Saturday, May 19, 2007

မင်္ဂလာနံနက်ခင်း ...

ခါတိုင်းလိုပဲ …
အိပ်ရာထဲက
နိုးထထချင်း
ပြတင်းကိုလှပ်
နံနက်ကို ကြို …
လောကကြီးကို ခွန်းဆက်
မင်္ဂလာနံနက် ဖြစ်ပါစေ … ။

ကောင်းကင်ထက်မှ
စက်စက်ကျနေ
မိုးစက်တွေဟာ
မြေကမ္ဘာကို
မျက်နှာသစ်ပေး
အညစ်အကြေးတွေ ဆေးကြောတယ်။

လန်းဆန်းနုနယ်
စံပယ်ဖြူဖွေး
ကြူကြူမွှေးက
ငြိမ်းအေးရနံ့
ထုံသင်းပျံ့စွာ ဝေဆာတယ်။

ရွက်နုစိမ်းဝေ
မိုးရေစိုစို
ကပိုကရို
ရှက်သွေးပိုတဲ့
အပျိုမလို အလှဖြာတယ်။

မိုးသောက်ရောင်ခြည်
အရှေ့ဆီမှ
ဝါနီအလင်း
အမှောင်ခွင်းကာ
ကမ္ဘာတလွှားကို ဖြန့်ခင်းတယ်။

သစ်ပင်ထက်မှာ
ငှက်ပြာတသင်း
တေးသီချင်းဆို
နေ့သစ်ဦးကို ကြိုကြတယ်။

ချစ်ခြင်း မုန်းခြင်း
ပြုံးခြင်း မဲ့ခြင်း
အလင်း မှောင်မဲ
ဒွန်တွဲဖြစ်ပျက်
ဆန့်ကျင်ဘက်များ
ရှိပါငြားလျက်
အလှမျက်စိ
*ယောနိသော-ထား
ရှုကြည့်ပွားလျှင်
မြင်မြင်သမျှ
လောကကြီးဟာ လှနေမယ်။
***
မင်္ဂလာရှိသော နံနက်ခင်း ပေါင်းများစွာ
ပိုင်ဆိုင်ရပါစေသား … ပိုင်ဆိုင်ကြပါစေသား … ။

မေဓာဝီ
၁၉၊ မေ၊ ၂၀၀၇
နံနက် ၉ နာရီ ၃၀

*(ယောနိသော =ယောနိသော မနသိကာရ = သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းခြင်း)

14 comments:

Anonymous said...

မမေရေ...
မင်္ဂလာရှိသော နံနက်ခင်းမှာ ဒီကဗျာလေးကို ဖတ်လိုက်ရတာ တော်တော်ကို ကြည်နူးရတယ်...
ကျေးဇူးတင်ပါတယ် မမေ...
မင်္ဂလာရှိသော နံနက်ခင်းများကို ပိုင်ဆိုင်ရပါစေ၊ ပိုင်ဆိုင်ကြပါစေလို့ ညီမလေးကလည်း ထပ်ဆင့် ဆန္ဒပြုလိုက်ပါတယ်...

pandora said...

မင်္ဂလာနံနက်ခင်းပါ မမေဓာဝီကို ကြည့်ရတာ အေးချမ်းပါပေတယ်။
ပန်ဒိုရာ

naing said...

မင်္ဂလာပါ ခင်ဗျာ။ စံပယ်နံ့ ရယ် ။ မျက်စိအေးတဲ့ အစိမ်း ရယ်။ ငှက်ပြာ ရယ်။ ဘာငှက်လဲ သိချင်လိုက်တာ...

Hteink Min said...

မမေဓာဝီ

ကောင်းသော နံနက်ခင်းပါ။ ကျွန်တော် မြန်မာသတ်ပုံကျမ်း စာအုပ်လိုချင်ပါ၏။ အမ ကူညီပြီး ၀ယ်ပေးလို့ ရမလား ၊ တောင်းဆိုချင်ပါတယ်။ ဘယ်လောက်ကြီးသလဲ၊ စာတိုက်မှ ပို့လျှင် ဘယ်လောက်ကျမည်ဆိုတာပါ သိချင်ပါ၏။ တက်နိုင်သလောက် ကူညီပေးပါရန်။


ကျေးဇူး တင်ရှိပါသည်။

ကလိုစေးထူး said...

ကောင်းလိုက်တဲ့ ကဗျာ။ ဘာတွေဘယ်လိုပဲ ဖြစ်ဖြစ်ပါ မမေရာ၊ အခုလိုပဲ စာကောင်း ကဗျာကောင်းလေးတွေ ဆက်ရေးနေသေးတာကိုက စိတ်ဓာတ်ခိုင်မာမှုပဲ။ လူဆိုတာကတော့ အတိုက်အခိုက်နဲ့ အချီးအမွမ်းဆိုတာ ဒွန်တွဲနေတာ နေရာတိုင်းဆိုတော့..။ ယိစ်((((((((((((
:D

Anonymous said...

Good Morning ! Ma May,
Oh.This morning is so pleasant.
jasmines, sunshine, breeze, little birdies singing a song together .
Thank you , ma may.
with love
hana

Anonymous said...

မမေရေ မင်္ဂလာနံနက်ခင်းပါ။ ဒီပို့စ်နဲ့ မဆိုင်ပေမယ့် မေးစရာလေး ရှိနေလို့။

ယပင့်နဲ့တွဲလျှက်ဟပ်ထိုးကို ဘယ်လိုနေရာမျိုးတွေမှာ သုံးလဲ သိချင်လို့ပါ။

“ခပ်မှိန်မှိန်အလင်းရောင်ကို ကျောပေးလျက် ကုလားထိုင်တစ်လုံးပေါ်တွင် လူတစ်ယောက်ထိုင်နေသည်။”

အဲ့ဒီစာကြောင်းမှာ ကျောပေးလျှက်လို့ သုံးရင်ရော ရလား၊

“ဘေးတွင် အခြားလူ သုံးဦးက ခြံရံလျှက်ရှိနေသည်။”

ဒီမှာရော ဟပ်ထိုးမထည့်ရင် ရလား။
ဖြေပေးနော် မမေ။
ကျေးဇူးပါ။

နတ္ထိ said...

ယောနိသောနဲ့ မင်္ဂလာရှိပုံလေးက ကြည်နူးစရာပါဗျာ။

Anonymous said...

အားလုံး မင်္ဂလာပါရှင် …
ညလေး အမေးကို …
မမေ သိသလောက် ပြောရရင်တော့ …
ယ-ပင့်နဲ့ တွဲတဲ့ ဟ-ထိုးကို မ-လ-သ အက္ခရာ ၃-လုံးမှာ သုံးတာပဲ သတိထားမိပါတယ်။
မ ယပင့် ဟထိုး (မျှ)၊ လ ယပင့် ဟထိုး (လျှ)၊ သ ယပင့် ဟထိုး (သျှ) တို့ဖြစ်ပါတယ်။
ညလေး မေးတဲ့ …
ကျောပေးလျက် ..ခြံရံလျက် က .. ဟထိုး ထည့်ဖို့မလိုပါဘူး။
သွားလျက်၊ လာလျက်၊ စားလျက် .. အားလုံး ဟထိုး ထည့်ဖို့ မလိုပါဘူး ညလေးရေ .. ။
ကွန်မန့်တိုင်းအတွက် ကျေးဇူးပါ။

မေဓာဝီ

Anonymous said...

ကျေးဇူးပါ မမေရေ နောက် သတိထားပြီး ရေးပါ့မယ်။ =)

Anonymous said...
This comment has been removed by the author.
Anonymous said...

အဲ မမေရေ မေးစရာ ထပ်ပေါ်လာလို့။ မမေ ရေးထားတဲ့
မ ယပင့် ဟထိုး (မျှ)၊ လ ယပင့် ဟထိုး (လျှ)၊ သ ယပင့် ဟထိုး (သျှ) အဲ့ဒါတွေကို ကသတ်နဲ့ပဲ တွဲမသုံးရတာလား
“လျင်မြန်” ဆိုရင်ရော မသုံးပဲရသလား၊ “လျှို့ဝှက်” ဆိုတာမှာ သုံးရတာတော့ သိတယ်။ ကြည်ဖြူသျှင် ဆိုပြီး အမည်တွေမှာ သုံးသေးတယ်၊ ပြီးတော့ ဘယ်လို နေရာတွေမှာ ထပ်သုံးပါသေးလဲ။
ရှင်းပြဦးနော်။

Anonymous said...

ဒီလိုညလေးရေ …
အစကတော့ ရှည်ရှည်ဝေးဝေး ရှင်းပြမလို့ဘဲ။ ဒါပေမဲ့ လိုရင်းပျောက်သွားမှာစိုးလို့ မေးသလောက်သာ ဖြေလိုက်တာ။

မ-ယပင့် ဟထိုး (မျှ) ကို …
(၁) င၊ စ၊ ဉ နဲ့ သတ်လို့ရတယ်။
မျှင်၊ မျှစ်၊ မျှဉ်း။
(သေးမျှင်၊ မျှစ်ချဉ်၊ မျှဉ်းသတ်)
(၂) -ား၊ေ -ာ၊ေ -ာ့၊ေ -ာ်၊ -ို့ လို့ရတယ်။
မျှား၊မျှော၊မျှော့၊မျှော်၊ မျှို့ ။
(ငါးမျှား၊ရေထဲမျှော၊မျှော့သတ္တ၀ါ၊မျှော်ကြည့်၊ မျှို့ကျက်သရေ)

လ-ယပင့် (လျ) ကို …
(၁) က၊ င၊ စ၊ ဉ၊ ပ နဲ့ သတ်လို့ရတယ်။
လျက်၊ လျင်၊ လျစ်၊ လျဉ် (း ) ၊ လျပ်။
(သွား/လာလျက်, လျက်ဆား၊ လျင်မြန်၊ လျစ်လျူရှု၊ အလျဉ်မီ၊ လျဉ်းပါး၊ လျပ်လျပ်-မြန်)
(၂) -ာ၊ေ -ာ့၊ေ -ာ္၊ေ -ာက္၊ေ -ာင်း … လို့ ရတယ်။
လျာ၊လျော့၊လျော်၊လျောက်၊လျောင်း။
(လျာထား၊လျော့ပေါ့၊လျော်ကြေး၊လျောက်ပတ်၊ လဲလျောင်း)

လ-ယပင့် ဟထိုး (လျှ) ကို …
(၁) င၊ ပ၊ မ နဲ့ သတ်လို့ရတယ်။
လျှင်၊ လျှပ်၊ လျှမ်း။
(သွား/လာလျှင်၊ လျှပ်စီးလက်၊ လျှမ်းလျှမ်းတောက်)

(၂) -ာ၊ေ -ာ၊ေ -ာ့၊ေ -ာ်၊ -ံ ၊ -ို၊ -ို့ ၊ -ိုး ၊ေ -ာက် လို့ ရတယ်။
လျှာ၊လျှော၊လျှော့၊လျှော်၊ လျှံ၊ လျှို၊ လျှို့၊ လျှိုး၊လျှောက်။
(လျှာနာခွာနာ၊လျှောကျ၊လျှော့ဈေး၊လျှော်ဖွပ်၊ လျှံကျ၊ လျှိုမြောင်၊ လျှို့ဝှက်၊လျှောက်လွှာ)

သ-ယပင့် ဟထိုး (သျှ) ကို …
(၁) င ၊ တ နဲ့ သတ်လို့ရတယ်။ (ရှ - သံ ထွက်တယ်)
သျှင်၊ သျှတ်
(အသျှင်၊ သျှတ္တရ)
(၂) -ိ၊ -ား ၊ -ို ၊ -ိုး ၊ေ -ာင် လို့ရတယ်။
သျှိ၊ သျှို၊ သျှိုး၊သျှောင်။
(သျှိသျှား၊ သျှိုးလိုက်ရတု၊သျှောင်ထုံး)

မမေ သိသလောက်ကတော့ ဒီမျှပါပဲ ညလေးရေ။ ကျန်နေသေးရင် သိသူများ ဖြည့်စွက်ကြပါ။

Anonymous said...

မမေ
ကျမ ဒီကဗျာလေး ယူသွားပြီနော်
သိပ်လှတယ်