Tuesday, May 01, 2007

ရာသီဥတု ပူသည် ...

ရာသီဥတု ပူသည်။
ထီးယူလာပါ။
မီးနား မလာရ။
***
အထက်ပါ စာသားလေးကို ငယ်ငယ်က ဆိုခဲ့ အော်ခဲ့ ရေးခဲ့ဖူးပါသည်။
ထိုစဉ်တုန်းကတော့ ဘာရယ်ညာရယ် မသိ၊ စာအုပ်ထဲမှာ ပါသည့်အတိုင်း ဆိုခဲ့ အော်ခဲ့ ရေးခဲ့ခြင်းမျှသာ။
ပူလျှင် အိုက်သည်၊ အေးလျှင် ချမ်းသည်။
ကလေးဘ၀တွင် အိုက်ခြင်း ချမ်းခြင်းသည် စာဖွဲ့စရာ မထင်။ ဟုတ်ဟုတ်ငြားငြားလည်း မခံစားတတ်။
ပူခြင်း အေးခြင်းတို့သည် အမှတ်တမဲ့ပင် ရောက်လာပြီး အမှတ်တမဲ့ပင် ကုန်ဆုံးသွားလေ၏။
ခုတော့ ရာသီဥတု ပူသည့် အရသာကို လက်တွေ့ ခံစားတတ်လာပြီ။ ရာသီဥတု ပူရခြင်း အကြောင်းရင်းကို စဉ်းစားတတ်လာပြီ။

တနှစ်ထက် တနှစ် ပူပြင်းလာသော ရာသီက တစထက် တစ ဆုတ်ယုတ်လာသော ကမ္ဘာကြီး၏ ကျန်းမာရေး အခြေအနေကို ဖော်ပြနေသည့် အလား။
ရာသီဥတု ဆိုသည်မှာ သဘာဝ၊ လူများ ဖန်တီး၍ မရ-ဟု ဆိုသော်လည်း ရာသီဥတု ဖောက်ပြန်ခြင်းက လူတွေကြောင့်ဟု ဆိုနိုင်ပေသည်။ ဖန်တီး၍ မရသော ရာသီကို ဖျက်ဆီးလို့တော့ဖြင့် ရလေပြီ။

ကာဗွန်ဒိုင်အောက်ဆိုက်, ကာဗွန်မိုနောက်ဆိုက်, မီသိန်း စသည့် ဓာတ်ငွေ့များ၊ စွန့်ပစ်ပစ္စည်းများ၊ သစ်တောပြုန်းတီးမှုများ စသည် စသည်တို့က စက္ကန့်တိုင်း မိနစ်တိုင်း ရာသီဥတု ကို ဆိုးဝါးအောင် လုပ်နေကြသည်။ ကမ္ဘာကြီး ပူနွေးလာပြီ။ ရေခဲတောင်တွေ တစစ အရည်ပျော်ကုန်ပြီ။ ပင်လယ်ရေ မျက်နှာပြင်တွေ မြင့်တက်လာကြပြီ။
ကမ္ဘာကြီး ပျက်စီးလုနီးပြီးလော။

တကယ်တမ်း ကမ္ဘာပေါ်တွင် မှီတင်းနေထိုင်ကြသော လူသားများကပင် ကမ္ဘာကြီးကို ဖျက်ဆီးနေကြသူများ ဖြစ်နေကြလေပြီ။ အရင်းစစ်လိုက်တော့ ကမ္ဘာကြီးကို ပျက်စီးအောင် စွမ်းဆောင်နိုင်သူများမှာ လူတွေ၏ လောဘ၊ ဒေါသ၊ မောဟ တို့ပင်တည်း။

ရာသီဥတု ပူသည်။
ဖောက်ပြန်တတ်သော လူသတ္တ၀ါများ၏ လောဘ၊ ဒေါသ၊ မောဟ အပူတို့ကြောင့် အမှန်တကယ်ပင် ရာသီဥတု ဖောက်ပြန် ပူလောင်လှချေပြီ တကား။
***
ပူလောင်သည့် ရာသီဥတု ဒဏ်ကို ခံနိုင်ရည်ရှိဖို့ရန် ထီး၊ ဦးထုပ် စသည်တို့ဖြင့် အကာအကွယ် ပြုကြရသည်။
မနက်စောစော နေအပူရှိန်ကိုပင် အကာအဆောင်း မပါလျှင် မခံနိုင်၊ မနက် ၇-နာရီ ကတည်းက နေအပူရှိန်မှာ တော်တော် ပူပြင်းနေ၏။ ခါတိုင်းဆိုလျှင် ခြံထဲမှ အပြင်ကို ခြေတလှမ်း လှမ်းသည့်အခိုက် နေရောင်ခြည် မျက်နှာပေါ် ကျရောက်သည်နှင့် နေကို ကြည့်ကာ ဥဒေတယံ ဂါထာကို စိတ်ထဲမှ ရွတ်မိသည်။ ခုတော့ အပြင်ကို ခြေမလှမ်းခင်ပင် နေရောင်ခြည်က မျက်နှာပေါ် စူးစူးဝါးဝါး လာရောက် ထိတွေ့ နေချေပြီ။ နေကိုကြည့်ဖို့ မပြောနှင့် နေထိပင် မခံနိုင်တော့။ နေရောင်ကို မျက်နှာလွှဲမိနေပြီ။

“နောက်နေ့ကျ ထီးယူလာခဲ့”
နေပူကြီးထဲမှာ လမ်းလျှောက်လာတာကြောင့် ကျမခေါင်းတွေ ပူနေသည်။
အဖေက ကျမခေါင်းကို လက်ဖြင့် အုပ်မိုးကိုင်စဉ် ပူနေသည့် အထိအတွေ့ကြောင့် နောက်တနေ့ ထီးဆောင်းဖို့ သတိပေးသည်။ ဒီတော့လည်း တော်ရုံတန်ရုံ ထီးဆောင်းလေ့ မရှိသည့်ကျမ ဒီနေရောင်ဒဏ်ကို မခံနိုင်သဖြင့် ထီးဆောင်းရလေတော့၏။

ပူပြင်းသည့် မနက်ခင်းနေရောင်ကို ထီးကလေးနှင့် ကာကွယ်ရင်း အိမ်အပြင် ထွက်ရသည်။ နေရောင်ခြည်ထဲမှာ ပါဝင်သည့် လူကို ဒုက္ခပေးနိုင်သော ခရမ်းလွန် ရောင်ခြည်နှင့် တိုက်ရိုက် မထိတွေ့ရလေအောင် ကျမက ထီးခရမ်းရောင်လေးကို ထုတ်ဆောင်းသည်။ ကျမထီးရွက် ပါးလှပ်လှပ် နှင့် ထီးခရိုင် ခနော်ခနဲ့ကို အဖေကတော့ သဘောမကျ။
“ညည်းထီးကလည်း နေရောင်မလုံပါဘူး” ဟု ဆိုကာ သူ၏ ထီးနက်ကြီးသာ ဖွင့်ဆောင်းလေ၏။
ကျမထီး၏ ၈-ချောင်းသော ကိုင်းလေးတွေက ယိုင်နဲနဲ့။ လေတိုက်လျှင် လန်ချင်ချင်၊ လေပြင်းပြင်းတိုက်လျှင် ထီးကို ခဏ ပိတ်ထားရသည်။ ကျမထီးကလေးက အမြင်မှာ လှပသော်လည်း မခိုင်ခန့်၊ လုံခြုံမှုလည်း မရှိ။ အဖေ့ထီးနက်ကြီးကတော့ ကိုင်း ၈-ချောင်း ရှိတာချင်း အတူတူ မလှပပေမယ့် ခိုင်ခန့်ကာ လုံခြုံမှုရှိလှပါသည်။

ထီးယူလာပါ …
ဟု အဖေကပြောတော့ ကျမ တွေးနေမိသည်။ ထီးဆိုတိုင်းလည်း အပူဒဏ်ကို လုံလောက်စွာ ကာကွယ် ပေးနိုင်ပါ့မလား။ ဒီနောက်မှာ ပို၍ ဆက်လက် တွေးမိပြန်၏။

မှန်ကန်စွာ သိမြင်ခြင်း၊ မှန်ကန်စွာ ကြံစည်ခြင်း၊ မှန်ကန်စွာ ပြောဆိုခြင်း၊ မှန်ကန်စွာ ပြုလုပ်ခြင်း၊ မှန်ကန်စွာ အသက်မွေးခြင်း၊ မှန်ကန်စွာအားထုတ်ခြင်း၊ မှန်ကန်စွာ အမှတ်ရခြင်း၊ မှန်ကန်စွာ တည်ကြည်ခြင်း …
ဟူသည့် ထီးကိုင်း ၈-ချောင်းနှင့်တူသော အကျင့်တရား ၈-ပါး တို့ဖြင့် ထောက်ပံ့ ထားသည့်အပြင် သီလတည်းဟူသော ထီးရွက်ဖြင့် အုပ်မိုးကာ၊ သမာဓိတည်းဟူသော ခိုင်ခန့်သည့် ထီးရိုးကို ပညာတည်းဟူသော လက်ဖြင့် မြဲမြံစွာ ဆုပ်ကိုင်ထားပါမှ တောက်လောင်နေသော အပူမီးတွေကို ကာကွယ်နိုင်ပေမည်။

ကျမမှာတော့ ဤအရာတွေ မပြည့်မစုံ နုန့်နည်းလှသဖြင့် ထီးကိုင်းလေးက ယိုင်တိုင်တိုင်၊ ကိုင်ထားသည့် လက်ကလည်း မမြဲမြံလှ၊ ထီးရွက်ကလည်း ပါးလျလျ၊ ဒီတော့လည်း လောင်မြိုက်သည့် အပူဒဏ် ခံရပေဦးမည်ပေါ့။

သြော် … ထီးယူလာသော်လည်း … မလုံမလဲ နှင့်ပါပေ။
***
ဒီရက်ပိုင်း လျှပ်စစ်မီးတွေ ခဏခဏ ပျက်နေပြီ။
စစချင်းတော့ မီးပျက်ချိန် ၆ နာရီ ကြာမြင့်ပြီး မီးလာချိန် ၁၂-နာရီ ကြာမြင့်သည်။ တရက်ထက် တရက် အပူချိန်ဒီဂရီ မြင့်လာသည်နှင့်အမျှ လျှပ်စစ်မီးကလည်း ပို၍ ပျက်လာချေပြီ။ မီးပျက်ချိန် ၁၂ နာရီ ကြာမြင့်ပြီး မီးလာချိန်က ၆-နာရီ ဖြစ်သွားသည်။

နောက်ပိုင်း မီးလာချိန် ၆-နာရီ ကလည်း မမှန်တော့။
၆-နာရီပင် လုံလောက်အောင် မပေးနိုင်။ လာချိန် ၆-နာရီ အတောအတွင်းမှာပင် ပျက်လိုက် လာလိုက် … ခက်မှန်းရ ခက်လှပြီတည့်။
သုံးလေးရက်စာ ၀ယ်ထားသည့် သားငါး ဟင်းလျာတွေ အသီးအရွက်တွေလည်း ရေခဲသေတ္တာထဲမှာ မွန်းကျပ်ပြီး ပျက်စီး ကုန်ကြပြီ။ ရေခဲသေတ္တာ ဖွင့်လျှင်ပင် အနံ့က သိပ်မကောင်းလှတော့။

မီးဖြင့် လုပ်ရသည့် အလုပ်တွေလည်း ကသိကအောက် ကသီလင်တ ဖြစ်ကုန်ကြပြီ။
မတတ်သာသည့် အဆုံး မီးစက်ခုတ်မောင်းပြီး လုပ်ပေးကြရတော့ ဈေးနှုန်းက အရင်လို မဟုတ်တော့ပြန်ပြီ။ ဒီဇယ်ဈေး ၁-ဂါလံ ၄၅၀၀ ကျပ်ကို ကာမီအောင် ဈေးနှုန်းတွေ တင်ကြရ၏။ ဒီတော့ အရာရာ ဈေးတက်ပြီပေါ့။
ဘယ်လိုလုပ်မလဲ …. ။

တနေ့က မြို့ထဲမှ အပြန် အငှားယာဉ်စီးတော့ ယာဉ်မောင်းက ရာသီဥတု ပူသည့်အကြောင်း ညည်းတွားရင်း
“ရာသီဥတု ပူတာက အကြောင်းမဟုတ်ပါဘူးဗျာ … ဒါသဘာဝပဲ အားလုံး ခံစားနေကြရတာပဲ၊ လျှပ်စစ်မီးလေးတော့ မှန်စေချင်တယ် …. ကျနော် အိပ်မရတာ ၄-၅ ည ရှိနေပြီ။ အိုက်လွန်းလို့ဗျာ … မီးပျက်တော့ ပန်ကာလေးတောင် ဖွင့်လို့မရဘူး”

ကိုယ်ချင်းစာပါသည်။ ကျမကိုယ်တိုင်လည်း ထိုသို့ ခံစားရဖူးပြီ။
ပူရတဲ့အထဲ မီးကပျက်တော့ အိပ်မရ၊ နောက်တနေ့ အလုပ်ကောင်းကောင်း မလုပ်နိုင်၊ အဆင်မပြေ၊ အလိုလို စိတ်တို၊ ဒေါသတွေဖြစ်၊ နောက်ဆက်တွဲ အကျိုးဆက်တွေ … ။ ကာယ လုပ်သားတွေ ဘယ့်နှယ့်များ နေပါလိမ့်ဟု တွေးမိသည်။ နေ့တဓူဝ (နိစ္စဓူဝ) ဘတ်စ်ကားနှင့် သွားလာ နေသူတွေ၊ နေပူစပ်ခါး ဈေးရောင်း နေရသူတွေ၊ ကားမောင်း နေရသူတွေ ဘယ်လိုများ နေကြမလဲ … ။ ပူလွန်းသည့် ရာသီကြောင့်ပဲ ညည်းတွား နေကြမလား။
ပျက်လွန်းသည့် မီးကိုပဲ အပြစ်ဆို နေကြမလား။ အဆင် မပြေမှုများကြောင့် စိတ်တွေတို ဒေါသတွေထွက် ပိုမို ခက်ထန်လာလေမလား။
ကိုယ်နှင့် နှိုင်းယှဉ်ကာ တွေးနေမိပါ၏။

လျှပ်စစ်မီး ဆိုတာ မရှိခင်က လေအေးပေးစက်လည်း မရှိ၊ ပန်ကာလည်းမရှိ၊ ရေခဲသေတ္တာ အ၀တ်လျှော်စက် စသဖြင့် ဘာမှ ရှိတာမဟုတ်။ လျှပ်စစ်မီးပေါ်လာပြီးမှ ဒီအသုံးအဆောင်တွေ တိုးတက် ပေါ်ပေါက်လာကြသည်။
အသေးစား ကုန်စုံဆိုင်မှအစ စက်မှု လက်မှု လုပ်ငန်းကြီးတွေ အဆုံး လျှပ်စစ်မီးဖြင့် အရာရာ ပြုလုပ်နေကြရပြီ။ လျှပ်စစ်မီးမပါလျှင် ဘယ်အရာမှ မဖြစ်တော့။
ဒီလို အချိန်အခါမျိုးကျမှ … အရင်လို အခြေအနေမျိုး ပြန်သွားကြပါဆိုလျှင် ဘယ်သူမှ သွားနိုင်မည် မထင်။ သွားလည်းချင်မှာ မဟုတ်။
နောက်ပြန်ဆုတ်လို့ မရသည့်အဆုံး ရှေ့သို့သာ တိုးသည်ထက် တိုးနေကြရသည် မဟုတ်ပါလော။
***
ဤစာရေးနေစဉ် မီးက ဖျတ်ကနဲ ပြတ်သွား ပြန်သည်။
ယူပီအက်စ်က တတီတီ အော်မြည် အချက်ပေး၏။
ကွန်ပျူတာကို ရှပ်ဒေါင်း လုပ်နေတုန်း အနားမှ ဖယောင်းတိုင်လေး မီးထွန်းညှိလိုက်သည်။
ပြတင်းပေါက်တွေ အကုန်ဖွင့် ခန်းဆီးတွေ အကုန်ဆွဲပြီး အမှောင်ထဲမှာ ဖယောင်းတိုင် အလင်းဖြင့် ထိုင်နေမိသည်။
ပြတင်းပေါက် ဖွင့်ထားသောကြောင့် ပြင်ပမှ ပိုးကောင်လေးတွေ အခန်းတွင်း ၀င်လာကြသည်ကို ဖယောင်းတိုင် မီးဖြင့် မြင်နေရသည်။

ဒီပိုးကောင်လေးတွေက အငြိမ်မနေ။ ဖယောင်းတိုင် မီးအလင်း ရှိရာ တိုးလာကြသည်။ မီးညွန့်က လေတိုက်သဖြင့် တလှုပ်လှုပ် လူးလွန့်လျက်။ မီးကို လာတိုးသော ပိုးမွှားကောင်လေးတွေ ရွှပ်ကနဲ ရွှပ်ကနဲ လောင်ကျွမ်း ကုန်ကြသည်။ တချို့က ဖယောင်းတိုင်ထက် ဖက်တွယ်လျက်။ တချို့က ဖယောင်းတိုင် ခြေရင်းမှာ ၀ပ်စင်းလျက်။

ဒီပိုးကောင် အသေလေးတွေကို ကြည့်ပြီး ကျမတွေးမိပြန်ပါသည်။ ကျမတို့တွေလည်း ဒီပိုးကောင်လေးတွေနှင့် ဘာများ ကွာခြားပါသလဲ။ အလင်းရောင်နှင့်တူသော တဏှာ၏ ဆွဲဆောင်မှု နောက်ကို ကောက်ကောက်ပါအောင် လိုက်ရင်း ပူမှန်းမသိ အပူတောထဲ တိုးမိတိုးရာ တိုးနေကြသည် မဟုတ်ပါလား။ ဒီလိုနှင့် ဘ၀တွေဆုံး … အတုံးအရုံး သေ … ဒါတွေကို တွေ့မြင် ခံစားရတာတောင် နောင်တမရဘဲ မိုက်သည်ထက်မိုက် နေကြတုန်းပါပဲလား။

မီးနားမလာရ …
ဟု ပိုးကောင်လေးတွေကို ဟန့်တားလျှင် မရနိုင်သကဲ့သို့ … ကျမတို့ကိုယ်တိုင်လည်း အဇ္ဈတ္တမီး၊ ဗဟိဒ္ဓမီးတို့၏ ကျွမ်းလောင်မှုတွေကို မပူသည့် မလောင်သည့်နှယ် … မီးအနားသို့ တိုးသည်ထက် တိုး၍ နေကြရင်း ဒီသံသရာ ရေယာဉ်ကြောမှာ မျောနေကြဦးမည် သာတည်း။
***
မေဓာဝီ
27th April, 2007
11:05 pm

(ငယ်စဉ်က ဆိုခဲ့ဖူးသော သင်ခန်းစာထဲမှ စာပိုဒ်လေးအား ခံစားရေးဖွဲ့ပါသည်။)

3 comments:

Anonymous said...

မမေ... ထီး နှင့် မီး ကိုပတ်သက်ပြီး ရေးထားတာလေး အရမ်းကြိုက်ပါတယ် ။ သင်ခန်းစာယူသင့်တဲ့ အတွေးအခေါ်မျိုးတွေ မျှဝေတဲ့ မမေကို ကျေးဇူးတင်မဆုံးပါဘူး ။

Anonymous said...

it does not rain in yangon for a long time i think but here it rains nearly every day, so nice weather, never have power problem, no one need to complian for electric, but here also fire is burning in our heart. it is fire of lobha, but not so much dosa i think because no need to conplain for anything. May those who ruling in Myanmar be kind heart to the people and their thirsty craving to power be less and less day by day for the people to be happy and cool.

ကလိုစေးထူး said...

ငါးရက်စာ နားလိုက်ရလို့ လက်စွမ်းတွေ ပြနေသလားမှတ်ရတယ်.. ကောင်းလိုက်တဲ့ သရုပ်ဖော်အဖွဲ့။ ထီးကိုင်း ၈-ချောင်းနဲ့တူတဲ့ အကျင့်တရား ၈ ပါးကို သဘောကျမိတယ်ဗျာ။ ဒါနဲ့..အခုတလော မမေဓာဝီရေးတဲ့ စာတွေကို ဖတ်ရတာ.. အရမ်းပူအိုက်တာပဲ.. :D
ကျနော်ကလည်း ဂျစ်တူးစကားကို သံယောင်လိုက်ပါမယ်။ (ဂျစ်တူးရေ.. ကော်ပီရိုက်တော့ ခွင့်လွှတ်နော်.. :D) အခုလို စာမျိုးလေးတွေ များများပြန်ရေးပေးပါ။ အသိအမြင်တိုးစေလို့ ကျေးဇူး အထူးတင်ပါကြောင်း.။ :)