Saturday, June 02, 2007

ကျမနှင့် ဆရာကြပ်

ဟိုတပတ်က “ကျမနှင့် မျက်မှန်” အကြောင်းရေးတော့ ဆရာကြပ်ကို သတိရမိသွားတယ်။ ဆရာကြပ်ဆိုတာ စာရေးဆရာ ကြပ်ကလေးကိုပြောတာပါ။ ကွယ်လွန်သွားတာ ကြာခဲ့ပေါ့။ ကျမ ကလေးဘ၀အရွယ် ဟိုးငယ်ငယ်လေးကတည်းက ဆရာကြပ်ကို စသိခဲ့ပါတယ်။ အဲဒီတုန်းက မင်းသားကြီး ဦးဝင်းဦးရဲ့ စန္ဒာမဂ္ဂဇင်း နာမည်ကြီးချိန်ပါ။ စန္ဒာထဲက ဦးဦးပုံပြောမယ် ကဏ္ဍနဲ့ ကာတွန်းလေးတွေကို စွဲစွဲလမ်းလမ်း ဖတ်မိရာက နောက်ဖက် စာမျက်နှာမှာပါတဲ့ ဆရာကြပ်ကလေးရဲ့ ဟာသလေးတွေကို နှစ်ခြိုက်စွာ ဖတ်လာခဲ့မိတယ်။ အဲဒီကစပြီး ကြပ်ကလေး ဆိုတဲ့ နာမည်ကို ခေါင်းထဲ စွဲခဲ့ရတာပါပဲ။

၁၉၈၉/၉၀နောက်ပိုင်း မဂ္ဂဇင်းတွေမှာ ၀တ္ထုအတိုအစ လေးတွေရေးတော့ စန္ဒာမဂ္ဂဇင်းကိုလည်း ကျမ ပို့ဖြစ်ခဲ့တယ်။ ဆရာကြပ်က အဲဒီမှာ အယ်ဒီတာကြီးပေါ့။ ဆရာကြပ်ဟာ မဂ္ဂဇင်းတိုက်ကို ရောက်လာသမျှ ၀တ္ထု၊ဆောင်းပါးတွေကို ဖတ်ပြီး မှတ်ချက်လေးတွေ အမြဲရေးပေးလေ့ရှိပါတယ်။ မရွေးတဲ့စာမူဆို မှတ်ချက်နဲ့တကွ တွဲပြီး စာရေးသူဆီ ပြန်ပေးပါတယ်။ အဲဒီလို လုပ်ပေးတာဟာ ကျမတို့လို စာရေးကာစ လက်သင်လေးတွေအဖို့ အင်မတန်ကောင်းတဲ့ တုန့်ပြန်မှုပါပဲ။ ကျမတို့ဟာ စာတပုဒ်ရေးရင် အထပ်ထပ်ပြင် ချောအောင်ရေး၊အိုကေပြီဆိုမှ မဂ္ဂဇင်းတိုက်ပို့တာမို့ ကိုယ့်စာကိုယ်တော့ လူတိုင်းက perfect လို့ထင်ကြတာပါပဲ။ ဒါပေမဲ့ အယ်ဒီတာတွေက မရွေးဘူးဆိုတဲ့အခါ ဘာကြောင့်ပါလိမ့် … ကိုယ့်လိုအပ်ချက်က ဘာလဲ၊ ကိုယ့်အားနည်းချက်က ဘာလဲလို့ ဇဝေဇ၀ါ ဖြစ်မိတယ်။ တခါတလေတော့လည်း ငါ့စာကောင်းရက်နဲ့ မရွေးတာများလား … ဆိုပြီး စိတ်ထဲ ဖုတုတုပေါ့။

အခုလို ဆရာကြပ်က မှတ်ချက်နဲ့တကွ ပြန်ပေးတော့ ကျမမှာ ၀မ်းသာရပါတယ်။ ကျေးဇူးလည်း အရမ်းတင်မိတယ်။ ရွေးတဲ့စာမူဆိုရင်လည်း ဘာကြောင့်ရွေးတာလဲ ဆိုတာကို … မရွေးတဲ့စာမူနဲ့ နှိုင်းယှဉ်ပြီး ပြောပြပေးခဲ့တယ်။ ဒီလိုနဲ့ ဆရာကြပ်ရဲ့ စနစ်ကို နှစ်သက်တဲ့ ကျမဟာ စန္ဒာမဂ္ဂဇင်းကို စာမူတွေဆက်ပို့ဖြစ်ခဲ့ပါတယ်။ တခါတော့ စာမူပို့ဖို့ ဘားလမ်းက စန္ဒာမဂ္ဂဇင်းတိုက် ထပ်ခိုးလေးပေါ်အတက် လှေခါးရင်း ဖိနပ်ချွတ်မှာ ချွတ်ထားတဲ့ ဖိနပ်လေးတရံကို မှတ်မှတ်ရရ သတိထားလိုက်မိတယ်။ ဖိနပ်လေးက တရံထဲပါ။ ကျမတို့ ငယ်ငယ်ကအခေါ် ခွက်ခွက်ဖိနပ် ခေါ်မလား၊ ဂွက်ဂွက်ဖိနပ် ခေါ်မလားပဲ။ ကော်ကျွတ်ဖိနပ် အညိုရောင်လေး။

အပေါ်ထပ်ရောက်တော့ အယ်ဒီတာစားပွဲမှာ တယောက်ထဲ ထိုင်နေသူက ဆရာကြပ်။ ဒါဆို အဲဒီဖိနပ်ဟာ သူ့ဖိနပ်ကလေးပေါ့။ ဟင် … ဖြစ်ရလေ .. ။ ဆရာကြပ်က ဒီလိုဖိနပ်လေးနဲ့ … ။ ကျမ စိတ်ထဲ သိပ်စိတ်မကောင်းဖြစ်မိသွားတယ်။ နိုင်ငံကျော် မဂ္ဂဇင်းကြီးတစောင်က အယ်ဒီတာကြီးဟာ ဂွက်ဂွက် ဖိနပ်လေးစီးနေရပါလား … လို့ စိတ်ထဲ ၀မ်းနည်းမိတယ်။ ဒါနဲ့ နောက်တခါလာမှ ဆရာကြပ်အတွက် ဖိနပ်တရံ လက်ဆောင်ပေးမယ် လို့ဆိုပြီး စိတ်ထဲ တေးထားလိုက်တယ်။

ဒါပေမဲ့လည်း ဆရာကြပ်ရဲ့ ခြေထောက်အတိုင်းကို မသိတာက တကြောင်း၊ ကျမရဲ့ တွန့်ဆုတ် တုံ့နှေးတဲ့ အကျင့်ကြောင့်တကြောင်း ဖိနပ်ကလေး မပေးဖြစ်ခဲ့ပါဘူး။ နောက်ပိုင်း စန္ဒာထုတ်ဝေသူ အန်တီမမရဲ့ ဆက်ဆံရေးမပြေလည်မှုကြောင့် ဆရာကြပ် အယ်ဒီတာအဖြစ်က နုတ်ထွက်ပြီး နောက်မှာတော့ ကျမလည်း စန္ဒာကို မရောက်ဖြစ်တော့ပါဘူး။

ဒီ့နောက်မှာ ဆရာကြပ်နဲ့ ပြန်ဆုံဖြစ်တာက … ကျမတို့ ဂျာနယ်တစောင် ထုတ်ဝေဖြစ်ခဲ့တဲ့ ၁၉၉၈ ခုနှစ် မှာပါ။ ကျမတို့ ဂျာနယ်ရဲ့ တာဝန်ခံ အယ်ဒီတာဦးလေးကြီးက ဆရာကြပ်နဲ့ ရင်းနှီးတာကြောင့် အပတ်စဉ် ပင်တိုင်ဆောင်းပါးရေးပေးဖို့ ဆရာကြပ်ထံမှာ စာမူ တောင်းခံခဲ့တယ်။ ဆရာကြပ်က “အဖိုးနော် မဖြတ်နိုင်တဲ့ ဘိုးတော်ကြပ်စကား” ဆိုတဲ့ ဆောင်းပါးတွေ ကျမတို့ ဂျာနယ်အတွက် အပတ်စဉ်ရေးပေးခဲ့ပါတယ်။ဆရာကြပ်ဟာ ဟာသရေးရင် ကြပ်ကလေး၊ ပုဂံနောက်ခံ ၀တ္ထုရေးရင် နန္ဒသူ၊ အတွေးအခေါ်တွေရေးရင် သက်လုံ ဆိုတဲ့ ကလောင်နာမည် အမျိုးမျိုးနဲ့ မတူညီတဲ့ အကြောင်းအရာ အမျိုးမျိုးကို ရေးနိုင်စွမ်းသူ တဦးပါ။

တနေ့တော့ အဖေက ကျမတို့ အယ်ဒီတာကြီးနဲ့ အတူ ဆရာကြပ်ရဲ့ အိမ်ကို ရောက်သွားပါတယ်။ (ဆရာကြပ်ရဲ့ အကို ဦးတင်ဦးဟာ အဖေ့ရဲ့ ဆရာရင်းပါပဲ) ဆရာကြပ်အိမ်မှာ စကားစမြည်ပြောကြပြီး ခဏကြာတော့ “ကျနော် မျက်မှန်လုပ်ဖို့ မြို့ထဲ သွားရအုံးမယ်” လို့ ဆရာကြပ်က ဆိုလာပါတယ်။ အဖေက … သူလည်း လိုက်မယ် … ဆိုပြီး အတူတူ မြို့ထဲ သွားကြတယ်။ ဆရာကြပ်က အိတ်ဆောင်အဘိဓာန်လေး လက်ကကိုင်လို့ အဖေနဲ့အတူ စကားတပြောပြော လမ်းလျှောက်သွားကြတာပါ။ ပလက်ဖောင်း တနေရာအရောက်တော့ ဆရာကြပ်က တုန့်ခနဲရပ်လိုက်ပြီး ထိုင်ချလိုက်တယ်။

သူထိုင်ချတဲ့နေရာက ပလက်ဖောင်းပေါ် ပလပ်စတစ်စလေး ဖြန့်ခင်းရောင်းချနေတဲ့ လမ်းဘေး မျက်မှန်ဆိုင် ကလေးပါ။ ဆိုင်ရှင်က ခွေးခြေ ခုံပုကလေးပေးတော့ အဲဒီမှာ ၀င်ထိုင်ပြီး ခင်းကျင်းထားတဲ့ မျက်မှန်တွေထဲက တလက်ကိုရွေးတပ် .. ပါလာတဲ့ အိတ်ဆောင် အဘိဓာန်လေးကို ထုတ်ဖတ်တော့တာပဲ … တဲ့။ အဲဒီအဘိဓာန်ကလေးဟာ ဆရာကြပ်အတွက်တော့ မျက်စိစစ်ရာမှာ အထောက်အကူပြုတဲ့ ပစ္စည်းကလေးပေါ့။ ဒီလိုနဲ့ တလက်မကောင်း တလက်ပြောင်းရင်း နောက်ဆုံးမှာ သင့်တော်တဲ့ မျက်မှန်ကို ရသွားပါတော့တယ်။ အဖေလည်း လမ်းဘေးမှာ မတ်တပ်ရပ်ပြီး ဆရာကြပ် မျက်မှန်ရွေးချယ်မှုကို ဂရုစိုက် ကြည့်ရှုနေခဲ့ပါသတဲ့။

ဒီအဖြစ်အပျက်ကို အဖေက ကျမကို ပြန်ပြောပြတာပါ။ အဲဒီအပြုအမူလေးကို ကြည့်ပြီး အဖေက ဆရာကြပ်ကို ချစ်ခင် လေးစားသွားတယ်။ ဆရာကြပ်လို ပုဂ္ဂိုလ်ကြီးဟာ ဟန်ဆောင်မှု ပကာသနတွေကင်းပြီး ရိုးကုပ်စွာ နေထိုင်ပြုမူတာမို့ ရောင့်ရဲတင်းတိမ်ခြင်း မင်္ဂလာနဲ့ ပြည့်ဝပါပေတယ်လို့ အဖေက မှတ်ချက်ချတယ်။
***
အခု … ကျမ မျက်မှန်လုပ်ဖို့ မျက်စိစစ်ရတာ စက်နဲ့အကြိမ်ကြိမ် လူနဲ့အခါခါ ကရိကထတွေ များလွန်းလှပါရဲ့။အထပ်ထပ် စမ်းသပ်ပြီး မျက်မှန်တလက်ကို ဈေးကြီးပေးပြီး ၀ယ်တပ်ခဲ့ပေမယ့် … ကျမမျက်စိကို အသုံးချပြီး ပြုလုပ်သမျှတွေဟာ ဘယ်သူ့အတွက်က ပိုများနေခဲ့ပါသလဲ … ။ ကိုယ့်အတွက်လား … သူတပါးအတွက်လား။ဆရာကြပ်လို လူတွေကို ရွှင်ပြုံးစေမယ့်၊ ဗဟုသုတရစေမယ့်၊ အတွေးအခေါ်ကောင်းတွေ ရစေမယ့် … စာကောင်းပေမွန်တွေကို …. ကျမ ရေးသားနိုင်ပါသလား … ။ ရေးသားနေပါသလား။
***
ကိုနတ္ထိက ကျမနှင့်မျက်မှန်ပို့စ်ရဲ့ ကွန်မန့်ထဲမှာ မှတ်ချက်ပေးတယ်။
စက္ခုံဥဒပါဒိ … တဲ့။
“ပညာမျက်စိသည် ထင်ရှားဖြစ်၏”
မျက်စိချင်းအတူတူ …မြင်ရတာချင်း အတူတူ … ပညာမျက်စိနဲ့လည်း မမြင်မိ … ကိုယ်သိတဲ့ ပညာရပ် တွေကိုလည်း မဝေမျှ၊ အတ္တတွေ ကြီးနေမိရင်ဖြင့် ကန်းနေတာကမှ တော်သေးမလားလို့ …. ကျမ တွေးနေမိပါတော့တယ်။
***
မေဓာဝီ
၂၅၊ မေ၊ ၂၀၀၇
၀၀း၃၅ နာရီ

(ဒီစာကို မျက်မှန်ပို့စ် တင်ပြီး နောက်တရက် …မေလ ၂၅-ရက်နေ့ကတည်းက ရေးထားပေမယ့် တခြားစာတွေ တင်ချင်နေတာကြောင့် မတင်ဖြစ်ခဲ့ဘူး။ ဒါကြောင့် ဒီနေ့မှ တင်လိုက်ပါတယ်။ အစကတော့ ဆရာကြပ် လက်ရေးလေးကိုပါ စကန်ဖတ်ပြီး အမှတ်တရ တင်ဦးမလို့ပဲ။ ကျမသုံးနေကျစက်က ပျက်နေတော့ တခြားစက်နဲ့ စကန်က တင်လို့ မရပြန်ဘူး။ ဒါကြောင့် … စာချည်းသက်သက်သာ တင်လိုက်ရပါတယ်။)

6 comments:

pandora said...

မမေပြောမှ ဆရာကြပ်ကို သတိရလိုက်တာ။ တခါက ပန်ဒိုရာ့ အော်တိုစာအုပ်ကလေးမှာ ဆရာကြပ်က ရေးပေးဖူးတယ်။ အင်္ဂလိပ်စာ သင်တန်းကျောင်းတစ်ခုက လုပ်တဲ့ စာပေဟောပြောပွဲ တစ်ခုမှာ ဆုံတာဆိုတော့ ကာလံဒေသံနဲ့ညီအောင် ဆရာက ဒီလိုရေးပေးပါတယ်။
You can stand on your own feet but don’t step on my toes.
တဲ့.. ဟိဟိ.. ဆရာက ဆုံးမစကားထဲမှာ ရယ်စရာလေးက ပါလိုက်သေးတယ်။

Min Min said...

ကျွန်တော်တော့ ဆရာကြပ်ကို မမေ ပြောပြမှ ကြားဖူးခြင်း၊ ကော်မန့် (၀) ဆိုလို့ ၊ ပထမဆုံးဖြစ်အောင် ကော်မန့် ၀င်ရေးတာ၊ မပန်ဒိုရာ က အ ရင်ရောက်ေ နတယ်။ ဟီးဟီး မဆိုးဝှတ်ထက်တော့ ဦးသွားပြီ၊ ကိုစေး နဲ့ ကျွန်တော့ထက် ဦးအောင် ရေးမယ်ဆိုတဲ့ မမဆိုးဝှတ်လေး ။။ ဟီး ။။ နောက်ကောက်ကျနေပါသဖြင့်၊ အမြန်ရထားဖြင့် လိုက်ပါရန်း)

s0wha1 said...

အဟင့်...နောက်ကျသွားပြီ...ဘလော့ဂ်အတွက် စာအသစ်တင်နေရတော့ နောက်ကျတော့တာပေါ့...နေနှင့်ဦးပေါ့ မင်းမင်းရယ်...ဒါနဲ့ သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်းကို ဖတ်ဖူးရင် ဆရာကြပ်ကလေး သိလိမ့်မယ်...

မမေ...နန္ဒသူက ဆရာကြပ်ကလေးရဲ့ ကလောင်ခွဲမှန်း ခုမှ သိတယ်...

May Nyane said...

မေရေ..
အကြိုက်ချင်းတူတယ်..
အမလဲ ကြပ်ကလေးပရိသတ်ပဲ။
ပြီးတော့ မေရဲ့ ဒီတပုဒ်က အက်ဆေးကောင်းလေးပဲ။
ရသစာတန်း အနေနဲ့ မဂ္ဂဇင်းပို့ပါလား..

hana said...

I really love this post.
Thanks mamay.

Si thu said...

ကျေးဇူးအများကြီးတင်ပါတယ် မေ... ကျွန်တော် ဆရာကြပ်ကလေးကို အရိုးထဲကစွဲအောင် ကြိုက်တဲ့ ပရိတ်သတ်ပါ... ဆရာကြပ်ကလေးရဲ့ စာအုပ်တွေကိုလဲ စုဆောင်းနေတဲ့သူပါ... သူ့ရဲ့ စာအုပ်တွေ ရသမျှ အကုန်လုံးလဲ လိုချင်ပါတယ်... ၀ယ်လို့ရမယ့် နေရာလေးသိရင် kosiethu@googlemail.com ကို လိပ်စာလေးတွေ မေးလ်ပို့ပေးပါလား ခင်ဗျာ... ကျေးဇူးအများကြီးတင်ပါတယ်... သူ့စာအုပ်တွေကို တန်ဖိုးထား စုဆောင်းနေတဲ့သူ မို့လို့ပါ.....