Tuesday, September 20, 2011

အားရနေလို့ ... အားကျစေဖို့ ... (အပိုင်း ၂)

အပိုင်း ၁ နဲ့ အပိုင်း ၂ က တလလောက် ကွာသွားတယ်။ ကျမ မအားတာက တကြောင်း၊ ပြည့်ပြည့် မအားတာက တကြောင်းနဲ့ ခုလောက်ထိ ကြန့်ကြာ သွားတာပါ။ ကျမလဲ ပြီးပြီးရော မတင်ချင်လို့ အမှားအယွင်းတွေ ကင်းအောင် ကာယကံရှင်ဆီ ပြန်ပို့ပြီး ဖတ်ခိုင်းရပါတယ်။ နှုတ်တရာ စာတလုံး မဟုတ်လား။ အင်တာနက်မှာ အက္ခရာတင်မယ်ဆိုရင် လူတိုင်း ဖတ်လို့ရတာမို့ အချက်အလက်တွေ မမှားစေချင်လို့ပါ။ အပိုင်း ၁ ကို မဖတ်ရသေးသူများ (မေ့နေကြသူများ) ပြန်ဖတ်ချင်ရင် လင့်ခ်လေးက တဆင့် အရင် သွားဖတ်ကြည့်စေချင်ပါတယ်။
***
(အပိုင်း - ၁ မှ အဆက်)

ပြည့် - ဘာကြောင့် MA ကို Buddhist Study လုပ်လဲဆိုတော့ စာသင်ချင်တာရယ်၊ သာသနာပြုချင်တာရယ်ကြောင့်ပေါ့။ တရားပြဆရာမ လုပ်ပြီး သာသနာပြုချင်တာ။ သဲအင်းဂူမှာ တရားထိုင်တော့ သဲအင်းဂူနည်းက တရားထောက်တွေ လိုတယ်။ သူ့နည်းကိုက တရားထောက်တွေ မရှိရင် ထိုင်တဲ့သူတွေက အဆင်မပြေဘူး။ ဘာကြောင့်လဲဆိုတော့ သဲအင်းဂူနည်းက တရားတချိန်ကို ၂ နာရီ ဣရိယာပုထ် မပြင်ဘဲ ထိုင်ရတဲ့အပြင် လေကို ခပ်ပြင်းပြင်း မြန်မြန် ရှူရတယ်။ ဒါကြောင့် သဒ္ဓါတရားက သိပ်အရေးကြီးတယ်။ အဲဒီက ဆရာလေးတွေ တရားထောက်ပေးတာ၊ သဒ္ဓါတင်ပေးတာ ကြည့်ပြီး အရမ်းအားကျမိတယ်။


မေ - တရားထောက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ။
ပြည့် - တရားထောက်တယ်ဆိုတာ သူတို့က တရားထိုင်တဲ့ ယောဂီတွေကို လိုက်ကြည့်ပြီး စိတ်တွေပျံ့လွင့်ရင် ဘေးနားကနေ လာပြောတယ်။ သဲအင်းဂူဆရာတော်ကြီးက ဟောတယ် ကိုယ့်စိတ်ကိုယ်စစ်ရင် သူများရဲ့ စိတ်ကိုလည်း သိတယ်တဲ့။ သမီးကို တရားပြပေးတဲ့ ဆရာတော်ကြီးက သဲအင်းဂူဆရာတော်ကြီး လက်အောက်မှာ တရားကျင့်ခဲ့တာ။ သမီးကို တရားပြပေးတဲ့ ဘုန်းဘုန်းတွေ၊ ဆရာလေးတွေကလည်း တော်တော်ကျင့်ထားကြတဲ့ သူတွေချည်းပဲ။ သူတို့တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံ ပေါ်ကနေ ပြောပြပေးကြတာ လို့ သမီးကတော့ ယူဆတာပဲ။

မေ - သဒ္ဓါတင်ပေးတယ် ဆိုတာကရော … ။
ပြည့် - သဒ္ဓါတင်တယ်ဆိုတာ အားပေးတာပါပဲ။ ကိုယ့်ဘေးနားက အားပေးတော့ အားတက်ပြီး ဆက်ထိုင်ဖြစ်တာပေါ့။ သမီး သီလရှင်ဝတ်တဲ့ ကျောင်းမှာဆို ဆရာလေးတွေ အများကြီးရှိတယ်။ ယောဂီတွေ လာရင် သဒ္ဓါတက်အောင် ပြောပေးတယ်၊ တရားပြပေးတယ်၊ အဲဒါမျိုးလုပ်ချင်တာ။

မေ - MA Buddhist Study ကို လေ့လာသင်ယူတဲ့အတွက် ပြည့်ပြည့် မိဘဆွေမျိုးတွေရဲ့ အားပေးမှု (သို့) ကန့်ကွက်မှု အနေအထားကိုလဲ ပြောပြပါအုံး။
ပြည့် - Buddhist Study ကို လျှောက်ပြီးတော့မှ အဖေ့ကို အသိပေးဖြစ်တယ်၊ အဖေက ပထမတော့ ပိုက်ဆံထုတ်မပေးဘူးတဲ့၊ ကိုယ့်ဘာသာ တက်ချင်တက်ပေါ့။ ဒါဆိုမဖြစ်သေးဘူး ဆိုပြီး အဲဒီအခါကျမှ အလုပ်လုပ်ဖို့ စိတ်ကူးတာ၊ ကိုယ့်ဟာကိုယ် သုံးလေးနှစ်လောက် ပိုက်ဆံစုပြီးမှ တက်မယ်ပေါ့။ နောက်တော့ တပတ်တောင် မကြာပါဘူး၊ နောက်တခေါက် ဖုန်းလှမ်းဆက်တော့ အဖေက သမီးလုပ်ချင်လုပ်ပေါ့ တဲ့၊ ကိုယ်ဝါသနာပါတာကို ထွန်းထွန်းပေါက်ပေါက် ဖြစ်အောင်လုပ်ပေါ့ ဆိုပြီး ခွင့်ပြုလိုက်တယ်။ သမီးအစ်မကလဲ ကူပြောပေးပါတယ်။

.
ပုံ (၁) Oxford ဘွဲ့နှင်းသဘင်မှာ ... ၊ ပုံ (၂) SOAS ဘွဲ့နှင်းသဘင်မှာ ...

မေ - ပြည့်ပြည့် MA ၀င်ခွင့်အတွက်က အခက်အခဲ မရှိလိုက်ဘူးဆိုတော့ ဒီဘာသာရပ်ကို သင်ယူဖို့အတွက် ဘယ်လိုတွေ ကြိုတင်ပြင်ဆင်ခဲ့သလဲ။
ပြည့် - ၀င်ခွင့်အတွက်ကတော့ အခက်အခဲ မရှိလိုက်ဘူး၊ ဒါပေမဲ့ သမီးက အီကိုဘက်မှာ train လုပ်လာတာ။ ရုတ်တရက် ဗုဒ္ဓဘာသာကို ပြောင်းလိုက်တော့ သမီး သွားတွေးတာ psychologically အရ ပြင်ဆင်ရမှာလေ၊ ကိုယ်က ဗုဒ္ဓဘာသာဝင်တယောက် ဗုဒ္ဓဘာသာကို ဘာသာရပ်တခုလို အနောက်နိုင်ငံမှာ လေ့လာမယ်ဆိုတော့ ဒီ literature တွေကို ရေးတာက ဗုဒ္ဓဘာသာတွေမှ မဟုတ်ဘဲ၊ များသောအားဖြင့် ဆရာတွေက ဗုဒ္ဓဘာသာ မဟုတ်ဘူးလေ၊ အရင်တုန်းကဆို ပိုဆိုးတယ်၊ ကိုလိုနီခေတ်တို့ ဘာတို့တုန်းက ရေးခဲ့တာတွေပေါ့၊ အဲဒီတုန်းက ရေးခဲ့တဲ့ approach တွေက ဗုဒ္ဓဘာသာတစ်ယောက်ရဲ့ ရှုထောင့်ကကြည့်ရင် ကိုယ့်ဘာသာကို ထိခိုက်တာမျိုးလဲ ဖြစ်ရင်ဖြစ်နေမယ်၊ criticize လုပ်တာမျိုးလဲ ရှိရင်ရှိမယ်။

အဲဒီဟာတွေကို သမီးက မလျှောက်ခင်ကတည်းက တွေးထားရတာပေါ့၊ သမီး personal statement မှာ ဘာရေးထားလဲ ဆိုတော့ အဲဒီ challenges တွေပေါ့နော်။ challenge က ၂မျိုးပေါ့။ တခုက intellectually challenge … MA Level မှာ study လုပ်ရတာဆိုတော့ ကိုယ့်ရဲ့ intellectual က လိုက်နိုင် မလိုက်နိုင် ဆိုတာက challenge တခုပေါ့။ နောက်တခုက Spiritual challenge … ကိုယ့်ရဲ့ ယုံကြည်မှုကို ကိုယ်က ပြန်ပြီး study လုပ်ရတာဆိုတော့ အဲဒီမှာ ၀ိစိကိစ္ဆာ ပေါ်တာမျိုးတို့ ဘာတို့ရှိနိုင်တယ်၊ doubt ဖြစ်တာတွေ ဘာတွေက လာမှာလေ၊ နောက်ပြီး ကိုယ့်ဆရာရေးထားတာကို မကြိုက်တာမျိုးလဲ ဖြစ်နိုင်တယ်။ အဲဒါကြောင့် သမီးက မလျှောက်ခင်ကတည်းက တွေးထားပြီးသား။ အဲဒီ psychologically အရ ပြင်ဆင်ဖို့က တော်တော်လေးကို လိုအပ်တယ်။ ကိုယ်ယုံကြည်တဲ့အပေါ်မှာ မူတည်ပြီး လေ့လာရတာဆိုတော့ အရမ်းကြီး emotionally attach ဖြစ်ပြီး လေ့လာလို့မရဘူး။ အဲဒီလို ကြိုတွေးထားတော့ ကောင်းတော့ ကောင်းပါတယ်၊ critical thinking မှာ ပိုပြီး enhance ဖြစ်သွားတာပေါ့။

မေ - သင်ယူနေချိန်မှာရော တခြားအခက်အခဲတွေ ရှိလား။
ပြည့် - ရှိတယ်ပဲ ပြောရမှာပေါ့နော်။ ဆရာတယောက်ရှိတယ်၊ သူက Indian Buddhism သင်တာ။ Rome က Vatican မှာ အရင်က Priest ပေါ့။ သူက very strong ကက်သလစ်ပေါ့နော်။ ဗာတီကန်မှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ပုပ်ရဟန်းမင်းကြီးကို advice ပေးရတာ။ သူက တိဗက် စကော်လာပဲ၊ သူက ခရစ်ယာန်လဲ ဖြစ်တယ်၊ အကြံပေးလဲ ဖြစ်တယ်ဆိုတော့ ဗုဒ္ဓဘာသာနဲ့ ဘုန်းကြီးတွေဆိုရင် မထိတထိ အရမ်းစတာ၊ ဘုန်းကြီးစာချ ဆိုတော့လေ … ၊ နောက်ပြီး သူက အဘိဓမ္မာ အရမ်းကျွမ်းတယ်။ သူကျွမ်းတာက ထေရ၀ါဒ အဘိဓမ္မာတော့ မဟုတ်ဘူး။ မဟာယာန အဘိဓမ္မာတမျိုးရှိတယ်၊ အဲဒါ ကျွမ်းတယ်၊ ပြီးတော့ ၀ိသုဒ္ဓိမဂ် ကျွမ်းတယ်။ အဲဒီဆရာနဲ့ဆိုရင် တော်တော်လေးကို စိတ်လဲရှည်ရတယ်။ သူ့အချိန်ဆို ခန္တီပါရမီကို ဖြည့်ထားရတယ်။ သမီးပြောတဲ့ challenge ဆိုတာက အဲဒါမျိုးပေါ့လေ။ သူပြောတာက မှန်တော့ မှန်ပါတယ်၊ ဒါပေမဲ့ ဗုဒ္ဓဘာသာတယောက် အနေနဲ့ လက်ခံဖို့ တော်တော်ခက်တယ်။ ကျန်တဲ့ ဆရာတွေနဲ့ကတော့ အေးအေးဆေးဆေးပါပဲ။

...
မေ - အောက်စ်ဖို့ဒ်မှာ တက်ခဲ့တာနဲ့ ဆိုရင် ဘယ်ဟာက ပိုခက်လဲ။
ပြည့် - အောက်စ်ဖို့ဒ်နဲ့က approach ချင်းကွာတယ်။ ဘယ်ဟာသာတယ် မသာဘူးတော့ မပြောလိုပါဘူး။ အားသာချက် အားနည်းချက်တော့ ရှိတာပေါ့။ အောက်စ်ဖို့ဒ်က ဆရာနဲ့ ကျောင်းသား ထိတွေ့မှု နည်းတယ်။ SOAS ကတော့ အဆောက်အဦးက နှစ်ခုထဲရှိတာဆိုတော့ ဆရာတွေရော ကျောင်းသားချင်းရော အမြဲတွေ့နေရတာပေါ့။ နောက်ပြီး SOAS မှာ သင်တဲ့ ဘာသာရပ်တွေက လူမျိုးပေါင်းစုံရဲ့ culture၊ ကိုးကွယ်မှုဘာသာ၊ ဘာသာစကား၊ ဂီတ တွေကို အဓိကထားပြီး လေ့လာတဲ့ ဘာသာရပ်တွေများတယ်။ သမီးက အဲဒါမျိုးတွေကို စိတ်ဝင်စားလို့လားတော့ မသိဘူး။ တော်တော်လေးကို သဘောကျပါတယ်။ အမလဲ ဘွဲ့နှင်းသဘင်နေ့က တွေ့လိုက်မှာပေါ့ ဘယ် တက္ကသိုလ်ရဲ့ graduation မှ သီချင်းဆိုတာ မရှိဘူး၊ SOAS graduation က သီချင်းမှ ၃-၄ ပုဒ်ကို ဆိုတာ။ အပြန်ကျတော့ ပရော်ဖက်ဆာတယောက်က က-တောင် သွားသေးတယ်။ အောက်စ်ဖို့ဒ် graduation တုန်းက အကုန်လုံးကို လက်တင်လို ပြောတာ ဆိုတော့ ဘာမှကို နားမလည်လိုက်ဘူး။ သူများတွေ လုပ်လို့သာ လိုက်လုပ်လိုက်တာလေ။

မေ - MA မှာ ဘယ်နှစ်ဘာသာ သင်ရလဲ။
ပြည့် - MA အောင်ဖို့အတွက် စုစုပေါင်း ၄ ယူနစ် သင်ရတယ်။ Dissertation က ၁ ယူနစ်၊ ပါဠိက ၁ ယူနစ်၊ Indian Buddhism ၁ ယူနစ် အဲဒါက ဘုရားပွင့်ပြီး ၅ ရာစုလောက်ကပေါ့။ နောက်ပြီး ထေရ၀ါဒက half ယူနစ်၊ နောက်တခုက independent research က half ယူနစ် ဆိုတော့ စုစုပေါင်း ၄ ယူနစ်ပေါ့။

မေ - Independent Research က ဘာနဲ့ ပတ်သက်ပြီး လုပ်ခဲ့လဲ။
ပြည့် - Independent Research က အင်္ဂလန်ရောက် မြန်မာအသိုင်းအ၀ိုင်းရဲ့ ဗုဒ္ဓဘာသာကိုးကွယ်မှု ဆိုင်ရာ ဓလေ့ထုံးစံပေါ့၊ အဲဒါနဲ့ ဆက်စပ်ပြီးတော့ အောက်စ်ဖို့ကျောင်းနဲ့ လန်ဒန်တိသရဏကျောင်းကို ယှဉ်ပြီးလေ့လာခဲ့တယ်။ ယူကေက မြန်မာဘုန်းကြီးကျောင်း နှစ်ကျောင်းရဲ့ တူညီမှု ကွဲပြားမှုတွေကို ဆက်နွယ်ပြီး မြန်မာ ဗုဒ္ဓဘာသာတွေ အင်္ဂလန်မှာ ဘာသာရေးနဲ့ ပတ်သက်လို့ ဘယ်လိုတွေ လုပ်ကြတယ် ဆိုတာပေါ့။ အဲဒါကတော့ မြန်မာယဉ်ကျေးမှု၊ မြန်မာ ဘာသာစကား၊ ဗုဒ္ဓဘာသာ ဓလေ့ထုံးစံတွေ ပေါ်မှာ မူတည်ပြီး လေ့လာသွားတာ။

အဲဒါကို လေ့လာတဲ့အခါ ဘာတွေ့ရလဲဆိုတော့ မြန်မာအသိုင်းအ၀ိုင်းမှာ ပထမမျိုးဆက်ကတော့ မြန်မာ ဗုဒ္ဓဘာသာကို တော်တော်လေး လေ့လာ ကိုင်းရှိုင်းကြတယ်။ (ပထမမျိုးဆက် ဆိုတာ အမဦးလေးတို့ သမီးဘကြီးတို့လို အရွယ်တွေပေါ့။) ဒါပေမဲ့ ဒုတိယနဲ့ တတိယမျိုးဆက်ကတော့ တော်တော်လေး လျော့သွားပြီ၊ သူတို့ကို ဆွဲခေါ်လို့ မရတော့ဘူး။

အောက်စ်ဖို့ဒ်ကျောင်းနဲ့ တိသရဏကျောင်းကို ဘာကြောင့်ယှဉ်လဲ ဆိုတော့ အောက်စ်ဖို့ဒ်ကျောင်းမှာက ခုထက်ထိ တော်တော်များများ ဒုတိယနဲ့ တတိယမျိုးဆက်တွေက သွားနေကြတယ်၊ တခြားကျောင်းတွေမှာဆို အဲဒီလောက် သိပ်မတွေ့ရတော့ဘူး။ အဲဒါ ဘာကြောင့်လဲဆိုတော့ ပထမတခုကတော့ language ပေါ့၊ ဘုန်းကြီးတွေ communicate လုပ်တော့ အောက်စ်ဖို့ဒ်ကျောင်းမှာက အင်္ဂလိပ်လို ပြောတာ၊ ပြီးတော့ နောက်တခုက culture ပေါ့၊ အောက်စ်ဖို့ဒ်မှာက culture က လူငယ်တွေအတွက် adapt လုပ်လို့ရတယ်။ ဥပမာ ကလေးတွေ လာတယ်ဆိုရင် စကားပြောတာက အစ လွတ်လွတ်လပ်လပ် ပြောခွင့်ပေးတယ်၊ ကစားချင်လဲ ကစားခွင့်ပေးတယ်။ တခြားကျောင်းတွေကျတော့ မိဘတွေကအစ ဘုန်းကြီးကျောင်းမှာ ဒီလိုမနေရဘူး စသဖြင့် ဟန့်ကြတော့ ရှိန်ကြတာပေါ့။

အဲဒီပြဿနာက မြန်မာအသိုင်းအ၀ိုင်းမှာပဲ ရှိတာမဟုတ်ဘူး။ နောက်ပြီး ယူကေမှာတွင် ရှိတာမဟုတ်ဘူး၊ ယူအက်စ် ကျောင်းတွေမှာလဲ အဲဒီလိုပဲတဲ့။ အဲဒါ ဘာကြောင့်ဖြစ်လဲ ဆိုတော့ တခြားကျောင်းတွေက ဗုဒ္ဓဘာသာနဲ့ မြန်မာ့ယဉ်ကျေးမှုကို ရောထားကြတာ၊ ဗုဒ္ဓဘာသာဆိုရင် မြန်မာ့ယဉ်ကျေးမှု ပါရမယ်လို့ ဖြစ်နေတာ။ တကယ်တမ်းက ဗုဒ္ဓဘာသာနဲ့ မြန်မာ culture က တခြားစီ။

အဲဒီအခါကျတော့ ဒီကိုရောက်နေတဲ့ ဒုတိယနဲ့ တတိယမျိုးဆက်တွေက လက်မခံနိုင်ဘူး။ သူတို့အတွက်ကျတော့ မြန်မာ culture က foreign culture လေ၊ သူတို့က သိမှ မသိတာ၊ သိဖို့လဲ အာရုံမရှိဘူး။ နောက်ပြီး သူတို့က မြန်မာစကား ဘာလို့မပြောကြလဲ ဆိုတော့ ကျောင်းမှာက အထိအတွေ့မှ မရှိတာ။ အိမ်မှာကျတော့လဲ မိဘတွေက ဘာဖြစ်လို့လဲတော့ မသိဘူး မြန်မာလို မပြောကြဘူး၊ ငယ်ငယ်ကတည်းက မပြောကြတော့ ကြီးလာမှ ကလေးတွေက မြန်မာစကား မပြောတတ်လို့ နောင်တရသလိုတွေ ဖြစ်လာရော … ငယ်ငယ်ကတည်းက လုပ်လာရင်တော့ တမျိုးပေါ့။

ဒါတောင်မှ ငယ်ငယ်ကတည်းက လုပ်လာတာတောင် ကြီးလာတော့ သိပ်မလွယ်ဘူး၊ မိသားစု တစုရှိတယ်၊ သူတို့ အိမ်မှာလဲ မြန်မာလို ပြောတယ်၊ ဒါပေမဲ့ ကလေးက နည်းနည်းကြီးလာတော့ သိပ်ပြီး မပြောနိုင်တော့ဘူး၊ struggle လုပ်ရတယ်။ သူ့ကို သမီးမြန်မာစာ သင်ပေးဖူးတယ်၊ တပတ်သင်ပေးလိုက် နောက်တခါလာတော့ မေ့သွားလိုက်နဲ့။ အမြဲတမ်း သုံးနေတာ မဟုတ်တော့ မေ့တာပဲ။ သူတို့အတွက်က မြန်မာစာက second language လို ဖြစ်သွားပြီ။ language တခုက အမြဲထိတွေ့မှုရှိနေမှ ရတာလေ။ အဲဒီတော့ ကလေးတွေရဲ့ အပြစ်လဲ မဟုတ်ဘူး။ ဒါက ကိုယ့်မြန်မာအသိုင်းအ၀ိုင်းထဲမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတခုပဲ။ *

အဲဒါကြောင့် စဉ်းစားရမှာက culture ကို ဦးစားပေးမလား ဘာသာကို ဦးစားပေးမလားဆိုတာပေါ့။ အဲဒီအတွက်က လူကြီးတွေနဲ့ သံဃာတော်တွေက flexible ဖြစ်ဖို့ လိုတယ်။ သူတို့ရဲ့ approach က flexible ဖြစ်ဖို့လဲ လိုတယ်၊ ပြောင်းဖို့လဲ လိုတာပေါ့။ ဒါပေမဲ့ များသောအားဖြင့်ကတော့ ဒါမျိုး သွားပြောရင် ပထမမျိုးဆက်တွေက လက်ခံချင်မှ လက်ခံမှာ။ သူတို့က မြန်မာ့ culture ထဲမှာ ကြီးပြင်းခဲ့တာကိုး။

မေ - အဲဒါဆိုရင် အဲဒီဒုတိယနဲ့ တတိယမျိုးဆက်တွေကို ဆွဲခေါ်ဖို့က ဘယ်သူတွေက အရေးကြီးတယ်လို့ ပြည့်ပြည့်အနေနဲ့ ထင်လဲ၊ သံဃာတွေလား မိဘတွေလား။
ပြည့် - အဲဒါကတော့ နှစ်ဦးစလုံး အလုပ်လုပ်ရမှာလေ။ ဒါပေမဲ့ သံဃာတွေလား မိဘတွေလားလို့ ပြောမယ့်အစား ငယ်သူတွေလား ကြီးသူတွေလားလို့ ပြောရမယ်။ ငယ်သူတွေရဲ့ အလိုကို ကြီးသူတွေက လိုက်ပြီး ပြောင်းမှာလား၊ ကြီးသူတွေရဲ့ အလိုကို ငယ်သူတွေက လိုက်ပြီး ပြောင်းရမှာလားလို့ ပြောရမှာ။ ငယ်သူကတော့ ပြောင်းလို့ရမှာ မဟုတ်ဘူး၊ ကြီးသူတွေကတော့ ငယ်သူတွေကို နားလည်ပြီး လိုက်ပြောင်းပေးနိုင်တယ်လေ။

ဥပမာ မိသားစု တခုမှာ အဖေနဲ့ အမေက မြန်မာလိုရော အင်္ဂလိပ်လိုရော တတ်တယ်၊ ဗုဒ္ဓဘာသာလဲ ဖြစ်တယ်။ သူတို့ကလေးတွေကတော့ အင်္ဂလိပ်လိုပဲ တတ်တယ်၊ မြန်မာလို မတတ်တော့ဘူး၊ အဲဒီတော့ ကလေးတွေကို force လုပ်ပြီး မြန်မာလို ဘုရားစာကို အတင်းသင်မှာလား၊ ဒါမှမဟုတ်ရင် အင်္ဂလိပ်လိုရှိတဲ့ ဘုရားရွတ်စဉ်တွေ ရှိတယ်လေ၊ အဲဒါတွေကို ပြပေးပြီး ကလေးတွေရဲ့ လိုအပ်ချက်ကို လူကြီးတွေက လိုက်ပြီး adapt လုပ်မှာလား။ လူကြီးတွေ အတွက်က ပြောင်းဖို့ လွယ်တယ်လေ၊ သူတို့က ဘာသာစကား နှစ်ခုလုံး ရပြီးသား၊ ကလေးတွေ အတွက်ကတော့ မြန်မာလိုကို ဆယ်နှစ် ဆယ့်ငါးနှစ်မှ စသင်ရမယ်ဆိုရင် သူတို့အတွက်က သိပ်ခက်မယ်။ သူတို့အတွက်လဲ အသုံးမှမ၀င်တာ၊ အလုပ်လုပ်ရင်ပဲ ဖြစ်ဖြစ် ကျောင်းတက်ရင်ပဲ ဖြစ်ဖြစ်ပေါ့။

အဲဒီတော့ ကလေးတွေကို force လုပ်မယ်ဆိုရင် သူတို့က ပြန်ပြီးတွန်းလှန်မှာပဲ၊ အထူးသဖြင့် ဆယ့်လေးငါး ခြောက်နှစ်ဆိုရင် ပိုတောင်ဆိုးအုံးမယ်။ သူတို့ကို သွားပြီး force လုပ်လို့မရဘူး။ အဲဒါကြောင့် သူတို့ကို ဆွဲခေါ်ဖို့က သံဃာတော်က အဓိကလား မိဘတွေက အဓိကလား ဆိုတာထက် လူကြီးနဲ့ လူငယ်လို့ပဲ ပြောချင်တယ်။ အခုတော့ အောက်စ်ဖို့ဒ်ကျောင်းမှာ လုပ်တော့ လုပ်နေကြတယ်။ တလောက အိမ်တအိမ်မှာ ဆရာတော် ဦးဓမ္မသာမိရော အင်္ဂလိပ် ဘုန်းကြီးတပါးရော ဒုတိယ မျိုးဆက်တွေနဲ့ ဆုံပြီး culture နဲ့ religion ကို explore လုပ်နေကြတယ်။ ပရောဂျက် တခုလိုပေါ့။ အဲဒါမျိုးကတော့ ကောင်းပါတယ်၊ အဲဒီလို ဒိုင်ယာလော့သဘောမျိုး ဖြစ်စေချင်တာပေါ့။

မေ - ပြည့်ပြည့် တခြားဘုန်းကြီးကျောင်းတွေ တိဗက်တန်ကျောင်းတို့ သီရိလင်္ကာကျောင်းတို့ကို လေ့လာတဲ့အခါမှာ သူတို့ဆီမှာရော ဒုတိယနဲ့ တတိယ မျိုးဆက်တွေမှာ ခုနကပြောတဲ့ ပြဿနာမျိုး ရှိလား။
ပြည့် - ရှိတယ်၊ သူတို့မှာလဲ အဲဒီပြဿနာမျိုးရှိတယ်။ တူတော့ မတူဘူးပေါ့လေ။

မေ - ရှိတယ် ဆိုတော့ သူတို့ကရော အဲဒါကို ဘယ်လို ဖြေရှင်းကြသလဲ။
ပြည့် - မြန်မာနဲ့ သီရိလင်္ကာနဲ့ ကွဲပြားချက်က Sunday school က မြန်မာပြည်မှာ မရှိဘူး၊ သီရိလင်္ကာမှာက ရှိတယ်၊ Sunday School ဆိုတာက ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကို တနင်္ဂနွေနေ့တိုင်း အပတ်စဉ် သင်ပေးတာပေါ့။ အဲဒီသင်တန်းက သီရိလင်္ကာမှာ ကလေးတိုင်းတက်ရတယ်၊ သီရိလင်္ကာ လူမျိုးတွေအတွက် ဗုဒ္ဓဘာသာအကြောင်း၊ သူတို့ ယဉ်ကျေးမှုအကြောင်း လေ့လာတဲ့အခါ အဓိကကျတဲ့ system တစ်ခုပဲ။ အစိုးရကိုက Sunday school အတွက်ကို ထောက်ပံ့ပေးတယ်၊ စာမေးပွဲတွေ လုပ်ပေးတယ်။ လန်ဒန်မှာ ဖွင့်ထားတဲ့ သိရိလင်္ကာကျောင်းမှာ ကလေးတွေအတွက် Sunday school တွေ ဖွင့်ပေးထားတယ်။ ငယ်ငယ်လေးထဲက ကလေးတွေကို culture နဲ့ ပတ်သက်လို့ train လုပ်ပေးထားတယ်။ အဲဒီတော့ ကလေးတွေက ငယ်ငယ်လေးထဲက involve ဖြစ်တာပေါ့၊ သူတို့က system တခုကို establish လုပ်ပြီးသား ဆိုတော့ အသာလေး လျှောက်သွားရုံပဲ။ မြန်မာမှာ အဲဒါမရှိတော့ ကလေးတွေ struggle လုပ်ရတယ်ဆိုတာ အဲဒါကြောင့် … ။

နောက်တခုက သီရိလင်္ကာမှာ ဘုန်းကြီးတွေက အင်္ဂလိပ်စာ အရမ်းကျွမ်းတယ်။ အဲဒီတော့ သူတို့က ဆွဲဆောင်ဖို့ ပိုလွယ်တယ်။ ဒါပေမဲ့ သီရိလင်္ကာ ကွန်မြူနတီမှာ မတူတာတခုက ပထမမျိုးဆက်တွေက နတ်ကိုးကွယ်တာတွေ သိပ်လုပ်တယ်။ ဒုတိယမျိုးဆက်တွေကတော့ တရားထိုင်တာ ပိုလုပ်တယ်။ သူတို့လဲ သူတို့ဟာနဲ့သူတို့ ပြဿနာလေးတွေတော့ ရှိတာပေါ့။ ဒါကတော့ မိဘနဲ့ သားသမီး လူကြီးနဲ့ လူငယ် အဆင်မပြေကြတာလေးတွေက စတာပေါ့။

Open လုပ်ပေးထားရင်တော့ တော်တော်များများက လက်ခံကြတာ များပါတယ်။ သမီး research အတွက် အင်တာဗျူးလုပ်တော့ လန်ဒန်က ဆရာဝန် မိသားစုမှာ သားတယောက် သမီးတယောက်ရှိတယ်။ သူတို့က ဒီမှာမွေး ဒီမှာကြီးတာ၊ မြန်မာစကား လုံးဝမတတ်ဘူး၊ သူတို့က ဗုဒ္ဓဘာသာပဲ … တရားလဲထိုင်တယ်။ ဘယ်လိုလဲ ဆိုတော့ သူတို့ နားလည်တတ်တဲ့ အရွယ်မှာ သူတို့အမေက ဆရာတော် ဦးဓမ္မသာမိနဲ့ တွေ့ပေးတယ်၊ ဘယ်ဘာသာ ကိုးကွယ်မလဲ ဖွင့်ပေးတယ်။ ဆရာတော်ကလဲ သူတို့ကို ဘုရားရှိခိုးတာတွေ ဘာမှမလုပ်ရင်တောင် တရားထိုင်ခိုင်းတယ်၊ အခုဆို သူတို့က ဦးဂိုအင်ကာစခန်းမှာ အမြဲတမ်း တရားဝင်တယ်၊ သူတို့ကိုယ် သူတို့လဲ ဗုဒ္ဓဘာသာလို့ ခံယူထားကြပြီ။ အဲဒါကြောင့်မို့ မိဘကလဲ ပါရမယ်ဆိုတာ အဲဒါလေ … ။ အရမ်းကြီးတော့ force လုပ်လို့ မရဘူးပေါ့။

အဲဒါကတော့ challenges တွေပေါ့လေ။ အမစဉ်းစားကြည့်လေ ပထမမျိုးဆက်ဆိုတာ အမြဲတမ်းနေနိုင်တာမဟုတ်ဘူး။

မေ - ဟုတ်တယ်၊ အဲဒါက စိုးရိမ်စရာနော်။ အမသွားတဲ့ ဘုန်းကြီးကျောင်းတွေဆိုရင် လာတဲ့လူတွေက လူကြီးတွေက ပိုများတယ်၊ အမတို့နဲ့ ရွယ်တူတန်းတူတွေတောင် တော်တော်လေး နည်းနေပြီ။ ကိုယ့်ထက်ငယ်တာဆို ဝေးရော … ။
ပြည့် - တကယ်က အဲဒါက စိုးရိမ်စရာ၊ funding က ဘယ်ကလာမလဲ။ သီရိလင်္ကာပဲဖြစ်ဖြစ် မြန်မာပဲဖြစ်ဖြစ် ထိုင်းပဲဖြစ်ဖြစ် funding က သူတို့ ကွန်မြူနတီထဲကပဲ လာတာလေ။ အင်္ဂလိပ်တွေက လှူတာ နည်းတယ်။ ဒီကွန်မြူနတီထဲက ဒုတိယ တတိယမျိုးဆက်တွေကို မထိမ်းသိမ်းနိုင်ရင် သူတို့အတွက်က ဘယ်လိုလုပ်မလဲပေါ့နော်။

အောက်စ်ဖို့ဒ်ကျောင်းမှာကတော့ အရမ်း demand များတယ်၊ သူ့ business model က ကောင်းတယ်၊ ဒါပေမဲ့ လုပ်နိုင်တဲ့ human resource က အရမ်းနည်းတယ်။ အဲဒီမှာ တောက်လျှောက် သီတင်းသုံးနိုင်တဲ့ သံဃာက ၄-ပါးပဲ ရှိတယ်။ အဲဒီ ၄-ပါးက မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ အင်္ဂလိပ် ကွန်မြူနတီ အားလုံးကို ကြည့်ရတယ်ဆိုတော့ သူတို့အတွက်ကလဲ ရေရှည်ကျတော့ စိတ်ပူစရာပေါ့။ human resource က နည်းတာကိုး။
***
အပိုင်း ၂ က အတော်လေး ရှည်သွားလို့ ဒီနေရာမှာ ခဏရပ်နားခွင့်ပြုပါရှင်။ အပိုင်း ၃ မှာတော့ သေချာပေါက် အဆုံးသတ်ပါမယ်။ ဒီအပိုင်းက သိပ်ရှည်လို့ တချို့နေရာတွေ ဖြုတ်ပစ်ရကောင်းနိုး တွေးမိပေမဲ့ ဖြုတ်ပစ်ရမှာ နှမြောလို့ ဒီအတိုင်းပဲ တင်လိုက်ပါတယ်။ သည်းခံဖတ်ကြပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
***
မေဓာဝီ
၂၀၊ စက်တင်ဘာ၊ ၂၀၁၁
၂၃း၂၄ နာရီ

14 comments:

မိုးမိုး said...

သြော် တိုက်တိုက်ဆိုင်ဆိုင် မနေ့ကပဲ အဲ့ဒီအင်တာဗျူးကို သတိယနေသေးတယ်။
စိတ်ထဲမှာ မတင်တော့ဘူးတောင် အောက်မေ့လိုက်တာ။။
အပိုင်း ၃ ကိုမျှော်နေမယ်နော်...
အားကျ ကျေနပ်စရာကောင်းလွန်းလို့ပါ..
အင်တာဗျူးဖို့ သတိယတဲ့ မမေကိုလဲ ကျေးဇူးပါနော်..

အရှင်ကုသလသာမိ said...

သာဓုခေါ်သွားပါတယ်။ ဖတ်ရတာ၊ သိရတာ ၀မ်းသာစရာပါပဲ။ ဆက်လက်ပြီး အောင်မြင်မှု၊ အေးချမ်းမှုတို့နှင့် ခရီးဆက်နိုင်ပါစေ...

Aung said...

such a great article...thanks a lot...so much inspiring

ချော(အစိမ်းရောင်လွင်ပြင်) said...

အားကျတယ် မမေရာ
တကယ်ပြောတာ ကျွန်မလဲ သီလရှင်ဝတ်ဖြစ်ရင် စာပေဘက်ကို ပိုပြီးအားစိုက်ဖြစ်မယ်ထင်တယ်။
ကိုယ်တိုင်မလုပ်နိုင်ပေမဲ့ ထူးချွန်တဲ့ အမျိုးသမီးတွေကို အားကျချီးကျူးမိပါတယ်။
ဖတ်ရတာ တကယ်နှစ်သက်စရာကောင်းတယ်
တတိယပိုင်းကို စောင့်နေမယ်နော်

Anonymous said...

မမေဓါ ရေ

ဖတ်ပြီးသွားပြီး ကျေးဇူးပါ တကယ် လေးစားဖို့ ကောင်းပါတယ်

သြ ဒါနဲ့ မြဝတီ က အင်တာဗျူး လုပ်မဲ့သူ လိုလို့ တဲ့ .. ဟို ရုပ်ရှင်မင်းသမီး နဲ့ သွားဗျူးပေးပါအုန်းတဲ့ ..သံချပ်ကာ အင်ကျီ ဝတ်ပြီးလေ

ရွှေစင်ဦး

နွေးနေခြည် said...

ဗဟုသုတွေ ရတဲ့အတွက် ကျေးဇူးပါ မမမေ ...

တောက်ပကြယ်စင် said...

ကြီးမေရေ ဒုတိယပိုင်းမျှော်နေမိတယ်။ မေးမလို့ပဲ မတင်သေးဘူးဆိုပြီးတော့လေ။ အင့်...အလုပ်မအားသေးလို့ပဲ မတင်သေးတာနေမှာပါဆိုပြီး ကိုယ့်ဘာသာကိုယ်ပဲ ပြန်ဖြေမိပါတယ်။

သေချာကို ဖတ်သွားပါတယ် ကြီးမေရေ။ အော်...ဒါနဲ့ အစိမ်းရောင်က သီလရှင်တောင် ၀တ်ချင်လာပြီနဲ့ တူတယ်။ နော်။

တတိယပိုင်းကိုလည်း ဆက်ဆက်မျှော်နေပါ့မယ်ဆိုတဲ့အကြောင်း။ ကျန်းမာပျော်ရွှင်ပါစေ ကြီးမေရေ။

seesein said...

မြန်မြန်လို့ မတောင်းဆိုတော့ပါ အဆင်ပြေတဲ့အချိန်မှာ တင်မယ့် အပိုင်း သုံးကို မျှော်နေပါတယ်
ကြီးမေ ကျန်းမာ အဆင်ပြေပါစေ ...

လေးစားအားကျဖို့ကောင်းတယ် ကြီးမေရေ။

ခင်မင်တဲ့
seesein

mstint said...

လေးစားအားကျမိတယ် မေဓာဝီရေ။ အခုလိုဖတ်ခွင့်ရအောင် မျှဝေပေးတဲ့အတွက်လည်း ကျေးဇူးပါ။ ပို့စ်တင်တာအမှားမပါအောင် ပြင်ဆင်တာကို သဘောကျတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Nyi Linn Thit said...

အပိုင်း-၂ မဖတ်ခင်မှာ အပိုင်း-၁ ကို နောက်တစ်ခေါက် ထပ်ဖတ်လိုက်သေးတယ်၊ အင်တာဗျူးရဲ့ စီးကြောင်းထဲ ပြန်ဝင်မိအောင်လို့..၊း) ဒီအပိုင်းကို ဘာမှ မဖြတ်ဘဲ တင်ပေးတာ မှန်ပါတယ် မမေရေ...၊ နည်းနည်းလေး ရှည်သလို ရှိပေမယ့် တကယ်စိတ်ဝင်စားဖို့ ကောင်းပါတယ်၊ မေးတဲ့သူရဲ့ ပြင်ဆင်မေးခွန်းတွေ၊ ဆင့်ပွားမေးခွန်းတွေ ကောင်းသလို ပြန်ဖြေတဲ့ မပြည့်ပြည့်ရဲ့ အဖြေတွေကလည်း ထိထိမိမိနဲ့ ရှင်းရှင်း လင်းလင်း ရှိလှတယ်၊ အပိုင်း-၃ ကိုလည်း စောင့်နေ ပါ့မယ်..။

ကိုကိုမောင်(ပန်းရနံ့) said...

သူလို အမျိုးသမီး အများအပြား ပေါ်ပေါက်နိုင်ပါစေ။

ခင်မင်လျှက်

san htun said...

အားကျမိပါတယ်..အပိုင်း ၃ ကိုလည်း စောင့်မျှော်နေပါတယ်..

Harry said...

အားလည်းမရဘူး .. အားလည်းမကျဘူး ...
ကဲ ... ဘာဖြစ်သေးတုန်း ... :P

Nanda said...

Both interviewer and interviewee are good.
Especially, discussion about religious mission, culture and language are very precious for overseas Burmese community. I will keep reading.