Monday, December 03, 2007

မိုးသည်းညနေ (၂)

မိုးသည်းညနေ ဆိုတဲ့ နာမည်နဲ့ စာတပုဒ်ကို မေလ (၂၂) ရက်နေ့က 'ဒီမှာ' တင်ခဲ့ပါတယ်။ မိုးသည်းသည်း ရွာနေတဲ့ တညနေခင်းမှာ ကိစ္စတခုနဲ့ အပြင်သွားခိုက် ကြုံခဲ့ရတာလေးကို ရေးခဲ့တာပါ။ အခု ... အိမ်နဲ့ အဝေးမှာ ရောက်နေခိုက် မိုးသည်းသည်းမည်းမည်း ရွာနေတဲ့ ညနေမှာ လူခြေပြတ်တဲ့ လမ်းကလေးထက် တယောက်ထဲ လျှောက်နေရင်း ဒီအကြောင်းကို စာရေးဖို့ တွေးမိတယ်။ မိုးသည်းတဲ့ ညနေခင်းပါပဲ ... ။ အကြောင်းအရာ ခေါင်းစဉ် တူပေမဲ့ နေရာ ဒေသနဲ့ အဖြစ်အပျက်ကတော့ ... ကွဲလွဲလို့ပေါ့ ... ။
***
မိုးသည်းညနေ
----------------
'ကျေးဇူးတင်ပါတယ်'
ဘတ်စ်ကားမောင်းသူကို ကျေးဇူးစကား ပြောဆို နှုတ်ဆက်ပြီး ကားပေါ်က အဆင်း တဖွဲဖွဲရွာနေသော မိုးရေစက်တွေက လေအဝှေ့မှာ မျက်နှာကို အေးခနဲနေအောင် ရိုက်ခတ်သည်။ ၀တ်ထားသော မိုးကာအင်္ကျီဇစ်ကို လည်ပင်းထိ ရောက်အောင် ဆွဲစေ့၊ ဦးထုတ်ကို လုံအောင်ဆောင်း၊ အိတ်ကို စလွယ်သိုင်းပြီး လမ်းချိုးလေးအတိုင်း ကွေ့ဝင်လိုက်သည်။ လမ်းကျဉ်းကလေးက အမှောင်ထုထဲမှာ ကွေ့ကောက်စွာ လဲလျောင်းရင်း မိုးရေစက်တွေ သွန်းလောင်းမှုကို ငြိမ်သက်စွာ ခံနေရရှာ၏။ မိုးက တစတစ ပိုသည်းလာသဖြင့် ပါလာသည့် ခရိုးခရိုင် ထီးကလေးကို ဖွင့်ဆောင်းလိုက်ရသည်။ ရှေ့တူရူမှ တိုက်ခတ်လာသော လေပြင်းနှင့် သည်းထန်သည့် မိုးရေစက်တွေ၏ ဒဏ်ကို ဒီထီးကလေးနှင့် မလုံ့တလုံ ကာကွယ်ရင်း လူခြေပြတ်သော ဒီလမ်းကလေးမှာ ခပ်သွက်သွက် လျှောက်လှမ်းနေမိ၏။
'ဟိုင်းယား'
ဘတ်စ်တစီးထဲ အတူစီးလာသည့် အတန်းဖော် ဟေတီနိုင်ငံသား ဖာဘီယန် ဆိုသူ လူညိုထွားကြီးက ဘေးမှ စက်ဘီးဖြင့် ကျော်တက်ရင်း ဟစ်အော် နှုတ်ဆက်သွားသည်။ သူက စက်ဘီးကို ကားမှတ်တိုင်နောက်မှာ သော့ခတ်ထားခဲ့သည်မို့ လမ်းလျှောက်ရန် မလို။ ဖာဘီယန်ကို ပြန်လည် နှုတ်ဆက်ပြီးနောက် သူ့စက်ဘီးလေးက အချိုးအကွေ့တွေ များတဲ့ လမ်းကလေးထက်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
အချိန်အားဖြင့်တော့ ညနေခင်းပါပဲ ... ။ ဒါပေမဲ့ ... ဒီရာသီမှာ နေမင်းဟာ စောစီးစွာ ခွဲခွါသွားတတ်တာမို့ အလင်းရောင် ကင်းမဲ့လို့ နေပြီ။ ငှက်ကလေးတွေလည်း ခပ်စောစော အိပ်တန်းတက်ကြ လေသလား မသိ၊ ၀န်းကျင်က တိတ်ဆိတ်လို့။ ရွာနေသည့် မိုးကြောင့် ကောင်းကင်က ခါတိုင်းထက်ပိုပြီး နက်မှောင် နေသယောင်။ ကြယ်ရောင်လည်း မလင်း ... လမင်းလည်း မသာ ... မိုးတွေသာ တဖွဲဖွဲရွာနေသော ဒီညနေခင်းက အေးစက် အထီးကျန် လွန်းလှချည့် ... ။
***
လမ်းကလေးမှာ မီးမရှိ။ အိတ်ထဲမှာ ဓာတ်မီး ပါလာသော်လည်း ထီးက တဖက်နဲ့မို့ ကိုင်လို့က အဆင်မပြေ။ လျှောက်နေရင်း အေးသည်ထက် အေးလာ၊ ညအမှောင်ကလည်း ပိုပြီး သိပ်သည်း လို့လာသည်။ ဒီအချိန်မှာ အလင်းရောင်ကို မျှော်လင့် တောင့်တ မိသော်ငြား မျက်လုံးတွေက အမှောင်ထဲမှာ တဖြည်းဖြည်း ကျင့်သားရ နေပေပြီ။

လမ်းကလေးမှာ ပလက်ဖောင်းမရှိ။ လမ်းဘေး ၀ဲယာမှာ စိုက်ခင်း လွင်ပြင်ကျယ်ကြီးတွေနှင့် တချို့ လမ်းချိုးကွေ့ နေရာများမှာ သစ်ပင်ငယ် ချုံပုတ်ငယ်လေးတွေသာ။ ဟိုး ခပ်ဝေးဝေးမှာတော့ ပုံစံတူ သစ်ပင်ကြီးများ စီတန်းလျက် ညီညာစွာ ယိမ်းထိုးနေကြသည်။

အရှိန်ပြင်းပြင်း မောင်းနှင်ပြီး ၀င်ရောက် လာသော ကားတစီးက လမ်းချိုးကွေ့မှ ရုတ်တရက် ပေါ်လာသဖြင့် လမ်းဘေး မြက်တောထဲကပ်ပြီး တိမ်းရှောင် ပေးလိုက်ရသည်။ ကားမီးအလင်းရောင်က ခေတ္တ ခဏမျှတော့ အမှောင်ထုကို ခွင်းပေးပေသား။ ဒါပေမဲ့ ခဏမျှသာပါပဲ။ မကြာခင် ပြန်ပြီး မှောင်သွားပြန်လေပြီ။

မြို့ပြရှိ လမ်းများနှင့်စာလျှင် ဒီလမ်းကလေးက နုံချာလှသည်။ ကွင်းပြင်ကို ဖြတ်ပြီး တိုက်ခတ်လာသော လေကို ရှူရှိုက်သွင်းစဉ် မြင်းချေးနံ့ ရိုးပြတ်နံ့တွေ ရောနှောပြီး နှာခေါင်းတွင်းသို့ ၀င်ရောက်လာလေ၏။

ဘယ်လောက်များ သဘာဝဆန်လိုက်ပါသလဲ ... ။
ဒီစခန်းနှင့် ဒီလမ်းကို ဒါကြောင့်ပင် ခင်တွယ်မိလေသလား ... ။

ရုတ်တရက် လေပြင်းက တဝေါဝေါ အသံပေးကာ တိုက်ခတ်လာ ပြန်သဖြင့် ထီးဆောင်းရတာ အဆင်မပြေလှတော့။ ထီးရွက်တွေက တဖျတ်ဖျတ် လန်ချင်နေပြီ။ ထီးကိုင်းတွေက လည်း ကွေးညွတ်လို့ နေပြီ။ သို့ဖြင့် ထီးကို ပိတ်လိုက်ရတော့သည်။ အေးစက်လွန်းသော မိုးရေစက်တွေက ခန္ဓာကိုယ်ပေါ် ခပ်ရိုင်းရိုင်း ကျရောက်လို့ လာကြ၏။ ကောင်းကင် ထက်သို့ မျက်နှာမော့ရင်း မိုးစက်တွေကို ခံယူနေမိသည်။

ခြေလှမ်းတွေကို သွက်သွက် နင်းလျှောက်တော့ လမ်းကလေးပေါ် တင်နေသည့် မိုးရေစက်တွေက တဖွားဖွား လွင့်စင်သွားကြသည်။ ပျော်စရာပင် ... ။ ဒါပေမဲ့ ... မိုးသည်းသည်း ကြောင့် စီးထားသည့် ဖိနပ်လည်း ရွှဲနေပြီ။ မိုးကာ အင်္ကျီမှ လွတ်သည့် ခန္ဓာကိုယ် အစိတ်အပိုင်း တချို့လည်း ရေတွေ ရွှဲရွှဲစိုလို့ ... ။ လက်ဖျားတွေက အေးစက် ထုံကျင် ... ။ နှုတ်ခမ်းတွေက ကတုန်ကယင် ... ။ ဒီအချိန်မှာ ကော်ဖီပူ ခါးခါးတခွက်တော့ သောက်ဖို့ လိုအပ်နေပြီဟု ထင်၏။
***
လမ်းကလေး၏ နောက်ဆုံး အချိုးအကွေ့ကို ချိုးကွေ့လိုက်စဉ်မှာ မီးရောင် ၀ါဝါလေးတွေကို လှမ်းမြင် လိုက်ရသည်။
ခရီးလမ်းဆုံးသို့ ရောက်လုပြီ။
ဆက်လျှောက်ထား ... ။

ဒီလိုပဲ ... အမှောင်ထုကြိးစိုးတဲ့ လမ်းတွေထက်မှာ ဘယ်လောက်များ လျှောက်နေရဦးမှာလဲ ... ။
ဒီလိုပဲ ... မိုးသည်းသည်းမှာ အကာအကွယ်မပါဘဲ ဘယ်အချိန်ထိ လျှောက်နေရဦးမှာလဲ ... ။
ဒီလိုပဲ ... မျှော်လင့်မထားတဲ့ အချိုးအကွေ့ပေါင်းများစွာကို ဘယ်လိုတွေ ကြုံတွေ့နေရဦးမှာလဲ ... ။

ဘယ်လိုပင် ကြုံစေဦးတော့ ... နောက်ဆုံးမှာတော့ မှိန်ပျပျ မီးရောင်ငယ်လေးက ပန်းတိုင်ဖြစ်ချင် ဖြစ်နေဦးမှာ မဟုတ်လား။
အားတင်းရင်း ခြေလှမ်းတွေကို အရှိန်မြှင့်လိုက်သည်။
မိုးတွေကတော့ တသည်းသည်း ရွာသွန်းလို့ နေဆဲ ... ။
***
မေဓာဝီ
၂၀၀၇၊ ဒီဇင်ဘာ ၂ -ရက်။
ည ၉ နာရီ ၅၉ မိနစ်

5 comments:

ကလိုစေးထူး said...

ဒီပို့စ်ကို မဖတ်ခင်မှာ မေလတုန်းက ရေးထားဖူးတဲ့ မိုးသည်းညနေကို အရင်ဖတ်ဖြစ်ပါတယ် မမေ…။ အဲဒီပို့စ်ဖတ်ပြီးတော့မှ ဒီပို့စ်ကို ဆက်ဖတ်တော့ မတူတဲ့ မိုးသည်းညနေ နှစ်ခုရဲ့ သရုပ်က ပိုပီပြင်သွားသလိုပါပဲ။ ကျနော် သတိထားမိတဲ့ ကွာခြားသွားမှု တချို့…
ရွှေပြည်မှာတုန်းက မမေရဲ့ မိုးသည်းညနေမှာတော့ ပတ်ဝန်းကျင်က တသိုင်းတ၀ိုင်းနဲ့ပေါ့။ ထီးလာခိုတဲ့ အမယ်ကြီးတောင် ရှိသေးတယ်။ ထီးက ခရိုးခရိုင်ဖြစ်နေလို့ လွင့်သွားခဲ့ရင်တောင် အနားမှာ မိုးခိုစရာနေရာလေးတွေလဲ ရနိုင်သေးတယ်။
အခုလက်ရှိ မမေရဲ့ မိုးသည်းညနေကတော့ ပတ်ဝန်းကျင်က မည်းမှောင်မှောင်၊ ခိုစရာနေရာက မရှိ၊ အားငယ်ချင်စရာ ကောင်းမှာကတော့ အသေအချာပါပဲ။ ထီး ခရိုးခရိုင်လေးကရော မမေကို တကယ်တမ်း အကာအကွယ် မပေးနိုင်သလို ဖြစ်နေသလိုပါပဲ။
ဒါပေမယ့်… ခြေလှမ်းတွေကို အားတင်းထားပါ။ မိုးတွေ ဘယ်လောက်ရွာရွာပေါ့…။

အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း said...

ကျွန်မလည်း အဲဒီလို မိုးသည်းညနေတွေကို ကျော်ဖြတ်ခဲ့ဖူးပါတယ် မမေရေ။ အိမ်နဲ့ ဝေးတဲ့နေရာမှာ ကျော်ဖြတ်ရတဲ့ မိုးသည်းညနေတွေဟာ အားငယ်စရာကောင်းတယ်ဆိုတာ ကောင်းကောင်း ကိုယ်ချင်းစာကြည့်လို့ရတယ်။ အားတင်းထားပါလို့ပဲ ပြောပါရစေနော်။

လော်စပီကာ said...

စက်ဘီးလေးတစီးလောက်ဝယ်ပါလား

ကိုကိုမောင်(ပန်းရနံ့) said...

တော်တော်လေးကို တောကျတဲ့နေရာမှာ သွားနေခဲ့တာကိုး။ သနားလိုက်ပါဘိ။ သို့သော်ငြားသော်လည်း ဘွားမေကတော့ အတော်ပျော်ခဲ့ပုံပေါ်၏။း))))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

အစ်မမေလိုဘဲ...
မိုးသည်းညကိုတော့ကြုံဖူးတယ်
အတွေ့ကြုံချင်းတော့မတူဘူး
အဲ့ဒီ့ညကစည်ပင်ကဆိုပြီး
လမ်းဘေးဈေးသည်တွေကို
တောက်လျှောက်လိုက်ဖမ်းနေတာ
အသိမ်းခံရတဲ့သူကလည်းတောင်းပန်
သိမ်းတဲ့သူကလည်းအတင်းဆွဲနဲ့
ခုလိုဖီလင်လေးတောင်မခံစားမိပါဘူးအစ်မရယ်း)