Saturday, March 10, 2018

သင်္ဘောကြီးနဲ့ ခရီးသွားကြမယ် - အပိုင်း (၁)


***
ကျွန်မက ပင်လယ်ကို ချစ်တယ်၊ ရေမှာပျော်တယ်၊ ပင်လယ်တခုတည်း မဟုတ်ဘူး၊ မြစ် ချောင်း အင်း အိုင် ရေတံခွန် ရေရှိတဲ့နေရာ အားလုံးကို ကြိုက်တယ်။ ရေသိပ်မကူးတတ်ပေမဲ့ ရေကူးကန်ပါတဲ့ ဟိုတယ်တွေဆို သိပ်သဘောကျတာပဲ။ ငယ်ငယ်ကတော့ ပင်လယ်ထဲမှာ လှိုင်းစီးရတာ သိပ်ပျော်တယ်၊ အသက်လေး နည်းနည်း ကြီးလာတော့ ပင်လယ်လှိုင်းပုတ်သံကို ငြိမ်ငြိမ်လေး နားထောင်ရတာ ပိုနှစ်သက် လာတယ်။ ကျောင်းပိတ်ရက် စင်္ကာပူသွားမယ် ဆိုတော့ ပင်လယ်ကမ်းစပ် သွားရမလား၊ ဘယ်ကျွန်းကို သွားလည်ရမလဲ တွေးနေတုန်း …
.

“ခရီးသွားချင်တယ် ခွင့်လဲအဆင်မပြေဘူး၊ အကုန်အကျလဲ သိပ်မများချင်ဘူး၊ ခရီးနဲ့ပတ်သက်တဲ့ booking တွေလည်း မလုပ်ချင်ဘူးဆို စိတ်ပြေလက်ပျောက် စင်ကာပူနဲ့ နီးနီးနားနား casino cruise ဆီ တညအိပ် သွားလည် ကြည့်ကြည့်ပါလား …”  လို့ အစချီပြီး ညီမလေးမေသွယ်ခင် ရေးထားတဲ့ review လေး ဖတ်လိုက်ရ တယ်။ အဲဒါဖတ်ပြီးပြီးချင်းပဲ အကို့ဆီ မက်ဆေ့ခ်ျပို့လိုက်တယ်၊ “cruise စီးရအောင်” လို့၊ သူ့မက်ဆေ့ခ်ျကလည်း တပြိုင်တည်းပဲ ရောက်လာတယ်၊ “သင်္ဘောသွားစီးကြမလား” တဲ့ … ။ သူကလည်း အဲဒီပို့စ်လေး ဖတ်ပြီးလို့ မက်ဆေ့ခ်ျပို့လိုက်တာလေ။ နှစ်ယောက်သား စိတ်ကူးချင်း တူနေလို့ ရယ်ကြရသေးတယ်။
***
(၁)
မသွားခင်
.
စင်္ကာပူရောက်ပြီး ဒုတိယနေ့မှာ လည်ချောင်းနာ နှာစေးပြီး စ ဖျားပေမဲ့ သွားချင်တော့ အားတင်းရပါတယ်။ အကိုက စိတ်ပူပြီး သွားလို့ဖြစ်ရဲ့လား ဖြစ်ရဲ့လား တတွင်တွင် မေးလည်း အရမ်းသွားချင်နေတဲ့ ကျွန်မက YES ပါပဲ။ Cruise ခရီးစဉ်နဲ့ ပတ်သက်ပြီး ညီမလေး မေသွယ်ခင်ကို သိချင်တာတွေ ထပ်မေး၊ ညီမလေးရေးတဲ့ စာကို ကော်ပီယူပြီး အထပ်ထပ်ဖတ်၊ သွားမယ့်နေ့ကို သတ်မှတ်ပြီး လက်မှတ်ဝယ်ဖို့ အမတယောက် ပေးတဲ့ လင့်ခ်အတိုင်း အွန်လိုင်းမှာ ရှာဖတ်ရပါတယ်။ လက်မှတ်က ဟိုရောက်မှ ဝယ်လို့ရပေမဲ့ လင့်ခ်မှာ အွန်လိုင်း ဘွတ်ကင် လုပ်လို့ရတာတွေ့တော့ သေချာအောင် ဘွတ်ကင်လုပ်လိုက်တယ်။
.
ဘွတ်ကင်လုပ်မယ်ဆိုရင် Amusement World နဲ့ Aegean Paradise သင်္ဘောနှစ်မျိုးထဲက တစ်ခုကို ရွေးရပါမယ်။ နှစ်ခုလုံးက ကာစီနိုသင်္ဘောတွေချည်းပဲ ဆိုပေမဲ့ ဘာကွာသလဲဆိုတော့ Amusement World သင်္ဘောက ပင်လယ်မှာ ကျောက်ချ ရပ်ထားတဲ့ သင်္ဘောဖြစ်ပြီး Aegean Paradise ကတော့ ဟိုနား ဒီနား နည်းနည်းပါးပါး မောင်းသွားတဲ့ သင်္ဘောလို့ ပြောပါတယ်။ သွားနေတဲ့ သင်္ဘောကတော့ တော်တော် လှိုင်းမူးနိုင်တယ်လို့ ပြောပါတယ်။ အောက်ထပ်မှာဆို မတ်တပ်ရပ်နေလို့ မရလောက်အောင် လှိုင်းကြီးသတဲ့။ လှိုင်းမူးပြီး အော့တာ အန်တာတွေ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ကျွန်မတို့ကတော့ Amusement World ကိုပဲ ရွေးဝယ်လိုက်ကြတယ်။  
.

Ferry boat ထွက်ချိန် မနက်ကနေ ညအထိ အချိန်တွေအများကြီး ပေးထားတဲ့ထဲက ကိုယ်သွားချင်တဲ့ အချိန်ကို ရွေးပြီး ဘွတ်ကင်လုပ်လို့ရပါတယ်။ ကျွန်မတို့က (၃ ရက် မတ်) စနေနေ့ ညနေ ၄နာရီ ၂၀ ကို ရွေးလိုက်ကြတယ်။ ဘွတ်ကင်လုပ်တဲ့အခါ လိုအပ်တဲ့ ကိုယ်ရေး အချက်အလက်တွေလည်း အကုန်ဖြည့်ရပြီး ကိုယ်နဲ့အတူ လိုက်မယ့်သူရှိရင် + နဲ့ ထပ်ထည့်လို့ ရပါတယ်။
.

ကျွန်မက စင်္ကာပူကို visit နဲ့ လာတဲ့သူဆိုတော့  အပြန်လေယာဉ်လက်မှတ် ရှိရမယ်၊ စင်္ကာပူမှာ နေထိုင်ခွင့်ကလည်း လုံလောက်အောင် ကျန်ရမယ်လို့ ဆိုပါတယ်။ အွန်လိုင်းဘွတ်ကင်လုပ်ပြီး မကြာခင်မှာပဲ ဖြည့်ထားတဲ့ ဖုန်းနံပါတ်ကို  confirmation  ဖုန်းမက်ဆေ့ခ်ျ ဝင်လာပါတယ်။ ကျသင့်ငွေကို ခုလို တွက်ပြထားပါတယ်။ တယောက်ကို စင်္ကာပူဒေါ်လာ ၃၅ နဲ့ ၂ ယောက် အတွက် ဒေါ်လာ ၇၀၊ အွန်လိုင်းဘွတ်ကင်ခ ၂ ဒေါ်လာ၊ အခန်းယူမယ်ဆိုရင် ၂ ယောက်ခန်းက မလေးရှားရင်းဂစ် ၈၀ တဲ့။ ၃ ယောက်ခန်းဆို ရင်းဂစ် ၁၂၀ ပါ။ အဲဒါတွေကို မက်ဆေ့ခ်ျနဲ့ပဲ ပြောထားတာပါ၊ ပိုက်ဆံက သွားတဲ့နေ့ကျမှ ကောင်တာမှာ ပေးရမှာလို့ ပြောတယ်။ သင်္ဘောပေါ်မှာ ကစားတာမှန်သမျှ ရင်းဂစ်နဲ့ပဲ ပေးရမှာမို့ ရင်းဂစ်လဲလာဖို့ လိုပါသတဲ့။ ကျွန်မတို့က ကစားမယ့်သူမဟုတ်ပေမဲ့ လိုရမယ်ရ စင်္ကာပူ ဒေါ်လာ တရာဖိုး ရင်းဂစ်လဲသွားလိုက်ပါတယ်။ အဲဒီအချိန်က ပေါက်ဈေးက 1Rm = S$ 0.29 မို့ စင်္ကာပူ ၁၀၀ ကို ရင်းဂစ် ၂၉၀ လောက် ရလိုက်ပါတယ်။
***
သွားတဲ့နေ့ …
.
ဒီလိုနဲ့ သွားမယ့်နေ့ ရောက်တော့ တရက်စာ အထုတ်အပိုးပြင်ရတယ်။ ပတ်စ်ပို့၊ စင်္ကာပူမှာ အလုပ်လုပ်ကိုင် နေထိုင်သူအတွက် နေထိုင်ခွင့်ကတ်၊ အလည်အပတ်နဲ့ လာသူအတွက် အပြန်လေယာဉ်လက်မှတ် အဲဒါတွေ ကတော့ မပါမဖြစ်ပေါ့။ ညဝတ်အင်္ကျီ၊ မျက်နှာသုတ်ပုဝါ၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ စသဖြင့် တကိုယ်ရေ အသုံးအဆောင် ကိုယ်ချဲ့ရင် ချဲ့သလို အကုန် သယ်သွားနိုင်ပါတယ်။ ကျွန်မက နေသိပ်မကောင်းတော့ သောက်ရမယ့် ဆေးဝါးတွေ၊ လမ်းမှာဖတ်ဖို့ စာအုပ်နဲ့ သင်္ဘောပေါ်မှာ မြန်မာတွေတွေ့ရင် လက်ဆောင်ပေးဖို့ လက်ဖက်လေး အကြော်ဆံလေးတွေ သယ်သွားပါတယ်။
.

ကျွန်မတို့စီးမယ့် ဖယ်ရီသင်္ဘောက ၄ နာရီ ၂၀ ဆိုပေမဲ့ ၃ နာရီ ၅၀ နောက်ဆုံးထားပြီး ကောင်တာကို လာပါလို့ ပြောထားလို့ ၃ နာရီ မခွဲခင်လောက် Tahan Merah Ferry Terminal ကို အရောက် သွားကြတယ်။ အငှားကားလေးက departure အပေါက်မှာ ရပ်ပေးတယ်။ အထဲဝင်သွားရင် ဟိုဟိုဒီဒီ လျှောက်ရှာမနေဘဲ တွေ့တဲ့ကောင်တာမှာ အဲဒီသင်္ဘောစီးဖို့ ဘယ်ကောင်တာ သွားရမလဲသာ မေးလိုက်ပါ၊ သူတို့ ညွှန်ပြပါလိမ့်မယ်။
.

သက်ဆိုင်ရာ ကောင်တာမှာ ပတ်စ်ပို့ပြ၊ လက်မှတ်ဝယ်တော့ boarding pass နဲ့ ticket လေးရယ် Amusement World transit pass ticket လေးရယ် ထုတ်ပေးပါတယ်။ အကုန်အဆင်သင့်ဖြစ်ပြီဆိုတော့မှ ဗိုက်ဆာတာနဲ့ အဲဒီထဲက ကော်ဖီဆိုင်လေးမှာ ကော်ဖီသွားသောက်ကြတယ်။ Ferry Terminal ဆိုတဲ့ သဘောင်္ဆိပ်ဟာ မြန်မာပြည်က လေဆိပ်လို သန့်ရှင်းတောက်ပြောင်ပြီး facility အကုန်ရှိတာ တွေ့ရတယ်။ ဂျူတီဖရီး ဈေးဆိုင်လေးတွေ၊ ခရီးသွားရင် လိုအပ်မယ့် ဦးထုပ်၊ ဖိနပ် စတဲ့ ပစ္စည်းတွေနဲ့ ဆေးဝါး ရောင်းတဲ့ ဆိုင်လေးတွေအပြင် ကော်ဖီဆိုင်လေးလည်း ရှိပါတယ်။ ကျွန်မတို့နှစ်ယောက်လည်း ဖယ်ရီစောင့်ရင်း ကော်ဖီနဲ့ မုန့် ထိုင်စားကြတယ်။
.

Ferry boat ဆိုက်မယ့် အချိန်တွေကို ကြော်ငြာဘုတ်မှာ ထိုးပြနေပါတယ်။ စိတ်ပူတတ်တဲ့ ကျွန်မက ထိုင်ရတာ ဂနာမငြိမ်ဘဲ ခဏခဏ ထထကြည့်နေမိတဲ့အပြင် ကောင်တာမှာပါ သွားမေးပါသေးတယ်။ ညနေ ၄ နာရီ ၂၀ ကျမှ ကျွန်မတို့ စီးရမယ့် Batam Fast ဆိုတဲ့ ferry boat လေး ဆိုက်လာပြီမို့ ပတ်စ်ပို့ကို စကန်ဖတ်၊ လက်ဗွေနှိပ်၊ ဘယ်ရီယာလေးကို နှစ်ယောက်သား ဖြတ်ပြီး ထွက်လာခဲ့ကြပါတော့တယ်။
***
အပိုင်း (၂) ဆက်ပါဦးမယ်။
***
မေဓာဝီ
၁၀ မတ်၊ ၂၀၁၈

No comments: