နိုင်တာမို့ အဲဒီကလေးကို ပျိုးထောင်ရာမှာ အသုံးဝင်တယ်တဲ့။ အမတို့ နိုင်ငံမှာကတော့ ဖတ်စာအုပ်တောင် မဲနှိုက်ပြီး သုံးကြရတာမို့
ခုလို အမေတွေက အားပေးပံ့ပိုးမှပဲ ကလေးတွေ ဖွံ့ဖြိုးရတော့မှာ။ ခု ကြာကန်ကို ဆွဲထားတာမှာကို ကလေးက သဘာဝကို သတိထားမိနေတာ တွေ့နေရပြီ။ စိမ်းစိုမှု.. အရိပ်ရဲ့ သဘောနဲ့ သယာမှုကို သတိပြုမိနေတာကို တွေ့ရပြီ။အမလဲ ကြာကန်လေးကို သဘောကျတယ်။ယောကျာ်းလေးနှစ်ယောက်ကရော.. ဘာတွေဆွဲလဲ..စိတ်ဝင်စားတယ်။ရေးပါဦး..ညီမ။

mg gyi said...

ma may ka daw, twe mi taing yay tel, yay lo le ma kun buu, yay taing le a kaung che pe naw.. twe naing yay naing pee, a mye pyaw shwin naing par say..

Min Min said...

ဟဲပုံမှန်အတိုင်း နောက်ကျသွားပြန်ပါပြီ.. ဟိုကောင်လေးအဖြေကို သဘောကျမိပါတယ်။ ဟဲ တားရော့လား။ ..ကျွန်တော်လည်း ဘယ်ဘာသာစကားမှ စိတ်မ၀င်စားဘူး။ ခုတော့ လိုအပ်လာပြီး .. ဟဲဟဲ .. နောက်ပြီး စိတ်ဝင်စားတာတွေလည်း လုပ်လို့ မရဘူး။ လုပ်ခွင့်လည်း မပေးဘူး။ အဲဒီတော့ ဘာစိတ်ဝင်စားမှန်းတောင် မသိတော့ပါဘူးဗျာ..

Kay said...

မေဓါဝီရေ..ကျေးဇူးပါ..
ဒီစာလေးလည်း..ကြိုက်တယ်..