Friday, June 01, 2007

ပထမဆုံးနေ့

မနက်ခင်း ဈေးအသွား လမ်းတလျှောက်မှာ အဖြူအစိမ်း ကျောင်းဝတ်စုံလေးများနှင့် သွားလာနေကြသူများကို သတိထားမိသည်။
ဒီနေ့ … ဇွန် ၁-ရက်နေ့ .. ။
ကျောင်းတွေတောင် ပြန်ဖွင့်ပြီပဲ။
ကျောင်းသူကျောင်းသားလေးများက သစ်လွင်သော တူညီ ကျောင်းဝတ်စုံဖြင့် တက်ကြွစွာ သွားလာနေကြ၏။ သူတို့မျက်နှာမှာ အပျော်တွေ … အပြုံးတွေ၊ သူတို့နှုတ်ဖျားမှာ သွက်လက်ဆူညံသော စကားသံတွေ ရွှန်းရွှန်းဝေလို့။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သူ ပထမဦးဆုံး ကျောင်းတက်ရသည့်နေ့ကို ပြန်အမှတ်ရမိသည်။ အခုတွေ့မြင်ရသည့် ကျောင်းသူ ကျောင်းသားလေးတွေလိုပဲ ပျော်နေခဲ့ပါသလားဟု သေချာပြန်တွေးမိတော့ … ကျောင်းနှင့်စတင်တွေ့ထိမှုသည် အေးစက်စက် ခံစားချက်မျှသာ။ ကြီးမားလှစွာသော ကျောင်းကြီး၏ ရင်ခွင်သည် သူ့အတွက်တော့ နွေးထွေးမှု မရှိလှ။

ကျောင်းမတက်ရခင်တုန်းကတော့ အစ်မနှစ်ယောက် ကျောင်းသွားပြီဆိုလျှင် တံခါးဝမှာ တာ့တာ ထွက်ပြရင်း ကျောင်း ဆိုသည့်အရာကို ရောက်ဖူးချင်လှသည်။ အစ်မတွေ ကျောင်းသွားချိန် အိမ်မှာတယောက်ထဲ ပျင်းလှသည်။ သူတို့ ကျောင်းကပြန်ရောက်လာပြီဆိုလျှင် ကျောင်းမှာသင်ခဲ့သည့် ကဗျာတွေ ရွတ်ပြ ဆိုပြတာကို နားထောင်ရင်း ကျောင်းတက်ချင်စိတ်တွေ ပြင်းထန်ပေါ်ပေါက်ခဲ့ရသည်။
တကယ်တမ်း ကျောင်းတက်ရတဲ့အချိန်မှာတော့ … ။
***
အစ်မတွေအကျ ကျောင်းဝတ်စုံ အဖြူအစိမ်းလေးကို ၀တ်၊ ကျော်ကျော်ဟု စာတန်းထိုးထားသည့် အကိုဝမ်းကွဲ ငယ်ငယ်က ကိုင်ခဲ့သော လွယ်အိတ်သေးသေးလေးကို လွယ်ကာ ကျောင်းသွားဖို့ ပြင်ဆင်တော့ ရင်ကခပ်ခုန်ခုန်။
ပတ်ဝန်းကျင်သစ်နှင့် ရင်ဆိုင်ရမှာမို့ ကြောက်တာလား … သူတွေ့ထိချင်လွန်းလှသော ကျောင်းကို တွေ့ရမှာမို့ ပျော်တာလား …. မဝေခွဲတတ်ခဲ့။ လိမ်းထားသော သနပ်ခါး ပါးကွက်ကြား မခြောက်ခင်မှာပင် ကားပေါ်တက်ရတော့မည်ဆိုတော့ အိမ်တံခါးဝမှာ လက်ပြနှုတ်ဆက် ကျန်ခဲ့သည့် အမေ့ကို ခွဲရတော့မှာမို့ လွမ်းသလိုလို။

“အမေ …နေ့လည်ကျရင်ကျောင်းကို လာခဲ့နော်”

အမေက ဘာမှပြန်မပြော၊ ပြုံးလျက်သာကြည့်နေသည်။ အမေ့ဘေးနားမှာရပ်နေသည့် ကြီးတော်ကြီးက

“သမီးအမေက အားမှာမဟုတ်ဘူး၊ သမီးကျောင်းကို အမေကြီးလာခဲ့မယ် … ကဲ သွားသွား”
“တကယ်နော် … အမေကြီး … ၊ အမေကြီးတကယ်လိုက်ခဲ့မှာလား”
“တကယ်ပေါ့ … အခု သမီးတို့ကားထွက်တာနဲ့ နောက်ကားတစင်းနဲ့ လိုက်လာခဲ့မယ် … သွားတော့ သွားတော့ ကျောင်းနောက်ကျဦးမယ်”

ဒီတော့မှ ကားပေါ်တက်ကာ မခွဲချင် ခွဲချင်ဖြင့် အိမ်မှ ထွက်ခဲ့ရသည်။ လမ်းတလျှောက်လုံး ကားရှေ့ကို ကြည့်မနေ။ နောက်က လိုက်လာမည်ဟူသော အမေကြီး စကားကြောင့် ကားကူရှင်ပေါ် ဒူးထောက်ကာ နောက်မှီကို ကိုင်လျက် ကားနောက်မှန်မှ တဆင့် အမေကြီးလာမည့်လမ်းကို တလမ်းလုံး ငေးကြည့်နေမိသည်။
ကျောင်းရောက်သည်ထိ အမေကြီး နောက်ကပါမလာခဲ့ပါ။

အစ်မနှစ်ယောက် ခြံရံလျက် ကျောင်းဝင်းတံခါးဝမှ အထဲကိုဝင်လိုက်သည်။ ကျောင်းကြီးက သူ့အတွက် ကြီးလွန်းလှ၏။ ကျောင်းဂိတ်ဝမှ စိန်ပန်းပြာပင်ပေါ်က စိန်ပန်းပြာတွေ တလွင့်လွင့်ကြွေနေကြသည်။ ဘယ်ဘက်ဘေးမှာ မြက်ခင်း၊ ညာဘက်ဘေးမှာ ကျောက်ခုံလေးတွေနှင့် ကစားကွင်း၊ ကျောင်းအဆောက်အအုံ ပေါ်တီကိုရှေ့ မျက်နှာစာမှာ မြက်ခင်းကို ပုံဖော်ထားပြီး ဒေလီယာပန်းတွေ ပတ်ပတ်လည် စိုက်ထားသည်။ ကျောင်းကြီးက လှပါသည်။ သို့သော် သူ့အတွက် ပျော်စရာဟု မထင်ခဲ့။

အစ်မကြီးက စာသင်ခန်းထဲသို့ လိုက်ပို့ပေးသည်။ စာသင်ခန်းထဲမှာ ခပ်ငူငူထိုင်နေရင်း ပျားပန်းခတ် လှုပ်ရှားနေသည့် ရွယ်တူ ကျောင်းသူတွေကို ကြည့်ကာ မျက်စိတွေမူးနောက်လာသည်။ တဝေါဝေါ ပြောနေသည့် သူတို့စကားသံတွေက ဘာတွေလဲ မသဲကွဲ၊ နားတွေ အူလာသည်။ အိမ်ကိုလွမ်းသည်။ အိမ်ပြန်ချင်သည်။ အမေ့ကို သတိရသည်။ အမေကြီးကို မျှော်နေသည်။ ဆရာမက ဘာတွေပြောနေသလဲ သူမသိ။ ကြိမ်လုံးကို စားပွဲပေါ် တဗြန်းဗြန်းရိုက်စဉ် အသံအားလုံး တိတ်သွားသည်။ ဆရာမလေးက လှပါသည်။ သို့သော် သူ့ကြိမ်လုံးကို ကြောက်သည်။ အားလုံး ကိုယ့်နေရာကိုယ် နေသားတကျ ထိုင်ကြရသည်။ စာအုပ်တွေဖွင့်ရသည်။ ဆရာမ စကားတွေပြောနေသည်။ ထို့နောက် သီချင်းတွေ ဆိုရသည်။ စန္ဒယားတီးသော ဆရာမက ချစ်ဖို့ကောင်း၏။ ထိုဆရာမအသံလေးက ချိုချိုအေးအေး၊ တိုင်းရင်းသား လေယူလေသိမ်း အသံက ခပ်ဝဲ၀ဲ။

ကမ္ဘာမကြေသီချင်း ဆရာမက စန္ဒယားတီးရင်း တိုင်ပေးသည်။ ဒီနောက် …
“ရောင်စုံဘောလုံး …ရောင်စုံဘောလုံး … တလုံးငါးပြား … တလုံးငါးပြား …” တို့
“လှော် …လှော် ….လှေကိုလှော် …မြစ်ကိုစုန်ဆင်းမည် …” တို့ စသည့် သီချင်းလေးတွေကို စန္ဒယားသံဖြင့် သံပြိုင်ဆိုကြရသည်။ ဒီအခိုက်အတန့်လေးကတော့ ပျော်စရာပါပဲ။

မုန့်စားဆင်းချိန်မှာ အစ်မကြီးက သူ့ကို လာကြည့်သည်။ အဆင်ပြေလား … ငိုနေလား ပေါ့။ အစ်မကြီးလည်း ထမင်းစားရဦးမှာမို့ သူ့အနားမှာ ကြာကြာတော့မနေနိုင်၊ ကမန်းကတန်း ပြန်သွားရသည်။ သူကတော့ ထမင်းဘူးလေးကို ဖွင့်၊ အေးစက်စက် ထမင်းနဲ့ဟင်းကို ဇွန်းကလေးနှင့် ခပ်စားရတာ မြိုလို့မကျခဲ့။ တလုတ်နှစ်လုတ်သာ စားပြီး ဘူးကလေးပြန်ပိတ်ခဲ့သည်။ အမေပေးလိုက်သည့် မုန့်ဖိုး ပြား သုံးဆယ်ကို ဘာဝယ်စားရမလဲ။ သူ့အတန်းရှေ့မှာက မုန့်ဈေးတန်းရှိသည်။ မုန့်ဈေးတန်းမှာ လူတွေကြိတ်ကြိတ်တိုး။
သူလည်း သွားတိုးလိုက်ချင်သည်။ သို့သော် အမေကြီးလာလျှင် လွဲနေမှာလည်း စိုးသည်။ ဘယ်လို လုပ်ရပါ့။

ခဏအကြာ အတန်းရှေ့မြေကွက်လပ်ကို ဖြတ်ပြေးပြီး မုန့်ဈေးတန်းသို့ ရောက်သွားသည်။ တမတ်စေ့လေး တစေ့နှင့် ငါးပြားစေ့တစေ့ကို လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက်။ သူများတွေက လက်ထဲမှာ မုန့်တွေ အသီးသီးနှင့်။ သူက ပိုက်ဆံပြားသုံးဆယ်ဖြင့် မုန့်ဈေးတန်း အလယ်မှာ ယောင်ချာချာ။ နောက်ဆုံး မထူးတော့ပြီမို့ ငါးပြားတန် စကြာမုန့် တခုနှင့် တမတ်ဖိုး အချဉ်ထုတ် ၀ယ်ပြီး အတန်းထဲ ပြန်လာ ထိုင်နေလိုက်သည်။ ဆရာမက ထမင်းတွေ ကုန်မကုန် လိုက်မေးနေသည်။ သူ့အနားရောက်တော့မည်။ ထမင်းဘူးကို လက်သုတ်ပုဝါဖြင့် တင်းနေအောင် ချည်ပြီး အံဆွဲထဲ ထည့်ထားလိုက်၏။

“ထမင်းစားပြီးပြီလား သမီး”
“ဟုတ်ကဲ့ ဆရာမ”
“ကုန်အောင် စားရဲ့လား”
“ဟုတ်ကဲ့ ကုန်ပါတယ်”

လိမ်ညာသောစကား နှုတ်ဖျားမှ အလွယ်တကူ ထွက်သွားသည်။ မလိမ်လို့လည်း မဖြစ်၊ ထမင်းမကုန်သူများကို ဆရာမက အတင်းကုန်အောင် ပြန်စားခိုင်းနေသည်။ သူ မစားချင်ပါ။ အေးစက်စက် ခြောက်ကပ်ကပ် ထမင်းနှင့်ဟင်းကို ခံတွင်းမတွေ့။ နောက်ရက်တွေမှာတော့ ဆရာမ မမေးခင် ထမင်းတွေကို ရေမြောင်းထဲ သွန်ခဲ့သည်။ ဆရာမ မေးလျှင် စိတ်ရှင်းရှင်းနှင့် ကုန်ပြီဟု ပြောနိုင်ပြီ။ ဒီလိုနှင့် လိမ်ညာ ဖုံးကွယ်ခြင်းကို မသင်ဘဲ တတ်မြောက်ခဲ့ရလေတော့သည်။

ကျောင်းတက်ခေါင်းလောင်းသာ ပြန်ထိုးသွားသည်။ အမေကြီးက ရောက်မလာပါ။
“အားလုံး ခေါင်းချအိပ်”
ထမင်းစားပြီးချိန်မို့ ဆရာမက အိပ်ရန် အမိန့်ပေးသည်။ ကြိမ်လုံးကြီး ဆကာ ဆကာဖြင့်။ ဒီ ကြိမ်လုံး ကြောက်၍ပင် စာသင်ခုံပေါ် ခေါင်းချကာ အိပ်ချင်ယောင် ဆောင်ရပြန်သည်။ တခြားကျောင်းသူတွေ အသာလေး လိုက်ကြည့်မိတော့ ကိုယ်လိုပင် မျက်စိလေး ပေကလပ် ပေကလပ် အိပ်ချင်ယောင် ဆောင်နေကြသည်ချည်း။ ဘယ်လိုလုပ် အိပ်လို့ရမှာလဲ။ ခုံပေါ်မှာ ထိုင်လျက်သား အိပ်မှ မအိပ်တတ်ဘဲနဲ့။ ဒါပေမဲ့ မတတ်နိုင်ပါ။ အိပ်ဆို အိပ်ရမည်ပေါ့။ ဒီလိုနှင့် ဟန်ဆောင်ခြင်း အတတ်ပညာကိုလည်း ကျောင်းတော်မဟာမှာ မသင်ပါဘဲလျက် တတ်မြောက်ခဲ့ရပြန်ပါ၏။

တနေ့လုံး အမေကြီးကို တမျှော်မျှော်ဖြင့် စာသင်ချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ အမေကြီးက လုံးဝ ရောက်မလာခဲ့ပါ။ လူကြီးတို့ ထုံးစံအတိုင်း ကလေးတွေကို ပုံပြောခြင်းမျှသာ ဖြစ်ကြောင်း နောက်မှ သဘောပေါက်ခဲ့ရပါသည်။
သူ၏ လေးကြောင်းမျဉ်းစာအုပ်ထဲမှာ ၀လုံးလေးတွေ မညီမညာ။ ဖျက်ရာ ပြင်ရာ ဗလပွနှင့် ညစ်တီးညစ်ပတ် မသပ်ရပ်။ ဒီစာအုပ်ကလေးကိုပင် အမြတ်တနိုးကိုင်လျက် ရေးထားသော ၀လုံးလေးတွေအား ဆရာမက မင်နီဖြင့် အမှတ်ရှည်ရှည် ခြစ်ပေးသည်ကို တန်းစီစောင့်ရင်း ကျောင်းဆင်းခေါင်းလောင်း ထိုးခဲ့ပြီ။

အိမ်ကိုပြန်ချင်ပြီ။ အမေ့ကို အောက်မေ့လှပြီ။ ဗိုက်လည်း ဆာလှပြီ။
အိမ်ကကားက လာမကြိုသေး။
ပေါ်တီကိုအောက်တွင် ညီအစ်မ သုံးယောက် လာကြိုမည့် ကားကိုစောင့်ရင်း …ကျောင်းတက်ရက် ပထမဆုံးနေ့ကလေး ကုန်ဆုံးခဲ့ရလေတော့၏။
***
မေဓာဝီ

၁၊ ဇွန်၊ ၂၀၀၇
နေ့လယ် ၁၂ နာရီ

(၀န်ခံချက် ။ ။ ဓာတ်ပုံကို “ဤနေရာမှ” ယူသုံးထားပါကြောင်း။)

5 comments:

ကလိုစေးထူး said...

အင်း….။ မမေရေးတော့မှပဲ မြန်မာပြည်မှာ ဒီနေ့ဟာ ကျောင်းတွေပြန်ဖွင့်တဲ့ ရက်ပါလားဆိုတာ သတိရတော့တယ်။ မမေ ဒီလို ရသပုံစံလေး မရေးဖြစ်တာ နည်းနည်းကြာနေပြီ။ :)
ကျနော် ငယ်ငယ်က ကျောင်းသားဘ၀ကိုတော့ သိပ်မမှတ်မိတော့ပေမယ့် သေချာတာကတော့ ကျနော်က ကျောင်းသွားရမှာကို သိပ်ပျော်ခဲ့တာပဲ။ ကျနော်နေခဲ့ရတဲ့ ကျောင်းမှာတော့ သူငယ်တန်းက အသက်ခပ်ကြီးကြီး ဆရာမတယောက် သင်တာ။ မမေက သူငယ်တန်းမှာ ပြားသုံးဆယ်ကြီးများတောင် မုန့်ဖိုးရတယ်ဆိုတော့ များတာပေါ့.. :D။ ကျနော့်သူငယ်တန်းစတက်တဲ့ ၁၉၈၀ ထင်တယ်။ အဲဒီတုန်းကတောင် ဆယ်ပြားလား မသိ။ မေမေပေးတယ်။ ဒါတောင် နေ့တိုင်း မဟုတ်ပါဘူး။ ဆယ်ပြားက မုန့်ဟင်းခါးရည် ကျဲတိကျဲတောက် တပွဲဝယ်စားလို့ ရတာကို မှတ်မိသေးတယ်။ မည်သို့ပင်ဖြစ်စေ………၊ အဟမ်းးးးးးးးး။
ယခုလို ပို့စ်ပုံမှန်ပြန်ရေးတော့မည့် အရိပ်အယောင်အတွက် အားရလှပါကြောင်း။

Min Min said...

ကိုစေးကလည်းဗျာ မမေ စာတွေရေးနေတာပဲကို။ မမေ ရေ၊ မမေပြောတဲ့ အတိုင်း ကျွန်တော်တော့ ဖယောင်းတိုင်မီစ ဆိုလား ၊ မမေ မဆိုးဝှတ်ကို ပြောပြီးတားသလိုပဲ ဖြစ်တော့မယ်။ အင်တာနက်နဲ့ ၃လလောက်ဝေးမယ်တဲ့ မမေ။ စိတ်ပျက်တယ်။ အင်တာနက်နဲ့ ဝေးရမှာ ကိုစိတ်ပျက်တယ်။ အွန်လိုင်းမရှိရင် ကျွန်တော့မှာ သူငယ်ချင်းတွေနဲ့ ဝေးမှာထက် ၊ ဘာပဲဖြစ်ဖြစ်လေ အားရင် အားသလို အော(ဖ်)လိုင်း စာတွေ ရေးနေမှာပေါ့။ အွန်လိုင်းလို့ကတော့ ဟားဟား တင်ပြီတာ မှတ်.

ဒါနဲ့၊ မမေ က ကံကောင်းတာပေါ့။ ကျွန်တော် ငယ်ငယ်တုန်းက ဆန္ဒယားတီးတဲ့ ဆရာမလည်း မတွေ့ခဲ့ရဘူး။ ကျွန်တော် တက်ခဲ့တဲ့ ကျောင်းလေးက ၁၉၈၅ နောက်ပိုင်း ကျောင်းတွေဆိုတော့ ၊ ဆန္ဒယားဆရာမ မပြောနှင့် ၊ ကျောင်းအနေအထားက တော်တော် ဆင်းရဲနေပါပြီ။ ကျောင်းသားတွေထဲမှာ ကားဖြင့် ကျောင်းကို လာပို့ပေးတဲ့ ကျောင်းသား ဟာ တစ်ယောက်ပဲ ရှိတယ်။ ကျွန်တော် မဟုတ်ဘူးနော်၊ ကျွန်တော်ကတော့ ကျောင်းကို အမြန်ရောက်အောင် နောက်ဖေးလမ်းကြားကတောင် သွားရတယ်။ ကျွန်တော် ငယ်ငယ်တုန်းက အမေ နှင့် အဖေ ဟာ တော်တော် ဆင်းရဲကြပါတယ်။

အဲဒီ ကားဖြင့် လိုက်ပို့ခံရတဲ့ ကျောင်းသားလေးဟာ ကျွန်တော့ထက် အတန်းငယ်ပါတယ်။ သူက နှစ်တိုင်း ပထမ ပဲ၊ ကျောင်းက ဘာလုပ်လုပ် သူဝင်ပြိုင်တယ်၊ အမေတွေကလည်း အရမ်း အလိုလိုက်ပြီး ဂရုဆိုက်တယ်။ ဥပမာ၊ ပန်းချီ ဆွဲ ပြိုင်ပွဲဆိုရင် သူ့အမေက ပန်းချီဆွဲဆရာ တောင် အိမ်ခေါ်သင်ပေးတယ်။ နောက်တော့ သူ့အဖေဟာ သင်္ဘော ကပ်ပတိန်ဆိုတာ သိခဲ့ရတယ်။ အဲဒီတော့ သူ့လိုသာ ကျောင်းသားများများဟာ ဂရုဆိုက်ပေးနိုင်မည့် အမေမျိုး၊ ပိုက်ဆံတွေတက်နိုင်သည့် အဖေမျိုးတွေသာအများကြီးရှိခဲ့ရင် ၊ သူ့လိုပဲ တော်တဲ့ ကျောင်းသားလေးတွေ အများကြီးထွက်လာမှာပါ။ ကျွန်တော် အမှတ်မိဆုံး အရာတစ်ခု ကြွားလိုက်ပါတယ်၊ ကျွန်တော် ပထမဆု တခါရဘူးပါတယ်။ ၀မ်းသားရမလား ရှိသေးတယ်၊ ကျွန်တော်နဲ့ အမှတ်တူတဲ့ ကောင်မလေးကလဲ ပထမဆု ရသဗျ။ တစ်တန်းထည်းမှာ ပထမဆု ရသူ နှစ်ယောက်ပေါ့ဗျာ။ မိဘတွေက ၀မ်းသာခဲ့ပေမဲ့၊ ကျွန်တော့စိတ်ထဲတော့ သိပ်တော့ မပျော်ခဲ့ဘူး ၊ ဆရာမတွေကိုလည်း စိတ်ဆိုးမိတယ်။ ဘယ်လို အမှတ်တူအောင် ခြစ်ပေးသလဲဆိုပြီးတော့။း)

s0wha1 said...

မမေပို့စ်ကို ဖတ်ပြီး အဲ့ဒီကလေးလေးကို ချစ်လိုက်တာ...ဟီဟီ...
ညီမ ကျောင်းစတက်တော့ မုန့်ဖို့ ၁ ကျပ်ရတယ်...အဲ့ဒီတုန်းက ကျောင်းက သင်္ဘောသီးသုပ်ကလည်း တစ်ပွဲ ၁ ကျပ်လေ...
ဒါနဲ့ မမေရေ...မမေရဲ့ ပို့စ်ကို ညီမလေးက အရင်ဖတ်ပြီး ကွန်မန့်ကိုကျ ဟို နှစ်ယောက် နောက်မှ ရေးဖြစ်တာ မကျေနပ်ဘူး...:P
နောက်ဆို ဖတ်ပြီးပြီးချင်း တန်းရေးမှပဲ...
ရှေ့လျှောက် မမေ ပို့စ်တွေရဲ့ 1st ကွန်မန့်မှာ ညီမလေး အမြဲနေရာယူတော့မယ်...ဟဲဟဲ...

ဂျစ်တူး - gyit_tu said...

မမေရေ.. ဒါလေးဖတ်ပြီး ကျမရဲ့ ကျောင်းသားဘ၀ကို ပြန်တွေးတောမိတယ် ။ ကျမတို့တွေ ငယ်စဉ်ဘ၀မှာ အမှတ်မထင် လိမ်မိ ညာမိ ဟန်ဆောင်မိ ခဲ့တာတွေက ၊ နောက်ထပ် လိမ်ခြင်း ညာခြင်း ဟန်ဆောင်ခြင်း ဆိုတာတွေကို ဘ၀မှာ လုပ်နိုင်အောင် သင်ပေးလိုက်သလိုပဲနော် ။ ငယ်၂တုန်းကတော့ ဒါဟာ လိမ်တယ် ညာတယ် ဟန်ဆောင်တယ် လို့ မသိလိုက်ဖူး ။

ဒါနဲ့ မမေရဲ့ ကလေးဘ၀က ချစ်စရာလေး... ထမင်းတွေမြောင်းထဲ သွန်တယ်ဆိုတော့ ပြုံးမိတယ် ။ ကျမငယ်၂ကတော့ မုန့်ဖိုးတောင်မရလို့ ၊ အိမ်ကမုန့်နဲ့ မုန့်ဝယ်စားတဲ့ သူငယ်ချင်းမုန့်ကို လဲစားခဲ့ဖူးတယ် ။ အဲဒီကတည်းက ကျောင်းတော်ကြီးက ကျမကို ကြုံလေရာအခိုက်အတန့်မှာ ကိုယ်ဖြစ်ချင်တာ ကြိုးစားလုပ်ဖို့ သင်ပေးခဲ့ဖူးတယ်လို့ မမေ ပို့စ်လေးဖတ်ပြီး စဉ်းစားမိပါတယ် ။

hana said...

I love this post.
really miss my very first schoolday.