Saturday, October 23, 2010

သီတင်းကျွတ်တဲ့ ည ...

ဒီညအတွက် ကြိုတင်ရင်ခုန်နေခဲ့တယ်။
ဘာမင်ဂန် ဘုရားမှာ မီးထွန်းပွဲလုပ်မယ်လို့ သတင်းရကတည်းက သွားချင်နေတာ တပိုင်းကိုသေလို့။ မီးထွန်းပွဲနဲ့ ဝေးကွာခဲ့တာ ၃ နှစ်ရှိပြီလေ။ ဟုတ်တယ် ... ဝေးခဲ့တာ ၂၀၀၇ ခုနှစ်က စလို့ပဲ။ ၂၀၀၇ ကနေ ၂၀၀၉ ထိ သီတင်းကျွတ်ညတွေ ရောက်တိုင်း "ဒီအချိန်ဆို" .... လို့သာ အဝေးကနေ တမ်းတရင်း လွမ်းနေခဲ့ရတယ်။ ဒီနှစ်တော့ ဘာမင်ဂန်စေတီမှာ မီးထွန်းပွဲလုပ်မှာမို့ သီတင်းကျွတ်က ကိုယ့်အနားရောက်လာပြီ ဆိုပါတော့။ ဒီညအတွက် ကြိုတင်ပြီး ဖယောင်းတိုင်တွေဝယ်၊ ပန်းတွေဝယ်၊ သံဃာတော်တွေအတွက် စားစရာတွေချက်ပြုတ် ... ကျမတယောက်ထဲ အလုပ်ရှုပ်လို့ပေါ့။

ရာသီက အေးမြမြ၊ မိုးက ဖွဲဖွဲကျ ... "သီတင်းကျွတ်တွင် ပလ္လင်ဆေးမိုး ရွာသွန်းဖြိုး" ဆိုတဲ့အတိုင်း ပလ္လင်ဆေးမိုးရွာနေသလား မသိပါဘူး။ မီးခိုးရောင် တိမ်တိုက်တွေကြားမှာ လမင်းက ပေါ်ချည် ပျောက်ချည်။

ဘုရားကိုရောက်တော့ မှောင်စပျိုးနေပြီ။ စေတီအ၀င်ဝမှာ ချိတ်ဆွဲထားတဲ့ မီးပုံးကလေးတွေ လေတိုက်တိုင်း ယိမ်းနွဲ့နေကြတာ စေတီထက်က ဆည်းလည်းသံရဲ့ စည်းချက်နဲ့အညီပဲ။ စေတီအ၀င်မှာ ဖယောင်းတိုင်လေးတွေ ထွန်းနေကြတာ မြင်လို့ နောက်ကျပြီလားလို့ ကမန်းကတန်း သွားရတယ်။ မီပါသေးတယ်။ ယူလာတဲ့ ဖယောင်းတိုင်လေးတွေကို မြတ်စွာဘုရား ရုပ်ပွါးဆင်းတုတော် ရှေ့မှာ အစီအရီ မီးထွန်းညှိကြတယ်။

မီးထွန်းနေသည် မေဓာဝီ
(မှတ်ချက်။ ဒီလိုပုံထွက်အောင် တော်ရုံလူ မရိုက်နိုင်ပါ။ ဘုန်းကံကြီးမားသော ပုဂ္ဂိုလ် ရိုက်ပေး၍သာ ဒီပုံစံ မြင်ရခြင်းဖြစ်၏။ )

သရီးဒီအလား ခပ်ဝါးဝါး ...
(မသိရင် သရီးဒီပုံလိုလို ဘာလိုလိုပေါ့။ ဘာမင်ဂန်ကျောင်းက ဘုန်းဘုန်းတပါး ရိုက်ပေးထားတာပါ။)

ထွန်းညှိဆီမီး ထိန်ထိန်ညီး

ဆီမီး ရေချမ်း မွှေးပျံ့ပန်းနှင့် ...
(လာရောက်ကြသူတွေအားလုံး ပန်း ဆီမီး အမွှေးတိုင် သစ်သီးတွေ ဘုရားကို ကပ်လှူကြတယ်)

သြ၀ါဒစကား မိန့်မြွက်ကြား
(ဆရာတော်ဦးဥတ္တရဉာဏက သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ အကြောင်း အကျဉ်းချုပ်ပြောပြပါတယ်)

ပ၀ါရဏာ စုံသံဃာ

ရွတ်ဖတ် စီးဖြန်း မြတ်ပဋ္ဌာန်း
(ဒီပုံထဲမှာ ဘိလပ်က နာမည်ကြီး ဘလော့ဂါ နှစ်ဦးပါတယ်)
ရတနာ သုံးပါး ရိုညွတ်တွား

ပြန်ပါဦးမည် နှုတ်ဆက်သည် ...

သီတင်းကျွတ်လပြည့်ညမှာ ဘုရားရိပ် တရားရိပ် သံဃာရိပ်ကို ခိုလှုံပြီး မြတ်စွာဘုရားကို ဆီမီး ပန်း နံ့သာတွေ ဆပ်ကပ်၊ ပဋ္ဌာန်းနဲ့ မေတ္တသုတ် စုပေါင်း ရွတ်ဖတ်ပူဇော်ခွင့်ရတာ အင်မတန် ၀မ်းမြောက်မိပါတယ်။ တနှစ်တခါ ဒီအချိန်ရောက်တိုင်း လွမ်းရတဲ့ အလွမ်းတွေလဲ အနည်းအကျဉ်း ပြေပျောက်သွားတယ်။ ဒီလိုမီးထွန်းပွဲလေး ဖြစ်မြောက်အောင် စီစဉ်သူတွေ ပါဝင်သူတွေ အားလုံးကိုလဲ အထူးပဲ ကျေးဇူးတင်မိတယ်။ ဘိလပ်ရောက် မြန်မာတွေ စုစုဝေးဝေးနဲ့ ကုသိုလ်ပြုကြရတဲ့ ကြည်နူးစရာ ပျော်စရာ ကောင်းတဲ့ သီတင်းကျွတ်ညလေး တညကို အမြဲ အမှတ်ရနေမိမှာ အမှန်ပါပဲ။
***
မေဓာဝီ
၂၃၊ ၁၀၊ ၁၀
သီတင်းကျွတ် လပြည့်ည
၂၃း၅၉ နာရီ

ရေးခဲ့ဖူးသော ... သီတင်းကျွတ် အလွမ်း
ဒီအချိန်ဆို (၁) နှင့် (၃)

14 comments:

Anonymous said...

သီတင်းကျွတ်တဲ့လား စည်းစိမ်လည်း သီတင်းကျွတ်မျှော်တာအရမ်းဗျ ဆိုင်က သမီးတစ်ယောက်အတွက်ပါး) ဒီမှာလည်း သီတင်းဘယ်လိုကျွတ်သွားမှန်းတောင် မသိဘူး ခါတိုင်းက မိုးလေ ကင်းလွတ်လေ အခုတော့ ပလ္လင်ဆေးမိုးတောင်မကဘူး......မျောမိုးများရွာသလားမသိပေါင်ဗျ၊ အခုချိန်ထိ မိုးမနားသေးတော့ မျောချင်ရာမျောပေါ့။

ခင်မင်စာဖြင့်
seesein

ရွှေရတုမှတ်တမ်း said...

အဲဒီ ၂ယောက် ဘယ်သူတွေလဲဆိုတာ ရိပ်မိသလိုလိုပဲ..

~ဏီလင်းညို~ said...

တော်တော်ပျော်ခဲ့မှာပဲနော်....မမေရေ့....။
ဒီမှာတော့ ညဆိုင်းအလုပ်ဆင်းနေရတာနဲ့ ဘလော့ဂ်တက်လည်မှပဲ မီးထွန်းပွဲကြည့်ရတော့တယ်......။
လွန်ခဲ့တဲ့ကာလတွေမှာ နောက်ရင်းပြောင်ရင်း ပြောမှားဆိုမှားတာတွေရှိခဲ့ရင် ခွင့်လွှတ်ပါလို့ ဂါရ၀တရားနဲ့ တောင်းပန်ခဲ့ပါတယ်ခင်ဗျာ.......။
(မုန့်ဖိုးပေး...........း))

ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို

ကိုပေါ said...

ပျိုပျိုမေ ဒေါ်မေဓာ
ညှိထွန်းမီးကြာ
ရောင်စုံပင် ထင်နေတာ
နှစ်ခုသော မျက်နှာ။

ဘိလပ်က မီးထွန်းပွဲကို မျက်မှန်မပါဘဲ ရောက်သွားရသလို ခံစားရပါကြောင်း။

Anonymous said...

ဘိလပ်က နာမည်ကြီး ဘလော့ဂါ နှစ်ဦးဆိုတော့ “သျှင်တစ်ဆူ လူတစ်ယောက်”လို့များ ခေါ်လို့ရမလားမသိ...။

sosegado said...

သီတင်းကျွတ် မီးထွန်းပွဲ ကြည့်ရတာ ပျော်စရာလည်းကောင်း ကုသိုလ်လည်းရ၊
ဘုန်းကြီးကျောင်း Title မှာ M တလုံးအောက်နည်းနည်းကျနေသလားလို့.

ချော(အစိမ်းရောင်လွင်ပြင်) said...

သီတင်းကျွတ်မီးထွန်းပွဲလေးက အေးအေးချမ်းချမ်းလေးနဲ့ ကြည်နူးစရာလေးပါ။
ဘာဘဲဖြစ်ဖြစ် အလွမ်းပြေသွားရတာပေါ့နော်။
မြန်မာပြည်တစ်ဝှမ်းတော့ ရေတွေလွှမ်းပြီး မပျော်နိုင်ကြသူတွေ ခပ်များများ ဖြစ်သွားတယ်..
သီတင်းကျွတ်ရဲ့ လပြည့်ကိုတောင် မတွေ့ရဘဲ မိုးတွေက သည်းသည်းမည်းမည်း ရွာလိုက်သမှ..
မီးရောင်လည်း မတွေ့ရတော့ဘူး။
မမေရဲ့ ပုံကို ကြည့်တာ မျက်နှာက နှစ်ထပ်ဖြစ်နေတယ်
တမင်ရည်ရွယ်ပြီး ရိုက်ရင်တောင်ခုလိုဖြစ်ပါ့မလား မသိဘူးနော်။
ရိုက်ပေးတဲ့ ဘုန်းဘုန်းတော်ချက်....တကူးတကတောင် မမြင်ရအောင် ပြင်စရာမလိုတော့ဘူးး)

Anonymous said...

ညီမ မမေဓါ ရေ

အဲလို အေးချမ်းတဲ့ မီးထွန်းပွဲလေးကို နိုင်ငံခြားရောက် နေလိုသာ ကြုံရတယ်မှတ်ပါ ဒီမှာတော့ မုန်တိုင်းဖျက် ရေကြီးတာဖျက် စားဝတ်နေရေး အဆင်မပြေ နဲ့ မီးထွန်းဘို့တောင် သတိရကြမယ် မထင်ဘူး အားလုံးခြောက်ကပ်ကပ် ဘဲ ဒီနေ့ညတော့ မိုးလေ ကင်းစင်နေလို့ ညရောက်ရင် နဲနဲလျှောက်ကြည့်ပြီး ဓါတ်ပုံရိုက်တင်ပေးမယ်နော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ညိမ်းနိုင် said...

ဒီမှာလည်း အင်ဒိုကမီးခိုးတွေနှောက်လို့ လ တောင်
ကောင်းကောင်းမမြင် လိုက်ရပါဘူးဗျာ...။ကံများနှယ်...။

ကိုအောင် said...

မမေ ပါတဲ့ ဓါတ်ပုံကို ကြည့်တာ မမြင်ရဘူး၊ ဆီမီး
ပူဇော်ထားပုံက ကြည်နူးစရာပဲ။

မိုးယံ said...

ဘာသာမတူ လူမျိုးခြားတဲ့ နိုင်ငံ ကိုရောက်နေလို့ ၀မ်းနည်းမိသောလည်း

အခုလို အစ်မတို့ ကျေးဇူးကြောင့် ကြည်နူးဖွယ် မြင်ကွင်းလေးတွေ မြင်ရတာကျေးဇူးပါ။ ကောင်းမှု ကုသိုလ်တွေအတွက် သာဓု သာဓု သာဓု ပါဗျာ။

မြစ်ကျိုးအင်း said...

ကျနော်တို့လည်း မီးထွန်းပွဲကို ဝေးနေတာ ကြာပေါ့။
ပြန်ဖြစ်တဲ့ နှစ်မှပဲ အတိုးချပြီး ရပ်ကွက်မှာ စည်စည်ကားကားလုပ်ရမယ်။
ရပ်ခြားရောက်နေသူ အဖို့ ဒီလို ပွဲလမ်းလေးတွေ ကြုံရတာ ကိုယ်စား ဝမ်းသာပါတယ်ဗျာ။

သူကြီးမင်း (တုံးဖလား) said...

မေဓာတို့ မင်းဂမ်သီတင်းကျွတ်မီးထွန်းပွဲက ပျော်စရာကြီးပါလား။ လန်ဒန်မှာတောင် အဲဒီလို မီးထွန်းပွဲမျိုး မတွေ့ဖူးဘူး။ မေဓာတို့ကတော့ ဘာသာရေးပွဲဆို ထိပ်ဆုံးကချည်းဘဲနော်။ သမီးလိမ္မာလေးထင်တယ်။
ဘုန်းရှင်ကံရှင်တွေ ရိုက်ပေးရင် ဓါတ်ပုံတွေက ဒီလိုဘဲ 3D ပုံတွေ ဖြစ်နေကျထင်တယ်။ ကြာကြာစိုက်ကြည့်လေ မူးလေလေဘဲ။း)))

ရှေ့ နှစ်တွေမှာ သီတင်းကျွတ်မီးထွန်းပွဲရှိရင် လက်တို့လိုက်ဦးနော်။း)))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Unknown said...

i feel proud of buddhism in britain