Wednesday, May 09, 2007

ကျမနှင့် ထိုအကျင့်များ

တကယ်တော့ မရေးတော့ဘူးလို့ နေမလို့ပါပဲ။
ဦးဆုံး ကိုရန်လေး က ကျမကို ဒီကစားပွဲထဲ ဆွဲခေါ်ခဲ့တယ်။ အင်တာနက် ပျက်တာနဲ့ ရောပြီး ကိုရန်လေးကို မသိချင်ယောင် ဆောင်နေစဉ်မှာ ကိုသံလွင်ကြီး က ထပ်မံ ခေါ်ပြန်တယ်။ သူတို့ ၂ယောက်ကို အချင်းချင်း ချေလိုက်ပြီးတော့ ကျေပြီဆိုပြီး အေးအေး နေနေတုန်း ကိုကဒေါင်း က ထပ်ခေါ်ပြန်ပါရော။ အနှီ ပုဂ္ဂိုလ် ၃-ဦးက ခေါ်ထားတဲ့အပြင် တချို့ ညီမလေးများကလည်း ကျမရေးမယ့် ထိုထိုအချက်တွေကို ဖတ်ချင်လို့ စောင့်နေပါသတဲ့။

ကျမလည်း အင်တာနက်ပျက်ပြီး နောက်ပိုင်းထဲက တချို့ ဘလော့တွေကို ၀င်ဖတ်လို့မရဘူး ဖြစ်နေတယ်။ ဒါကို ကိုရန်လေးက သူတို့ tag တာ ပြန်မရေးလို့ ဖြစ်တာတဲ့ .. ။ အင်း … ဟုတ်ချင်လည်း ဟုတ်မှာပ။ ဒီတော့လည်း ကျမမှာ မနေသာတော့ပါဘူး။ ရေးရတော့ပေမပေါ့။ တော်ကြာ အဆင်မပြေမှုတွေ ကြုံလာတိုင်း ကိုရန်လေးက ဒါကို ထောက်ထောက်ပြ နေအုံးမယ်။ ဒီကစားပွဲလေးမှာ ကျမက နောက်ဆုံးလူများ ဖြစ်နေမလားတော့ မသိ။ ပြန်ပြီး tag ရမယ့်သူလည်း မရှိလောက်တော့ဘူး ထင်ပါရဲ့။

ဘာပဲဖြစ်ဖြစ် ကျမရဲ့ သိပ်မထူးခြားသော အကျင့်စရိုက်တွေ ချရေးလိုက်ပါပြီ။ ဖတ်ရှုကြပါကုန်။
***
၁) အလွန် အအိပ်မက်ခြင်း။
အိပ်ရမယ်ဆိုရင် အစားမစားဘဲလည်း အိပ်နိုင်ပါတယ်။ မနက်နိုးနိုးချင်း မျက်နှာသစ်ပြီးလည်း ပြန်အိပ်မလား .. အဆင်ပြေပါတယ်။ နေ့ခင်း နေ့လည် ညနေ မိုးချုပ် အချိန်အခါမရွေး အိပ်လို့ဖြစ်ပါတယ်။ ငယ်ငယ်ကဆို ပုခက်ထဲမှာ ထည့်ထားခဲ့ပြီး အိမ်ကလူတွေ ရုပ်ရှင်တပွဲသွားကြည့် ပြန်လာသည်ထိ အိပ်နေတုန်းပါပဲ … တဲ့။
(အသက်ကြီးလာတော့ တပတ်လောက် မအိပ်ဘဲ အလုပ်လုပ်ပြီး နေနိုင်ပါတယ်၊ ဤကား စကားချပ်)

၂) အိပ်နေရာမှ ယောင်ယမ်းထတတ်ခြင်း။
ငယ်ငယ်ကပါ။
ညကြီးသန်းခေါင် အိပ်ရာက ယောင်ထပြီး အိမ်မှာ ညအိပ်ညနေ လာတည်းခိုတဲ့ ဧည့်သည် အဖွားကြီးရဲ့ ခြင်ထောင်သွားလှန်မိလို့ မှင်စာလား သရဲလားလို့ အော်လိုက်တာ ၀က်ဝက်ကွဲ၊ တအိမ်လုံး နိုးတယ်။ တခါတလေလည်း အိပ်နေရင်း စကားတွေထပြောပြီး ပြန်အိပ်ပျော်သွားပါလေရော။ (ငယ်ငယ်ကနော် … အခု မဟုတ်ဖူး)

၃) အိမ်သာတက်လျှင် စာအုပ်ပါမှ အဆင်ပြေခြင်း။
အဲဒါလည်း ဘလော့ဂါ တော်တော်များများ အဲဒီလိုပဲလို့ထင်ပါတယ်။ သိပ်တော့ မထူးဆန်းပါဘူး။ အိမ်မှာတော့ ကျမ တယောက်ထဲ အဲဒီလို။ အိမ်သာဝင်ခါနီး ဟိုဟိုဒီဒီ ရှာနေပြီဆိုရင် အမေက သိပြီ။ ဒီလောက် မိနစ်ပိုင်းလေး ကိုများ စာဖတ်ချင်ရသေးလားလို့ အပြစ်တင်တယ်။ ဘာပဲဖြစ်ဖြစ် ကျမကတော့ စာအုပ်တအုပ် ပါယူသွားတာပဲ။ ဒီလို မဟုတ်ရင် အဆင်မချောသလိုမို့။ ဒါပေမဲ့ ဟိုဘလော့ဂါတွေလိုတော့ နာရီဝက် တနာရီလောက် ကြာကြာမထိုင်ပါဘူး။ ကိစ္စပြီးတာနဲ့ ထွက်တာပဲ။

၎) စာအုပ်ရှာလျှင် အိမ်သာတက်ချင်ခြင်း။
အဲဒါလည်း ဘာလို့မှန်းကိုမသိပါဘူး။ စာအုပ်ဗီရိုဖွင့်ရင် ဖြစ်ဖြစ် စာအုပ်စင်မှာဖြစ်ဖြစ် လိုချင်တဲ့ စာအုပ်ရှာပြီဆိုရင် အိမ်သာက တက်ချင်လာပါပြီ။ တခြားသူတွေရော ဖြစ်သလားမသိဘူး။ အဖေနဲ့ ကျမကတော့ အဲဒီအတိုင်းပဲ။ စာအုပ်ရှာရင်း ခဏရပ်ပြီး တွေ့တဲ့စာအုပ်တအုပ်ဆွဲလို့ အိမ်သာပြေးရတာ အမြဲပဲ။

၅) အများသုံးအိမ်သာတွေကို ရှောင်ရှားခြင်း။
ကိုရန်လေးလို့ ထင်ပါတယ်။ ခရီးသွားရင် အိမ်သာမတက်ဘဲ အောင့်ထားတယ်ဆိုတာ။ ကျမလည်း ထိုနည်းလည်းကောင်းပဲ။ လမ်းခရီး တလျှောက် ဆီးချုပ် ၀မ်းချုပ်ကိုဖြစ်ရော။ ငယ်ငယ်တုန်းကတော့ ကျောင်းအိမ်သာတွေကို ရွံလို့ ဘာညာ ကဲ့သို့ပဲ ခဏခဏ ဖြစ်ဖူးပါတယ်။ ဘာညာလိုတော့ ၄-ကျောင်း မပြောင်းခဲ့ရပေမယ့် ကျောင်းကအပြန် ညနေတိုင်းလိုလို အိမ်ကလာကြိုတဲ့ ကားပေါ်မှာ ထိုင်ခွင့်မရဘဲ မတ်တပ်ကလေး စီးခဲ့ရတာ မှတ်မိသေးတယ်။

၆) အလွန်အပျင်းကြီးခြင်း နှင့် အချိန်ဆွဲခြင်း။
အအိပ်မက်ခြင်းနဲ့ အပျင်းကြီးခြင်းက ဆက်စပ်နေတာပါပဲ။ ဘာမှမလုပ်ဘဲ နေလို့ရရင် သိပ်ကောင်းမှာပဲလို့ ခဏခဏ တွေးမိတယ်။
ထမင်းစား ရေသောက်ကအစ ဖြစ်နိုင်ရင် မလုပ်ချင်ဘူး။ ဒီတိုင်းကို နေချင်တာ။ (ပျင်းလွန်းလို့ အပျင်းပြေ ရည်းစားထားဖို့ ပျင်း ဆိုတဲ့ ငပျင်းသီချင်းကို အလွန်ကြိုက် :P)
အပျင်းကြီးခြင်းနဲ့ အချိန်ဆွဲခြင်းကလည်း ဒွန်တွဲနေပါတယ်။ အလုပ်တခုလုပ်တယ်ဆိုရင် သတ်မှတ်ထားတဲ့ နောက်ဆုံးအချိန် ရောက်ဖို့ စက္ကန့်ပိုင်းအလိုမှ ကွက်တိပြီးအောင် ကပ်လုပ်တတ်ပါတယ်။ အိပ်ရာကထဖို့ ဆိုရင်လည်း မဖြစ်မနေ ထရတော့မယ်ဆိုမှ ထပါတယ်။ နိုးနေရင်တောင် နာရီကြည့်ပြီး ၁ မိနစ်ရ ၁ မိနစ် ပြန်မှေးလိုက်သေးတယ်။

၇)ဈေးဝယ်ထွက်ရာမှာ စိတ်မရှည်ခြင်း။
ဝယ်စရာရှိဝယ်ပြီး ချက်ချင်းပြန်ချင်ပါတယ်။ မ၀ယ်ဘဲ ဟိုငေး သည်ငေး ဟိုမေး သည်မေး ပြတင်းပေါက်ဈေးဝယ် မလုပ်တတ်ပါဘူး။ တခါတုန်းက အမကြီးနဲ့အတူ ရှော့ပင်းစင်တာ သွားတော့ သူ့ကို စိတ်မရှည်တာနဲ့ ထားခဲ့ပြီး တယောက်ထဲ တိတ်တိတ်ကလေး ကားငှားပြန်လာခဲ့ဖူးတယ်။ သူက ရှော့ပင်းစင်တာထဲမှာ ကျမကို ဒေါင်းတောက်အောင် ရှာပြီး မတွေ့တော့ လူပျောက်ကြောင်း အော်ခိုင်းအုံးမလို့ဆိုပဲ။ တော်ပါသေးရဲ့ အိမ်ကို ဖုန်းဆက်မေးတော့ ကျမ ပြန်ရောက်နေပြီမို့။

၈) လက်ဝတ်ရတနာ အဆင်တန်ဆာ မနှစ်သက်ခြင်း။
မနှစ်သက်တော့ စိတ်မ၀င်စားပါဘူး။ စိတ်မ၀င်စားတော့ မလိုချင်ဘူး။ မလိုချင်တော့ မရပါဘူး။ ကိုယ်တိုင်လည်း တခါမှ မ၀ယ်ပါဘူး။ ၀ယ်လည်း မ၀ယ် ရလည်းမရတော့ ရွှေလည်းမရှိ ငွေလည်းမရှိ။ ဘာဆိုဘာမှ မရှိပါဘူး။ အချိန်သိအောင် အိပ်သည်အထိ မချွတ်တမ်းပတ်တဲ့ လက်ပတ်နာရီ တခုကလွဲလို့ ကျမမှာ ဘာဆိုဘာမှ မရှိပါ။

၉) အ၀တ်အစား မ၀ယ်တတ်ခြင်း။
ခုချိန်ထိ အမေ၀ယ်ပေးတာပဲ ၀တ်ပါတယ်။ ကိုယ့်ဟာကိုယ် ၀ယ်ဝတ်လည်း အဆင်မပြေဘူး။ ကိုယ်တိုင်ဝယ်တာဆိုလို့ စာအုပ်နဲ့ သီချင်းစီဒီပဲရှိတယ်။ တခြားအသုံးအဆောင် မှန်သမျှ အမေ ၀ယ်ပေးတာချည်းပဲ။ ပြီးတော့ လက်ဆောင်ရတာပဲ သုံးတယ်။ တခါမှ ၀ယ်ကို မသုံးဘူး။ ချွေတာရေးပေါ့။

၁၀) အိမ်သားတွေနှင့် ဆန့်ကျင်ဘက်လုပ်တတ်ခြင်း။
သူတို့ကဖြူရင် ကိုယ်ကမည်းပြရမှ ကျေနပ်ပါတယ်။ မည်းနက်နေအောင် လုပ်ခွင့်မရရင်တောင် ညိုတိုတိုလေး လုပ်လိုက်ရမှ ကျေနပ်တတ်သူပါ။ ဥပမာ-အမတွေက ၁၀ တန်းဖြေပြီး အားနေတော့ အင်္ဂလိပ်လက်နှိပ်စက် သင်တန်းတက်ကြတယ်။ (အဲဒီခေတ်က ကွန်ပျူတာ မပေါ်သေး) ကျမကတော့ သူတို့နဲ့ ကွဲလွဲအောင် ဗမာလက်နှိပ်စက်ပဲ သင်ပါတယ်။

အဲ … ၁၀-ချက်တောင်ရှိသွားပြီ။ ပြောမယ်ဆိုရင် အများကြီးကျန်သေးတယ်။ အိမ်သာကိစ္စတင် အချက် ၃-ချက် ဖြစ်နေလို့ ၁၀-ချက်က မြန်မြန်ပြည့်သွားတယ် ထင်ပါရဲ့။ ပြောလက်စနဲ့ နည်းနည်းလောက်တော့ ဆက်ပြောအုံးမှ။ သည်းခံဖတ်ရှုကြပါအုံး။

တခါတလေ ကျမ တယောက်ထဲနဲ့ ခုလို ဆန့်ကျင်ဘက်တွေ ဖြစ်တတ်ပါသေးတယ်။

က။ အလွန်ခေါင်းမာခြင်း (အမေဘယ်လောက်ရိုက်ရိုက် မငိုဘဲ ပေခံနေတာ) နှင့် အလွန်ပျော့ညံ့ခြင်း။ (ဘာမဟုတ်တာလေးနဲ့ မျက်ရည်ကျချင်ကျ တတ်ပါတယ်)
ခ။ အလွန် ကတ်သီးကတ်သတ်နိုင်ခြင်း (စကားကတ်လွန်းလို့ အမေက ရှေ့နေလုပ်စားဖို့ကောင်းတယ်လို့ ခဏခဏပြောတယ်) နှင့် အလွန်နားလည်မှုရှိခြင်း (တကယ်တော့ စကားကြောရှည်မှာစိုးလို့ ပြီးပြီးရော ထောက်ခံတတ်တာပါ)
ဂ။ အလွန်စိတ်မရှည်တတ်ခြင်း (ထမင်းစားရင်တောင် ၀ါးရမှာ စိတ်မရှည်လို့ မြိုချပါတယ်) နှင့် စိတ်ပါလက်ပါ လုပ်ကိုင် ဆောင်ရွက်လေ့ရှိခြင်း (ကိုယ်နဲ့မဆိုင်တဲ့ သူတပါးကိစ္စတွေမှာ စိတ်ရှည်လက်ရှည် ဆံထုံးလည်းထုံး ဆီလည်းစိုက် လုပ်ပေးတတ်ပါတယ်)
ဃ။ အတေးအမှတ်ကြီးခြင်း (၆-တန်းတုန်းက လေးခွခိုးခဲ့တဲ့ ကောင်မလေးကို ခုထိ မှတ်မိပြီး မကျေမနပ်ဖြစ် နေတုန်း) နှင့် လွယ်လွယ်မေ့ပစ်ခြင်း (လွန်ခဲ့တဲ့ ၁-နှစ်လောက်က ကြည့်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကို မမှတ်မိတော့ဘူး)
င။ လောကွတ် (လောက၀တ်) မပြုတတ်ခြင်း (နေကောင်းလား … စားပြီးပြီလား …တွေ့ရတာ ၀မ်းသာပါတယ် … ဟင်းဟင်းဟင်းဟင်း …. အဲသလိုတွေ ပြောရမှာ တမျိုးကြီးမို့) နှင့် ဖော်ဖော်ရွေရွေ ဆက်ဆံတတ်ခြင်း (ဘယ်သူ့ကိုမဆို ကြီးငယ်မရွေး လေးလေးစားစား ဆက်ဆံတတ်ပါတယ် … (((အဟမ်း))) … အဟုတ်ပြောတာပါ)
စ။ စိတ်မပါလျှင် လက်မပါခြင်း (စိတ်ပါရင် ၂ နာရီ ၃နာရီ ကြာအောင် ဘုရားရှိခိုးပေမဲ့ စိတ်မပါရင် ဦးသုံးကြိမ်တောင် မချပါဘူး) နှင့် မချစ်သော်လည်း အောင့်ကာနမ်းတတ်ခြင်း (ဒါကတော့ … ဒီလိုပါပဲ .. ဘာညာပေါ့ … အဲ .. ဘလော့ဂါ ဘာညာမဟုတ်ဖူးနော်… အခြေအနေအရ … လုပ်ရတာကို ပြောတာ) စသည်စသည်တို့ကိုတော့ အကျယ်တ၀င့် မရေးတော့ဘူးနော်။

ကဲ … ဒီလောက်ပါပဲ။ ကိုယ့်ကိုယ်ကို ဖော်ကောင် လုပ်ပြီးမို့ … ဤမျှနှင့် ကျေနပ်တော် မူကြပါကုန်သောဝ်။
***
မေဓာဝီ
8th May, 2007
11:00 pm

2 comments:

Anonymous said...

All are good because all are ture.

ကလိုစေးထူး said...

(၁) အလွန် အအိပ်မက်ခြင်း
ဒုံးပျံခေတ်ကြီးတွင် ဤအကျင့်မှာ အတော်ဆိုးပါသည်။ ဆရာပီမိုးနင်း၏ အဖိုးတန်သော အချိန်ကလေးများ စာအုပ်ကို တနေ့သုံးခါ ဖတ်သင့်ပါသည်။ :P
(၂) အိပ်နေရာမှ ယောင်ယမ်းထတတ်ခြင်း
ငယ်ငယ်ကသာ ဖြစ်သောကြောင့် အခု ပြဿနာမရှိတော့ပါ။ သို့သော် သတိကြီးစွာထားရန်။ :D
(၃) အိမ်သာတက်လျှင် စာအုပ်ပါမှ အဆင်ပြေခြင်း
တခြားသောဘလော့ဂါများ မြောက်များစွာ ရေးပြီးသားဖြစ်သောကြောင့် ကူးချသည်ဟု ယူဆပါသည်။ ကော်ပီရိုက်ကို ဆင်ခြင်ပါရန်။ :P
(၄) စာအုပ်ရှာလျှင် အိမ်သာတက်ချင်ခြင်း
အိမ်သာအလွယ်တကူ မရှိနိုင်သော စာအုပ်ဆိုင်များ၊ လမ်းဘေးစာအုပ်ဆိုင်များတွင် စာအုပ်ရှာဖွေ ၀ယ်ယူခြင်းများ ရှောင်ကျဉ်ပါ။ :P
(၅) အများသုံး အိမ်သာတွေကို ရှောင်ရှားခြင်း
ခေတ်မီတိုးတက်သော နိုင်ငံတော်သစ်ကြီးတွင် သန့်ရှင်းစင်ကြယ်သော အများသုံးအိမ်သာများ မကြာခင် ဆောက်လုပ်နိုင်ပါတော့မည်။ သို့သော် … စောင့်ပါ။
(၆) အလွန်အပျင်းကြီးခြင်းနှင့် အချိန်ဆွဲခြင်း
ယခု အချိန်ထိ အိမ်ထောင်ရက်သား မကျသေးခြင်းကိုက အခိုင်လုံဆုံး သက်သေဖြစ်သောကြောင့် ဤအချက်ကိုလည်း မငြင်းလို။ :D
(၇) ဈေးဝယ်ထွက်ရာမှာ စိတ်မရှည်ခြင်း
ဈေးဝယ်ဝါသနာပါသော ယောက်ျားကို ရွေးချယ်ရန် မမေ့ပါနှင့်။ :P
(၈) လက်ဝတ်ရတနာ အဆင်တန်ဆာ မနှစ်သက်ခြင်း
ဤအကျင့်ကို ရွှေကုန်သည်တို့ မကြားအောင် ခပ်တိုးတိုးပြောသင့်ပါသည်။

ကျန်တဲ့ နှစ်ချက်ကိုတော့ ဘလော့ဂ်ရှင်ကို ကြောက်လို့ မပြောတော့ဘူးနော်။ ဤတွင် ပေါတောတော ကွန်မန့်အစီအစဉ် ပြီးဆုံးပါပြီခင်ဗျာ။ :P