Sunday, May 27, 2007

ပေးစာ နဲ့ ပြန်စာ

ပေးစာ …
***
… … …. …. … … … …
မနက်က အွန်လိုင်းက သတင်းတွေ ဖတ်နေရင်း … စိတ်နောက်ကျိလာလို့ ပြတင်းပေါက်ကိုသွားရပ်နေမိတော့ ပလပ်စတစ်ကောက်တဲ့ သားအမိနှစ်ယောက်ကို တွေ့ရတယ်၊ ကုလားလူမျိုးတွေ၊ မြန်မာပြည်သားတွေပါပဲ။ သူတို့က ပလင်းခွန်၊ ပစ္စည်းဟောင်း တွေ့တာ အားလုံးကောက်တယ်။ သမီးလေးက ၅-နှစ်လောက်၊ အမေက ၃၅-လောက်၊ သူတို့မှာ သုံးဘီးတပ် လက်တွန်းလှည်း အသေးလေးတစ်ခုနဲ့၊ လက်တွန်းလှည်းလေးပေါ်မှာ ထီးတစ်ချောင်း ဖွင့်တင်ထားတယ်။ ကျနော်တို့ အိမ်ဘေးအိမ်က ရဟန်းခံအလှူ လုပ်တယ်။ အလှူ အပြီးဆိုတော့ ပက်စီပလင်း၊ ဘီယာပလင်း၊ အရက်ပလင်းခွံတွေ အိမ်ရှေ့မှာ ပြန့်ကျဲနေတယ်။ သူတို့က အလှူမဏ္ဍပ်ထဲမှာကို နေ့ခင်းကြောင်တောင် အရက်နဲ့ ဧည့်ခံကြတာ။ ကျနော်တို့ဆီနဲ့ ဓလေ့မတူဖူး။

ပလတ်စတစ်ကောက်တဲ့ သားအမိ အိမ်ရှေ့ကို ရောက်လာတော့ ၀မ်းသာအားရ ပလင်းခွံတွေကို လိုက်ကောက်တယ်။ ခြံထဲအထိ လိုက်ကောက်တယ်။ အဲဒီအချိန်မှာ မိုးရွာချလိုက်တော့ ကလေးထငိုတယ်။ လက်တွန်းလှည်းလေးထဲမှာ ကလေးလေး ပါလာတာကိုး။ အမေလုပ်တဲ့သူက ထီးကို ဟိုရွှေ့ ဒီရွှေ့လုပ်ပီး ကလေးကို မိုးလွတ်အောင် လုပ်တယ်။ ကလေးက ဆက်ငိုနေတယ်၊ သူ့အမေက ကောက်ချီလိုက်ရတယ်။ အဲဒီအချိန်မှာ အကြီးမလေးက ခြံထဲမှာ ပလင်းခွံတွေ လိုက်ကောက်နေတယ်၊ ကျွတ်ကျွတ်အိတ်နဲ့ နှစ်လုံးရတော့ မနိုင်မနင်းနဲ့ သူ့အမေရှိရာကို ဆွဲသွားတယ်၊ ကောင်မလေးမှာ ဖိနပ်မပါဖူး၊ အုပ်ထုတ်လည်းမပါဖူး။ အဲဒီအချိန်မှာ အိမ်ရှင်ကောင်လေးနဲ့ မဏ္ဍပ်ဖျက်ပီး နားနေတဲ့ လူငယ်တစ်သိုက် သူတို့ဘာသာစကားနဲ့ ပလပ်စတစ်ကောက်တဲ့ သားအမိကို လှမ်းအော်ကြတယ်၊ အဓိပါယ် မသဲကွဲပေမဲ့ မလိုလားကြောင်း ထင်ရှားတယ်။

ကောင်မလေး သားအမိ ထပ်ပီး မကောက်ရဲတော့ဖူး၊ ကျီးကြည့်ကြောင်ကြည့်နဲ့ ကြည့်နေကြတယ်။ ထီးကလေးက သူတို့သားအမိကို မိုးလုံအောင် မလုပ်နိုင်ခဲ့ဖူး၊ ကျနော် အတွေးနယ်ချဲ့နေမိတယ်။ အိမ်ရောက်ရင် သူတို့သားအမိ တစ်ယောက်ယောက်ဖျားမလား၊ ဆေးကုဖို့ ပိုက်ဆံရှိရဲ့လား။ လက်မှတ်မရှိရင် ဆရာဝန်က ကုပေးမှာမဟုတ်ဖူး၊ ဒီကြားထဲမှာ အိမ်အပြန် သို့မဟုတ် ဆေးခန်းအသွား ရဲဖမ်းသွားခဲ့ရင် … ။


ကျနော့်စားပွဲကို ကျနော်ပြန်လာလိုက်တယ်၊ ကျနော့်ကွန်ပြူတာကို ကိုင်လိုက်ဖို့ မ၀ံ့မရဲ ဖြစ်နေတယ်။
ဟုတ်တယ် … ကျနော့်ကွန်ပြူတာက ဈေးကြီးကြီးပေးဝယ်ထားရတာ၊ ကျနော်တို့ နိုင်ငံသားတွေ ငတ်နေကြတယ်။

မေ - မနက်က ကျနော်တွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကလေးကို မေနဲ့ မျှဝေလိုက်ပါတယ်၊

ငြိမ်းချမ်းပါစေ …
-------
14th May, 2007
***
ကျမဆီ ရောက်လာတဲ့ စာတစောင်ပါ။
ဒီစာကိုဖတ်ပြီး ကျမစိတ်ထဲ ကြေကွဲ ၀မ်းနည်းသလို … ဆို့နင့်နင့် ဖြစ်နေမိတယ်။
ကျမ ဘာလုပ်ပေးနိုင်မှာလဲ။
ကျမ … ဘာလုပ်ပေးရမလဲ … ။
ကျမ ….. ဘာလုပ်ပေးတတ်သလဲ …. ။
စဉ်းစားနေမိတယ်။
တွေဝေစွာ …
တုံ့နှေးစွာ …
တွန့်ဆုတ်စွာ နဲ့ပေါ့။
***
“ကျနော်တို့ နိုင်ငံသားတွေ ငတ်နေကြတယ်” တဲ့ … ။
ဘာကြောင့်လဲ … ????

နိုင်ငံရေး ရှုထောင့်က ကြည့်မယ်ဆိုရင် တိုင်းပြည်တပြည်မှာ ပြည်သူလူထု ဒုက္ခဆင်းရဲ ရောက်ရတာဟာ တိုင်းပြည် အုပ်ချုပ်သူ အသုံးမကျလို့ပဲ မဟုတ်လား။ အထူးသဖြင့် သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံက တိုင်းသူပြည်သားတွေဟာ ဆင်းရဲဒုက္ခ မရောက်သင့် အောက်တန်း နောက်တန်း မကျသင့်တာ အမှန်ပါ။

ကျမ သူငယ်ချင်းတယောက်က ပြောဖူးပါတယ်။
လူတယောက် ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်သွားရင်း ခလုတ်တိုက်ပြီး ချော်လဲရင်လည်း … တိုင်းပြည် အုပ်ချုပ်သူတွေရဲ့ အပြစ်ပဲ … လို့ ပြောလို့ရသတဲ့။
“ဘာကြောင့်လဲ …” ကျမက ဇဝေဇ၀ါ ပြန်မေးတော့ … သူက ရှင်းပြတယ်။
“ဟုတ်တယ်လေ … သက်ဆိုင်ရာ တာဝန်ရှိသူတွေက လူသွားလမ်း ပလက်ဖောင်းကို ညီညီညာညာ ပြေပြေပြစ်ပြစ် လုပ်ထားရင် အဲဒီလို ခလုတ်တိုက်ပြီး ချော်လဲမှာမှ မဟုတ်ဘဲ။ ဒါကြောင့် ….”

နိုင်ငံရေး ရှုထောင့်က မကြည့်ဘဲ ဘာသာရေး ရှုထောင့်က ကြည့်မယ်ဆိုရင်တော့ …. ကိုယ်လုပ်လို့ ကိုယ်ဆင်းရဲတာ … ကိုယ်လုပ်လို့ ကိုယ်ဒုက္ခရောက်တာ လို့သာ ဆိုရမှာပါပဲ။ ကံ - ကံ၏ အကျိုး ဆိုတာ ရှိတယ်မဟုတ်လား။ ကိုယ်က အတိတ်တုန်းက မကောင်းတာတွေ ပြုမိမှားခဲ့လို့ မကောင်းကျိုးကို ခံစားရတာပဲ။ လက်ရှိ ကောင်းတာလုပ်ပါမှ ..နောင်အနာဂတ်မှာ ကောင်းကျိုးခံစားရမှာပေါ့။ ဒါဆို ဘယ်သူ့ကိုမှလည်း အပြစ်တင်စရာ မလိုတဲ့အပြင် ပိုပြီး လက်တွေ့ကျတယ် လို့ ကျမခံယူထားပါတယ်။

ဒါနဲ့ပဲ သူ့ဆီ ခုလို စာပြန်ရေး လိုက်တယ်။
***
ပြန်စာ...
***
… … …. …. …..
ပလတ်စတစ်ကောက်တဲ့ မိသားစုအကြောင်း ဖတ်ရတာ စိတ်မကောင်းစရာပဲ။ လူတွေရဲ့ ဘ၀က အမျိုးမျိုးပဲနော်။ ကံတွေက အမျိုးမျိုးရှိလို့ ဘ၀တွေလည်း အမျိုးမျိုးရှိတာ ထင်ပါရဲ့။ တယောက်နဲ့ တယောက် ကံချင်းက မတူကြဘူး မဟုတ်လား … ။
ကိုယ့်အောက် နိမ့်ပါးတဲ့သူတွေကို တွေ့ရင် သူတို့ကို ဒီလိုဘ၀မျိုးက လွတ်မြောက်အောင် ဘယ်လိုလုပ်ပေးနိုင် မလဲလို့ ကိုယ်လည်း စဉ်းစားမိပါတယ်။ လက်ရှိ ဆင်းရဲချို့တဲ့တဲ့ ဘ၀က ချက်ချင်း လွတ်မြောက်အောင် လုပ်မပေးနိုင်ရင်တောင် နောက် ဘ၀တွေ ဘ၀တွေမှာ ဒီလိုအဖြစ်မျိုး ထပ်မရောက်အောင် လုပ်ပေးနိုင်တာက ဗုဒ္ဓရဲ့ တရားတော်ပဲ ရှိတယ်လေ။ ဒါတွေ သူတို့သိအောင် လုပ်ပေးရမယ် မဟုတ်လား။ အနည်းဆုံးတော့ သီလလုံခြုံဖို့ပေါ့။


“အူမတောင့်မှ သီလစောင့်နိုင်တယ်” ဆိုတဲ့ မြန်မာစကား အမှားကြီးကိုလည်း ပြင်ချင်သေးတယ်။ တကယ်တမ်းက သီလစောင့်တဲ့သူအတွက် အူမ-တောင့်ပါတယ်။ သီလစောင့်ထိန်းသူ အတွက် ပစ္စုပ္ပန် သံသရာ နှစ်ခုလုံးမှာ အကျိုးရှိတယ်။ နိမ့်ကျတဲ့ဘ၀ ဘယ်တော့မှ မရောက်နိုင်ဘူး။ ဒါပေမဲ့လည်း ဒါတွေကို သူတို့သိအောင် ဘယ်လိုပြောရမလဲ … ။
… … …. …. …..
… … …. …. …..
… … …. …. …..
***
၂၇၊ မေ၊ ၂၀၀၇
၀၀း၀၅ နာရီ

(ပေးစာကို စာထဲမှာပါတဲ့ စာလုံးပေါင်းအတိုင်း ဖော်ပြထားခြင်း ဖြစ်ပါတယ်)

11 comments:

Min Min said...

မမေ စည်ပင်က ဘာမှ မလုပ်တော့ အဲဒီလို အမှိုက်ကောက်သူတွေကို ကျေးဇူးတင်ရသေး သဗျ။ ဟုတ်ပါတယ် ၊ လမ်းသွားရင် ချော်လဲရင် နိုင်ငံရေးဆိုတာ ဟုတ်ပါတယ်။ ဥပမာ- ကျွန်တော် လက်ရှိရောက်နေတဲ့ နိုင်ငံဆို ၊ ကား မှောက်မှောက၊်စက်ဘီး မှောက်မှောက် ၊ လူ တစ်ခု ခု ဖြစ်သွားလို့ ၊ အကြောင်းအရာ စစ်ဆေးတဲ့ အခါ လမ်းမညီလို့ မှောက်သွားတယ်ဆိုရင် ၊ စည်ပင်ကို တရားစွဲ လို့ ရတယ်ဗျ.ဒီလိုသာစွဲကျေးဆိုရင် မြန်မာနိုင်ငံ စည်ပင် နေစရာ နေရာတောင် ရှိပါ့မလား မသိ။

Anonymous said...

မမေဓါဝီသုံးသပ်ပြသွားတာကောင်းပါတယ်။ ဘာသာရေးဖက်ကနေကြည့်ပြီးတော့ပေါ့။ ဒါပေမယ့်ဗျာ၊ ကျွန်တော် တစ်ခါတစ်ခါ စဉ်းစားမိတာရှိတယ်။ လူတစ်ယောက်က ဘာသာရေးလုပ်တယ်ဗျာ။ အဲဒီလိုဆိုရင် သူ့အတွက်တော့ ကောင်းတာပေါ့။ နောင်ဘ၀မှာ သူ့ကုသိုလ်ကြောင့် ပိုပြီးအဆင်ပြေတဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်မယ်ပေါ့။ ဒါပေမယ့် တစ်ခြားလူတွေအတွက် သူဘာမှလုပ်မပေးနိုင်ဘူး။ အမျှဝေတယ်ပေါ့ဗျာ။ အဲဒါကလက်တွေ့မကျဘူး။ အမျှဝေတဲ့ အလုပ်ကို မယုံကြည်ဘူး၊ မကောင်းဘူးလို့ပြောတာတော့မဟုတ်ဘူးပေါ့နော်။ ဒါပေမယ့် ဒီထက်ပိုပြီးလက်တွေကျတာတွေလဲ တွဲလုပ်ပေးပြီး ကုသိုလ်ယူသင့်တယ်လို့ထင်တယ်။ ကျွန်တော်က တစ်ခြားနိုင်ငံတွေမှာ ဗုဒ္ဒဘာသာမဟုတ်တဲ့လူတွေ သူတို့ပတ်ဝန်းကျင်ကို ပိုကောင်းအောင်လုပ်ရင်း ကုသိုလ်ယူနေတာကို အရမ်းအားကျတယ်။ သူတို့စိတ်ထဲမှာ နောက်ဘ၀မှာ ငါတို့ကောင်းစားမှာပဲ ဆိုတဲ့ စိတ်တော့ရှိမယ်မထင်ဘူး။ ကျွန်တော်တို့ဆီက လူကြီးတွေလဲ အသက်ကြီးလာရင် ဘုရားကျောင်းကန်သွားပြီး ဘာသာရေးဘက်ကို တော်တော်လုပ်ကြတယ်။ အဲဒါကောင်းပါတယ်။ ပိုကောင်းတာကတော့ ကိုယ့်နောင်ဘ၀အတွက် ဘာသာရေးလဲလုပ်သလို၊ ကိုယ်မသေခင် ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို လက်တွေ့ ကူညီနိုင်တာတွေလဲ လုပ်သင့်တယ်။ လူတိုင်းတော့ဟုတ်မယ်မထင်ဘူး၊ တစ်ချို့ကတော့ ဘာသာရေးဘက်စိတ်ဝင်စားသွားပြီး တစ်ခြားဘာကိုမှ စိတ်မ၀င်စားတော့ဘူး။ ခု ကျွန်တော်တို့မြန်မာတော်တော်များများက ငါတို့တိုင်းပြည်အောက်ကျနောက်ကျဖြစ်နေရတာ၊ ငါတို့ခုလို ဆင်းဆင်းရဲရဲနဲ့ နေနေရတာ အရင်ဘ၀ကကုသိုလ်ကံအကျိုးပေးကြောင့်ဆိုပြီး ရောင့်ရဲတင်းတိမ်နေကြတယ်။ သူတို့ရဲ့ ရောင့်ရဲတင်းတိမ်တဲ့စိတ်ကနေ ပျင်းကြောထူတဲ့စိတ်ဖြစ်သွားမှာကိုတော့ ကျွန်တော်တစ်ကယ်စိုးရိမ်မိတယ်။ သူတို့တွေ အဲလို ကံပဲဆိုတဲ့အတွေးတွေနဲ့ ကျေနပ်နေကြလို့လဲ ခေတ်အဆက်ဆက်က အာဏာရှင်တွေက ခြယ်လှယ်ချင်သလို ခြယ်လှယ်ခွင့်ရခဲ့ကြတာပေါ့။ အဲဒါကြောင့် ကျွန်တော်ဖြစ်စေချင်တာတော့ ကျွန်တော်တို့မြန်မာတွေ ကိုယ့်ပတ်ဝန်းကျင် ကိုယ်မျိုးဆက်တွေကို ဒီလိုဘ၀ဆိုးကြီးကနေ လွတ်မြောက်အောင်လုပ်ပေးရင်းနဲ့ ကုသိုလ်ယူကြပါလို့။
စာကြွင်း။ ။ကျွန်တော့်အတွေးသက်သက်မျဖြစ်ပါတယ်။ အမှားပါရင် ခွင့်လွတ်ပေးဖို့ ကြိုတင်တောင်းပန်အပ်ပါတယ်။

tint said...

ဒီ လို မျှမျှတတ မြင် တတ် တဲ့  သူ တွေ များ များ ရှိ ပါ စေ ဗျာ ..ကျွန် တော့  ကို အ တွေး ပွား စေ တဲ
ကွန် မင့်  အတွက် ကျေး ဇူး နော် ..

KZ said...

မမေဓါဝီရေ
မိချောင်းမင်း ရေခင်းပြတယ်တော့ မထင်စေချင်ပါဘူးနော်။ နည်းနည်းတော့ ၀င်ပြောချင်ပါတယ်။
ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ ဇာတ်ကြောင်းတစ်ခုပါ။
(အစဖော်ပေးရင် မမေ သိမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်ကတော့ ဇာတ်လမ်း အကြမ်းဖျင်းကလွဲလို့ ဘယ်သူရေးတဲ့ ဘယ်သူ့အကြောင်းစတာတွေကို မမှတ်မိတော့ပါဘူး။ ပြန်ပြောပြပေးရင် ကျေးဇူးတင်မှာပါ။)

ရွာတစ်ရွာမှာ စာသင်ကျောင်းဆောက်ဖို့အတွက် လူကြီးတချို့ လုံးပမ်းနေကြချိန်၊
အဲဒီရွာက ငွေကြေးကြွယ်ဝတဲ့ လူချမ်းသာတစ်ယောက်က သူကြည်ညိုတဲ့ ရွာရဲ့ကျောင်းထိုင်ဆရာတော်ကို ဘုန်းကြီးကျောင်းအသစ် အလှူခံဖို့ လျှောက်ပါသတဲ့။
စာသင်ကျောင်းကိစ္စကို သိနေတဲ့ ဆရာတော်က ဘုန်းကြီးကျောင်းအစား စာသင်ကျောင်းလှူဖို့ တိုက်တွန်းပေမယ့် ဒကာတော်က ဘုန်းကြီးကျောင်းသာ အလှူခံဖို့အတင်းလျှောက်ပါသတဲ့။ နောက်ဆုံးတော့ ဆရာတော်ရဲ့ (ဒကာကြီးက မလှူတတ်သေးပါဘူး) ဆိုတဲ့ စကားတစ်ခွန်းကို ဒကာကြီးက စိတ်ဆိုးလို့ တခြားကျောင်းထိုင်ဆရာတော်တပါးကို ကျောင်းဆောက်လှူလိုက်ပါသတဲ့။ ဇာတ်လမ်းလေးက ဒီလောက်ပါပဲ။

နောက်ဆုံး နိဂုံးချုပ်ထားတာက (အခုနေလောက်ဆိုရင်တော့ အဲဒီလူချမ်းသာကြီးတစ်ယောက် ကျောင်းဆောက်လှူတဲ့ ကုသိုလ် အကျိုးပေးပြီး နတ်ပြည်မှာ စံစားနေလောက်ရောပေါ့၊ သူနေခဲ့တဲ့ ရွာလေးမှာတော့ အခုချိန်ထိ စာသင်ကျောင်း မရှိရှာသေးပါ) တဲ့။

ဆရာကြီး ရွှေဥဒေါင်းကတော့ ငါးပါးသီလလုံဖို့ထက် Gentleman ဖြစ်ဖို့သာ ပိုအားသန်ပါသတဲ့။ တကယ်လို့များ ခုနက လူချမ်းသာကြီးသာ Gentleman စိတ်ရှိရင် သူဘာလုပ်မလဲ.....?

tint said...

အဲ ခ ဏ လေး
လှူ တာ သူ လှူ ချင် တာ လှူ ပါ စေ ဗျာ
လှူ တာ နဲ့  နတ် ပြည် တော့  မ ရောက် ဘူး နော်
အဲဒါ တော့  သ တိ ပြု
ကု သိုင်္လ အ ကျိုး ပေး ပုံ ကို မိုး ကုတ် ဆရာ တော် တို့  ရှင် ဇနကာ ဘိ ၀ံသ တို့  ဟော ရှာ နာ လိုက် ပါ ဦး
ရွှေ ဥ ဒေါငး ကြီး လဲ သူ့  ကို ဦး ဆန်း လွင် က reply to shwe u dawn ဆို ပြီး ပြန် ချေ ထား တာ ဖတ် ကြည့်  ပါ ဦး နော်
မေ ရေ မ နေ နိုင် လို့  ရေး မိ တာ
ရွှေ ဥ ဒေါင်း ကို စာ ရေး ဆရာ အ နေ နဲ့  လေး စား ပါ တယ် ဘာ သာ ရေး မှာ တော့  ဆရာ မ တင် လနိုင် ဘူး
ဘာ သာ ရေး ရေး ဆရာ အတင် မှား ရင် အ ဇ တ သတ် ကြည့်  နော်

KZ said...

ဟုတ်ကဲ့၊ လွန်သွားတာရှိရင် ခွင့်လွှတ်ပါ။
ကျောင်းလှူလို့ နတ်ပြည်ရောက်တယ်ဆိုတာ စာရေးဆရာရဲ့ အာဘော်ပါ။
(ရောက် မရောက်တော့ ကျွန်တော်တကယ် မသိတာပါဘူး။)
စာရေးဆရာကလည်း ကိုတင့်ပြောတာတွေ မသိလို့ မှားရေးတယ်လို့လည်း ကျွန်တော် မထင်ပါဘူး။
သူရေးနေတာက ဘာသာရေးဆောင်းပါးမဟုတ်လို့ ကျွန်တော့်လို သာမန်လူပြိန်း နားလည်အောင် ရေးသလားလို့ပဲ တွေးမိပါတယ်။
သူစေတနာကိုတော့ မြင်သာအောင်ရေးပြသွားပါတယ်။ ကိုတင့် မမြင်တာ ကျွန်တော်ညံ့လို့ပါ။

မမေ ရေးပြသွားတာ အလွန်ကောင်းပါတယ်။ ဘာသာရေးဘက်ကလည်း မှန်မယ်နဲ့ တူပါတယ်။ (ကျွန်တော် တကယ်မသိပါဘူး)
ကိုတင့်ကိုလည်း ကျေးဇူးပါ။

tint said...

ဟုတ် ကဲ့ 
ကို ကေ ဇက် ပေး ချင် တဲ့  သ ဘော ကို ပ ထမ ထဲက ကျွန် တော် မြင် ပါ တယ်
ဒါ ပေ မဲ့  ဒီ လို ဗျ
လူ ကျွန် တော် တို့  ပု ထု ဇဉ် ဆို တာ က ကိုယ် တိုင် ကို က အမှား တွေ ထပ်
ပြန် တလဲ လဲ လုပ် နေ တာ လေ
ဒီ တော့  သူ များ ဘာ အ ကြောင်း နဲ့  လှူ လှူ ဘယ် မှာ လှူ လှူပေါ့ ဗျာ လှူ
တာ ကို ၀မ်း မြောက် ပါ တယ်
ကိုယ် မှ မ လုပ် နိုင် တာ .. ဒါ ပြော တာ ပါ ... သိပ် အ ရေး မ ကြီး ဘူး
ထင် လို့  အဲ နောက် ပြီး စာ ရိုက် ပျင်း လို့  အဲ ဒါ ကို တ ကြောင်း ထဲ
ဖြတ် ချ တာ ... ဆို တာ က ဝေ ဖန် တာ က လွယ် ပါ တယ် .. ကိုယ် တိုင် လုပ်
ဖို့  က ခက် သဗျ
အဲ လှူ ရာ မှ နတ် ရွာ သု ဂတိ တို့ ဒီ ဘ ၀ တင် အ ကျိုး လို လို့  ဆို ရင်
လော ဘ ရော လာ ပြီး ၀ဋ္ဋ် တ ကု သိုလ် ဖြစ် ကရော
ဒီ တော့  အ ကျိုး မ ပေး ဘူး
ရွှေ ဥ ဒေါင်း ကိစ္စ က လဲ သူ က တရား တော် တွေ ခါး ချိုး မ လေ့  လာ
တတ် သူ ထံ လဲ သေ ချာ တ ပည့်  မ ခံ
သူ့  စိတ် အထင် နဲ့  ဆော် ထည့်  တာ တွေ ပါ လို့  အမှတ် မှား မ စိုး လို့  ပါ
၁) ၅ပါး သီ လ ဆို တာ မှာ ကြည် လင် သော ယော နိ သော မ ပါ လို့  ကို မ ရ တာ
သူ ပြော တဲ့ gentleman spirit က ယော နိ သော ဘယ် မှီ မ လဲ
နောက် မု သား ကိစ္စ မှာ လဲ ၅ပါး သီ လ သမား က ပြော ကို မ ပြော တာ
gentleman က white lie ဆို ပြော သေး
ဒီ ထက် ဆိုး တာ က အရက် နဲ့  မူး ယစ် ဆေး ကိစ္စါး ပြော တာပါ
၂)သူ့ိ ဒိဋ္ဌေဒိဋ္ဌမတ္တံကြီး က မိုး ကုတ် ဆရာ တော် ဆုံး ဖြတ် ပေး ပြီး သား
ဘုရား တ လက် ထက်၂ယောက်၃ယောက်သာ ရနိုင် ဆို တာ ကြီး သူ ဇွတ် တိုး
မိုက် သွား တာ

၃)သောတာပန်အ ရက်သောက်ရတယ်ဆိုတာ ကြီး
စဉ်း စား ကြည့်  မဂ် ဥာ ဏ် ရ ပြီးသား လူ က ၅ပါး သီ လ ချိုး ပါ့  မလား
အဲ ဆော ရီး ရှည် ကုန် ပြီ မ သိ ဘူး ဆို ပေ မဲ့  ကို ကေ ဇက် ရေး လိုက် တာ
နောက် လူ တွေ အ မှတ် လွဲ မ စိုး လို့  ပါ ဗျာ

hnin said...

Ma May,

Today, I just had a business lunch with all my bosses and a vendor who just came back from Burma. He was there for business trip for BD. During conversion, he starts talking about his experience in Yangon without aware that I am a Burmese. He said that Burmese are innocent, cheap labor and didn't steal but, they do begging only. When he was there, he gives away all his travel kits such as tooth paste, tooth brush, even his bath room shoe. Other people start talking about how good, how patient, how obedient, the Burmese maids are. At the end of the talk, I did mention that I’m a Burmese and I’m proud to be one. Later, I went to toilet and cry my heart out. Is there any thing wrong that I was born to be in there?????

Anonymous said...

Dear Hnin,

I am sorry to hear that you had a deep cry. it is nothing wrong u was born in Burma, instead you should be proud as being a Burmese. u know Burma was not a poor country in the past. we also should be proud for our past history that our old generation successfully fought and obtained independence from Bratain. we are not "slave" but we are "master" or "thakin". Burma was during 1960s richer than its neighbor Thailand as well as Rangoon university was "the better" in South East Asia. So we should be proud for our beloved country. But there is a question, why Burma is very poor nowadays? if most Burmese can see it and can find out who is responsible for "why Burma is poor", they will have "answer" and soon Burma can free from poor. So, u are among them who have responsibility to find out. You know you should be proud for being a Burmese girl.

Good luck with your work.
Thanks,
KH

ကဒေါင်းရဲ့ သူငယ်ချင်း said...

ဥပနိသယ ပစ်စယော

ဂျစ်တူး - gyit_tu said...

မမေဆီ စာပို့သူပြောသလို.. ကျွန်မလည်း ဗမာနိုင်ငံသားတွေ ငတ်နေတာမြင်ပြီး ၊ ဘာမှမလုပ်ပေးနိုင်သေးတာတွက် ကိုယ့်ဟာကိုယ် မ၀န့်မရဲ ဖြစ်တယ် ။ တခုခုကတော့ ကြိုးစားနေဆဲပါ ။

နှင်းပြောသလို ကျမဗမာပြည်ပြန်တုန်းက ဗမာပြည်မှာ တောင်းနေကြတာတွေ အများကြီးပဲ ။ အထူးသဖြင့် တိုးရစ်တွေဆီကပေါ့ ။ ဗမာပြည်ကို ရှန်းရှန်းတောက်ဘ၀ကနေ ခုလို ချွတ်ချုံကျအောင် လုပ်တဲ့ အစိုးရနဲ့ သက်ဆိုင်တယ်လို့ ကျမတော့ မြင်တယ် ။

ကံ ကံ၏ အကျိုးတရားဆို ဘာသာရေးကကြည့်ပြီး တင်းတိမ်နေကြတယ်ဆိုတာလည်း တွေးစရာအချက်တခုပဲ ။