Monday, August 03, 2009

မပြေတဲ့ အလွမ်း

“လွမ်းတယ် …”
ဒီစာလုံးလေး နှစ်လုံးကို ချရေးဖြစ်စဉ် ရင်ထဲနင့်ကနဲ နာကျင်မိသည်။
သူကတော့ ဘာတခုမှ သိတော့မှာ မဟုတ်။ ကိုယ့်မှာသာ နှစ်လတွေ ဘယ်လိုပြောင်းပေမဲ့ မမေ့ရက်စွာ အမေ့ခက်ခဲ့သည်လေ။
***
ထိုနေ့က မိုးမရွာခဲ့ပါ။
ကောင်းကင်မှာ တိမ်ညိုများအုံ့ဆိုင်းနေသည့် သီတင်းကျွတ်လ၏ တညနေခင်း ဖြစ်သည်။
ကြိုတင်ချိန်းဆိုထားပါလျက် သူနှင့်တွေ့ရန် စိတ်မပါသော နေ့လည်း ဖြစ်သည်။
ဒါပေမဲ့ …
“၀ီ … ခြံရှေ့မှာ ကိုယ်ရောက်နေပြီနော် …” ဟု သူထံမှ ဖုန်းဝင်လာချိန်မှာတော့ ကိုယ်က အဆင်သင့် ဖြစ်လို့နေပြီ။

သူကတော့ ပျော်နေတာလား စိတ်လှုပ်ရှားနေတာလားမသိ၊ တလမ်းလုံး စကားတွေ ဖောင်ဖွဲ့လျက် ပြောလာသည်။ ကိုယ့်မှာတော့ သူ့ကို အားနာပါးနာ ကတိပေးထားရသည်မို့ စိတ်ထဲ နည်းနည်းတော့ ကျဉ်းကျပ်နေ၏။

ကျောက်မြောင်းထဲက ကြေးအိုးဆိုင်ရောက်တော့ သူ့အကြိုက် အရွက်များများ အသားနည်းနည်း အသည်းမပါသော ကြေးအိုးတပွဲမှာသည်။ ကြေးအိုး မှာထားစဉ် အိမ်က ယူလာသည့် အေဖိုးစာရွက်တထပ် ဘောပန် တချောင်းဖြင့် ကဗျာထိုင်ရေးနေ၏။ တချက် တချက် ကိုယ့်ကို စကားလှမ်းပြောပေမဲ့ သူ့အာရုံက လုံးလုံးလျားလျား ကဗျာထဲမှာ ဆိုတာ သိနေပါသည်။

မှာထားသော ကြေးအိုးရောက်လို့ ကိုယ်က စားနေပေမဲ့ သူက မစားသေး။ အငွေ့ထောင်းထောင်း ထနေသော ကြေးအိုးပန်းကန်ကို ဘေးမှာထားပြီး ကဗျာတပုဒ်ကို သည်းကြီးမည်းကြီး ရေးနေသော သူ့ကို ကြည့်ရင်း ကိုယ်နည်းနည်း စိတ်ပျက်မိတာ ၀န်ခံပါသည်။

“ငါမို့ ဒီလောက် သည်းခံနေတာ၊ သူ့ရည်းစားဆိုရင်တောင် ဒီလောက် သည်းခံနိုင်မှာ မဟုတ်ဘူး …” ဟုလည်း ညစ်ကျယ်ကျယ် တွေးမိသေးသည်။

တကယ်က သူလဲ ကိုယ့်ကို တော်တော်လေး သည်းခံနိုင်ခဲ့သည်ပါပဲ။ ကိုယ်တို့ နှစ်ယောက်က တယောက်စိတ်ကို တယောက် သိနေကြသော တယောက်နဲ့ တယောက် စိတ်ချင်း နီးစပ်လွန်းသော သူငယ်ချင်းတွေပဲလေ။

အေဖိုး တမျက်နှာနီးပါး ကဗျာရှည်ကြီး ပြီးသွားတော့မှ ကိုယ့်ကို ပြရင်း ကြေးအိုးကို တဇွန်း နှစ်ဇွန်း ခပ်စားသည်။

“၀ီ … ဖတ်ကြည့်ပေး။ ဘယ်လိုနေလဲလို့”

သူ့ကဗျာက ရယ်စရာ ဟာသ ကဗျာတပုဒ်။ သူနှင့် အွန်လိုင်းမှာ ခင်နေသော ညီမလေးတယောက်၏ မွေးနေ့အတွက် လက်ဆောင်ပေးမည့် ကဗျာကလေး။ ကဗျာ အဆုံးမှာ ကိုယ်ပြုံးမိသည်။ သူကား … ဟာသရသကို ထိထိမိမိ ရေးနိုင်သူ တဦးပေပဲ။ မောင်ညင်မလေးတို့ရေ … ဟု အစချီပြီး အင်တာနက် စာမျက်နှာပေါ်မှာ သူရေးခဲ့သည့် ဟာသလေးတွေက ခုချိန်မှာ ပျောက်ပျက်ကုန်လေပြီ။

“ကဗျာက ကောင်းပါတယ် … ကဲကဲ … မြန်မြန်စားလိုက်အုံး၊ စားပြီးရင် သွားမယ်လေ … နောက်ကျတော့မယ်”

အချိန်ကလဲ တော်တော်လင့်နေပြီ။ စားသောက်ခြင်းကို လက်စသတ်ပြီး သူက ပိုက်ဆံရှင်းသည်။ ပြီးတော့ သူ့ကားလေးနှင့် သင်္ဃန်းကျွန်းဘက်ကို ထွက်လာခဲ့၏။
***
ပေးထားသော လိပ်စာအတိုင်း ဟိုမေးသည်မေးဖြင့် နောက်ဆုံး သွားရမည့် အိမ်အနီးကို ရောက်လာခဲ့ပြီ။ ဒီတော့မှ သူက တစခန်း ထတော့သည်။

“၀ီ … ၀ီပဲ သွားပေးပေးတော့နော်၊ လိမ္မာပါတယ်။ ကိုယ် မသွားချင်ဘူး။ သိသွားမှာ စိုးလို့”
“အာ … လုပ်ပြီကွာ … ၀ီ မသွားချင်ဘူး။ တော်ကြာ မမဗန်ကို ၀ီလို့ထင်ရင် ဘယ်လိုလုပ် မလဲ”
“၀ီလို့ ထင်မှာ မဟုတ်ပါဘူး … မမဗန်က တရုပ်မလေးလို့ သူတို့က သိထားကြတာပဲ”
“ဟင်းးးးး စိတ်ညစ်ရပါလားကွာ … ၀ီ မသွားချင်ဘူးကွာ”
“သွားပေးပါ ၀ီရယ် … ၀ီက အရမ်းလိမ္မာတာပဲ … သွားပေးနော် …”

သူက မျက်နှာကလေး အောက်ကျို့ပြီး တောင်းတောင်းပန်ပန် ပြောနေတော့လဲ ကိုယ် ဆက်ပြီး တင်းမထားနိုင်တော့။ သူ့ဇာတ်ရှုပ်တွေက ပြီးလည်းမပြီးနိုင်။ သူ့အွန်လိုင်း သူငယ်ချင်းတွေ အများစုက vampire 6 အမည်ရှိ သူ့ကို မမဗန်ဟူသော အပျိုကြီး မမ တယောက်အဖြစ် သတ်မှတ်ထားကြသည်။ သူ့အရေးအသားကို ဖတ်ကြည့်ကတည်းက ယောက်ျားတယောက် ဖြစ်ရမည်ဟု ကိုယ်က တထစ်ချ ယုံကြည်ပြီးသား။ ဒီလိုနှင့် အစ်အောက်မေးရင်း သူလဲ မငြင်းနိုင်တော့ဘဲ ၀န်ခံလိုက်ရပြီး နောက်ပိုင်း သူနဲ့ ခင်သွားကြခြင်းပင် ဖြစ်သည်။

“ကဲ … ပေး ပေး .. ဒီတခါ နောက်ဆုံးပဲ၊ ဘာမှန်းလဲ မသိဘူး ရှုပ်ကိုရှုပ်တယ်”

ဗြစ်တောက် ဗြစ်တောက် ပြောရင်း သူ့လက်ဆောင်ထုတ်ကြီးကို ယူကာ ကားပေါ်ကလဲ ဆင်းရော သူက စောင့်မနေဘဲ ၀ူးဆို ထွက်သွားပါလေရော။ ဒါနဲ့ ၀င်းတံခါးရှေ့မှာ ရပ်ရင်း ခေါင်းလောင်းကြိုးကလေးဆွဲတော့ ထွက်လာပါသည်။ ခွေးတွေ။ ၀င်းတံခါး သံတိုင်ကြားမှ နှုတ်သီးတွေက အပြင်သို့ တ၀က်တပျက် ထွက်လို့ပင်နေပြီ။ ဟောင်လိုက်တာလဲ တ၀ုန်းဝုန်းနှင့် ဆူညံနေတော့၏။ ကြောက်လန့်တကြား အနောက်ဆုတ်ရင်း သူ့ကားကို အားကိုးတကြီး မျှော်ကြည့်တော့ အတော်လေး ဝေးဝေးမှာ ရပ်ထားသည်။ ကားနောက်ဘက် မီးရောင်လေးပင် ခပ်ပျပျ။

စိတ်ညစ်သွားလိုက်ပုံများ ပြောဖွယ်ရာပင် မရှိတော့။ သူ့ကိုလဲ စိတ်ထဲက ကျိတ်ပြီး ဒေါသတွေ ထွက်နေမိသည်။ သူ ဒုက္ခပေးလို့ ခုလို ဖြစ်ရတာ။ ခဏနေတော့ အိမ်ထဲက လှမ်းမေးသံကြားရသည်။

“ဘယ်သူလဲ … ဘယ်သူနဲ့ တွေ့ချင်လို့လဲ …” တဲ့
“ဟို … လွင့်ကြူကြူဝင် .. အဲ … လွင့်ကြူကြူလွင် … အာ မဟုတ်သေးဘူး .. ၀င့်ကြူကြူလွင် အတွက် မွေးနေ့လက်ဆောင် လာပေးတာပါ”

အရေးထဲ လျှာခလုတ် တိုက်နေသေးသည်။ နာမည်ကလဲ ခက်ပါပေ့။ ခွေးသံတွေကလဲ ဆူညံလို့နေသည်။ အသံရှင် အန်တီကြီးက ထွက်လာပြီး ခွေးတွေကို ထိန်းရင်း သေချာအောင် ထပ်မေးသေးသည်။

“မြင့်ကြူကြူလွင်လား .. ၀င့်ကြူကြူလွင်လား”
“၀င့်ကြူကြူလွင်ပါ အန်တီ … ငယ်လေးလေ … သူ့မွေးနေ့ အတွက် မမဗန်က လက်ဆောင် ပေးခိုင်းလိုက်လို့ လာပေးတာပါ … ဒီမှာ ဒီမှာ … သွားတော့မယ်နော် .. ကျေးဇူးပဲနော် အန်တီ”

အန်တီကြီးဘာမှ ပြန်မပြောခင် လက်ဆောင်ထုတ် အမြန်ပေး၊ ကျေးဇူးတွေ တင်ပြီး ကားဆီကို သုတ်ခြေတင် ပြေးရပေတော့သည်။ ကားပေါ်တက်ပြီးမှ သက်ပြင်းချကာ အသက်၀၀ရှူနိုင်တော့၏။ အကြောင်းစုံ ပြောပြတော့ သူကတော့ တဟီးဟီး ရယ်နေသည်။ ရယ်နိုင်မှာပေါ့လေ .. သူကိုယ်တိုင် သွားရတာမှ မဟုတ်ဘဲကိုး။ ကိုယ့်မှာတော့ ရင်တုန် ပန်းတုန် ဇောချွေးတွေပြန်လို့။
***
ဒီလိုနှင့် အိမ်ကို ပြန်ရောက်တော့ ၁၀ နာရီပင် ထိုးလုပြီ။ ခြံရှေ့မှာ သူက ကားရပ်ပေးပြီး ခြံထဲဝင်သည်အထိ ခဏစောင့်ကြည့်ပေးခဲ့ပါသေး၏။ မသွားခင်က နောက်ကျမည် ၀င်းတံခါး မပိတ်နှင့်ဟု အမေ့ကို မှာထားခဲ့သည်မို့ ၀င်းတခါးက ပိတ်မထား။ စေ့ထားသော ၀င်းတံခါးကြီးကို အားသွန် ခွန်စိုက် တွန်းဖွင့်ပြီး ခြံထဲရောက်သွားတော့မှ သူက နှုတ်ဆက် လက်ပြပြီး ထွက်သွားလေသည်။

အိမ်ရှေ့ရောက်ပြီ။
အဲဒါမှ ဒုက္ခ၊ အိမ်တံခါးသော့က ခတ်ထားပြီးပြီ။ တံခါးခေါက်တော့လဲ မရ။ အပြင်ဆုံး မှန်တံခါးပါ ပိတ်ထားသည်မို့ အိပ်ခန်းထဲ ရောက်နေကြလျှင် ဘယ်လိုမှ ကြားကြမှာ မဟုတ်။ ဖုန်းဆက်၍ ရလို ရငြား သူ့ကားရှိဦးမလား ပြေးကြည့်တော့လဲ အမြီးပင် မမြင်ရတော့။ စိတ်ညစ်သည်ထက် ညစ်လာပြီ။ တံခါးကို ဟိုကလှည့်ခေါက် ဒီကလှည့်ခေါက် … ဘယ်လိုမှ မရတဲ့အဆုံး နောက်ဘက်အိမ်က ကြီးတော်ကြီးဆီကိုပဲ သွားလိုက်ရတော့၏။

ကြီးတော်ကြီးတို့က မအိပ်သေး။ တီဗီကြည့်နေကြသည်။ အကြောင်းစုံပြောပြပြီး ဖုန်းဆက်ကြည့်တော့လဲ မကိုင်ကြ။ ဒါနဲ့ သူ့ဆီကို လှမ်းဆက်ပြီး ဖြစ်ကြောင်းကုန်စင် ပြောရပြန်သည်။ သူလုပ်တာ ကိုယ်ဘယ်လောက် ဒုက္ခတွေရောက်သလဲ။ ကိုယ် ဒုက္ခရောက်လေ သူ့ကိုပဲ မဲပြီး စိတ်တိုလေဖြစ်ရသေးသည်။ နောက်ဆုံး ကြီးတော်ကြီး အိမ်မှ အမကြီး၏ အကူအညီဖြင့် ပြတင်းပေါက် တခုမှတဆင့် သူခိုးလမ်းပြ လုပ်ကာ အိမ်ထဲ မရရအောင် ၀င်လိုက်သည်။ အိမ်ထဲတော့ ရောက်ပြီ။ အိမ်မကြီးထဲ မရောက်သေး။ အလုပ်ခန်းတခန်းထဲ ရောက်သွားခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အဲဒီကတဆင့်ဆို နည်းနည်း နီးစပ်ပြီမို့ အခန်းတံခါးလှည့်ဖွင့်တော့ တံခါးက အပြင်က လော့ခ်ချထားပြန်သည်။

လူတကိုယ်လုံးလဲ ချွေးတွေပျံနေပြီ။ စိတ်လဲ ညစ်လှပြီ။ အိမ်ထဲမှာ ဖုန်းသံတွေကလဲ ဆူညံနေတာ ကြားနေရသည်။ အိမ်ကလူတွေ ဘာလုပ်နေကြလဲ မသိ။ တုတ်တုတ်မှ မလှုပ်ကြ။ နောက်ဆုံးတော်တော်လေးကြာမှ ဘယ်လိုက ဘယ်လို ကြားသွားလဲ မသိ၊ အမေ တံခါးလာဖွင့်သည်။ အိပ်ခန်းထဲမှာ တီဗီကြည့်နေကြတာ၊ ဖုန်းသံလဲ မကြားဘူးတဲ့။

ကိုယ်က စိတ်ကောက်ရမလား မှတ်တယ် … “ညည်းက နောက်ကျတာကိုး” … ဟု အမေက ဆူချင်သယောင် ပြုသေးသည်။ စိတ်ပျက်လက်ပျက်ဖြင့် ရေချိုးခန်းထဲ ရေ၀င်ချိုးလိုက်သည်။ ရေချိုးပြီးတော့ သူ့ဆီက ဖုန်းလာသည်။

“၀ီ .. အဆင်ပြေသွားပလား …” တဲ့

စိတ်မောလူမောမို့ ဘာကိုမှ မပြောနိုင်တော့။ သူ့ကြောင့် ဒုက္ခရောက်ရသည့် အဲဒီတညကိုလဲ ဘယ်တော့မှ မမေ့ခဲ့။ အဲဒီတုန်းက စိတ်မောခဲ့ စိတ်တိုခဲ့ရပေမဲ့ နောက်ပိုင်းမှာတော့ သူနဲ့အတူ အဲဒီအကြောင်း ပြန်ပြန်ပြောရင်း ရယ်မောခဲ့ကြရသည်။

မောစရာတွေဟာ ကြာလာတော့ ရယ်စရာ ဖြစ်သွား တတ်လေသလား … ။
ဒါမှမဟုတ် ရယ်စရာတွေဟာ ကြာလာရင် လွမ်းစရာတွေ ဖြစ်သွား တတ်လေသလား … ။ ကိုယ်ကတော့ လွမ်းနေမိပါသည်။
***
ကိုယ်နဲ့တကွ သူငယ်ချင်းအားလုံးကို နှုတ်မဆက်ဘဲ ရုတ်တရက် ခွဲခွါသွားခဲ့သူ … သူငယ်ချင်းရေ …
၎-နှစ်နီးပါး ကြာခဲ့ပေမဲ့ ခုထိ မမေ့နိုင်ဘဲ ကိုယ်လွမ်းနေဆဲဆိုတာ ရောက်ရာဘုံဘ၀ကနေ သိနိုင်ပါစေ … ။

ချစ်တဲ့
ဝီ
***
မေဓာဝီ
၃၊ သြဂုတ်၊ ၂၀၀၉
၁၂း၁၁ နာရီ

သူနဲ့ပတ်သက်လို့ ရေးခဲ့တာလေးတွေ
(၁) လွမ်းမပြေ
(၂) အမှတ်တရ စာလုံးလေးတွေ
(၃) လွမ်းဆွတ်ခြင်း များစွာဖြင့်

9 comments:

pandora said...

မောင်ညင်မလေးတို့ရေ.. ဆိုတဲ့ မမဗန်ပိုင်ယာကို မခင်ပေမယ့် အဲဒီဖိုရမ်မှာ ဖတ်ဖူးခဲ့တယ်. သူ့ရဲ့ ကြေကွဲစရာ အဖြစ်ကိုလည်း သိခဲ့တယ်.. အငြင်းပွားဖွယ်တွေရောပေါ့..

ဒီလို သူငယ်ချင်းတွေအပေါ်မှာ ခင်မင်စိတ်ကောင်းထားတဲ့သူ..ကောင်းရာနေရာမှာ ရောက်နေမှာပါ။

ကိုအောင်(ပျူနိုင်ငံ) said...

မမေဓါဝီ စာဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ် တကယ်ပါ။ ဒါနဲ့ စကားမဆက် ကျနော် တဂ်တစ်ခု
တဂ် ထားပါတယ်၊ အဆင်ပြေသလို လုပ်ပါ။ ပျော်ရွှင်စရာ
ပါ စိတ်ဖြေလက်ပျောက်ပေါ့။

ကိုလူထွေး said...

ကြေကွဲစရာပါလား... ဗလယ်ချိုင့်ကို ပစောက်နဲ့ မှားဖတ်နေမိသေးတာ... ဟင်.. တမျိုးပါလားပေါ့...

အခုမှကြားဖူးတာပါ... မရှိတော့ဘူးဆိုတော့ စိတ်မကောင်းဘူး...

MDW နဲ့ ရင်းနှီးခဲ့တယ်ဆိုတော့ ပိုပြီး ခံစားရမယ်ဆိုတာ နားလည်ပါတယ်...

ရွက်လွင့်ခြင်း said...

စိတ်မကောင်းစရာပဲနော်
ဒါနဲ့  သူက ဘာဖြစ်သွားလို့ လဲ
ကျွန်တော်က နဲနဲ ပိန်းတယ်

ရေတမာ said...

မမဗန်ကို မခင်ခဲ့ရပေမယ့် အမ လွမ်းလို့ရေးတဲ့စာနဲ့တင် တော်တော်ခင်ဖို့ကောင်းနေပါပြီ။ စောစော နှုတ်ဆက်သွားတဲ့ မမဗန်အတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်။

တန်ခူး said...

မေရေ… စိတ်မကောင်းလိုက်တာ… ဒါလေးဖတ်ပြီး ရင်ထဲ ဆို့ နင့်သွားတာပဲ…

Anonymous said...

Link ပေးထားတဲ့ 3 ပုဒ်ကိုလည်း သွားဖတ်ပြီးပါပြီ...။
ဘာ့ကြောင့်၊ ဘယ်လိုကွယ်လွန်မှန်းမသိ၊ နာမည်လည်း ခုမှ ကြားဖူေးပမယ့် တစ်မိသားစုလုံးကွယ်လွန်တယ်ဆိုလို့၊ စိတ်မကောင်းဖြစ်မိပါတယ်..။


SDL

Maydarwii said...

အားလုံးပဲ ... ကျမနဲ့အတူ မျှဝေခံစားပေးကြတာ ကျေးဇူးတင်ပါတယ်ရှင်။

ညီလင်းသစ် said...

ကို TZL နဲ့ ပတ်သက်တဲ့ မမေဓာဝီရဲ့ ပို့စ်တွေ အားလုံးလိုက်ဖတ်တာ ဒီတစ်ပုဒ်က နောက်ဆုံးပါပဲ၊ တစ်ပုဒ်ဆုံးတိုင်း စိတ်မကောင်းတခါ ဖြစ်ရပါတယ်၊

ဒီအကြောင်းတွေလည်း အရင်က တခါမှ မကြားဖူးဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် သူလည်း ငြိမ်းချမ်းစေ၊ မေဓာဝီလည်း ချမ်းမြေ့စွာ ဖြေဆည်နိုင်ပါစေလို့....။