Tuesday, August 21, 2018

မွေးသည့်နေ့မှာ တစ်နေ့တာ

***
အသက် တစ်နှစ်ကြီးပြီ။
မနက် အိပ်ရာကနိုးတော့ ဦးစွာ ထိုသို့ ရေရွတ်မိ၏။ မျက်နှာသစ် ကိုယ်လက် သန့်စင် အဝတ်အစားလဲပြီး အိမ်တံခါး သော့ပိတ်၍ ထွက်ခဲ့သည်။ ရွှေတိဂုံဘုရားဆီ .. ။

 မြောက်ဘက်မုခ် သွေးဆေးကန်မှာ ဗိုက်ဆာနေကြရှာမည့် ငါးတွေကို မနက်စာ ပေါင်မုန့် ကျွေးသည်။ ရာသီဥတုက မိုးမရွာ နေမပူ၊ နေလို့ ကောင်းရုံ တိမ်ညိုအုံ့ဆိုင်း ခပ်မှိုင်းမှိုင်းကလေး။ ငါးစာကျွေးပြီး မြောက်ဘက်မုခ် လှေခါးမှ တထစ်ချင်း ဖြည်းဖြည်းနင်း၍ မေတ္တာပွါးရင်း တက်ခဲ့သည်။ ခါတိုင်းလို ဓာတ်လှေခါး မစီးတော့။ ဘုရားရင်ပြင်တော်ပေါ် ရောက်ခါနီး ပန်းဆိုင်မှာ ပန်းဝယ်ပြီး ရင်ပြင်တော်ကို လက်ျာရစ် ပတ်သည်။

ဘုရားပန်းမရှိသော စောင်းတန်းတခုမှ ရုပ်ပွါးတော်များ ရှေ့တွင် ဝယ်လာသော ကြာပန်း ကပ်လှူ၍ သီလယူ ဘုရားရှိခိုးပြီး နာရီကြည့်လိုက်တော့ ၇ နာရီ ခွဲလုပြီ။ ညက ခင်ပွန်းဖြစ်သူ တင်ထားသော မွေးနေ့ဆုတောင်းပို့စ်၏ ကွန်မန့်တွင် ဆုတောင်းပေးကြသူများနှင့် မက်ဆန်ဂျာမှ တဆင့် ဆုတောင်းပေး ကြသူများ အားလုံးကို ကျေးဇူးစကား ပြန်လည်ဆိုပြီး အဝေးရောက် မိဘများထံ ဖုန်းလှမ်း​ခေါ်လိုက်သည်။

၇ နာရီ ခွဲ။
လွန်ခဲ့တဲ့ နှစ်များစွာ ဒီလိုအချိန်မှာ အမေနာကျင်နေမလား … ဟု သူတွေးမိသည်။ သေချာတာကတော့ နာကျင်ခြင်းနှင့် မျက်ရည်တွေ ရောယှက်ကာ သူ့ကို လူ့လောကကြီးထဲ ခေါ်ဆောင်ခဲ့ရပေမည်။ ကလေးတယောက် မွေးဖွားခြင်းသည် ဘယ်မိခင် အတွက်များ လွယ်ကူနေမှာမို့လဲ။ အမေသည် ထိုသို့ မလွယ်ကူသည့် ကြားက တတိယမြောက် သမီးတယောက် ဖွားမြင်ခဲ့ပါသည်။

“အမေ … ကြားရလား … အမေ ဒီအချိန် သမီးကို မွေးတာနော် ဟုတ်တယ်မို့လား”
“အခု မြန်မာပြည်မှာ ဘယ်အချိန်လဲ သမီး”
“ခုနစ်နာရီ ခွဲပြီ အမေ”
“အေး … ဟုတ်တယ် ဒီအချိန် သမီးကို မွေးတာ၊ အဖေကြီး သမီးနဲ့ လာပြောလိုက်ပါဦး”
“သမီး အခု ဘုရားရောက်နေတာ … ဘုရားလည်း ရှိခိုးပြီးပြီ၊ အဖေနဲ့ အမေကို အဝေးကနေ ကန်တော့ လိုက်ပါတယ်”

နည်းနည်းတော့ ရုပ်ရှင်ဇာတ်လမ်း ဆန်နေမလား မသိ။ တကယ်ပင် ထိုသို့ သူ ပြောခဲ့ပါသည်။ အမေ နှင့် အဖေက ဝမ်းမြောက်စွာ သာဓုခေါ်ကြပြီး ဆုတွေ အများကြီး ပေးသည်။ အဖေက ထုံးစံအတိုင်း ဆုအားလုံး၏ နောက်ဆုံးမှာ သမီးလေး ပျော်ပါစေ … ဟု အဆုံးသတ်ခဲ့၏။ အ​ဖေ ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ … ဟု ရှေ့တည့်တည့်မှ ရွှေတိဂုံစေတီတော်ကြီးကို ကြည့်ရင်း ပြန်လည်ပြောခဲ့သည်။ လွမ်းတယ် အဖေနဲ့ အမေ … ။ (ဒီနေရာ ရေးနေရင်း မျက်ရည်ဝဲရသည်)

မွေးနံထောင့်ရှိ ဆင်းတုတော်နှင့် ဂြိုလ်တိုင်တွင် ရေသပ္ပါယ်လေ့ သိပ်မရှိပေမဲ့ “အေးချမ်းအောင် ရေသပ္ပါယ် ခဲ့ပါသမီး” ဟု အဖေပြောသည့်အတိုင်း ရေသပ္ပါယ်ခဲ့သည်။ အောင်မြေမှနေ၍ ​ရွှေတိဂုံ စေတီတော်မြတ်ကြီးကို အပြည့်အဝ ဖူးမြော်ကြည်ညို ပြီးသည့်နောက် မြောက်ဘက်မုခ် လှေခါးမှပင် ပြန်ဆင်းခဲ့သည်။

“မေ ကြိုက်တဲ့ မနက်စာ သွားစားနော်” ခင်ပွန်းသည် မှာသည့်စကားကြောင့် သူ့ကိုယ်သူ treat လုပ်ရန် အငှားကားလေးကို ကန်တော်ကြီးထဲရှိ Signature သို့ မောင်းခိုင်းလိုက်သည်။ ထုံးစံမပျက် သူမှာသည်ကား ဆိတ်စွပ်နှင့်ပလာတာ၊ ကြက်ခြေထောက် ငရုတ်ကောင်း ဒင်ဆမ်း၊ ကော်ဖီတခွက် ရေနွေးကြမ်း တအိုး ကုန်သောအခါ ဆိုင်မှ ထွက်၍ နောက်တနေရာဆီသို့။
***
ကျောက်မြောင်းဈေး။
ချက်ပြုတ်ရန် ဟင်းလျာများနှင့် ဘုရားပန်းဝယ်ပြီး ဆိုက်ကားကြီးစီး၍ အိမ်ပြန်ခဲ့သည်။ သားငါးကိုင် ဆေးကြော သိမ်းဆည်း၊ သောက်တော်ရေနှင့် ဘုရားပန်းကပ် … အားလုံးပြီးသော် မောပြီ။ ခဏနားပြီး ခင်ပွန်းသည်နှင့် စကားပြော … ကွန်မန့်လေးတွေ ပြန်။
.... .... ....
နေ့လည် ၁ နာရီခွဲသာသာမှာတော့ အမေစုရဲ့ lecture ကို နားထောင်သည်။ အမေ့ လက်ချာကတော့ သူ့မွေးနေ့ အတွက် အဖိုးအတန်ဆုံး လက်ဆောင်ပမာပါပဲ။ 21 August ဟု ​​နေ့စွဲ​ ရေးထိုးထားသည့်​ ​နောက်​ခံ​ရှေ့တွင်​ စကား​ပြော​နေသည့်​ အ​မေစုပုံရိပ်​က ကြည့်​မဝ ရှုမဝ။ သူ့​မွေး​နေ့သည်​ သမိုင်းဝင်​မည့်​ ​နေ့တ​နေ့ ဖြစ်​ခဲ့ပြီ။

မိသားစုနှင့် အဝေးမှာ … ခင်ပွန်းသည်နှင့် အဝေးမှာ … တယောက်တည်း ရှိနေခဲ့ရပေမဲ့ ဖေ့ဘွတ် စာမျက်နှာ၊ မက်ဆန်ဂျာနှင့် ဗိုင်ဘာက ဆုတောင်းစကားများကြောင့် အထီးကျန် ဖြစ်မနေခဲ့။

ဒီလိုနှင့်​ ညရောက်ပြီ။
မွေးနေ့ဆုတောင်း ကွန်မန့်တွေ၊ မက်ဆေ့ခ်ျတွေက ဝင်လာမစဲ တသဲသဲ။ (အဟဲ)
မွေးနေ့တွင် ဆုတောင်းပေးတာကို နှစ်သက်သော်လည်း တကယ်က အင်မတန် အားနာလှပါသည်။ သို့သော် …
မိတ်ဆွေ သူငယ်ချင်း ဆရာသမားတို့က … ခင်ပွန်းသည် တင်သည့် မွေးနေ့အမှတ်တရ ပို့စ်တွင် မွေးနေ့ဆုတောင်း ပေးကြသလို တိုင်းမ်လိုင်းတွင် ပို့စ်တင်၍လည်း ဆုတောင်း ပေးကြသည်။ ဒါ့ပြင် ပရိုဖိုင်းမှာ ငယ်ငယ်က ပုံလေး ပြောင်းလိုက်သည့် အခါတွင်လည်းကောင်း၊ အငြိမ်မနေနိုင်သေး၍ လွန်ခဲ့သည့် ၄ နှစ်က ကိတ်မုန့်တွင် ဖယောင်းတိုင် ထွန်းနေသည့် ဓာတ်ပုံလေးကို ပြန်ရှယ် လိုက်မိ ရာတွင်လည်းကောင်း မိတ်​​ဆွေအ​ပေါင်းက ဆုတွေ​တောင်း ကြရပြန်လေသည်။ 

တာဝန်ကျေသော မိတ်ဆွေများကို အလွန်ပင် အားတုံ့အားနာ ဖြစ်ရပါသည်။ မကြာမီ အချိန်ပိုင်းတွင် ဒီကနေ့ တနေ့တာ ကုန်ဆုံးပါတော့မည်။ ယခု ဒီစာသည် ကျင်လည်ခဲ့သော မွေးနေ့တနေ့တာကို မှတ်တမ်းတင်ခြင်းနှင့် ဆုတောင်းစကား ဆိုသူ like သူ love သူ wow သူ … သူ … သူ … ထိုထိုသူ မှန်သမျှ အပါအဝင်​... ကျေးဇူးရှိခဲ့ဖူးသူ မှန်သမျှအား ကျေးဇူးတင်ပါကြောင်း ပြောလိုခြင်းမျှသာ ဖြစ်ပါသည်။
***
အားလုံးကို ကျေးဇူးတင် အားနာစွာဖြင့်
မေနန္ဒာ (a) ​မေဓာဝီ
၂၁ သြဂုတ်​ ၂၀၁၈
၂၃.၁၇ နာရီ

1 comment:

EttyThaw said...

Mama yay, I sincerely bless the day you were born.Happy birthday 🎂 par mama:) sorry for my late wish...