***
ချန်နယ် 9 က လာတဲ့ The King's Speech ကို ခုနကပဲ ကြည့်ပြီးသွားတယ်။ အဲဒီဇာတ်ကား ထွက်ကတည်းက အခေါက်ခေါက် ကြည့်ခဲ့ဖူးပါတယ်။ ကြိုက်လို့ အခွေ ကူးထားသလို ကိုယ့် ကျောင်းသားတွေကိုလည်း အတုယူဖို့ရာ ခဏခဏ ပြခဲ့ဖူးတယ်။
.
တော်တော်များများလည်း ဒီဇာတ်ကား ကြည့်ဖူးကြမယ် ထင်ပါတယ်။ ဗြိတိန်က အခုလက်ရှိ အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ခမည်းတော် ဆဋ္ဌမမြောက် ဂျော့ဘုရင်ရဲ့ တကယ့် အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ထားတာပါ။ အစ်ကိုဖြစ်သူ အက်ဒွပ် ဘုရင် နန်းစွန့်ပြီးနောက် စကားထစ်တဲ့ ဂျော့ဘုရင် လောင်းလျာက ဘုရင်အဖြစ် တိုင်းပြည်ကို မိန့်ခွန်းပြောနိုင်ဖို့ ကြိုးစား လေ့ကျင့်ရတဲ့ ဇာတ်လမ်း ဆိုပါတော့။
.
သူဟာ ရေဒီယိုကနေပြီး တိုင်းပြည်ကို အရေးကြီးတဲ့ မိန့်ခွန်း အသံလွှင့်ဖို့အတွက် နောက်ဆုံးအချိန်ထိ အဆင်သင့်မဖြစ်သေးဘူး။ စကားပြောခွက်ရှေ့မှာ အင်မတန် စိတ်လှုပ်ရှားနေခဲ့တယ်။ သူ မိန့်ခွန်းပြောတဲ့ တလျှောက် သူ့ကို လေ့ကျင့်ပေးတဲ့ ဆရာက သူ့ရှေ့မှာ ရပ်နေပြီး အသံတိတ် ညွှန်ကြားနေရတယ်။ နောက်ဆုံးတော့ အနည်းငယ် အထစ်အငေါ့လေးနဲ့ အောင်မြင်စွာ ပြောနိုင်ခဲ့လို့ အားလုံးက သြဘာပေးကြလေတယ်။
ပြောချင်တာက ဂျော့ဘုရင် အကြောင်းမဟုတ်ပါဘူး။ အဲဒီဇာတ်ကား ကြည့်ပြီးတဲ့အခါ ၂၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် စင်ကာပူမှာ စကားပြောခဲ့တာကို သတိရလိုက်မိတယ်။
.
အများသူငါရှေ့မှာ စကားပြောရတဲ့ အတတ်ပညာဟာ ဘယ်လောက် ခက်ခဲတယ် ဆိုတာ ပြောဖူးသူတိုင်း နားလည်ကြမှာပါ။ အင်္ဂလိပ်လို မွှတ်နေအောင် ပြောတတ်တိုင်း အများရှေ့မှောက် ပြောနိုင်ဖို့ရာ မလွယ်ကူပါဘူး။ အများရှေ့မှောက်ဆိုတာကလည်း သူလိုကိုယ်လို အရပ်သားတွေ ရှေ့မှောက် မဟုတ်ပါဘူး။ သူတို့နိုင်ငံက အကြီးအကဲတွေ၊ နိုင်ငံတကာက ခေါင်းဆောင်တွေ၊ ပညာရှင်တွေ အသီးသီးရဲ့ ရှေ့မှောက်မှာ ပြောရတာပါ။
.
အဲဒီလို ပြောတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ အများ စိတ်ဝင်စားအောင် ပြောနိုင်တယ်၊ ဟာသဉာဏ် တင်္ခဏုပ္ပတ္တိဉာဏ် ရှိတယ်။ အချက်အလက် အလို့ငှာ တခါတရံ စာရွက်ကြည့်ရပေမဲ့ အလွတ်ကျက်ပြီး ပြောတာ မဟုတ်ဘူး၊ နားထောင်တဲ့ ပရိသတ်ကိုလည်း လေးစားမှု ရှိတယ်၊ မလိုအပ်ဘဲ ရှည်လျား ထွေပြား ပြောမနေဘဲ ကိုယ် ပြောလိုတဲ့ အချက်အလက်ကို တိကျစွာ ပြောနိုင်တယ်၊ ပရိသတ်က မေးခွန်းထုတ်ရာမှာလည်း ကျေနပ်လောက်တဲ့ အဖြေကို မဆိုင်းမတွ ပြန်ဖြေပေးနိုင်ခဲ့တယ်... စတဲ့ public speaker တယောက်ရဲ့ အရည်အချင်း ဒေါ်စုမှာ အပြည့်အဝ ရှိပါတယ်။
နိုင်ငံတကာမှာ သွားပြောတဲ့ ဒေါ်စုရဲ့ မိန့်ခွန်းတွေ လက်ချာတွေကို နားထောင်ရတိုင်း သြော် ဒေါ်စုတယောက် ရှိခြင်းဟာ ကိုယ့်တိုင်းပြည်အတွက် အရတော်ပေစွ လို့ ကျေနပ်စွာ ရေရွတ်ရတာ အခါခါ။
.
အင်္ဂလိပ်စာမွှတ်နေအောင် ပြောနိုင်တိုင်း ပညာတတ် မဟုတ်ဘူး ... အပြောကောင်း သလို အလုပ်လည်း ကောင်းပါစေ ဆိုတဲ့ မှတ်ချက်မျိုးတွေ မြင်ရတော့ စိတ်မကောင်း ဖြစ်ရတယ်။ နှစ်ပေါင်းများစွာ မပြောရဲ မဆိုရဲဘဝ၊ နိုင်ငံတကာ အလယ် အူလည်လည် ဖြစ်ခဲ့ရတဲ့ ဘဝကို မေ့သွားလို့ပဲလား ပြန်များ လိုချင်ကြသလားရယ်လို့ တွေးမိပါတယ်။
.
ဒေါ်စုကတော့ ပြောစရာရှိတာ ပြောသွားမှာပါပဲ။ စကားပြောရမယ့် တာဝန်က သူ့တာဝန်ကိုး။ သူမပြောရင် ဘယ်သူက သူ့လို ပြောနိုင်မှာမို့လဲလေ။ လိုက်လုပ်ရမှာက ကိုယ်တွေပဲ။ သူပြောသွားသလို နောက်က လိုက်လုပ်ကြရမှာ။ သူ့တာဝန် သူယူသလို ကိုယ့်တာဝန် ကိုယ်ယူကြရမှာ။
.
လူ သန်းခြောက်ဆယ်ဟာ သူ့ဆီကသာ အများကြီး မျှော်လင့်နေကြတယ် ဆိုတာ တကယ်တော့ မတရားပါဘူး။ တဘဝလုံး ပေးဆပ်ခဲ့ရတဲ့ သူက လူ သန်းခြောက်ဆယ်ဆီကသာ ပြန်မျှော်လင့်သင့်တာ။ ကိုယ်တွေက သူ့ကို ပြန်ပေးဆပ်သင့်တာ၊ ပြန်ကူညီသင့်တာ။ စကားလုံးတွေနဲ့ တိုက်ခိုက်တာတွေ လျှော့ပြီး ဒီအသက်အရွယ်မှာ သူ့ တကိုယ်စာလေးနဲ့ တိုင်းပြည်ကိုယ်စား ဒီလောက် လုပ်ပေးနေတာကိုပဲ ကျေနပ်ရမှာပါ။
.
နာရီပြန် ၂ ချက် ကျော်ပါပြီ။ ကျွန်မ အိပ်မပျော်ပါဘူး။
The King's Speech ဇာတ်ကားထဲမှာ ဂျော့ဘုရင်ဟာ သူများရေးပေးတဲ့ မိန့်ခွန်းကို အထစ်အငေါ့လေးတွေနဲ့ အများရှေ့မှောက်မဟုတ်ဘဲ ရေဒီယိုက တဆင့် ပြောသွားတာကို တနိုင်ငံလုံး တလေးတစား နားထောင်နေတဲ့ ဇာတ်ဝင်ခန်းလေး ပြန်မြင်ယောင်ပြီး စိတ်မကောင်း ဖြစ်နေမိလို့ပါ။
***
မေဓာဝီ
23.08.18
02.22
The King's Speech ဇာတ်ကားထဲမှာ ဂျော့ဘုရင်ဟာ သူများရေးပေးတဲ့ မိန့်ခွန်းကို အထစ်အငေါ့လေးတွေနဲ့ အများရှေ့မှောက်မဟုတ်ဘဲ ရေဒီယိုက တဆင့် ပြောသွားတာကို တနိုင်ငံလုံး တလေးတစား နားထောင်နေတဲ့ ဇာတ်ဝင်ခန်းလေး ပြန်မြင်ယောင်ပြီး စိတ်မကောင်း ဖြစ်နေမိလို့ပါ။
***
မေဓာဝီ
23.08.18
02.22
No comments:
Post a Comment