Sunday, May 13, 2007

ဖတ်ခဲ့မိသော ၀တ္ထုတပုဒ်

မကြာသေးခင်က စာရေးဆရာမ မစန္ဒာရဲ့ “အပိန်နှင့် အပဲ့တို့၏ သမိုင်း” ဆိုတဲ့ ၀တ္ထုလတ်တပုဒ် ဖက်ရှင် အင်းမေ့ခ်ျ မဂ္ဂဇင်းထဲ ဖတ်လိုက်ရပါတယ်။ ဒီဝတ္ထုလေး သဘောကျလို့ ကိုသံလွင်ကဲ့သို့ ကျနော့်အကြိုက်ဆိုပြီး ဘလော့ပေါ် တင်ရကောင်းမလား စဉ်းစားမိသေးတယ်။ ဒါပေမဲ့ သူများဝတ္ထုကို အစအဆုံး ပြန်ရိုက်ရမှာ ပျင်းတာကြောင့် အနည်း အကျဉ်းမျှသာ ကောက်နုတ်ပြီး ဖော်ပြလိုက်ပါတယ်။ အားလုံးလည်း သဘောကျမယ် ထင်ပါတယ်ရှင်။
***
ဒီဝတ္ထုထဲက အဓိက ဇာတ်ဆောင် ဦးဘတူဟာ အငြိမ်းစား ကျောင်းဆရာ တဦးပီပီ လူတကာကို သူ့တပည့်လို့ ထင်မှတ်ပြီး စိတ်တိုင်းမကျရင် မကျသလို အချိန်မရွေး နေရာမရွေး လူမရွေးဘဲ ဆူတတ် ငေါက်တတ်ပါသတဲ့။
ဒါကို စာရေးသူက ခုလို ပုံဖော်ထားပါတယ်။


“နှုတ်ခမ်းလည်း မကွဲ၊ သွားလည်း မကျဲ၊ လျှာလည်း မပြဲဘဲနဲ့ မြန်မာစကားကို မြန်မာက ဘာလို့ ပီအောင် မပြောနိုင်ကြတာလဲကွ ဟေ …
“ဒီခေတ်ကလေးတွေက ဘာဖြစ်နေကြတာလဲကွ ..ဟေ၊ စလုံးနဲ့ ဆလိမ် မကွဲတော့ဘူးလား”
“ဘာမကွဲလို့လဲ ဦးကြီး” ဒါကတော့ သူ့တူတော်မောင် မောင်ကိတ်ဆိုသူရဲ့ အမေးပါ။
“ဆလိမ် အသံထွက်တွေကို စလုံးအသံတွေ ထည့်ပြောနေတာလေ … စွဲစောင်တဲ့၊ စောင်ရွက်တဲ့၊ စုံးမတဲ့၊ စောက်လုပ်တဲ့၊ လုပ်စောင်တဲ့ ကဲ” ..

အဲဒါဖတ်ရင်း ကျမလည်း စလုံးနဲ့ ဆလိမ် ကွဲအောင်မပြောနိုင်တာကို သတိရမိတယ်။ အမေဆို ကျမကို အမြဲပြောနေကျ။ အမေပြောတိုင်းလည်း ကျမက ဆင်ခြေပေးနေကျ။ အင်း .. အဲဒါထားပါတော့ .. ။
ဦးကြီးဘတူ အဲဒီလို ပြောပေမဲ့ သူ့မိန်းမ ဒေါ်ကြီးကိုယ်တိုင်က ဘယ်လို ပြောသလဲ ကြည့်။

“သူ့ဟာသူ ဆောက်လုပ်ချင်လုပ်၊ စောက်လုပ်ချင်လည်းလုပ်၊ နားလည်တာကတော့ နားလည်နေတာပဲ မဟုတ်လား ကိုတူကြီးရယ်” တဲ့။

မိန်းမကိုယ်တိုင်က အဲဒီလိုဆိုတော့ သူက လူနိုင်ဖြစ်တဲ့ မောင်ကိတ်ကို သူ့ဘက် ဆွဲထည့်တဲ့ အနေနဲ့ ပြောပုံက ခုလိုပါ။

“ဟေ့ ဒီမှာ မောင်ကိတ်”
“ဗျာ ဦးကြီး”
“မြန်မာစကားနဲ့ မြန်မာစာကို ဘယ်သူတွေ ဖျက်ဆီးနေတာလဲ သိလား”
“နိုင်ငံခြားသားတွေ”
“မင်း အမေ နိုင်ငံခြားသားလားကွ။ မြန်မာစာ မြန်မာစကားကို ဖျက်နေတာ မြန်မာတွေပဲ ဟကောင်ရ”
…. …. ….
“ပြောပြန်ရင်လည်း အသံမမှန်၊ ရေးပြန်တော့လည်း သဒ္ဒါမမှန်၊ တာတေကို လန်နေကြတာပဲ၊ ခုနတုန်းက မင်းရဲ့ဒေါ်ကြီးက ပြောတယ်၊ နားလည်တာက နားလည်နေကြတာပဲ တဲ့။ မင်းဘယ်လို သဘောရလဲ။ ဆောက်လုပ် ဆိုတာကို စောက်လုပ်လို့ ပြောနေတာကို ဘယ်လိုလုပ်ပြီး နားလည်ရမှာလဲ၊ အဲဒီစကားနှစ်ခွန်းဟာ အများကြီး ကွဲသွားတယ်။ အဓိပ္ပါယ် မတူဘူး။ အသံထွက်လည်း မတူဘူး”

မောင်ကိတ်ကတော့ ထောက်ခံနေရတာပေါ့။ ကြောက်လို့နဲ့ သူ့အမေငှားခိုင်းတဲ့ ဇိနတ္ထပကာသနီ စာအုပ် ငှားချင်လို့ရယ်ပါ။ ဦးကြီးဘတူက ဆက်ပြောသေးတယ်။

“မနေ့တုန်းကပဲ လုံးချင်းစာအုပ် ကောက်ဖတ်မိပါတယ်။ စာရေးဆရာက အရေးအသားလေး မဆိုးပါဘူး။ ဦးတည်ချက်လည်း ရှိပါရဲ့။ ဒါပေမဲ့ သဒ္ဒါတွေ မှားလိုက်တာ သောက်သောက်ကို လဲလို့”

နာမ၀ိသေသနဆိုရင် နာမ်ရဲ့ရှေ့မှာ ကပ်ရမယ်၊ ကြိယာဝိသေသန ဆိုရင် ကြိယာရဲ့ ရှေ့မှာ ကပ်ရမယ် … စသဖြင့် ဦးကြီးက ဥပမာတွေနဲ့ ရှင်းပြပါတယ်။ ဒါကို ဒေါ်ကြီးက နားကြားပြင်း ကတ်လာပြီး ၀င်ပြောပုံကို ဆရာမ မစန္ဒာက ရေးဖွဲ့ထားပုံက …

“မှားရင်လည်း သက်ဆိုင်ရာလူတွေရှိတယ်။ ပြင်ကြလိမ့်မယ်။ ရှင်က အနေသာကြီးပါနော်”
“ငါလည်း မနေသာဘူး။ မင်းလည်း မနေသာဘူး။ ဒါဟာ အားလုံးနဲ့ဆိုင်တယ်”

“ဒီနေ့ မနက် လမ်းလျှောက်တုန်းကတောင် တွေ့ခဲ့ရတာလေ၊ ဟိုသွပ်ပြားကြီး ကာထားတဲ့နေရာ မှာပေါ့၊ စည်းကမ်းမဲ့ အမှိုက်မစွန့်ရ တဲ့။ ကဲ ဒီတော့ စည်းကမ်းရှိတဲ့ အမှိုက်ဆိုရင်တော့ စွန့်လို့ရတယ်ပေါ့ ဟုတ်လား”
“ဒီလိုဆိုရင် စည်းကမ်းမဲ့စွာ အမှိုက်မစွန့်ရ လို့ ရေးရမှာလား ဦးကြီး။ ဒါမှမဟုတ်ရင်လည်း အမှိုက်ကို စည်းကမ်းမဲ့ မစွန့်ရလို့ ရေးရင်ရော”
ဒီတခါတော့ ဦးကြီးဘာမှ မပြောမီ ဒေါ်ကြီးက
“အမှိုက်မစွန့်ရ ဆိုရင် ပြီးပြီဟေ့။ လိုရင်း တိုရှင်းပဲ” ဟု ဦးအောင် ၀င်ပြောသည်။ ထို့နောက် …
“ဘယ်လိုပဲရေးထားထား အဲဒီနေရာမှာ အမှိုက်မပစ်ဖို့ တားမြစ်ထားတယ် ဆိုတာ လူတိုင်းနားလည်ပါတယ်” ဟု ခပ်တင်းတင်းဝင်ပြောကာ ဆိုက်နေကျ ဘူတာကို ကမန်းကတန်း ၀င်ဆိုက်ပစ်လိုက်လေသည်။
***
သူတို့သမီးက မဘူးသီးတဲ့။ မဘူးသီးရဲ့ သူငယ်ချင်း မိုးကေသွယ်က ဒေါ်ကြီးစားဖို့ ကိတ်မုန့်လာပေးတာကို ဦးကြီးဘတူက ကြားဖြစ်အောင် ကြားလိုက်သေးတယ်။

“အဲဒီ ကိတ်မုန့်ဘူးကို နင့်အမေကို လှမ်းပေးရင်း ဒီမှာ အန်တီ့အသွက် .. တဲ့”

တချို့လူတွေ သ-နဲ့ တ-ကို မပီကြဘူး ဆိုတာ ကျမလည်း သတိထားမိတယ်။ ရုပ်ရှင်သရုပ်ဆောင် တွေကအစပေါ့။ တချို့ကတော့ တမင်ကို မပီကလာလုပ်ပြောတာ။ တချို့ကတော့ မပီတာပါ။
“အတွက်” ကို “အသွက်” လို့ မပီကလာ ပြောတတ်တဲ့ မိုးကေသွယ်က မြန်မာ့အသံမှာ သတင်းကြေညာတဲ့ အလုပ် လျှောက်မလို့ဆိုတာ သိရတော့ ဦးကြီးဘတူက ခုလို ပြောပြန်တယ်။


“သတင်းကြေညာတဲ့လူရဲ့ အသံက ထူရမယ်၊ လုံရမယ်၊ ပီရမယ် သမီးရဲ့။ ခုတော့ သူ့အသံက ပါးလျှပ်လျှပ်ကလေးနဲ့ .. ‘စောက်လုပ်ရေးလုပ်သားကြီး အသွက် စန်တအိတ်၊ စီတပုံး ပေးအပ်ခဲ့သည်’ လို့ ကြေညာ မလို့လား။ ‘ကျောင်းအုပ်ဆရာမကြီးက စုံးမ စကားများ ပြောကြားခဲ့သည်’ ‘မြန်မာ့အတံမှ အတံလွှင့် နေပါသည်’ ဆိုတာမျိုးတွေ ကြေညာနေရင် အခက်”

ဒီနောက်မှာတော့ သူတို့အိမ်က အကူကောင်မလေး ၀င်လာတဲ့အခါ ပိုဆိုးတော့တာပါပဲ။ နှင်းဆီမွှေးလို့ အမည်ရတဲ့ ကောင်မလေးက ဆီကုန်နေလို့ ဆီဝယ်ဖို့လာပြောတာက …
“အမေကြီး စီကုန်ခါနီးပြီ”
ဒါကိုကြားတဲ့ ဦးကြီးဘတူက …
“ဆန်ရော ရှိသေးလား”
“စန်ကတော့ ရှိပါသေးတယ် ဘဘကြီး”
“ဆားရော”
“စားလည်း ရှိပါသေးတယ်”
အဲသလိုတွေ လျှောက်မေးနေပြီး အဖြေကိုကြားရတော့ စိတ်တိုလာရော … ။
“နင် ဆန်လို့ မခေါ်တတ်ဘူးလား …”
“ခေါ်တတ်ပါတယ် ဘဘကြီး”
“ကဲ ခေါ်ကြည့်စမ်း … ဆန်”
“စန် အဲ ဆန်”
… … ….
“ကဲ … ကဲ .. သွားတော့ နောက်ကို ပီပီသသပြော .. ဟုတ်လား” လို့ အဆုံးသတ်လိုက်တယ်။
ဒီလိုနဲ့ နှင်းဆီမွှေး ထွက်သွားပြီး ဒေါ်ကြီးက တစခန်း ထရောတဲ့။

“ကိုတူကြီးရယ် .. ရှင့်မလည်း ပြဿနာမရှိ ပြဿနာကိုရှာ။ သူ့ဟာသူ စန်ပြောပြော စီပြောပြော သူပြောတာ နားလည်နေသားပဲဟာ”
“ဟ .. ဒါ ပြဿနာမဟုတ်လို့ ဘာက ပြဿနာဖြစ်ရဦးမှာလဲ။ ဒီအတိုင်းကြည့်နေရင် ဆလိမ်သံတွေ အကုန်ပျောက်ပြီး စလုံးသံတွေ အစားဝင်လာလိမ့်မယ်။ ဒါဟာ အရေးမကြီးဘူးလား”
“အရေးမကြီးပါဘူး။ အရေးကြီးရင်လည်း သက်ဆိုင်ရာက လူတွေ ပြုပြင်ကြလိမ့်မယ်၊ ရှင်ကအနေသာကြီး”
“မင်း အတော်တာဝန်မဲ့တဲ့ မိန်းမ”
“ကျုပ်မှာ ဘာတာဝန်ရှိလို့ ဘာတာဝန်မဲ့တာလဲ ပြောစမ်းပါဦး မဟာပညာရှိ တာဝန်သိကြီးရဲ့”

အဲဒါဖတ်နေရင်း ကျမ ပြုံးမိပါတယ်။ ပြုံးရုံတင်ဘယ်ကမလဲ။ ရယ်ကို ရယ်မိတာ။ အဲဒီတော့ ဦးဘတူက ထပ်ပြောတယ်။

“မင်း အလကား မိန်းမ”
“ဟုတ်တယ် ကျုပ်က အလကား မိန်းမ။ အလကား မိန်းမဆိုတာ အလကား အလုပ်တွေကိုပဲ လုပ်တတ်တယ်။ အလကား စကားတွေကိုပဲ ပြောတတ်တယ်။ သိရဲ့လား”

လို့ အော်ထည့်ပြီး နှင်းဆီမွှေးကို ခုလိုတွေ ပြောသတဲ့။

“လာ နင်နဲ့ ငါနဲ့ ဈေးသွားကြမယ်။ စန်ရယ်၊ စီရယ်၊ စားရယ်၊ စေးရယ်၊ စပ်ပြာရယ် ၀ယ်ကြရအောင်။ နှေးတာကို ငါမကြိုက်ဖူးလို့ စုံးမ ထားတယ် မဟုတ်လား။ ငါပြောတာကို အလျင်အမြန်စောင်ရွက်။ သွား ခြင်းတောင်း အမြန်ယူခဲ့”

ဒေါ်ကြီးရဲ့ အရွဲ့တိုက်ပြောဆိုမှုကြောင့် ဒေါသပိုဖြစ်လာတဲ့ ဦးကြီးဘတူက …
“ကဲ အဲဒါ စန်လို့ခေါ်တယ်ဟ
အဲဒါကတော့ စီနဲ့ စားဟ၊ အဲဒါက စေးဟ …” စသဖြင့် ပြောပြောပြီး သူ့ဘေးက ဒန်ရေနွေးကြမ်း အိုးကြီးကို ကောက်ထုပါလေရော။ အိုးထဲက ရေနွေးကြမ်းတွေ ဖိတ်စင်ကုန်ပြီး ရေနွေးကြမ်း ပန်းကန်လုံးကလေးက ကြမ်းပေါ် လိမ့်ကျသွားတယ်။
နောက်ဆုံး အကြမ်းအိုးလည်း ပိန်၊ ပန်းကန်လုံးလည်း ပဲ့။

အဆုံးသတ်ကိုတော့ စာရေးဆရာမ မစန္ဒာ ရေးထားတဲ့အတိုင်းသာ ဖတ်ကြည့်ကြပါတော့။ ကျမစကားနဲ့ဆို ပေါ့ပျက်ပျက် ဖြစ်နေမှာစိုးလို့ပါ။

နောက်တလလောက် နေတော့မှ မောင်ကိတ်ခမျာ ဦးကြီးတို့အိမ်သို့ ရောက်ဖြစ်တော့သည်။
“အိမ်မှာတော့ မုန်တိုင်းစဲသွားပြီ အစ်ကို။ သူတို့အချင်းချင်းလည်း စလုံး ဆလိမ်အကြောင်း မပြောကြေး ဆိုပြီး သဘောတူထားကြတယ်” ဟု ဘူးသီးက သတင်းပို့သည်။

သူရောက်သောအချိန်တွင် ဦးကြီးနှင့် ဒေါ်ကြီးက ထုံးစံအတိုင်း ယှဉ်တွဲပြီး ထိုင်နေကြသည်။ လက်ဖက်သုပ်ကိုလည်း အတူစားနေကြသည်။

ဦးကြီး၏ဘေးက စားပွဲပေါ်တွင်တော့ ပိန်နေသော ရေနွေးအိုးနှင့် ပဲ့နေသော ပန်းကန်လုံးတို့ ရှိနေကြသည်။ ဦးကြီးက ခပ်ပိန်ပိန်အိုးကို သတိနှင့် ကိုင်ပြီး ခွက်ပဲ့ပဲ့ထဲသို့ ဂရုတစိုက် လောင်းထည့်လေသည်။ နှုတ်ခမ်းပဲ့နေသော နေရာလေးကို ရှောင်ကာ ခပ်ဖြည်းဖြည်းမှုတ်၍ သောက်တတ်သည်။ ထို့နောက် ပင့်သက်ကို မသိမသာ ကြိတ်ပြီး ရှိုက်နေတတ်လေသည်။
***
ဝတ္ထုကတော့ ဒီမျှပါပဲ။
ဆရာမ မစန္ဒာရဲ့ အရေးအဖွဲ့ အကြောင်းအရာ ဇာတ်ကွက်ဆင်ပုံ တင်ပြပုံတွေကို ကြိုက်လွန်းလို့ … ကျမ ဘလော့မှာ ထုတ်နုတ် ဖော်ပြလိုက်တာပါ။ အစအဆုံး မရိုက်ပေးနိုင်တာ သည်းခံခွင့်လွှတ်ပေးပါလို့။
“အပိန် အပဲ့ တို့၏ သမိုင်း” တဲ့ … ။ မေလထုတ် ဖက်ရှင်အင်းမေ့ခ်ျ မဂ္ဂဇင်းထဲက ဖြစ်ပါတယ်။
***
13th May, 2007
00:45 am

9 comments:

ကလိုစေးထူး said...

ကျနော်တို့နယ်ဘက်မှာတော့ ရှသံနဲ့ ဆ သံကို မပီကြဘူး။ ဥပမာ။ `ရှိတယ်´ ဆိုရင် `ဆိတယ်´ ။ စကားကို `ရှင်းရှင်းပြော´ ဆိုရင် `ဆင်းဆင်းပြော´ အဲဒီလိုမပီတာ။ ကျနော်လဲ ရန်ကုန်က ပြန်ပြောင်းခါစ ဆိုတော့ သူတို့ပြောတာတွေက နားထဲမှာ အဆန်းနဲ့ တခါတလေ အဲဒီလို မပီတာကို ကိုယ်ကလဲ မပီတဲ့ပုံစံ လိုက်ပြောင်ပြောရင်းနဲ့ နောက်ပိုင်းကျတော့ ကျနော်ပါ မပီသလိုဖြစ်လာလို့ မနည်းပြန်ပြင်ရဘူးတယ်။ စကားပြော မပီတဲ့အသံကိုက တမျိုး နားထောင်ကောင်းနေလို့ တချို့ ရုပ်ရှင်သရုပ်ဆောင်တွေ တမင်မပီသလို ပြောကြတာထင်ပါရဲ့။ ၀တ္ထုကို တပုဒ်လုံးဖတ်ချင်ပေမယ့် ဘလော့ဂ်ပိုင်ရှင်က ဒီလောက်ပဲ စာရိုက်တယ်ဆိုတော့လည်း ဒီလောက်ပဲ ဖတ်ရတာပေါ့ဗျာ။ :)

ဇနိ said...

ဟုတ်ပ။
တစ်ပုဒ်လုံး ဖတ်ချင်ပေမယ့် စာရိုက်ရတဲ့ ဒုက္ခကို နားလည်ပါတယ်လေ။
ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။

Anonymous said...

မမေ…
ကျေးဇူးပါမရေ…တန်ဖိုးရှိပါတယ်..
အိပ်မက်မှာ မ..မနှစ်လောက်က လာပြင်ပေးသွားတာတွေလဲ ကျမ မှတ်ထားတယ်..

Anonymous said...

ဆရာမ မစန္ဒာက နာမည်ပေး တော်လိုက်တာ၊ အိုးပိန်နဲ့ ခွက်ပဲ့ကတော့ ပနံရပါပေတယ်။

Anonymous said...

ငယ်ငယ်လေး ကတည်းက ကျွန်တော့အဖေ့ ကသေသေခြာခြာ ကွဲပြားအောင် စလုံး နဲ့ ဆလိမ် အသံကို ထွက်ပြပြီး အသံထွက်ပြင်ပေးပါတယ်..
ကျွန်တော်ကိုယ်တိုင်က အဖေ့အသံကိုကွဲပြားအောင် နားမထောင်နိုင်ဘူး.. အကြိမ်ကြိမ် ကြိုးစားကြည့်ပါတယ်...အခုထက်ထိ ပါပဲ .. ဘယ်သူ့ကိုသွားမေး သူတို့ရဲ့အသံကို အတူတူသာကြားပါတယ်..
နောက်ဆုံးကောက်ချက်ချလိုက်ရတာကတော့ ကွဲပြားအောင်နားမထောင်နိုင်လို့ ပြန်ပြောတဲ့အခါမှာလည်းကွဲပြားအောင် မပြောနိုင်တာလို့ထင်ပါတယ်...

ကျွန်တော့အထင်တော့ ကျွန်တော်တို့ဗမာစာလုံးတွေက ရှုပ်ပါတယ်.. စလုံးရှိနေရင်... ဘာလို့အသံထွက်တူတဲ့ ဆလိမ်ကို ရှုပ်အောင်ထည့်ပေးလိုက်ရတာလဲ..
နကြီးရှိတယ် နငယ် ရှိတယ်၊ ဂကြီးရှိတယ် ဂငယ်ရှိတယ်၊ ဘာလို့ က ကြီး ရှိပြီး ကငယ် မရှိတာလဲ..
ဘကို ကုန်းလို့တစ်မျိုး ဘကို အထက်ကချိုင့်လို့တဖုံ..
ဒဒွေး(တွေး) နောက်ပြီး ဒအောက်ချိုင့်(ဓ)
သရှိတယ်၊ သကြီး... (အက္ခရာ ၃၃ လုံးထဲမပါဘူး)
ရ ကို ပဲ ကောက်လိုက်၊ ယကို ပက်လက်လုပ်လိုက်နဲ့
ဇကွဲ ကို ဇမျင်(မြင်၊ မျဉ်း)ဇွဲ(ဆွဲ)... ဒါမှမဟုတ် စလုံး ရပင့်လား (သဝေထိုး စလုံး ရပင့် ဝေးစနှစ်လုံးပေါက် - ဈေး။ သဝေထိုး ဇမျဉ်ဇွဲ ဝေးစနှစ်လုံးပေါက် - ဈေး)

ရှုပ်ကို ရှုပ်ပါတယ်.. လမ်းဂွေ့ရှ်တွေမှာ အရေးကြီးတာ က ဆိုလိုရင်းကို အဓိပါယ်ပေါ်လွင်အောင် ဖော်ပြနိုင်ရင် ပြီးတာပဲ..ဆင်ပလီဖိုင်းဖြစ်သင့်တယ်လို့ထင်တယ်..

Anonymous said...

အင်း... နောက်တစ်ခု စဉ်းစား မိလို့...
စာတို့ စကားတို့ ဆိုတာက တဖြည်းဖြည်း နဲ့ အချိန်ကာလကြာရှည်စွာ ပြောင်းလဲဖြစ်ပေါ်လာကြတာပဲ... အင်းအခုကြမှ အတင်းအကျပ် မပြောင်းလဲနဲ့ ပြောင်းလဲရင်မှားတယ် ဆို ..
စဉ်းစားစရာပါ...
ဘယ်လောက်မြန်မြန် အများစုက လက်ခံနိုင်မယ်ဆိုတာတော့ ခေတ်ကာလ အခြေအနေပေါ်မှာမူတည် မယ်နဲ့တူတယ်..
အများစု ကလက်ခံနိုင်သွားရင် တော့ မှန်သွားမယ်လို့ ယူဆပါတယ်..

Anonymous said...

ကိုကလိုစေထူးပြောသလို ဘလောဂ့်ပိုင်ရှင်က ဒီလောက်ပဲ တင်ပေးတော့ အဲလောက်နဲ့ပဲ ကျေနပ်ရမှာပေါ့ ။ ဒါပေမယ့် မျက်နှာငယ်လေးနဲ့ ပြောပြချင်တာ.. ဆရာမ မစန္ဒာဟာ ဂျစ်တူးရဲ့ အကြိုက် အကြိုက် အကြိုက်ဆုံးပါး) ဟီဟီ သနားပြီး အပြည့်အစုံ scan လုပ်ပြီး တင်ပေးမလားလို့ ပြောကြည့်တာပါ ။

စာရေးဆရာမ မိုးမိုး (အင်းလျား) နဲ့ ဂျူးတို့ကိုလည်း အသေကြိုက်တယ် ။

ဒါနဲ့ စ နဲ့ ဆ အသံထွက် ကွဲတယ်လို့ ခုမှပဲ ကျမသိတော့တယ် မမေရေ ။ ကျေးဇူးပါပဲ ။ တ နဲ့ သ တော့ ကွဲပါတယ် ။ မင်းသမီး နန္ဒာလှိုင်ပြောရင် မကွဲတော့ နားထဲ တမျိုးကြီး ။

အပေါ်ကရေးသွားသလိုဆိုရင်.. ကိုကလိုစေထူးလို ယောက်ျားလေးတွေကတော့ အဲလို မပီတာလေးကိုမှ ကြိုက်ကြတယ် ထင်ရဲ့ ဟဲဟဲး)

Thet Htoo@Myat Lone said...

မမေဓာဝီခင်ဗျာ။ အချိန်ရရင် စလုံးနဲ့ ဆလိမ် ဘယ်လို အသံထွက် ကွဲအောင်ထွက်ရလဲဆိုတာ ပြောပြပေးပါဦးခင်ဗျာ။ ကျွန်တော်လည်း မသိလို့ပါ။

Cherry Princess said...

အစ်မ မေဓာဝီ... ခုလိုရှင်းပြောပြတဲ့အတွက် ကျေးဇူးပါနော်..