ခုဖော်ပြမယ့်စာက ကျမရေးတာ မဟုတ်ပါဘူး။ ၁၉၉၁-ခုနှစ်က ကျမရဲ့ ဖခင်ကြီး စီစဉ် ရေးသား ထုတ်ဝေခဲ့တဲ့ “ဒီပဲယင်း ဆရာတော်ဘုရားကြီး၏ မနောဒိဋ္ဌ၀န္ဒနာ ဘုရားရှိခိုး” စာအုပ်ထဲက ကောက်နုတ် ဖော်ပြခြင်းပဲ ဖြစ်ပါတယ်။
ကျမတို့ဟာ ပုထုဇဉ် လူသားတွေပီပီ ဒေါသနဲ့ မကင်းနိုင်ကြပါဘူး။ ကိုယ့်စိတ်နဲ့ အခန့်မသင့်ရင် ထစ်ခနဲဆို ဒေါသ ဖြစ်ကြတယ်။ ဒေါသဆိုတာ မကောင်းမှန်း သိလျက်နဲ့လည်း ဒေါသကို မထိန်းနိုင်ကြဘူး။ ဒါဆို ဒေါသမဖြစ်အောင် ဘယ်လို လုပ်ကြမလဲ ….။
စဉ်းစားတဲ့အခါမှာ …ဒေါသရဲ့ ဆန့်ကျင်ဘက် အဒေါသဟာ မေတ္တာ ဖြစ်ပါတယ်။ မေတ္တာထားခြင်းဖြင့် ဒေါသကို လျော့နည်းစေနိုင်သလို သည်းခံခြင်းဖြင့်လည်း ဒေါသကို ပယ်ဖျောက်နိုင်တယ်လို့ သိရပါတယ်။
မေတ္တာဆိုတာ အဖန်ဖန်အထပ်ထပ် ပွားများရမှာဖြစ်သလို သည်းခံခြင်းကလည်း အဖန်ဖန်အထပ်ထပ် လေ့ကျင့်ယူရမှာပါပဲ။ “ခန္တီပရမံ တပေါတိ တိက္ခာ” “သည်းခံခြင်းသည် အမြတ်ဆုံးအကျင့်” လို့ ဘုရားရှင်တိုင်းက ဟောတော်မူခဲ့တယ် မဟုတ်လား။ သည်းခံခြင်းနဲ့ ပတ်သက်လို့ ကိုကဒေါင်းက သူ့ဘလော့မှာ ကျမကို တခါမေးဖူးပါတယ်။ ကျမလည်း အဲဒီတုန်းကတော့ လွယ်လွယ်ကူကူ ခပ်တိုတိုပဲ ဖြေခဲ့ပါတယ်။ စိတ်ထဲမှာတော့ ဒီထက်မက ရှင်းလင်း ပြောပြချင်တဲ့စိတ် ကိန်းအောင်းလို့ နေပါတယ်။ ဒါပေမဲ့ ကျမကိုယ်တိုင်လည်း ရှင်းလင်းအောင် မပြောပြတတ်တဲ့အတွက် အဖေ့စာအုပ်ထဲမှာပါတဲ့ အချက်အလက်တွေကို ပြန်လည်ကူးယူ ဖော်ပြလိုက်ပါတယ်။
***
ခန္တီဂုဏ်
မြတ်စွာဘုရားရှင်၏ အလွန်ကြီးမြတ်သော သည်းခံခြင်းဂုဏ်။
မှတ်ချက်။
လူ, နတ်, နိဗ္ဗာန်ကို ရည်မှန်း၍ ကြမ်းတမ်းပြစ်မှားမှု ဒေါသမှ သည်းခံခြင်း တည်းဟူသော ပါရမီမြောက် ခန္တီတရား ၃-ပါး ရှိသည်။
(၁) ခန္တီပါရမီ =ရွှေ၊ ငွေ၊ ဥစ္စာ စသည့် အပဖြစ်သော ၀တ္ထုပစ္စည်းတို့ အတွက် သည်းခံခြင်း။
(၂) ခန္တီဥပပါရမီ =ခြေ၊ လက်၊ မျက်စိ စသော ကိုယ်တွင်း ၀တ္ထုတို့ အတွက် သည်းခံခြင်း။
(၃) ခန္တီပရမတ္ထပါရမီ = မိမိအသက်ကို သတ်ဖြတ် ဖျက်ဆီးရာ၌ သည်းခံခြင်း။
သည်းခံခြင်းတရားသည် လောက၌ သူတော်သူမြတ်တို့၏ အားတခုဖြစ်ပေသည်။
ဘုရားရှင်သည် အားရှစ်မျိုးကို ဟောကြားရာ၌ …
(၁) ငိုကြွေးခြင်းသည် ကလေးသူငယ်တို့၏ ကိုးစားရာ အားတည်း။
(၂) အမျက်ထွက်ခြင်းသည် မိန်းမတို့၏ ကိုးစားရာ အားတည်း။
(၃) လက်နက်အမျိုးမျိုးသည် ခိုးသူဓားပြတို့၏ ကိုးစားရာ အားတည်း။
(၄) ကျယ်ဝန်းစွာသော နိုင်ငံနယ်ပယ်ကို အစိုးရခြင်းသည် ပြည့်ရှင်မင်းတို့၏ ကိုးစားရာ အားတည်း။
(၅) သူတပါးတို့ကို ကြံကြံဖန်ဖန် ကဲ့ရဲ့ခြင်းသည် လူမိုက်တို့၏ ကိုးစားရာ အားတည်း။
(၆)သေချာစွာ စူးစိုက်ဆင်ခြင်ခြင်းသည် ပညာရှိတို့၏ ကိုးစားရာ အားတည်း။
(၇) အဖန်ဖန် စဉ်းစားဆင်ခြင်ခြင်းသည် အကြားအမြင်များသော သူတို့၏ ကိုးစားရာ အားတည်း။
(၈) သူတပါးတို့ ကျူးလွန်လာသည့် အပြစ်ကို အမျက်မထွက် သည်းခံခြင်းသည် ရဟန်းပုဏ္ဏားတို့၏ ကိုးစားရာ အားတည်း။
ထို့ပြင် မြတ်စွာဘုရားသည် မင်္ဂလာတရားတော်၌ “ခန္တီတရား” ကို ၂၇-ပါး မြောက် မင်္ဂလာအဖြစ် ဟောကြားတော် မူခဲ့သည်။
တဦး၏ ကျူးလွန်မှုကို တဦးက သည်းခံနိုင်ခြင်းသည် ကုသိုလ်တရား တိုးပွားရင့်ကျက်မှု၏ အကြောင်းဖြစ်၍ မင်္ဂလာ မည်၏။
သူတပါးက မိမိအပေါ်၌ ကိုယ်ဖြင့် ဖြစ်စေ၊ နှုတ်ဖြင့် ဖြစ်စေ ကျူးလွန်ထိပါး လာသည်ကို (အပြစ်အနေဖြင့်)ဗွေမယူဘဲ ကျေနပ်စွာ လက်ခံထားနိုင်ခဲ့လျှင် (အကျူးလွန်) ခံရသူက တုံ့ပြန်ခွင့်ရှိသော အမျက်ဒေါသ သည်လည်း စိတ်ထဲ၌ အမြစ်မတွယ် အလွယ်ပြေပျောက် သွားရတော့၏။
သို့သော် ကျေနပ်မှုသဘော မသက်ဝင်ပါက မနိုင်၍ သည်းခံရသည့်တိုင် နိုင်လောက်သည့်အခါ လက်စားချေမည်၊ တုံ့ပြန်မည်ဟူသော ရန်ငြိုးဖွဲ့မှု သဘောဆိုးများ ကိန်းဝပ်နေမည်မှာ သေချာ၏။ ဤသို့ မကျေနပ်မှု ဒေါသ ပြဋ္ဌာန်းသော ခန္တီသည်ကား ခန္တီ အစစ်မဟုတ်ပေ။ ထို့ကြောင့် သည်းခံခြင်းဟူသည် သူတပါး၏ ကျူးလွန်မှုကို အပြစ်အနေဖြင့် မမှတ်ယူဘဲ ကျေနပ်ခြင်း သဘော ဖြစ်ပေသည်။
သည်းခံမှုတွင် …
(၁) အားရှိသူက အားမဲ့သူအပေါ် သည်းခံခြင်း။
(၂) အားမဲ့သူက အားရှိသူအပေါ် သည်းခံခြင်း။ ဟူ၍ ၂-မျိုး ရှိပြန်၏။
(၁) အမှတ် သည်းခံခြင်းသည် အားရှိသူတို့ ကျင့်ထိုက်သော “ဗလ၀ခန္တီ” ဖြစ်၍ (၂) အမှတ် သည်းခံခြင်းသည်ကား အားမဲ့သူတို့နှင့် သက်ဆိုင်သော “ဒုဗ္ဗလခန္တီ” မျိုး ဖြစ်လေသည်။
ကျမ်းဂန်တို့၌ “နိစ္စံ ခမတိ ဒုဗ္ဗလော” “ရှုံးသူသည် နိုင်သူပြုသမျှကို ခံရမြဲဖြစ်၏” ဟု ဖော်ပြလေသည်။ ထို့ကြောင့် နိုင်သူ (အင်အားရှိသူ) က ရှုံးသူ (အင်အားချိသူ) အပေါ် သည်းခံရခြင်းသည် စိတ်ထား မွန်မြတ်သူတို့၏ ကျင့်ဝတ်တခု ဖြစ်လေသည်။
သုဓမ္မာသဘင်သို့ သိကြားမင်း ၀င်ထွက်နေသည်ကို မြင်တိုင်း ကြမ်းတမ်းစွာ ဆဲရေး တိုင်းထွာလေ့ရှိသော စစ်ရှုံးဘုရင်ဖြစ်သူ ဝေပစိတ္တိ နတ်မင်းကြီးအား သိကြားမင်းက မည်သို့မျှ တုံ့ပြန်ခြင်းမပြုဘဲ
“ငါလို စစ်နိုင်သူ သိကြားမင်းက စစ်ရှုံးသူ ဝေပစိတ္တိ အပေါ်၌ သည်းခံရခြင်းမျိုးသည် နိုင်လောက်လျက် သည်းခံရခြင်း ဖြစ်သောကြောင့် သာလွန်၍ မွန်မြတ်လှသည်” ဟု မာတလိနတ်သားအား သိကြားမင်း ပြောကြားသည်ကို ထောက်ရှုရာသည်။
“အက္ကောဒေန ဇိနေကောဓံ” “အကြမ်းဖက်လာသူကို မိမိက အကြမ်းမဖက်ဘဲ သည်းခံသဖြင့် အောင်မြင်စေရမည်” ဟု ဘုရားရှင် ဟောတော်မူသည်။
ဘုရားရှင်သည် သည်းမခံသူအတွက် ရတတ်သော (မျက်မှောက်၊ တမလွန်) အပြစ်များကို အောက်ပါအတိုင်း ညွှန်ပြတော်မူသည်။
(၁) အများ၏ မုန်းတီးမှုကို ခံရခြင်း။
(၂) ရန်သူများခြင်း။
(၃) အပြစ်အနာ အဆာများခြင်း။
(၄)တွေတွေဝေေ၀သေရခြင်း။
(၅)သေပြီးနောက် အပါယ်သို့ လားရခြင်း … တို့ ဖြစ်လေသည်။
သို့ဖြစ်ရကား မှတ်သားရန် အချုပ်ကို ဆိုရလျှင် သည်းမခံခြင်းကြောင့် ဖြစ်နိုင်သော လောကပြစ်၊ သံသရာပြစ်များကို ဆင်ခြင် သုံးသပ်ပြီးလျှင် ခန္တီတရား လက်ကိုင်ထား၍ အကြမ်းဖက်လာသူကို သည်းခံမှုဖြင့် အနိုင်ယူခြင်းသည်သာ “တကယ့်အောင်ပွဲအစစ်” ဟု မှတ်ယူ နှလုံးသွင်းကြရာသည်။
***
ဦးမောင်မောင် (ဟံသာဝတီ) စီစဉ်သော ဒီပဲယင်းဆရာတော်ဘုရားကြီး၏ မနောဒိဋ္ဌ၀န္ဒနာ ဘုရားရှိခိုး စာအုပ် - (စာမျက်နှာ ၁၆၆-၁၆၉) မှ
***
11th May, 2007
00:10 am
Subscribe to:
Post Comments (Atom)
2 comments:
အမရေ..
အမဖေဖေရေးခဲ့တဲ့ ဒီစာလေးကို ဖတ်လိုက်ရတာဟာ ကျနော့်ကို တိုက်ရိုက် ဆုံးမစကားဆိုနေတဲ့ အလားခံစားရပါတယ်။ ဟုတ်ပါရဲ့။ ဒေါသမီးကြောင့် ပူလောင်ခဲ့ရတဲ့ ကျနော့်အချိန်တွေ မနည်းခဲ့ပါဘူး။ ဒေါသရှေ့ထားမိလို့ ဆုံးရှုံးခဲ့ရတဲ့ မိတ်ဆွေတွေလည်း ရှိရဲ့။ သည်းမခံသူအတွက် ရတတ်သော အပြစ်တွေကို ရှောင်ရှားနိုင်ဖို့ သည်းခံနိုင်အောင် ကြိုးစားရတော့မှာပေါ့..။ တကယ်ကို ကျေးဇူးတင်ပါတယ်
မမေရေ.. ဟိုတနေ့က ညီမအလုပ်မှာ မခံချင်စိတ်ကြောင် စိတ်တိုခဲ့ရတာ ၊ ဒီဟာလေးဖတ်ပြီး သည်းခံနိုင်အောင် ကြိုးစားပါ့မယ် ။ သိပ်ကောင်းတဲ့ ပို့စ်လေးပါ ။ ကျေးဇူးပါပဲ ။
ဒါပေမယ့် အဲဒီ စိတ်တိုတာ လျော့နည်းလာပေမယ့် ပပျောက်သွားဖို့ အတော်ခက်တာပဲနော်...
Post a Comment