Friday, May 25, 2007

ညွှတ်မိသည့် ဒေါင်း ...

ဒီကဗျာကို ရေးဖြစ်ရခြင်း အကြောင်းကို ပလ္လင်ခံပါရစေဦး။
ကိုပုထုဇဉ်က “နှစ်ဆယ့်တစ်ရာစု ဒေါင်းဋီကာ” ဆိုပြီး ဒေါင်းတက်ကနီကာလာ တွေနဲ့ ရေးဖွဲ့ခဲ့ပါတယ်။
ကိုပုထု ပြီးတဲ့နောက် ကိုနတ္ထိရဲ့ အမည်ပေးကင်ပွန်းတပ် ကောင်းမှုကြောင့် ပန်ဒိုရာက “ဒန်းစီးတဲ့ဒေါင်း” (၂၁-ရာစု ဒေါင်းအနုဋီကာ) ကို ဆက်ပြီးရေးတယ်။
ပန်ဒိုရာဒေါင်းပြီးတဲ့နောက်မှာ ကိုနတ္ထိက “ဒေါင်းမဓုဋီကာ” ဆိုပြီး ဒန်းစီးရင်း down တဲ့ ဒေါင်းတွေ အကြောင်း ထပ်ရေးပြန်တယ်။

သူတို့ရေးပြီးနောက်ပိုင်း ဘယ်သူတွေ ရေးသေးလဲတော့ လောလောဆယ် မသိပါဘူး။ ဒါပေမဲ့ … ကျမလည်းပဲ ဒေါင်းကဗျာတပုဒ် ရေးချင်စိတ် ပေါက်လာတယ်။ ခက်တာက … ကျမ ရေးချင်တဲ့ ဒေါင်းဟာ … သူတို့လို ဒေါင်းမျိုးတော့ မဟုတ်ပါဘူး။ (သူတို့လို ဒေါင်းတွေအကြောင်း မရေးတတ်တာလဲ ပါပါတယ်။) ဒါနဲ့ပဲ ကျမစိတ်ထဲ အမြဲရှိနေတဲ့ ဒေါင်းအကြောင်း ရေးဖြစ်သွားတယ်။ ဒေါင်း strategy က သွေဖည်တယ်ပဲဆိုဆို ကျမရဲ့ ဒေါင်းက ၂၁-ရာစု ဒေါင်းတော့ မဟုတ်ပါဘူး။
နိပါတ်တော်ထဲက ဒေါင်း … ။

အဲဒီဒေါင်းကတော့ ….
ဟိုးရှေးရှေးက ဟိမ၀န္တာတောထဲမှာ ကျင်လည်ကျက်စားခဲ့တဲ့ ဥဒေါင်းမင်းပါ။
အားလုံးသိပြီး ဖြစ်တဲ့အတိုင်း မောရသုတ်မှာပါတဲ့ ဘုရားလောင်း ဥဒေါင်းမင်းပါပဲ။ နေ့စဉ်မပြတ် ရွတ်ဖတ်နေတဲ့ ဂါထာတန်ခိုးနဲ့ နှစ်ပေါင်းများစွာ အန္တရာယ်ကင်းခဲ့ပေမယ့် နံနက်ခင်းတခုမှာ ဒေါင်းပျိုမရဲ့ မြှူဆွယ် ဖြားယောင်းမှုကြောင့် ဂါထာမရွတ်မိလို့ ညွတ်ကွင်းကို သက်ဆင်းခဲ့ရတဲ့ ဘုရားလောင်း ဥဒေါင်းမင်း အကြောင်း တွေးမိရာက … ဒီကဗျာလေးတပုဒ် ရေးဖွဲ့မိပါတော့တယ်။
***
“ညွှတ်မိသည့် …ဒေါင်း”

တောမြိုင်ယံ ဟေမ၀ါတွင်း
ဥဒေါင်းမင်း နေကိုမြင်
ဘုရားရှင် သူရှိခိုး၊
*ဥဒေတယံနဲ့
အန္တရာယ် ရန်စွယ်ကင်း
ရွတ်ခြင်းအကျိုး။

ဘယ်မုဆိုး အထွေထွေ
ဒေါင်းကိုလေ ဖမ်းပါဘိ
မမိနိုင်ပေ၊
မင်းဆက်တွေ ဘယ်လိုပြောင်းသော်လဲ
ဥဒေါင်းပျို ဂါထာရွတ်
ညွှတ်ကွင်းကလွဲ။

သို့ပေသည့် မုဆိုးလျင်
ဒေါင်းမပျို သူသင်ကြား
မြှူမျှားဖို့ပင်၊
နံနက်တွင် ငှက်ဘုရင်အပါး
ဥဒေါင်းပျို မေအလှရယ်က
တွန်ကပါလား။

ဒေါင်းပျိုမေ့ တွန်သံချို
ဥဒေါင်းဖို နားကိုခတ်
မှင်တက်သလို၊
ဆိုနေကျ ဂါထာကို
ဥဒေါင်းဖို မရွတ်အား
ဒေါင်းမပျို ရူပါကျောမှာ
မျောပါလို့သွား … ။

သည်အခိုက် မုဆိုးလျှင်
ဥဒေါင်းဖို လာမည့်လမ်းမှာ
ညွှတ်ကွင်းကိုဆင်၊
ညွှတ်ကိုပင် မမြင်ဘိလေတောင်း
ကာမဂုဏ် အာရုံငြိလေတော့
ညွတ်မိသည့် ဒေါင်း။ … ။

***
တကယ်တမ်းတော့ ကဗျာက မပြည့်စုံ သေးပါဘူး။ ဒီနိပါတ်တော်က အားလုံးလိုလို သိပြီးဖြစ်တာမို့ ဇာတ်ကြောင်းအကုန်ခင်းရင် ရှည်လျား ထွေပြားနေမှာစိုးတာနဲ့ ဒီလောက်ပဲ ရေးလိုက်တာပါ။

အလောင်းတော်မြတ် ကိုယ်တိုင်တောင်မှ မ-အာရုံနဲ့တွေ့ရင် ခုလိုကြုံရသေးတာမို့
ပညာရှိ မဟာပုရိသများ သတိထားကြပါလို့ပဲ … ။
***
မေတ္တာဖြင့် …

မေဓာဝီ
၂၄၊ မေ၊ ၂၀၀၇
ညနေ ၆ နာရီ ၃၀ မိနစ်

*(မောရသုတ်မှ)

7 comments:

pandora said...

ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာလေးတွေကိုတောင် သတိရသွားတယ်။ မမေဒေါင်းကတော့ သတိမလွတ်စေဖို့ တရားရေအေး ဗားရှင်းပေါ့နော်။ မောလိုက်တာ မမေရယ်။ ပူလောင်သမျှတွေ မမေအရိပ်ထဲ မှာခဏ လာလာပြီး နားရတယ်။ ကဲ အချိန်စေ့ပြီ။ အပူတောထဲ ပြန်တိုးလိုက်ဦးမယ်ဗျို့။

Ka Daung Nyin Thar said...

ီဒီနေ့ ဖိုးဖိုး ဦးနု နှစ်တရာပြည့်.. http://peoplewinthrough.com/ ကို သွားဖတ်ကြည့်ပါ။

Anonymous said...

Thanks, Ma May.
I think this post is only for men :P
They have to be careful . Don't they ?
Could you please write another article for women? Thanks again, mamay.
with love
hana

tint said...

အဲ
မေ က ညွှတ် မိ တာ ရေး တာ ကိုး
ဒေါင်း မ လေး အ ဆိုး ကျ နေ တာ ပေါ့ 
မ ရ ဘူး အ ယူ ခံ ၀င် မယ်
၁) ဥ ဒေါင်း မင်း ကို က ကျနေတာ .. လူ တွင် ပါ မှ နွား ကျား ကိုက်
၂) ဆက် တွေး နော်
တကယ် လို့  သာ ဒေါင်း မ လေး ကြောင့်  သာ မ ဟုတ် မင်း ကြီး နဲ့  တ ကွ သော တရား နာ ပရိသတ် ဘယ် တရား နာ ရ ပ မ လဲ
ဒီ တော့  ကာ မ ၀ိ တက် တည်း သော အ ကု သိုလ် ဟာ ဒီ နေ ရာ မှာ ကု သိုလ် ဖြစ် စေ တာ ကြောင့်  ဒေါင်း မ လေး ကု သိုလ် ပါ ပါ တယ် ဗျ
အ ဆိုး ချည်း မ ချပါ နဲ့  လို့  အယူ ခံ ၀င ရ ပါ ကြောင်းး

နတ္ထိ said...

ပါဠိစာပေထဲမှာ အလောင်းတော်ကြီးနဲ့ ပတ်သက်ပြီး ဒီလို ကိစ္စလေးတွေ ပြထားတာ ရှိတယ်။ ဒါက နမူနာလောက်ပါ။ မပြည့်ဝမှုဟာ ဣတ္ထိ ပုရိသ မရွေးပါဘူးနော်။ အဘိဓမ္မာဒေသနာအရ လောဘမူစိတ် ၈ပါးနဲ့ သူ့ စေတသိက်တွေ ဖြစ်နိုင်တဲ့ ပုဂ္ဂိုလ်တွေတိုင်း သူ့နေရာနဲ့သူ ကြုံတွေ့နိုင်ပါတယ်။ ဖောက်ပြန်ခြင်းဆိုတာကတော့ ကောင်းမယ် မထင်ပါ။ အထူးသဖြင့်တော့ ဗြဟ္မစရိယအကျင့်ကို ကျင့်ကြံသူများ သတိပြုရမှာပါ။
ဘုရားဖြစ်တော်မူပြီး မာရ်နတ်သမီးတွေကို အောင်နိုင်တော်မူတာကတော့ အရမ်း အရမ်းကို ကြည်နူးစရာကောင်းပါရဲ့ဗျာ။ ဂါထာတစ်ပုဒ် ရေးဖွဲ့ဖူးတယ်။ “၀”ဂါထာလေး။ ပိုစ့် တင်ပေးမယ်ဗျာ။

mmblogbook2 said...

ကျေးဇူးပြု၍ မြန်မာဘလော့ဂ်စာအုပ်အတွက် စာမူများကို မေလမကုန်ခင် အမြန်တင်ပေးစေလိုပါသည်။ မိမိဖတ်ရမည့်ဘလော့ဂ်များတွင် တင်စရာပို့မရှိပါကလဲ မရှိကြောင်းနှင့် ဖတ်ရန်အချိန်မရှိပါကလည်း မရှိကြောင်း nayphonelatt@gmail.com , brvboy@gmail.com, oa6.mrpooh@gmail.com တို့သို့ မေးလ်ပေးပို့စေလိုပါသည်ခင်ဗျာ။

သူကြီးမင်း (တုံးဖလား) said...

ကရွတ်တွင်းမှာ
ညွတ်ကွင်းဆင်စေဦးတော့
ဇွတ်အတင်းဝင်ချင်သူပါကွယ်။

မခိုင်လျှင် မပတ်ပါနဲ့
ယိုင်တိုင်တိုင်ဆို ပြတ်တတ်တာမို့
မှိုင်တိုင်တိုင်လဲ နေတတ်တယ်။

ကြိုးခွေကို
တိုးချည်ကာ ရစ်ပါစေ
ဆိုးမွေတွေ မကြောက်ပါဘူး။

ဥဒေါင်းပမာ နိပါတ်ထုတ်ပေမဲ့
ဆုတောင်းကာ ကြည့်ကြပ်နေလို့ရယ်
စုပေါင်းလာ ချစ်ဓါတ်တွေက မြူး။ :D :D :D

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

.